မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 1 september 2010

နယ်ခြားစောင့်တပ် ဖွဲ့ရေး KIO အပြီးသတ် ငြင်းဆို

စိုင်းဇွမ်ဆိုင်း Wednesday, September 01, 2010
.ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) က နယ်ခြား စောင့်တပ် ဖွဲ့စည်းမည် မဟုတ်ဟု အပြီးသတ် ငြင်းဆို လိုက်သည်။
“အခုက အသွင်ကူးပြောင်းရေး ကာလ ရောက်နေပြီဆိုတော့ နောက်တက်မယ့် အစိုးရအဖွဲ့နဲ့ကျမှ ကျနော်တို့ရဲ့ရပ်တည်မှု အပေါ်ကို ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင် က ဧရာဝတီသို့ ပြောသည်။
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ စစ်ရေး လေ့ကျင့်နေကြစဉ် (ဓာတ်ပုံ - Time)
KIOအပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် စစ်အစိုးရက ယနေ့ နောက်ဆုံး ရက်အဖြစ် သတ်မှတ် ပေးထားသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည်။
နယ်ခြားစောင့်တပ် မဖွဲ့သဖြင့် နအဖ အစိုးရ စစ်ရေးအရ တိုက်ခိုက်ခြင်းများ ပြုလုပ်လာမည်ဟု မမျှော်လင့်ကြောင်း KIO လက်ထောက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါ က ဆိုသည်။
“ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ဝိုင်းဝန်းတည်ထောင်ရေး ဆိုတာက ကျနော်တို့ရဲ့ ပန်းတိုင်ပါ၊ ကျနော်တို့ ပန်းတိုင်ကို မရောက်မချင်း လက်ရှိအနေအထားကို ထိန်းသိမ်းထားဖို့ ဆိုတာပဲ ရှိတာပါ၊ လက်နက်နဲ့ အဖြေရှာဖို့ ဆိုတဲ့ သဘောထားကတော့ ကျနော်တို့ဆီမှာ မရှိပါဘူး”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွင်း၌ အင်အားအကောင်းဆုံးဖြစ်သည့် ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)ကလည်း နယ်ခြား စောင့် တပ်ဖွဲ့စည်းခြင်းသည် စစ်အစိုးရကို အလုပ်အကျွေးပြုခြင်းနှင့်တူသည်ဟု ဆိုကာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ငြင်းဆိုလိုက်ကြောင်း သိရှိရသည်။
“နယ်ခြားစောင့်တပ် မဖွဲ့စည်းလို့ ကျနော်တို့အသင်းကို တရားမဝင်အသင်း ကြောညာမယ်ဆိုလည်း ကြေညာပေါ့၊ ကျနော် တို့ က အဲဒီအပေါ်ကို အပြေးအလွှား ဖြေရှင်းတာမျိုးတွေ လုပ်မှာမဟုတ်ပါဘူး၊ သူတို့က လုပ်ချင်တာလုပ်တယ်၊ပြောချင် တာပြောတယ်”ဟု UWSAဌာနချုပ်မှ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
နအဖ ဘက်မှ တိုက်ခိုက်မှုများ ပြုလုပ်လာပါကလည်း မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ပြန်လည်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း ၎င်းတို့ဘက်မှ စတင်တိုက်ခိုက်မည် မဟုတ်ကြောင်း၊ ထူးထူးခြားခြား စစ်ရေးပြင်ဆင်မှုများ လည်း မရှိကြောင်း UWSA အရာရှိက ပြောဆိုသည်။
“ကျနော်တို့ နယ်ထဲကို ရွေးကောက်ပွဲကိစ္စ လုပ်မယ့်သူတွေရဲ့လုံခြုံရေးကို အကြောင်းပြပြီး လာမယ့် စစ်တပ်တွေတော့ ရှိပါတယ်၊ အဲဒီ တပ်တွေကို အနီးကပ်စောင့်ကြည့်ဖို့တော့ ပြင်ဆင်ထားပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ-မိုင်းဆတ်မြို့နယ်နှင့် ထိုင်းမြန်မာ နယ်စပ်တလျှောက် အခြေချထားသော တောင်ပိုင်း “ဝ” တပ်ဖွဲ့များကို ၎င်းနေရာများမှ ရုပ်သိမ်းကာ ၎င်းတို့ ဌာနချုပ်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆန်းမြို့သို့ ပြောင်းရွှေ့ရန် စစ်အစိုးရဘက်မှ ပြီးခဲ့သည့် တနင်္လာနေ့တွင် ညွှန်ကြားထားသည်ဟု ရှမ်းသံတော်ဆင့် သတင်းဌာနမှ ဖော်ပြခဲ့သည်။
NDAA (ခ) မိုင်းလားတပ်ဖွဲ့ကလည်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ယနေ့အချိန်အထိ လက်မခံကြောင်း၊ လက်ရှိ အခြေအနေ အတိုင်းသာ နေသွားလိုသည့် ဆန္ဒရှိကြောင်း UWSA နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်တို့ တွေ့ဆုံပြီး နောက်ပိုင်းတွင် တုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်သစ်ပါတီ(NMSP)ကမူ ၎င်းတို့၏ တိုင်းရင်းသားအခွင့်အရေးများ မရရှိဘဲ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောတူ ညီလိမ့်မည်မဟုတ်ကြောင်း NMSP ဥက္ကဋ္ဌဖြစ်သူ နိုင်ထောမွန်က မွန်တော်လှန်ရေးနေ့တွင် ပြောဆိုခဲ့သည်ဟု နီးစပ်သူ တဦးထံမှ သိရှိရသည်။
ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသည့် အပစ်ရပ် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)SSA-N မှ တပ်မဟာ (၃) နှင့်(၇)တို့ကိုအရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှသြဂုတ်လ၂၇ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ကာ လက်နက် ချခိုင်း ကြောင်း သိရှိရသည်။
ယနေ့အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၏ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ လှိုင်းဘွဲ့မြိုနယ် ပိုင်ကျုံမြို့ ထန်းတပင် ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာ၊ မြဝတီ မြို့နယ် အတွင်းကွင်းကလေး ဒေသတို့မှ တပ်ဖွဲ့ဝင်များနှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ဖြစ်သော ဟောင် သရော အဖွဲ့တို့သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။
၁၉၈၉ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိ သည်။

အနုပညာရှင်များ ပြည်ပဖျော်ဖြေရေး သွားရန် စိုးရွံ့

နရီလင်းလက် Wednesday, September 01, 2010
.ပြည်ပနိုင်ငံသို့ ဖြေဖျော်ရေး သွားရောက်ခဲ့သည့် အနုပညာရှင်များအား ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြကြ သောကြောင့် ပြည်ပခရီးစဉ်များ ထပ်မံ သွားရောက်ရန် စိုးရွံ့နေကြကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင်ယခုလအတွင်းသွားရောက်ဖျော်ဖြေကြမည့်အနုပညာရှင်များ(ဓာတ်ပုံ - myanmarcelebrity.com)
ဇူလိုင်လနှင့် သြဂုတ်လမှ စတင်ကာ အင်္ဂလန်နိုင်ငံ လန်ဒန်၊ မန်ချက်စတာ၊ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ၊ ဘတ်ဖဲ လိုး၊ မင်နီဆိုးတားနှင့် အယ်လ်ဘနီ မြို့ များသို့ သွားရောက် ဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များအား စစ်အစိုးရ၏ ၀ါဒဖြန့် ဇာတ်ကား “အရုဏ်ဦးမှာ ဖူးသည့်ကြာ”တွင်ပါဝင်သည်ဟု ဆိုကာ ပြည်ပရောက် မြန်မာများက ဆန္ဒပြခဲ့ကြ သကဲ့သို့ ယင်းကိစ္စများမှာ အင်တာနက် အုပ်စုမေးလ် များတွင် ပျံ့နှံ့ နေခဲ့သည်။
သရုပ်ဆောင် ဆုပန်ထွာက ဂျပန်နိုင်ငံ ခရီးစဉ်တခုကို မေသန်းနုနှင့် အတူသွားရန် စီစဉ်ထား သော်လည်း ယခုကဲ့သို့ ဆန္ဒပြမှုများ ရှိနေသဖြင့် မလိုက်ရဲ တော့ကြောင်း ပြောပြသည်။
