ရဲရင့် / ၂၉ ဇူလိုင် ၂၀၁၀
မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ဆိတ်ခေါင်းကိုချိတ်၍ ခွေးသားရောင်းမည့် အစီအစဉ်ဖြစ်သောကြောင့် အထူးသတိပြုသင့်သည်ဟု နာမည်ရ မြန်မာစာရေးဆရာတဦးဖြစ်သည့် သန်းဝင်းလှိုင်က ခေတ်ပြိုင်သို့ ပြောကြားသည်။
ယခုလဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာသည့် ဆရာသန်းဝင်းလှိုင်က “ဒီရွေးကောက်ပွဲက ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒါကြောင့် ခွေးသားမစားပါနဲ့ ကျနော်ပြောတယ်။ အဲဒါကို စားချင်သပဆိုရင်လည်း စားကြပေါ့။ သူတို့ ချထားတဲ့ ဥပဒေစည်းကမ်းတွေဆိုတာကလည်း အပ်နဖါးပေါက်ထဲကို ကုလားအုတ်ဝင်ခိုင်းသလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လုံးချင်းစာအုပ် (၃၀)ထုတ်ဝေခဲ့ပြီး နောက်ထပ်ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း အပါအ၀င် စာအုပ် (၁၅)အုပ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် မပြုတော့သည့်အပြင် စာရေးသူကိုပါ ပြန်လည်ဖမ်းဆီးမည့် အနေအထားများ ရှိသောကြောင့် လွတ်မြောက်နယ်မြေသို့ ထွက်လာခြင်းဖြစ်သည်ဟု ဆရာသန်းဝင်းလှိုင်က ပြောသည်။
၎င်းက “ထွက်လာတဲ့ ရည်ရွယ်ချက်ကတော့ ကျနော့်စာအုပ်တွေ အပိတ်ခံရတယ်။ စာပေနဲ့ ရပ်တည်လို့ မရဘူး။ အဲဒါကြောင့် လွတ်မြောက်နယ်မြေမှာ ကျနော်လွတ်လွတ်လပ်လပ် ရေးချင်တယ်။ ပြည်သူလူထုရဲ့ မှန်ကန်တဲ့ လိုအပ်ချက်ကို တနည်းအားဖြင့် ဖြည့်စွမ်းချင်တယ်။ နောက်ပြီး ဒီမိုကရေစီတိုက်ပွဲမှာ တထောင့်တနေရာကနေ စာပေနဲ့ အကျိုးပြုလုပ်ချင်တယ်။ ဟိုမှာတော့ လုပ်လို့ မရဘူး။ ထပ်လည်းအဖမ်းမခံချင်ဘူး။ လုပ်ရင်းနဲ့ ကျသွားတာကတမျိုး၊ ဒါကြီးကို ကျမယ်မှန်းသိလျက်နဲ့ တိုးလိုက်ရင် ကိုယ်ပဲ နစ်နာမယ်။ အချိန်တွေ အကျိုးမဲ့ ထောင်ထဲမှာ ကုန်ဆုံးသွားမယ်။ အပြင်မှာ တတ်နိုင်သလောက်လုပ်ရင် တိုင်းပြည်အတွက် ပိုအကျိုးရှိမယ်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာပါ” ဟု ပြောသည်။
စာရေးဆရာ သန်းဝင်းလှိုင်သည် ပြည်တွင်းတွင် ထုတ်ဝေခွင့်မရသည့် ဗိုလ်ချုပ်အကြောင်း စာအုပ် (၅) အုပ်အပါအ၀င် စာအုပ်ရေ (၁၅)အုပ်ကို လွတ်မြောက်နယ်မြေတွင် ပြည်သူအတွက် ပြန်လည်ထုတ်ဝေဖြန့်ချိသွားမည်ဟု ပြောသည်။
ဆရာရေးဆရာ သန်းဝင်းလှိုင်သည် ၁၉၉၇ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀မဂ္ဂဇင်းတွင် အနာဂတ်လွန်းပျံယာဉ်ဆောင်းပါး စတင်ရေးသားကာ စာပေနယ်ထဲသို့ ၀င်ရောက်ပြီး သုတ၊ ရသ၊ အားကစား ဆောင်းပါးပေါင်း (၅၀၀) ကျော်ကို မဂ္ဂဇင်းများတွင် ရေးသားခဲ့ပြီး လုံးချင်းစာအုပ် (၃၀) ကိုလည်း ထုတ်ဝေခဲ့ပြီးဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်သည့် ဆရာသန်းဝင်းလှိုင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလ၌ ထောင်အချုပ် (၁)လခွဲကျခံခဲ့ရပြီး ၂၀၀၀ ခုနှစ်တွင် “ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများစာအုပ်”ကို စာအုပ်ထုတ်ဝေသူက ခွင့်ပြုချက်မရရှိဘဲ ထုတ်ဝေခဲ့သဖြင့် ထောင်ဒဏ် (၇) နှစ် ထပ်မံကျခံခဲ့ရသည်။
Geen opmerkingen:
Een reactie posten