ယခင်လကOvationBandနှင့်အတူ အမေရိကားဖျော်ဖြေရေး ခရီးစဉ်ကို သွားရာ ၀ိုင်းစုခိုင်သိန်းအား “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ပေါ်လစီဇာတ်ကားတွင် ပါဝင်သောကြောင့်ဟု ဆို၍ ပြည်ပရောက်မြန်မာများက ဆန္ဒပြကြသဖြင့် ဝိုင်းစုခိုင်သိန်းမှာ စင်ပေါ်သို့ပင် မတက်ရဲခဲ့ကြောင်း၊ လန်ဒန်ခရီးစဉ်တွင်လည်း မင်းသား နေတိုးကို Shopping ထွက်နေသည့် အချိန်၌ပင် ဆန္ဒပြခဲ့ကြောင်း ဆုပန်ထွာက ဆိုသည်။
“ဇူးဇူးမောင်နဲ့လည်း ဂျပန်သွားဖို့ရှိတာ မသွားရဲတော့ဘူး။ တကယ်တော့ ကျမတို့အားလုံး ဖိအားတခုကြောင့် လုပ်နေရတာပါ။ ကိုယ်က ဒီနိုင်ငံရဲ့ ပေါ်လစီအတိုင်း သွားနေရတာပါ။ ကိုယ့်တိုင်းပြည်ကို အားလုံး ချစ်တဲ့သူချည်းပါပဲ” ဟု သူက ဆက်ပြော သည်။
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အများအပြားပါဝင်ထားသော “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားကို ဒုတိယ ဗိုလ်မှူးကြီး ဟောင်း တဦးဖြစ်သော ဒါရိုက်တာ တင်သန်းဦးက ရေးသားရိုက်ကူးပြီး ကာကွယ်ရေး ဝန်ကြီးဌာန အပြင် နေပြည်တော်တိုင်း၊ ရန်ကုန်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အနောက်တောင်တိုင်း စသည့် တိုင်း စစ်ဌာနချုပ် များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာများကပါ ဇာတ်ကားဖြစ်မြောက်ရေး အတွက် ပံ့ပိုး ကူညီပေးခဲ့ကြကြောင်း သိရသည်။
ယင်းဇာတ်ကားကို နဝရတ်ရွှေစင် ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် ဂုဏ်ပြုဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကားတွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ်ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီမောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင်ထားသည်။
ထိုဇာတ်ကားတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုနှင့် နိုင်ငံရေးလုပ်ရှားမှုများကို တင်ပြထားသော်လည်း သမိုင်း အမှန်ကို ပြင်ဆင်ကာ ရိုက်ကူးထားခြင်းကြောင့် ဝေဖန်မှုများစွာ ခံခဲ့ရသည်။
ယင်းဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်များအား နာမည်အတိအကျ စာရင်းခေါ်ယူခြင်းဖြစ်ပြီး မပါဝင်သည့် သူများကို ဇာတ်ကားရိုက်ကူးခွင့် ၁ နှစ်ပိတ်ပင်မည်ဟု သတိပေးခဲ့ကြောင်းလည်း အနုပညာရှင်များထံမှ သိရသည်။
“ဒီဇာတ်ကားရိုက်လို့ ပြည်တွင်း၊ ပြည်ပက ပရိသတ်တွေ ဝေဖန်တာကိုခံခဲ့ ရပါတယ်။ တကယ်တော့ အနုပညာရှင်တွေအနေနဲ့ ငြင်းနိုင်တဲ့ အင်အား၊ ငြင်းပိုင်ခွင့် တခါတလေမှာ လုံးဝ မရတတ်ပါဘူး။ ဒါကြောင့်ပရိသတ်တွေ အနေနဲ့ ဘယ်လိုဇာတ်လမ်း မျိုးမှန်း မသိရကောင်းလား၊ ရိုက်ရလား ဆိုပြီး မဝေဖန်စေချင်ပါဘူး” ဟု အမျိုးသား သရုပ်ဆောင် တဦးက ပြောသည်။
ဇူလိုင်လ ၃၁ ရက်နေ့က အင်္ဂလန်နိုင်ငံသို့ ရောက်ရှိ နေသော မြန်မာနိုင်ငံမှ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင် နေတိုး၊ သရုပ်ဆောင်အဆိုတော် ထွန်းထွန်း၊ ကျော်ကျော်ဗို အပါအ၀င် ၁၀ ဦး ပါဝင်သည့် အဖွဲ့ ကို လန်ဒန်နှင့် မန်ချက်စတာမြို့များရှိ မြန်မာများက ပြင်းထန်စွာကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
ဇာတ်ကား တရားဝင်ပြသသည့်နေ့ကတည်းက မြန်မာပရိသတ်များထံမှ သမိုင်းကိုပြင်ဆင်၍ ရိုက်ကူးသည့်အတွက် ဝေဖန်မှုများ ရှိသည့်အပြင်၊ ပြည်ပရောက် မြန်မာများထံမှ မိမိနိုင်ငံ၏ သမိုင်းကြောင်းကို မသိနားမလည်ဘဲ ငွေကြေးကြောင့် ရိုက်ကူးသည် ဆိုကာ ဝေဖန်သံများ အနုပညာအသိုင်းအ၀န်းတွင် ပျံ့နှံ့နေခဲ့ကြောင်း သိရသည်။
“ပေါ်လစီကားရိုက်လို့ ပိုက်ဆံပိုရလားဆိုတော့ မရပါဘူး။ တဘက်မှာလည်း ကိုယ့်စားဝတ်နေရေးအတွက် လူကြီးတွေ ကြည်ဖြူအောင် သူတို့ ခိုင်းတဲ့အတိုင်း လုပ်ရတဲ့ သဘောပါပဲ။ တော်ကြာ ၁ နှစ်ပိတ်တယ်တို့၊ ၂ နှစ်ပိတ်တယ်တို့ ဆိုတာတွေက သူတို့ လက်ထဲမှာပဲ ရှိတာ” ဟု ဟာသ သရုပ်ဆောင် တဦးက ပြောသည်။
စက်တင်ဘာလ ၄ ရက်နေ့၌ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်မည့် ရှိုးပွဲတခုတွင် အဆိုတော် ရဲလေး၊ မင်းမော်ကွန်း၊Lဆိုင်းဇီ၊၀ိုင်းဆု ခိုင်သိန်း၊ ရေဗက္ကာဝင်းတို့ ပါဝင်ဖျော်ဖြေမည်ဟု ပွဲစီစဉ်သူ ကိုချစ်ခင်က ဆိုသည်။
“အနုပညာသမားတယောက်ကိုဒီလိုလုပ်တာမျိုးတော့ မဖြစ်စေချင်ပါဘူး။ ဆန္ဒပြမယ့် သူတွေဘက်ကလည်း ပြချင်ပြပေါ့၊ ကျနော်တို့ ဘက်ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ။ ပွဲဖျက်လိုက်တာတို့၊ အဆိုတော်ကို ဖယ်လိုက်တာမျိုး တို့တော့ မလုပ်ဘူး” ဟု သူက ပြောသည်။
ဆန္ဒပြမှုများဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် စက်တင်ဘာ ၁၁ ရက်နေ့တွင် လော့စ်အိန်ဂျလိစ်တွင် ပြုလုပ်မည့် ပွဲ၌ ၀ိုင်းဆု ခိုင်သိန်း မပါဝင်တော့ကြောင်း ကြေညာထားသည်။
“သူတို့ မကြိုက်တဲ့ ဇာတ်ကားကို ရိုက်လို့ သရုပ်ဆောင်တွေကို ဆန္ဒပြတယ်ဆိုတာ လွဲနေတယ်လို့ထင်တယ်။ တကယ့် တကယ်တမ်း လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရအောက်မှာ နေနေရတဲ့ သူတယောက် အနေနဲ့ အာဏာသုံးပြီး ခိုင်းလာရင် လုပ် ရမှာပဲလေ”ဟု လန်ဒန်ရောက် မြန်မာကျောင်းသားတဦးက ဝေဖန်သည်။
မိုးကြိုးသွား ဆိုသူက8888peoplepowerဝက်ဘ်ဆိုက်၌ ဆန္ဒပြ လှုပ်ရှားသူများမှာ ၀ိုင်းဆုခိုင်သိန်းကို ပုဂ္ဂိုလ်ရေးအရ မုန်း၍ မဟုတ်ကြောင်း၊ ၂၀၀၇ ရွှေဝါရောင်တော် လှန်ရေးတွင် နအဖ က ဆန္ဒပြသူအားလုံးကို နှိမ်နင်းခဲ့သကဲ့သို့ ဒီမိုကရေစီ ဘက်တော်သမားများသည်လည်း အနုပညာသများ အမေရိကန်နိုင်ငံသို့ လာရောက်ဖျော်ဖြေစဉ် ၀ိုင်းဝန်းဆန္ဒပြခြင်းသာ ဖြစ်ကြောင်း ရေးသားထားသည်။
“လူကို တိုက်တာ မဟုတ်ပါဘူး။ လုပ်ရပ်ကို တိုက်တာပါ။ ဆန္ဒပြလိုက်တဲ့အတွက် ၀ိုင်းစုခိုင်သိန်း မသေသလို၊ ဟိုတယ် အပျံစားမှာ နေပြီးမှ ပြန်ရတာပါ။ နအဖ ထက်စာရင် အမေရိကားမှာ ဆန္ဒ၀ိုင်းပြသူတွေက သိမ်သိမ်မွေ့မွေ့ တုံ့ပြန်တာပါ။ ၀ိုင်းဆုခိုင်သိန်း သေမသွားပေမယ့်လည်း ဒီမိုကရေစီ ဘက်တော်သားတွေ အများကြီး သေခဲ့ရတာပါ” ဟု မိုးကြိုးသွားက ရေးသားထားသည်ကို တွေ့ရသည်။
မြန်မာ အနုပညာရှင်များမှာ ပြည်ပသို့ သွားရောက်ဖျော်ဖြေရန် ခက်ခဲမှုများ ရှိနေသကဲ့သို့ ပွဲစီစဉ်သူများ အနေနှင့်လည်း ပြည်ပ ပရိသတ်အကြိုက် အနုပညာရှင်များကိုသာ ရွေးချယ်ခေါ်ယူသွားတော့မည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပြည်ပပွဲများ စီစဉ်ပေးနေသူ တဦးကဆိုသည်။
“ပြည်ပမှာ ဒီလို ဆန္ဒပြတာတွေဖြစ်တော့ နောက်ဆို ပွဲစီစဉ်သူတွေက နိုင်ငံရေး ဇာတ်ကားတွေမှာ ပါတဲ့ သူတွေဆို ခေါ်ဖို့ တော်တော်ခဲယဉ်းသွားမယ်။ အနုပညာရှင်တွေ ပို့ပေးပြီးမှ ပွဲဖျက်ရတယ်ဆိုရင် စီးပွားရေးသမားတွေ ဘက်က ဘယ်လိုမှ အဆင်မပြေဘူး” ဟု သူက ပြောသည်။
ဧရာဝတီ သတင်းထောက် သျှင်ဒီစံ ပူးပေါင်း ရေးသားသည်။

“ဗိုက်မှောက်နေရသည့် ဘ၀များ” အစီရင်ခံစာ ဖြန့်ချိ

ဘစောတင် Wednesday, September 01, 2010
.“ဗိုက်မှောက် နေရသည့် ဘ၀များ” အမည်ရှိ အစီရင်ခံစာနှင့် ပတ်သက်၍ သတင်းစာ ဆရာများအား ရှင်းလင်းခြင်းနှင့် ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့နံနက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များကလပ် (F.C.C.T) တွင် ကျင်းပခဲ့သည်
                       “ဗိုက်မှောက်နေရသည့် ဘဝများ” အစီရင်ခံစာ ရှင်းလင်းပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက်၊ မြန်မာနိုင်ငံ (ND - Burma) မှ ထုတ်ဝေသော ယင်း အစီရင်ခံစာသည် နအဖ စစ်အစိုးရ လက်အောက်တွင် မတရား အခွန် ကောက်မှုများ၊ ခြစားမှု များကြောင့် ဒုက္ခ ပင်လယ်ဝေ နေရသော မြန်မာပြည်သူများ၏ ပကတိ ဖြစ်စဉ်ကို နိုင်ငံအ၀န်း လက်လှမ်းမီ သရွေ့လေ့လာ တင်ပြထားခြင်း ဖြစ်သည်။
အုပ်ချုပ်ခံ ပြည်သူလူထု တရပ်လုံး အတိဒုက္ခ ရောက်နေရပြီး စစ်ဗိုလ်ချုပ်ကြီးများ၊ ၎င်းတို့နှင့် နီးစပ်သူများ၊ ဆွေမျိုး အသိုင်းအ၀န်း များကသာ ကြီးပွားပြီးရင်း ကြီးပွားချမ်းသာ နေကြသည် ဆိုသည့် အချက်ကို နိုင်ငံတကာ အသိုင်းအ၀န်းမှ သိရှိလာစေရန် မီးမောင်း ထိုးပြသည့် အနေနှင့် ဤအစီအရင် ခံစာကို ဖြန့်ချိသည်ဟု ND-Burma အဖွဲ့ မှ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ မလွေးဒါန်းဇျား (မလိုည်းဒါန်းဇျား) ဆိုသည်။
“ကျမတို့မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ အခွန်ကောက်ခံခြင်းမျိုး ကျင့်သုံးနေပါတယ်။ သူတို့ ကောက်နေတာက ၀င်ငွေ ဘယ်လောက်ရှိရင် ဘယ်လောက်အခွန်ဆောင်ရမယ် ဆိုတဲ့ သတ်မှတ်ချက်လည်း မရှိဘူး။ အစိုးရက တရားဝင် ရာဖြတ်တွေ ဘာတွေနဲ့ ကောက်တာ မဟုတ်ဘူးလေ။ အခွန်ဦးစီးက တကယ်စည်းကျပ်ထားတာကို လာကောက်တာ မဟုတ်ဘဲနဲ့ ကြံ့ဖွံ့ ကလည်း လာကောက်တယ်။ ရယက၊ ရဲနဲ့ စစ်သားကလည်း ကောက်တယ်။ အဖမ်းခံရမှာကို ကြောက်လို့ မပေးနိုင်လည်း ပေးနေကြရတယ်။ ဒါကို နိုင်ငံတကာက သိစေဖို့ ဒီအစီရင်ခံစာကို ထုတ်ဝေခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ယနေ့ အစီရင်ခံစာနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် အင်္ဂလိပ်ဘာသာနှင့် ပြောခွင့်ရ ပုဂ္ဂိုလ် ၂ ဦး၊ မြန်မာဘာသာနှင့် ပြောခွင့်ရ ပုဂ္ဂိုလ် ၂ ဦး ထားရှိသည်။
ရှင်းလင်းပွဲတွင် ND-Burma အဖွဲ့ မှ ကိုဟန်ကြီး၊ မချယ်ရီဇာဟောင်းနှင့် Dr. Alison Vicary (Researcher at Burma Economic Watch) တို့က ရှင်းလင်းကြပြီး သတင်းထောက်များ သိလိုသည်တို့ကို ဖြေကြား ပေးခဲ့သည်။
Dr. Alison Vicary က “မြန်မာနိုင်ငံအတွက် သင့်တင့် ကောင်းမွန်တဲ့ အခွန်စနစ်တရပ် လိုနေတာတော့ အမှန်ပါပဲ။ ခက်တာက မြန်မာနိုင်ငံဆိုတာ စစ်နိုင်ငံလိုဖြစ်နေတော့ ဘယ်စနစ်မှလည်း လွယ်လွယ်ကူကူနဲ့ အောင်မြင်မယ် မထင်ဘူး။ အခု လုပ်နေတာကတော့ ပြည်သူအတွက် ဘာအကျိုးမှ မဖြစ်ထွန်းဘဲ စစ်အာဏာရှင် အသိုင်းအ၀န်း အတွက် သက်သက်ပဲ အကျိုးများနေတာကို တွေ့ ရတယ်” ဟု ဆိုသည်။
စာမျက်နှာ ၁၄၀ ပါဝင်သော အဆိုပါ အစီရင်ခံစာကို အပိုင်း ၃ ပိုင်းခွဲ၍ ရေးသားထားရာ ခေါင်းစဉ်ခွဲများမှာ အခွန်ကောက်ခံရေး စနစ်တရပ်၏ အခြေခံ လက္ခဏာများ၊ မြန်မာနိုင်ငံ အခွန်ကောက်မှု စနစ်၏ စီးပွားရေးအရ အကျိုးသက်ရောက်မှုများ၊ မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှုစနစ်၏ လူ့အခွင့်အရေးအပေါ် စီးပွားရေးအရ သက်ရောက်မှုများ ဟူ၍ဖြစ်သည်။
ဤအစီရင်ခံစာကို ထုတ်ဝေနိုင်ရန်အတွက် ၂၀၀၇ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံအနှံ့အပြားမှ အချက်အလက်များကို ကောက်ယူ စုဆောင်းခဲ့ကြသည်။
မတရားအခွန်ကောက်မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် နမ်းခမ်းမြို့နယ်မှ ထော်လာဂျီသမားတဦးက “သူတို့က အခွန်ကောက်တဲ့နေရာမှာ ဘာဥပဒေမှ ရှိတာမဟုတ်ဘူး။ သူတို့က အဖွဲ့တွေကြားထဲမှာ ဂိတ်တွေ ဖြန့်ချ၊ ခွဲဖွင့်ပြီး ငွေတောင်းတာပဲ။ ပိုဆိုးတာက တောင်းတဲ့ ပမာဏကို မပေးမနေရဆိုပြီး ငွေလက်ခံရရှိကြောင်း ဖြတ်ပိုင်း လေးတောင် ပေးတာမဟုတ်ဘူး။ ငွေလက်ခံဖြတ်ပိုင်းရှိရင် ကျနော်တို့ အခွန်ဆောင်ပြီးပြီလို့ ပြောလို့ရတယ်” ဟူ၍ ရင်ဖွင့်သည်ကို အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။
အလားတူ အခွန်မပေးနိုင်သဖြင့် မိမိရပ်ရွာများကို စွန့်ခွာကာ ထွက်ပြေးသူများလည်း ရှိကြောင်း သံဖြူဇရပ်မြို့နယ်မှ မွန်တိုင်းရင်းသားတဦးက “အလုပ်လုပ်ဖို့ အချိန်လည်းမရှိဘူး၊ သူတို့ကို ပေးစရာ ပိုက်ဆံလည်း မရှိတော့ဘူး။ ထမင်းနပ်မှန်အောင် စားစရာလည်း မရှိတော့ဘူး”ဟု ပြောဆိုသည်ကို အစီရင်ခံစာ၌ ဖော်ပြရေးသားထားသည်။
နအဖ အာဏာပိုင်များသည် လူထုထံမှ အခွန်အခများကို မတရားသဖြင့် နည်းမျိုးစုံနှင့် ကောက်ခံလျက် ရှိသော်လည်း စစ်စရိတ်အတွက် အစိုးရဘက်ဂျက်၏ ၅၀ ရာခိုင်နှုန်းကျော်ကို အသုံးပြုလျက်ရှိပြီး ကျန်းမာရေး လူမှုရေးနှင့် ပညာရေးအတွက် ၅ ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုသည်ကို တွေ့ ရကြောင်း အစီရင်ခံစာကဆိုသည်။
ND-Burmaအဖွဲ့တွင်အဖွဲ့ငယ်ပေါင်း၁၃ဖွဲ့ပါရှိသည်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များ အစည်းအရုံး၊ မြန်မာ့ရေးရာအဖွဲ့၊ မြေကမ္ဘာအခွင့်အရေး အပြည်ပြည် ဆိုင်ရာ လှုပ်ရှားမှုအဖွဲ့၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ လူ့အခွင့်အရေး မှတ်တမ်းတင်ဌာန၊ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)၊ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း၊ ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ)၊ လားဟူအမျိုးသမီး အစည်းအရုံး၊ ပလောင်အမျိုးသမီးအစည်းအရုံး၊ တအောင်းကျောင်းသားလူငယ်များ အစည်းအရုံးနှင့် ရိုးမ (၃) သတင်းဌာနတို့ ဖြစ်သည်။

ငရဲခန်းသို့ သမင်လည်ပြန်

အရှင်ဇဝန Wednesday, September 01, 2010 ဆောင်းပါး
.စစ်အာဏာရှင် လက်အောက်မှာ တနိုင်ငံလုံး ထောင်ထဲရောက် နေသလိုပဲ ဆိုတာ ကြားဖူးမှာပါ။ စစ်အာဏာရှင် တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တနိုင်ငံလုံး ခံစားနေရတာကို ပုံဖော်ပြီး ပြောနေကြတာပါ။
ထောင်ထဲရောက်ပြီး စစ်ကြောရေးစခန်းတွေရဲ့ငရဲခန်းတွေထဲက အခွင့်အရေး ချိုးဖောက်ခံရမှု ဆိုတာကို တဆင့်စကား တွေက ဒါမှမဟုတ် ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ရေးသားချက်တချို့ကနေ သိရှိနေကြပါပြီ။ ဒါပေမယ့် မလုံလောက်သေးပါ ဘူး။
ပြောစရာတွေက တယောက်နဲ့တယောက် မတူညီတဲ့ ခံစားခဲ့ရတာတွေကတော့ ရှိနေဦးမှာပါ။ အခု ဒီဆောင်းပါးကလည်း ကိုယ်တွေ့တွေထဲက မှတ်မိသမျှကို မှတ်တမ်းပြုလိုက်တာပါ။
စစ်အာဏာရှင်တွေရဲ့ရက်စက်ယုတ်မာမှုတွေကို စုဆောင်းကြတဲ့အခါ ကိုယ်တွေ့ကြုံသူတွေရဲ့ မှတ်တမ်းတင်မှုတွေက လိုအပ်ချက်တခုအဖြစ် ရှိနေမှာပါ။
စစ်အာဏာရှင်တွေရဲ့စစ်ကြောရေးစခန်းကို ကြုံတွေခဲ့ရသူတွေက ငရဲခန်းလို့ ကင်ပွန်းတပ်ကြပါတယ်။ ဒီငရဲခန်းထဲကို စတင်ရောက်တဲ့ မြင်ကွင်းလေးကို ပြန်စဉ်းစားမိပါတယ်။
၁၉၉၃ ခုနှစ် သြဂုတ်လ၊ အချိန်က ည ၁၂ နာရီလောက် ရှိနေပါပြီ။ ရန်ကုန်မြို့ ရွှေပြည်သာက ဦးပဉ္ဇင်းရဲ့ကျောင်းကို ဝင်ပြီးစစ်တပ်နဲ့ဝိုင်း၊ ကျောင်းကနေ ဦးပဉ္ဇင်းတို့ကို စတင်ခေါ်ဆောင်တော့“ကိစ္စရှိလို့ ခဏလိုက်ခဲ့ပါ”။ ဒီစကားလေးပဲ ပြောတာပါ။ ဒါပေမယ့် ကားပေါ် စရောက်ရောက်ခြင်းပဲ ခေါင်းကို အဝတ်တခုနဲ့ စတင်အုပ်လိုက်ပါတော့တယ်။ ၀မ်းလျား မှောက်ဖြစ်သွားတော့ လူ ၅ ယောက်က လက်တဘက်ကို တယောက်စီ၊ ခြေတဘက်ကို တယောက်စီ၊ ခါးပေါ်ခွလျက် တယောက် က ချုပ်ထားလိုက်တော့တယ်။
ဘုန်းကြီးကျောင်းကနေ သူတို့ရဲ့ ထောက်လှမ်းရေးစခန်း ရေကြည်အိုင် အထိ ကားပေါ်မှာ အဲဒီပုံစံအတိုင်း လိုက်ပါခဲ့ရ တယ်။ ဘယ်နေရာ ဘယ်အရပ်လို့ မသိအောင် ခေါင်းကို အုပ်ထားတာပါ။ ဒါပေမယ့် ရွှေပြည်သာမှာ နေသူတယောက် အတွက် အခုရောက်နေတာ ဘယ်နားလောက်ဆိုတာ ခန့်မှန်းလို့ရပါတယ်။ ကားပေါ်က ဆင်းဆင်းခြင်း လူ ၂ ယောက်က လက်တဘက်ဆီကို ဆုပ်ကိုင်ပြီး ဆွဲခေါ်သွားပါတယ်။ ရှေ့မှာ အတားအဆီးများ ရှိနေတဲ့ဟန်နဲ့ “ခြေထောက်မြှောက်၊ ကျော်...ကျော်” ဆိုပြီး ခိုင်းပါတယ်။ ၂ ခု၊ ၃ ခုကို ကျော်ခိုင်းပြီး “ခေါင်းငုံ့ ခေါင်းငုံ့”ဆိုပြီး တခါထပ်ခိုင်းပြန်တယ်။ ငုံ့ခိုင်း တာမှ သာမန်လောက် ငုံ့ရုံမဟုတ်ဘဲ ခါးကို တအားညွှတ်ပြီး ငုံ့ခိုင်းတာပါ။ အဲဒီကနေ အခန်းတံခါးကို ဖွင့်ပြီး အထဲကို ၀င် ခိုင်းလိုက်ပါတယ်။ အခန်းက ၄x၂ သစ်သားချောင်းတွေ ကာရံထားတဲ့ အခန်းကျဉ်းလေး ဖြစ်ပါတယ်။ ၀ါကျင့်ကျင့် မီးလုံး လေး တလုံး ထွန်းထားပါတယ်။ ဖျာအကြမ်းတချပ် ခင်းထားတာ တွေ့တယ်။
အကြောက်တရားက မဖိတ်ခေါ်ဘဲ ရောက်လာတယ်။ ဘေးနှစ်ခန်းကျော်လောက်က နာကျင်စွာ ညည်းညူသံက အကြောက် တရားကို ပိုပြီး အရှိန်မြင့်စေတယ်။ အမှောင်ထဲမှာ ညရဲ့အရိပ်ကိုခိုပြီး အသံမျိုးစုံကို ပေးနေတဲ့ သတ္တ၀ါတို့ရဲ့ အော်မြည်သံကလည်း အကြောက်တရားဆီ စိတ်ကို တွန်းပို့နေပြန်တယ်။ အပြင်လမ်းပေါ်မှာ အစောင့် ကင်းသမားရဲ့ ခေါက်တုံ့ ခေါက်ပြန် လျှောက်နေတဲ့ ခြေလှမ်းတွေ တခါတခါ ငယ်သံပါအောင် အော်လိုက်တဲ့ အဝေးဆီက နာကျင်သံတွေက ငါ့အလှည့်ကျရင် ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ အတွေးပေါင်းစုံနဲ့ စိတ်က ဂနာမငြိမ် ဖြစ်နေတာအမှန်ပါ။ မကြာဘူး သော့ခလောက်သံက ငရဲခန်းရဲ့ တံခါးဝကို သွားရတော့မယ်လို့ လှမ်းပြောလိုက်သလိုပါပဲ။
“ထွက်မယ်” ဆိုတဲ့ အမိန့်ပေးသံ ကြားရပြီး တံခါးဝနားကို တိုးကပ်လိုက်တော့ တယောက်က ခေါင်းစွပ်တခုနဲ့ ခေါင်းကို စွပ်လိုက်တယ်။ တယောက်က လက်ကိုစွဲပြီး လက်ထိပ်ခတ်လိုက်တယ်။ နောက်“လိုက်ခဲ့”။ ဒီစကားတခွန်းပြောပြီး လူကို ဆွဲခေါ်သွားပါတယ်။ အခန်းတခန်းထဲ အရောက်မှာ ထိုင်ခုံတလုံးပေါ် ထိုင်ခိုင်းလိုက်တယ်။ နောက်မှီမပါ၊ ဘေးလက်တန်း မပါတဲ့ ထိုင်ခုံလေးပါ။ အဲဒီ ထိုင်ခုံပေါ်မှာ အချိန်တော်တော် ကြာတဲ့အထိ ထိုင်ခိုင်းထားတယ်။ ပတ်ဝန်းကျင် တခုလုံးမှာ လည်း တိတ်ဆိတ်မှုတွေ လွှမ်းမိုးနေတယ်။ တခါတခါ ဖြတ်လျှောက်သွားတဲ့ တဖျပ်ဖျပ် ခြေသံတချို့သာ ကြားနေရတယ်။
ဒီလိုနဲ့ ၂ နာရီလောက်အကြာမှာ လူ ၂ ယောက်လောက် လှမ်းလာတဲ့ ခြေသံတွေက အခန်းနားကို ပိုပြီးနီးလာတယ်။ အခန်းထဲ ၀င်လာကြတယ်။ သူစမေးတဲ့ မေးခွန်းက “ကဲ ခင်ဗျား ဒီနေရာကို ဘာကြောင့် ရောက်လာတယ် ထင်သလဲ”။ ဒါ ပထမဦးဆုံး ငရဲခန်းသခင်ရဲ့ ပဋိသန္ဓာရ စကားပါပဲ။
နောက်ဆက်တွဲ အတွေ့အကြုံတွေကတော့ ဘေးက လိုက်လာတဲ့ ပါးကွက်သားတို့ရဲ့ လက်သံပြောင်တဲ့ ညာဖြောင့် လက်သီးလား၊ ဘယ်ဖြောင့်လက်သီးလား မသိတဲ့ အရှိုက်ထဲ ပစ်သွင်းခံရတဲ့ လက်သီးချက်တွေပါပဲ။ ဒဏ်ရာဒဏ်ချက် တွေကို စာဖွဲ့မပြချင်တော့ပါဘူး။ လေယာဉ်ပျံ စီးရတာတွေ၊ ဆိုင်ကယ် စီးရတာတွေဟာ ငရဲခန်း ရောက်သူတိုင်းအတွက် ကျော်ဖြတ်ရမယ့် ခရီးကြမ်းတွေပါပဲ။ လူတယောက်ရဲ့ ဂုဏ်သိက္ခာကို နင်းချေပစ်တဲ့ အပြုအမူတွေပါပဲ။
အကျင့်သီလနဲ့ ပြည့်စုံသူရော ပညာဉာဏ်မြင့်မားသူရော မည်သူမဆို ငရဲခန်းထဲရောက်ခဲ့ရင် အထိုးခံ၊ အကန်ခံ လူမဆန် စွာ ကြိုဆိုခြင်းကို ခံရမှာပါပဲ။ သံဃာတပါးအတွက် အထွဋ်အမြတ်ထား အဆက်အဆံ ခံခဲ့ရတာတွေဟာ ငရဲခန်းထဲရောက် ရင် မေ့ထားလိုက်ပါတော့လို့ ပြောနေသလိုပါပဲ။ ဘယ်လောက် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ဖြစ်ပါစေ၊ ဒီငရဲခန်း ကိုတော့ ဖြတ်သန်းခဲ့ကြရတာပါ။ ကာယကံအားဖြင့် လူမဆန်မှုကိုသာ ခံရတာမဟုတ်ပါဘူး။ ၀စီကံအားဖြင့်လည်း ရုန့် ရင်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေက အခန်းထဲ ၀င်လာသူတိုင်းရဲ့ နှုတ်က ဖောဖောသီသီ ဒလဟော သွန်ချနေတာပါ။
ဦးပဉ္ဇင်း ကြုံခဲ့ရတာတွေက သူများထက်စာရင် သက်သာတယ် ဆိုရမှာပါ။ သက်သာတယ် ဆိုတာတောင် တသက်လုံး မမေ့နိုင်စရာပါ။ ကိုယ့်ထက် ဆိုးသူတွေကတော့ တစက်ချင်းချတဲ့ ရေစက်ရဲ့ ဒဏ်ကို ခံရတဲ့အကြောင်းတွေကို ကိုယ်တိုင် ကြုံသူတွေရဲ့ တကယ့်ဖြစ်ရပ်စကားတွေက ထောင်ထဲမှာ နားမဆံ့အောင် ကြားခဲ့ရတာပါ။
ကဗျာဆရာ ကိုကြည်တင်ဦးဆို ထောင်ထဲရောက်ပြီးမှ တဖန် ပြန်လည် စစ်ကြောခံရတာက မြင်ရသူပါ တောက်ခေါက်သံ မဆုံးအောင် ဖြစ်ရပါတယ်။ ကိုယ်တုံးလုံးချွတ်ပြီး ၀ါးခြမ်းပြားနဲ့ မွေးရာပါ ပစ္စည်းကို အရိုက်ခံရတာ၊ မီးနဲ့အတို့ခံရတာတွေဟာ ကြားရသူတွေ၊ မြင်ရသူတွေကိုပါ နာကျင်စေတုန်းပါပဲ။ လူကိုဇောက်ထိုးဆွဲပြီး အစစ်ခံရတာလည်း လူပြောများတဲ့ ငရဲခန်းထဲက လက်စွမ်းပြမှုပါပဲ။
ငရဲခန်းထဲက အကြောင်းတွေဟာ ပြန်မတွေးချင်ဆုံး အကြောင်းတွေ ဖြစ်သလို ဘယ်လိုဖျက်ဖျက် စိတ်မှတ်ဉာဏ်ထဲက ဆွဲထုတ်လို့မရတဲ့ အကြောင်းတွေပါပဲ။ မဟာမြတ်မုနိ ဘုရားတန်စောင်းထဲက ကြေးရုပ်ကြီးတွေဟာ ဗိုက်တွေ ရင်ဘတ် တွေမှာ အချိုင့်တွေ ဖြစ်နေတာ တွေ့ဖူးမှာပါ။ အင်မတန် မာကြောတဲ့ ကြေးရုပ်တုအပေါ် သာမန်လက်ကလေးနဲ့ ပွတ်တာ ကြိမ်ဖန်များစွာ ကြာလာတော့ ကြေးသားတွေ ချိုင့်သွားရတာကို အထူးအဆန်း ထင်ခဲ့မိပါသေးတယ်။ အခုမြင်ရတဲ့ လူ တယောက်ရဲ့ ဦးခေါင်းက ဒဏ်ရာတွေမြင်တော့ အဲဒီကြေးရုပ်တွေထက်နုတဲ့ လူသားရဲ့ အသားပေါ် ထမင်းစား တူ လောက်ရှိတဲ့ တုတ်ချောင်းလေးနဲ့ နေ့ရက်ဆက်တိုက်မပျက် အခေါက်ခံရတဲ့ ဦးခေါင်းခွံဟာ ကြေးမဟုတ်တော့ ရက်ပိုင်း လေးနဲ့တင် ဒဏ်ရာတွေက သေရွာပါခဲ့ရတယ်။
ဒါတွေက မသေဘဲ ပြန်လာခဲ့ကြသူတွေရဲ့ငရဲခန်းထဲက ဒဏ်ရာတွေကိုသာ ပြောနေတာပါ။ အသက်သေပြီး အစပျောက် သွားရသူတွေ၊ ဦးနှောက်ပျက် ရူးသွပ်သွားရသူတွေဟာ စစ်အာဏာရှင်တို့ရဲ့ငရဲခန်းထဲမှာ များစွာရှိနေပါသေးတယ်။ ဒါတွေဟာ အခု လူကိုယ်တိုင် ပြောပြနိုင်သူတွေရှိတုန်း မှတ်တမ်းတွေ ရယူထားသင့်ပါတယ်။
ဖက်ဆစ်တို့ရဲ့ ကိုယ့်လူမျိုးအပေါ် ကမ်းကုန်အောင် ရက်စက်မှုဟာ အာဏာငန်းဖမ်းမှု တခုတည်းကြောင့် ဖြစ်ရတာပါ။ သူတို့တွေဘယ်လိုပဲ အာဏာတွေပါဝါတွေနဲ့ ယုတ်မာမှုတွေ၊ ရက်စက်မှုတွေကို ဖုံးကွယ်ထား ဖုံးကွယ်ထား အမှန်တရား ကို ဖော်ထုတ်နိုင်မယ့် တရားဥပဒေရှေ့မှောက် ရောက်တဲ့အခါ အာဏာရူးတို့ကို ချည်နှောင်တဲ့ ကြိုးတွေအဖြစ် ငရဲခန်းထဲ က အံကြိတ်သံတွေ၊ တောက်ခေါက်သံတွေက တာဝန်ယူပါလိမ့်မယ်။
စစ်ကြောရေးခန်းက လွတ်လာသူဟာ(ဘယ်သူမှ မရောက်ချင်တဲ့)ထောင်ကို ပို့တော့မယ်ဆိုရင် နေ့ညမပြတ် ခံစားနေရ တဲ့ ဒုက္ခက လွတ်ပြီလို့ ၀မ်းသာကြသူတွေချည်းပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကတော့ တရားရုံးရောက်တဲ့အခါ ထောင်ထဲနေတဲ့အခါတွေမှာ များစွာတွေ့ကြုံရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် သီးသန့် စာတပုဒ် ရေးရ မှာပါ။
ငရဲခန်းအကြောင်းကိုသာ ခေါင်းစီးပို့ထားတာမို့ ထောင်ထဲက ရက်စက်မှုတွေကို အကြမ်းဖျင်း ပြောချင်ပါသေးတယ်။ ထောင်ထဲက ဥပဒေ (jailmanual)အရ ပေးရမယ့် အခွင့်အရေးတွေ များစွာရှိပါတယ်။ သူသတ်မှတ်ထားတဲ့ဥပဒေကိုသူကိုယ်တိုင် မလိုက်နာဘဲ ထင်တိုင်းကြဲခဲ့တာတွေကိုတော့ လူ့အခွင့်အရေးအကြောင်းမှာ သီးသန့်ရေးပါမယ်။
ထောင်ထဲမှာ ကျောပေါ် တုတ်ချက်များစွာ ကျရောက်ခဲ့ရတဲ့ ဇာတ်လမ်းတွေဟာ ကိုယ်တိုင် မကြုံတွေ့ခဲ့ရသော်လည်း ကြုံတွေ့သူတွေနဲ့ လက်ပွန်းတတီး နှစ်ရှည်လများ နေလာခဲ့ရတော့ ကိုယ်တိုင် ခံစားခဲ့ရသလိုပါပဲ။ အင်းစိန်ထောင်ထဲက “ယုဝတီတိုက်” ဆိုတာ နာမည်ကြီး ငရဲခန်းတခုပါပဲ။ ဒီငရဲခန်းကို ကိုယ်တိုင်ရောက်ခဲ့သူရဲ့ နာကြည်းသံ အံကြိတ်သံ တောက် ခေါက်သံတွေဟာ ထောင်ကလွတ်ပေမယ့် ကြားနေရတုန်းပါပဲ။ ယောက်ျားတယောက်ကို နာမည်ခေါ်တဲ့အခါ ယောက်ျားထူးသလို “ဗျာ” လို့ထူးရင် အရိုက်ခံရတယ်။ “ရှင်”လို့ ထူးရတယ်။ တယောက်ချင်းစီကိုလည်း နာမည်ကြီး အနုပညာသည်တွေရဲ့ နာမည်တွေကို တပ်ပြီးခေါ်တယ်။ ထက်ထက်မိုးဦး၊ ခင်သန်းနု၊ ခိုင်သင်းကြည်၊ နန္ဒာလှိုင် စတဲ့ နာမည် တွေဟာ ယောက်ျားဖြစ်တဲ့ ယုဝတီတိုက်ရောက် အကျဉ်းသားတွေ အခေါ်ခံရတဲ့ နာမည်တွေပါ။ ဦးပဉ္ဇင်းနဲ့ အင်မတန် ရင်းနှီးတဲ့ ဦးတင်ထွန်းဆို ပိန်ပိန်ပါးပါးနဲ့မို့ သူ့ကို ခေါ်တဲ့နာမည်က ဒေါ်မြလေးတဲ့။
နာမည်လှလှလေးတွေရဲ့နောက်က နာမည်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ရက်စက်မှုတွေက ကြားရသူတွေပါ နှိပ်စက်ခံရ သလို ဖြစ်စေခဲ့ပါတယ်။ ပေးထားတဲ့ နာမည်ပေါင်းစုံကိုကြည့် ယုဝတီတဲ့။ လူတယောက်စီကို ရုပ်ရှင်မင်းသမီးတွေရဲ့ နာမည် လှလှတွေ တပ်ပေးတယ်။ နာမည်ခေါ်ရင် ရှင် ထူးရမယ်။ နေ့စဉ် အချိန်မှန် အပြင်ထုတ် အရိုက်ခံရမယ်။ လက်သည်းခွံလောက်ရှိတဲ့ ကျောက်ခဲကျိုးတွေ အုတ်ခဲကျိုးတွေ ဖြန့်ခင်းထားတဲ့ ကွင်းပြင်မှာ လေးဘက်ထောက် အနေ အထားနဲ့ ဒူးနဲ့တံတောင် ထောက်ရမယ်။ ဒူးရော တံတောင်ရောမှာ သွေးချင်းချင်း နီနေတယ်။ ခံရတာ သွေးသံ တရဲရဲကို ပေးထားတဲ့နာမည်က ဆီမီးခွက် အကတဲ့။ ယုဝတီတိုက်ထွက်တွေရဲ့ တကိုယ်လုံးမှာ ဒဏ်ရာတွေဟာ သေရာပါသွားမှာ သေချာတယ်။ အင်းစိန်ထောင်သမိုင်းမှာ ယုဝတီတိုက်ဆိုတာ လူမဆန်ဆုံးသော ငရဲခန်းပါပဲ။
၁၉၉၉ ခုနှစ် ဇူလိုင်လမှာ ဆေးကုသဖို့ သာယာဝတီထောင်ကနေ အင်းစိန်ထောင်ကို ပြန်ရောက်စဉ်က ကြုံတွေ့ခဲ့ရတဲ့ အဖြစ်တခုက စိတ်ထဲမှာ အခုထိ ဒဏ်ရာပြင်းစွာ ရနေတဲ့အဖြစ်တခုပါပဲ။ ဘာသာရေးစကား၊ ဘာသာရေးတရား ပြောဆို နေကြတဲ့ နိုင်ငံရေးအကျဉ်းသား(အခု အမေရိကန်ရောက်နေတဲ့ ကိုစိုးသန်း) ကို အသံကျယ်လို့ လာရောက်ဆဲဆိုတဲ့ ၀န်ထမ်း အား ဘာသာရေးအရ ဦးပဉ္ဇင်းနဲ့ ကိုစိုးသန်းက ပြောပြတဲ့အခါ အဲဒီဝန်ထမ်း တော်တော် အရှက်ရသွားတယ်။ ဒီကိစ္စကို မကျေနပ်လို့ ဦးပဉ္ဇင်းတို့နှစ်ယောက်ကို ထောင်မှူးကြီး ရုံးခန်းခေါ်ပြီး ပညာပေးခံလိုက်ရတာ တော်တော် နာကြည်းစရာ ကောင်းတယ်။ ဖရုဿဝါစာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားပြောသူက အမှန်၊ ပီယ၀ါစာ ပြောသင့်တယ်လို့ တင်ပြသူက အမှားဖြစ်ပြီး ပြစ်ဒဏ်ကျခံရတယ်။ ယုဝတီတိုက် မရှိတော့တာ ဦးပဉ္ဇင်းတို့အတွက် ကံကောင်းတာပဲ။
၂ တိုက်မှာ နေစဉ်က ရှေ့တည့်တည့်မှာ အမြဲပိတ်ထားတဲ့ အခန်းတခန်းကို တွေ့ရတယ်။ ဘာကြောင့်ပိတ်ထားတာလဲလို့ ဘေးအခန်းမှာ ရှိတဲ့ လူတွေကို မေးကြည့်တော့ သူတို့ကပြောတယ်။ ဒါ ပြစ်ဒဏ်အခန်းတဲ့။ ပြစ်ဒဏ်ကျခံသူတွေကို မိကျောင်းတက် တက်ခိုင်းပြီး လူနှစ်ယောက်က(လူနှစ်ယောက်ဆိုတာဝန်ထမ်းဖြစ်ချင်လည်းဖြစ်မယ်။ဝန်ထမ်းမဟုတ်လည်းအာဏာပိုင် လက်ပါးစေအကျဉ်းသားလည်း ဖြစ်မယ်)အဆက်မပြတ် ရိုက်နှက် ခေါ်ဆောင်လာတဲ့ ပြစ်ဒဏ်ကျ အကျဉ်းသားရဲ့ဒုက္ခကို မြင်ခဲ့သူတိုင်းက သနားမဆုံး ရှိကြတယ်။
အလုံပိတ်ထားတဲ့ အခန်းကျဉ်းထဲမှာ ရက်သတ္တနှစ်ပတ်လောက် ပိတ်ထားတယ်။ ပုံစံ ထမင်းဟင်းကို လာပေးချိန်သာ သူ့ခမျာ အလင်းရောင်မြင်ရတယ်။ သနားလို့ ငါးပိကြော်လေး မုန့်လေးသွားမပေးလိုက်နဲ့၊ ပေးတဲ့သူပါ ပြဿနာအရှာခံရ တယ်။ မသင်္ကာရင် ပြစ်ဒဏ်ကျ အခန်းထဲကို ၀င်ရှာတယ်။ မသင်္ကာစရာ ငါးပိကြော်၊ ဆေးလိပ်တို ဒါမှမဟုတ် စားစရာ တခုခုများ တွေ့လို့ကတော့ ပြစ်ဒဏ်ကျခံသူလည်း မသက်သာ၊ အနီးအနားက အခန်းတွေကိုလည်း ပြဿနာရှာတော့ တယ်။
အဲဒီ ငရဲခန်းကလည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ (ICRC)၀င်တော့မယ်ဆိုတဲ့ အသံကြားမှ ရပ်တန့်သွားတယ်။ ICRC ဟာ အကျဉ်းသားတွေ တကယ်အားကိုးရတဲ့ အဖွဲ့အစည်းပါပဲ။
၁၆ နှစ်တာကာလမှာ ကဗျာစာရွတ်မိလို့ တိုက်ပိတ်ခံရတာ၊ ဘာသာရေးစကားပြောလို့ တိုက်ပိတ်ခံရတာတွေဟာ ဘ၀မှာ မေ့ဖျောက်လို့မရနိုင်တဲ့ ဒဏ်ရာတွေလို့ပဲ ဆိုလိုက်ချင်ပါတယ်။ တချို့ကိစ္စတွေဟာ အကြောင်းတိုက်ဆိုင်မှ ပြန်လည်ပေါ် လာ တာမို့ တခုချင်းကို တပေါင်းတစည်းတည်းတော့ မတင်ပြနိုင်တော့ပါဘူး။ အကြောင်းသင့်လို့ ပေါ်လာရင် ပေါ်လာ သလို မှတ်တမ်းတွေရေးမှာပါ။ ကိုယ့်လူမျိုး အချင်းချင်း ဘာကြောင့် နှိပ်စက်တာလဲဆိုတဲ့ အဖြေကို စာဖတ်သူလည်း ထုတ် ကြည့်စေချင်ပါတယ်။

ဘူးပေါက်နဲ့ ခပ်တဲ့ရေ

နေမင်းသူရ (တပ်မတော်အရာရှိဟောင်းတဦး) / ၀၁ စက်တင်ဘာ ၂၀၁၀
၂၀၁၀ နိုဝင်ဘာ (၇)ရက်နေ့မှာ ရွေးကောက်ပွဲကြီး ကျင်းပတော့မယ့်အကြောင်းကို နအဖစစ်အစိုးရက ကြေညာသွားခဲ့ပါပြီ။ လမ်းပြမြေပုံ နောက်ဆုံးအဆင့်တခုဖြစ်တဲ့ ရွေးကောက်ပွဲဆိုတာဟာ ရေရှည် နေရာဖယ်မပေးစတမ်း အာဏာကို ရယူသွားမယ့် စစ်အုပ်စုရဲ့ ပွဲသိမ်းကောင်း ဇာတ်လမ်းတပုဒ် မဟုတ်သလို ပြည်သူ့အရေးလှုပ်ရှားသူများအတွက်လည်း လမ်းဆုံး အဆုံးသတ် နိဂုံးတခု မဟုတ်ပြန်ပါဘူး။ ဖြစ်ထွန်းလာမယ့် လမ်းစသစ်ပေါင်းများစွာအတွက် ခြေဆင်းတီးလုံးတခု၊ စစ်တုရင်စကားအရ အဖွင့်ရွှေ့ကွက်တခု သက်သက်မျှပါ။
စစ်အုပ်စုအတွင်း မဖြေရှင်းနိုင်သေးတဲ့ ပြဿနာပေါင်းများစွာကြားကနေ ဒီရွေးကောက်ပွဲကို နအဖတို့ ကျင်းပပြုလုပ်ပေးရတာ ဖြစ်ပါတယ်။ အများထင်ထားကြသလို ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ဖွံ့ကနိုင်မှာပါပဲ။ ကန့်ကွက်တားဆီးနေလို့လည်း မထူးပါဘူး၊ ကြိုက်ကြိုက် မကြိုက်ကြိုက် မဲသာ ထည့်ပေးလိုက်ဆိုတာ အဆိုးမြင်သက်သက်တွေပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဘက်က အခြေအနေတွေ ကောင်းနေလွန်းလို့ ပိုင်နိုင်လောက်ပြီ ထင်မှတ်လို့ နိုဝင်ဘာ (၇)ရက်ကို နေ့ကောင်းရက်သာရွေးပြီး ကြေညာခဲ့တာမဟုတ်ပါဘူး။ ရွေးကောက်ပွဲဝင်မယ့် ပါတီတိုင်းအတွက် အချိန်မလောက်မင၊ စည်ရုံးရေးဆင်းဖို့ နှောင့်နှေး၊ ငွေကြေးအခက်အခဲတွေ ဖြစ်စေပြီး ကြံ့ဖွံ့တဖွဲ့တည်း တဖက်သတ်အနိုင်ရအောင် အချိန်ကိုက် တက်သုတ်ရိုက် ကြေညာသွားခဲ့တာကိုပဲ ကြည့်ပါ။
ခရာမတုတ်ခင် ကြိုတင်ပြေးခွင့်ရနေတဲ့ ကြံ့ဖွံ့ပါတီနဲ့ အခုမှ ပါတီဝင် စာရင်းတင်၊ နယ်လှည့်စည်းရုံးခွင့် လျှောက်နေရတဲ့ ပါတီငယ်များအကြား အခြေအနေဟာ မိုးနဲ့မြေပါ။ နိုင်နိုင်ရှုံးရှုံး ပြန်မပေးစတမ်း ကိုယ်စားလှယ်လောင်းတယောက် မှတ်ပုံတင်ကြေး (၅)သိန်းဆိုတဲ့ ငွေပမာဏအတွက်ကြောင့်လည်း တပြည်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်နိုင်တာဆိုလို့ ကြံ့ဖွံ့နဲ့ တစညတို့ (၂)ပါတီသာ ရှိပါလိမ့်မယ်။ တဖက်စောင်းနင်း ရွေးကောက်ပွဲကြီးနဲ့အတူ နိုင်ငံတကာ့အလယ် မျက်နှာပန်း မသာတဲ့ ရှေ့ခရီးကိုဆက်ဖို့ အသည်းအသန် စီစဉ်နေတာတွေကို ကြည့်ခြင်းအားဖြင့် နအဖရဲ့ နိုင်ငံရေးအနေအထားဟာ ခံစစ်အသွင် ရောက်နေတယ်လို့ မှတ်ယူရမှာပါပဲ။
သဘာဝဓာတ်ငွေ့ကရတဲ့ နှစ်စဉ်ဝင်ငွေတွေအပြင် ထပ်မံချုပ်ဆိုလိုက်တဲ့ စွမ်းအင်စာချုပ်သစ်များဟာ စစ်ထိပ်သီးအိတ်ကပ်တွေထဲ ၀င်သွားမယ့် (အမျိုးသားထုတ်ကုန် အစုစု ၀င်ငွေမဟုတ်တဲ့) အလဟဿ ငွေတွေသာဖြစ်သလို ရွေးကောက်ပွဲမတိုင်ခင် ကိုယ့်ဆွေမျိုး၊ နီးစပ်ရာ ကုမ္ပဏီတွေ လုပ်ပိုင်ခွင့်များ အပြီးသတ်ရသွားစေဖို့ နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် စီမံခန့်ခွဲပေးတော်မူသော အထူးလုပ်ငန်းအစည်းအဝေး (ညွှန်ကြားရေးမှူးအဆင့်ရှိသူကသာ တင်ပြရမယ့် အစီရင်ခံစာမျိုးလို) လုပ်ငန်းစီမံကိန်းအောင်မြင်ချက် အသေးအမွှားလေးများဟာလည်း တိုင်းပြည်ရဲ့ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှုလို့ ယူဆလို့မရနိုင်တဲ့ စီးပွားရေးတိုးတက်မှု အနုတ်ကိန်းဂဏန်းများပါပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားများ၊ ကျောင်းသား၊ ရဟန်းသံဃာ၊ တိုင်းရင်းသား အတိုက်အခံ ထောင်ပေါင်းများစွာ အကျဉ်းချထားခြင်းခံနေရဆဲဖြစ်ပြီး ရွေးကောက်ပွဲ ပါဝင်ခွင့်မဆိုထားနဲ့ လျှော့ပေါ့ချောင်ချိခွင့် နည်းနည်းလေးတောင် သူတို့မရနိုင်ပါဘူး။ ဒါကြောင့်မို့ အားလုံးပါဝင်နိုင်ခွင့်မရှိတဲ့ ရွေးကောက်ပွဲတရပ်လို့ ကမ္ဘာက အမြဲဝေဖန်ချက်ပေးနေတာပါ။ ပြည်တွင်းပြည်ပ အခြေအနေအရပ်ရပ်ကို ပိုင်နိုင်လောက်မယ်ထင်ရင်ဖြင့် ဗိုလ်ချုပ်မှူးကြီးဘက်က နိုင်ငံတကာကို မျက်နှာလုပ်ဖို့ရာ အတိုက်အခံ နိုင်ငံရေးသမားတွေအားလုံး လွှတ်နှင့်ပြီး ဖြစ်လောက်ရောပေါ့။
စစ်တပ်သာလျှင် အုပ်ချုပ်ရေး စွမ်းရည်ရှိတယ်လို့ အမြဲယုံကြည်နေတဲ့ နအဖတို့အဖို့ အရပ်သားတွေနဲ့ အာဏာကို ခွဲဝေဖို့ ကျင့်သုံးဖို့ နေနေသာသာ လွှတ်တော်ထဲမှာ (၂၅)ရာခိုင်နှုန်း အသားတင် နေရာယူထားတဲ့ သူတို့အပေါ် ပြန်ပြီးဆင်ခြေတက်ခွင့်လေးတောင် ပြုချင်လိမ့်မယ်မထင်ပါဘူး။ အခုတော့ မတတ်သာလို့ နိုင်ငံတကာမှာ မျက်နှာပန်းလှအောင် အတိုက်အခံတချို့နဲ့ ရေရှည်တွဲပြီး လွှတ်တော်ထဲမှာ အောင့်သက်သက် အလုပ်လုပ်ကြရပါတော့မယ်။
ရွေးကောက်ပွဲမတိုင်ခင်လက်နက်ကိုင်ငြိမ်းအဖွဲ့တွေအားလုံး၊ တခုတည်းသော စစ်ဦးစီးမှုအောက်ရောက်ရှိရေး ပြဿနာတွေကလည်း တပိုင်းတန်းလန်း မဖြေရှင်းနိုင်သေး၊ နေ့ချင်းညချင်း လက်နက်ကိုင်ပြဿနာ အသစ်တွေလည်း ထပ်ပြီးပေါ်လာနိုင်ပါသေးတယ်။ စက်တင်ဘာလဆန်းပိုင်းမှာ အပြီးသတ် နယ်ခြားစောင့်တပ်ဖွဲ့ဖို့အရေး ခေါင်းမာနေသေးဆဲ မွန်၊ ကရင်၊ ၀ နဲ့ ကိုးကန့်တပ်ဖွဲ့များကိစ္စကိုရော နအဖတို့ ဘယ်လိုဆက်ကိုင်တွယ်မှာလဲ။ ၁၉၉၀ လွန် ခုနှစ်တွေကစပြီး ငြိမ်းချမ်းရေး (၁၇) ဖွဲ့နဲ့ နှစ်ပေါင်း (၂၀) နီးပါး အပစ်အခတ် ရပ်စဲထားခဲ့တောင် တိုင်းပြည်အတွက် ပြေလည်မယ့်အဖြေ မထွက်တဲ့အပြင် လမ်းစကိုတောင် ရှာမတွေ့သေး ရှိနေဆဲပဲမဟုတ်ပါလား။ ရွေးကောက်ပွဲအကြို အပြီးသတ် ဖွဲ့စည်းဖို့ လျာထားတဲ့ နယ်ခြားစောင့်တပ်များ အရေးဟာလည်း ယခင်နှစ်ပေါင်း (၂၀)နီးပါး လက်နက်တွေကိုင်ပြီး စီးပွားရေးလုပ်ခွင့်တွေရနေတဲ့ ငြိမ်းအဖွဲ့တွေကို နာမည်တမျိုး (သို့)အသွင်သစ်တခုနဲ့ ကာလတခုအထိ ဆက်တည်ရှိနေစေဦးမှာပါ။
တပ်မတော်လက်အောက်က နယ်ခြားစောင့်တပ်ရင်းတပ်ဖွဲ့လို့ အမည်ခံခိုင်း၊ ယူနီဖောင်း ပြောင်းဝတ်ခိုင်း၊ ထောက်ပံ့ကြေးနဲ့ လစာငွေတွေ ထုတ်ပေးရုံလေးနဲ့ နအဖတပ် လုံးလုံးလျားလျားကြီး ဖြစ်သွားမှာမဟုတ်ပါဘူး။ လတ်တလော ဖွဲ့စည်းပြီးနှင့်တဲ့ နယ်ခြားစောင့်တပ်ရင်းများမှာ ငြိမ်းအဖွဲ့ သူပုန်ဟောင်းတွေက ကိုယ်သေနတ်နဲ့ကိုယ် နယ်ခြားစောင့်တပ်အဖြစ် လာပြီးလုပ်နေရခြင်းဟာ မဆီမလျော် သဘာဝမကျလှတဲ့ ဖြစ်စဉ်တခုပါ။
ကွပ်ကဲမှုတခုတည်းအောက် ဖွဲ့စည်းခဲ့တာတောင် အခွင့်အရေးနဲ့ ထောက်ပံ့မှုတွေ ကွာခြားလွန်းလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BDR)တပ်နဲ့ ဘင်္ဂလားကြည်းတပ်တို့အကြား တင်းမာပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ (၂၅-၂၇)ရက်အတွင်း တပ်တွင်းပုန်ကန်မှုကြီး ဖြစ်ပွားခဲ့ပါသေးတယ်။ အောက်ခြေထု မထောက်ခံတဲ့ စစ်တပ်ဘက်က ပြောင်းရွှေ့လာသူ နယ်ခြားစောင့်တပ်မှူးကြီး အပါအ၀င် အရာရှိပေါင်း (၆၃) ဦး သေဆုံးပြီး ကျန်(၇၂)ဦးက ကနေ့အထိတိုင် ပစ်ခတ်ပေါက်ကွဲမှုများအတွင်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ဒီဖြစ်ရပ်များကို နအဖတို့ နမူနာယူသင့်ပါတယ်။ သတ်မှတ်ပေးတဲ့နေရာမှာ နေခိုင်းပြီး လစဉ် ရိက္ခာ/လစာ ထုတ်ပေးရုံကလွဲလို့ နယ်ခြားစောင့်တပ်တွေကို အခုအထိ အမိန့်၊ တာဝန်တွေပေး စစ်ဆင်ရေးဝင်ခိုင်းလို့ မရနိုင်သေးပါဘူး။ နယ်ခြားစောင့်တပ်မှာ ပူးတွဲပေးထားတဲ့ နအဖအရာရှိ၊ အရာခံတွေတောင် တဖြည်းဖြည်း အကျင့်ပျက်လို့ လာနေပါပြီ။ သဘာဝချင်းမတူတဲ့တပ်(၂)ခု ကို စုစည်းပေါင်းစပ်ထားတာမို့ စစ်တပ်ကလာတဲ့ လူတွေနဲ့ သူပုန်ဟောင်းများအကြားမှာ အမြင်ချင်းလည်း မတူညီကြပါဘူး။ တခုတည်းသော တပ်မတော်အဆင့်ထိဖြစ်လာအောင် ဘယ်လောက် အချိန်ထပ်ယူရဦးမှာလဲ။
ဒီအတောအတွင်း နယ်ခြားစောင့်က တပ်ပြေး ဘက်ပြောင်း စတဲ့ကိစ္စတွေ အများကြီး။ အချင်းချင်းကြား မကျေလည်မှုတွေကြောင့် ကရင်နယ်ခြားစောင့်တပ်များအကြား လုပ်ကြံဖျက်ဆီးမှုတွေ တသီကြီး ဖြစ်ပေါ်လာနေတဲ့အပြင် လက်သည်မဲ့ ဗုံးပေါက်ကွဲမှုတွေလည်း တစတစ ခပ်စိပ်စိပ် ဖြစ်ပွားနေဆဲပါ။ စုဖွဲ့မှုကောင်းပြီး ထုထည်ကြီးမားနေတဲ့ ရန်သူကို ပြန့်ကျဲသွားအောင်လုပ်၊ ချေမှုန်းပစ်တဲ့ စစ်ရေးနည်းပရိယာယ်အတိုင်း ပြည်တွင်းသူပုန်ဟောင်းများအပေါ်မှာ ကျင့်သုံးလို့မရနိုင်ပါဘူး။ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှသာ ပြေလည်သွားမယ့် ကိစ္စတရပ်ပါ။ အခုတော့ ထာဝရငြိမ်းချမ်းတဲ့ လမ်းစမရှာဖွေဘဲနှစ်ပေါင်း(၆၀)ကျော်ကြာပြည်တွင်းစစ်မီးတောက်ကြီးကနေ ပြန့်ကျဲသွားတဲ့ မီးပွားမီးတောက်ငယ်လေးတွေအဖြစ်ကို ရောက်အောင် နအဖတို့ တမင်ဖန်းတီးခဲ့ကြပါပြီ။ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရဲ့ စီးပွားရေးအရင်းအမြစ်အားလုံးကို ဗိုလ်ချုပ်တွေရဲ့ လက်ဝေခံတွေဆီ လွှဲအပ်ထားနှင့်ပြီးဖြစ်သလို ပြည်တွင်းက ကုန်သည်၊ ပွဲစားနဲ့ လုပ်ငန်းရှင်ငယ်များ၊ အလတ်လွှာများ၊ ၀န်ထမ်းများ အပါအ၀င် လူထုတရပ်လုံးရဲ့ စီးပွားရေးအခြေအနေအရပ်ရပ်ဟာ ချွတ်ခြုံကျ၊ ရောင်းချပေါင်နှံပြီး ရင်းနှီးစရာမဲ့၊ နေ့ပြန်တိုး၊ မတ်တိုး (ချေးငွေတသောင်းမှာ နေ့တိုင်း တထောင်နှုန်း လေးဆနီးပါး တလအတွင်း ပြန်အတိုးဆပ်နေရတဲ့စနစ်)များအကြား နေ့စဉ် အကြွေးနွံနစ်နေကြတဲ့အဖြစ်နဲ့ ရှုပ်ထွေးလှသော လူမှုစီးပွားပြဿနာများ၊ မပြေလည်တဲ့ အကျပ်အတည်းတွေကြောင့် အိမ်နီးချင်း တိုင်းပြည်များကိုသာမက ကမ္ဘာအနှံ့ အလုပ်ကိုင်ရှာဖွေဖို့ ထွက်ခွာနေကြဆဲ မြန်မာ့ရွှေ့ပြောင်းလုပ်သားများကိစ္စ ဖြေရှင်းပေးရေး၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးရေး၊ ပြန်လည်နေရာချထားပေးရေး …စတဲ့ ပြဿနာတွေကလည်း နအဖတို့အတွက် တသီတတန်းကြီး ရှိနေတုန်းပါ။
အာဏာအလွှဲအပြောင်းမတိုင်မီ ကိုယ်ရသင့်တဲ့ အကျိုးခံစားခွင့်များ ရရှိရေးအတွက် တပ်ရင်း၊ တပ်ဖွဲ့ အတော်များများ ဆူပူဆန္ဒပြနေတာ၊ တိုးတိုးပြီး အမှုစွဲဆို တင်ပြလာနေတဲ့ လယ်သိမ်းခံ လယ်သမားများနဲ့ ကလေးစစ်သားများ ပြဿနာ၊ အလုပ်သမားအရေး၊ ပင်စင်စားဝန်ထမ်းဟောင်းများရဲ့ ခံစားခွင့်ဆိုင်ရာကိစ္စများ …စသည်ဖြင့် အမှုပေါင်းစုံဟာ နောင်တက်လာမယ့် အစိုးရအဖွဲ့အနေနဲ့ ဒီပြဿနာများကို ဆက်ပြီး ခေါင်းခံဖြေရှင်းမှာမဟုတ်ဘူးလို့ ယူဆတာကြောင့် လူတန်းစား လူ့အလွှာပေါင်းစုံဟာ နအဖတို့ဆီမှာ အခုကတည်းကိုက စဉ်ဆက်မပြတ် တောင်းဆိုဆန္ဒပြနေကြခြင်းပါ။
ဒီကိစ္စတွေထက် အရေးကြီးတဲ့ နောက်ဆက်တွဲကိစ္စတွေက နအဖတို့ စစ်အုပ်စုအတွင်း ပြဿနာများပဲဖြစ်တယ်။ နောင်လာမယ့် ဖွဲ့စည်းပုံအရ သမ္မတဟာ နိုင်ငံအကြီးအကဲဖြစ်ပြီး အာဏာခွဲဝေမှုအပိုင်းမှာတော့ တပ်ကို ကိုင်ထားသူ စစ်ဦးစီးချုပ်သာလျှင် ပိုအခရာ ကျပါလိမ့်မယ်။ လိုအပ်ရင် စစ်တပ်က အာဏာသိမ်းခွင့်ပြုပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးထဲမှာ ဒီကိစ္စကို ထည့်ပြီး ရေးဆွဲထားမိခဲ့တာပဲ မဟုတ်ပါလား။ ဒီတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဘာဆက်လုပ်မလဲဆိုတာ စဉ်းစားရွေးချယ်ဖို့ လိုအပ်လာပါပြီ။ သူ့အနေနဲ့ တပ်ကို ဆက်ကိုင်မှာလား၊ သမ္မတပဲ သွားလုပ်မလား။ သမ္မတ တက်လုပ်မယ်ဆိုရင် တပ်ကို ဘယ်သူ့လက်ထဲ စိတ်ချလက်ချ အပ်ထားခဲ့ရမလဲ။ သူကိုယ်တိုင် အလုံးစုံ ယုံကြည်ရသူကရော ဘယ်သူရှိနိုင်မလဲ။ ဒီတနေ့မှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ပွဲထုတ်ပြီး နောင်တနေ့မှာ ဒု-ဗိုလ်ချုပ်ကြီး မြင့်ဆွေကို ပစားပေး၊ နောက်တနေ့မှာကျတော့ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကို သူကောင်းပြု … စတဲ့ တပ်တွင်း သွေးခွဲအုပ်ချုပ်နေခြင်းဟာ တပ်ချုပ်ကြီးက ဘယ်သူကိုမှ အကြွင်းမဲ့ မယုံကြည်ဘူးဆိုတာ ဖော်ပြနေပါတယ်။
တပ်ချုပ်ကြီးအနေနဲ့ တပ်တွေကိုပဲ နောက်ကွယ်ကနေ ဆက်ကိုင်နေချင်သေးသပဆိုရင်ဖြင့် ဘယ်သူ့ကို သမ္မတ ခန့်ထားမှာလဲ။ ဖြစ်လာမယ့် သမ္မတနဲ့ စစ်ဦးစီးချုပ်တို့ အကြားမှာ ညှိနှိုင်းဆက်စပ်လို့မရခဲ့ရင် တပ်မတော်အတွင်း ဘာတွေဖြစ်လာမလဲဆိုတဲ့ ‘သို့လော သို့လော’ ပြဿနာတွေဟာ နအဖအတွက် ဖြန့်ထွက်စဉ်းစား တွေးတောစရာတွေပါ။ ပြောရရင် ဒီရွေးကောက်ပွဲဟာ စစ်အုပ်စုအတွက် ပွဲသိမ်းကောင်း အောင်ပွဲတခု မဟုတ်နိုင်သလို လောလောဆယ်ရော နောင်အတွက်ပါ ဘာအာမခံချက်မှ မရှိသေးတဲ့ အောင်ပွဲသက်သက်ပါ။
ဒီထက်ပိုဆိုးတာ သူတို့ရေးဆွဲမိခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ကိုယ်ပဲ ပြန်ပြီး ဒုက္ခရောက်သွားနိုင်တဲ့ အဖြစ်မျိုးတွေပါ။ အာဏာလောဘဇောကြောင့် စစ်တပ်ခေါင်းဆောင်တွေအကြား နိုင်ငံရေးအရ အမြင်တွေ မကွဲသော်လည်း၊ စည်းလုံးမှုအပိုင်းမှာ အထက်က ပြောခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် တပ်တွင်း အချင်းချင်း သွေးကွဲသွားစေနိုင်တဲ့ အချက်အလက်တွေ အထင်အရှား ဖြစ်ပေါ်နေပါပြီ။ ရွေးကောက်ပွဲတောင် မ၀င်ရသေးဘူး၊ ဘောင်းဘီချွတ်ခံရမယ့် ဗိုလ်ချုပ်များနဲ့ အောက်ခြေ ဒု-ဗိုလ်မှူးချုပ်တို့အကြား ပူညံပူညံအသံတွေက ထွက်ပေါ်လာနေပါပြီ။ ပိုလျှံနေတဲ့ ဗိုလ်ချုပ်တွေအပြင် အမည်ခံရုံသက်သက်၊ ကြံဖန်ရာထူးပေးဖို့ ထွင်ထားတဲ့ (ကစထ) မှူးလို အဆင့်အတန်းတွေ၊ စစ်ဘက်ကနေ အရပ်ဘက် တိုက်ရိုက်သွားပြီး ရာထူးကြီးတွေရစေမယ့် ၀န်ကြီး၊ ညွှန်ချုပ်နဲ့ သံရုံးတာဝန်ခံ၊ စစ်သံမှူး …စတဲ့ အခွင့်အရေး ရာထူးမျိုးတွေကို စစ်ထိပ်သီးများအဖို့ နောင် မျှော်မှန်းနိုင်ခွင့်ရှိပါ့မလား။
လတ်တလော ၂၀၁၀ ရွေးကောက်ပွဲကာလတခုအတွက် အခုလိုမျိုး ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်အဆင့်တွေ လျာထားပြီး ထုတ်ပစ်လိုက်တာသာမဟုတ်၊ နောင်တကြိမ် လာဦးမယ့် ရွေးကောက်ပွဲအရန်အဖြစ် ကြံ့ဖွံ့ပါတီထဲ ထည့်ဖွဲ့စည်းဖို့ နောက်ထပ် ဗိုလ်ချုပ်နဲ့ ဒု-ဗိုလ်မှူးချုပ်တွေ အများကြီး တပ်ထဲက ထပ်ထုတ်နုတ်ဖို့ ရှိလာနိုင်ပါသေးတယ်။ ကြံ့ဖွံ့ပါတီကို ကိုယ်စားပြုပြီး အခုရော နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ၀င်ရွေးခဲ့မိလို့ အရွေးမခံရဘဲ ပြုတ်သွားခဲ့ရင် လက်ရှိရနေတဲ့ လစာနဲ့ အခွင့်အရေးတွေအပြင် ကား/အိမ် စတဲ့ အဆောင်အယောင်နဲ့ လုပ်ပိုင်ခွင့်တွေ ဆုံးမယ့်ကိန်းမျိုး (သို့) ရှုံးမယ့်မြင်းကို လောင်းမိတဲ့အဖြစ်မျိုး လက်ရှိ နအဖစစ်ဗိုလ်ချုပ်များ စတင်တွေ့ကြုံ ခံစားနေကြပါပြီ။ ဗိုလ်ချုပ်ကတော်တွေလည်း မျက်ခုံးလှုပ်၊ ရင်ထုပြီး ဆို့နင့်နေရတဲ့ အဖြစ်မျိုး ကြုံနေကြရကုန်ပါပြီ။
ရွေးကောက်ပွဲကော်မရှင် ရေးဆွဲခဲ့တဲ့ ဥပဒေဆိုင်ရာ အားနည်းချက် လစ်ဟာကွက်တွေကို ကြားဖြတ်အစိုးရမဟုတ်တဲ့ စစ်အစိုးရကိုယ်တိုင် အတင်းအဓမ္မလိုက်ပြီး အာဏာစက်နဲ့ ပိတ်ဆို့ကာကွယ်ပေးနေရဆဲ၊ တုတ်ပြ ဓားမိုး ထောင်နဲ့ ခြိမ်းခြောက် …စတဲ့ နည်းမျိုးစုံ ကျင့်သုံးနေရဆဲမို့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ရာ ကြီးကြပ်ပေးမယ့်သူ ရွေးကောက်ပွဲကော်မရှင်တောင် တုပ်တုပ်မှ မလှုပ်ဝံ့တဲ့ ရုပ်သေးရုပ်ဘ၀ကို ရောက်နေခဲ့ရပါပြီ။ တင်ပြလာတဲ့ အမတ်လောင်းစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်က စိစစ်ခွင့်မရှိဘဲ စရဖ (ခေါ်) ထောက်လှမ်းရေးတွေက ကြားဝင် အကျိုးဆောင် စစ်ဆေးပေးနေကြတာကိုကြည့်ရင် ပိုပြီး ထင်သာမြင်သာနိုင်ပါလိမ့်မယ်။ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင် ထောက်လှမ်းရေးနဲ့ SPတို့လက်အောက်မှာ အလုပ်လုပ်နေရတယ်ဆိုရင် ဖြစ်ပေါ်လာမယ့် ၂၀၁၀ ရွေးကောက်ပွဲရဲ့ လွတ်လပ်သန့်ရှင်းမျှတမှုဆိုတာဟာ ဘယ်လိုအရာမျိုးပါလိမ့်။
လမ်းညွှန်မြေပုံ (၇) ချက်အရ (၁၃) နှစ်ကြာ ဆွဲခဲ့တဲ့ ဖွဲ့စည်းပုံမှာကိုပဲ လိုရာတွေ ဆွဲထည့်ရင်း ရှေ့နောက် မဆီမလျော်တွေဖြစ်၊ ဒါတွေကို ကြီးကြပ်အကောင်အထည် ဖော်ပေးဖို့ ဖွဲ့ထားတဲ့ ကော်မရှင်ကိုယ်တိုင်ကလည်း ရုပ်ပြသက်သက်၊ အာဏာနဲ့သိက္ခာမရှိ။ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးဖို့ ရွေးချယ်ထားတဲ့ ကြားဖြတ်အစိုးရတရပ်မရှိလို့ တည်ဆဲနအဖအစိုးရကိုယ်တိုင် ကြားဝင်ပြန်ပါတော့လည်း ဘက်လိုက်ပြီး တရားမျှတမှုမရှိဘူးလို့ ကမ္ဘာက ပြောတာခံနေကြရပါပြီ။ အဓမ္မနည်း၊ ညစ်နည်း၊ လိမ်နည်းများ အစုံစုံနဲ့ နအဖတို့က ရွေးကောက်ပွဲရှေ့ခရီးကို ဆက်ကြပါလိမ့်ဦးမယ်။
စစ်တပ်ရဲ့ထုံးစံအတိုင်း အရာရာကို တရားမျှတမှုထက် အနိုင်ရဖို့သာ အဓိက ထားတတ်ကြပါတယ်။ ရေဘူးပေါက်တာ မလို၊ ရေပါတာပဲ လိုချင်တယ်လို့ နအဖတပ်ထဲမှာ အမြဲပြောလေ့ရှိပါတယ်။ ဒီမူအတိုင်း လိုက်နာကျင့်သုံးပြီး၊ အထက်ကို လိမ်ညာတင်ပြပြီး အလုပ်ဖြစ်နေကြတဲ့ တပ်မတော်ထဲမှာလို ပြည်သူနဲ့ နိုင်ငံတကာအပေါ်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသစ် မြန်မာနိုင်ငံတော်ကြီး အောင်မြင်ပါကြောင်း လိမ်လည်စာရင်းပြလို့ မဖြစ်နိုင်ပါဘူး။ လက်ရှိတည်ဆဲအစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲကနေပြီး အနာဂတ်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးတရပ် ဖော်ဆောင်သွားမယ့်အကြောင်းကို နေ့စဉ်နဲ့အမျှ ကြွေးကြော်နေပါပြီ။ ဒါပေမယ့် နအဖတပ်မတော်ကြီးရဲ့ ကျင့်သုံးနေကျ ခေါက်ရိုးကျိုး ထုံးစံများအတိုင်း စည်းစနစ်ကျကျ သန့်သန့်ရှင်းရှင်းမလုပ်ဘဲ ဘူးပေါက်နဲ့ ဖြစ်အောင်ခပ်လာတဲ့ ရေတိုင်းဟာ သုံးလို့မကောင်းတဲ့ ရေဆိုးများသာ ဖြစ်နေကြပါလိမ့်မယ်။ ။

တိုင်းရင်းသားပါတီများက ၎င်းတို့ဒေသတွင် အနိုင်ရမည်ဟု ယုံကြည်

ခင်ဦးသာ Wednesday, September 01, 2010
.နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည့် တိုင်ရင်းသား နိုင်ငံရေးပါတီများ အနေနှင့် ၎င်းတို့ဒေသများ၌ သေချာပေါက် အနိုင်ရမည်ဟု ကရင်ပြည်သူ့ပါတီ ဆိုင်းဘုတ်တင် အခန်းအနားမြင်ကွင်ယုံကြည်နေကြကြောင်း တိုင်းရင်းသား ပါတီ ခေါင်းဆောင်များက ဧရာဝတီသို့ပြောသည်။
တိုင်းရင်းသားပါတီ များအနေဖြင့် မိမိတို့ ပြည်နယ်၏ မဲဆန္ဒနယ် အများစုတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး လွှတ်တော် သုံးရပ် စလုံး၌ ပါဝင်ကြမည် ဖြစ်သော်လည်း မဲဆန္ဒနယ် အပြည့်အ၀ကို ၀င်ရောက် မပြိုင်ကြနိုင်တော့ကြောင်း ပါတီ ခေါင်းဆောင်များက ဆိုသည်။

“ကျနော်တို့ မွန်ပြည်နယ်မှာ ၁၀ မြို့နယ်ရှိပေမယ့် အချိန်မရတော့တဲ့အတွက် မြို့နယ် ၇ ခုမှာပဲဝင်ပြိုင်နှိင်တော့မယ်။ ပြိုင်တာတော့ လွှတ်တော် သုံးရပ် စလုံးမှာ ပါဝင်မှာဖြစ်ပါတယ်”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်း ကပြောသည်။
မွန်ပါတီသည် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ် (ဘားအံမြို့)တွင်လည်း တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်အနေနှင့်တဦးပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ (ကြံ့ဖွံ့)၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တ.စ.ည) တို့က အဓိက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မွန်လူမျိုးများကို ကိုယ်စားပြုထားသည့် တခုတည်းသော ၎င်းတို့၏ ပါတီကသာ အနိုင်ရမည်ဟု ယုံကြည်ထားကြောင်း ဦးနိုင်ငွေသိမ်းက ရှင်းပြသည်။ ထိုပါတီမှ ကိုယ်စားလှည်လောင်း ၃၅ ဦး ပါဝင်မည် ဟုလည်းဆိုသည်။
တိုင်းရင်းသားပါတီများ အနက် ကိုယ်စားလှယ်လောင်း အများဆုံးဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည်ရှမ်းပြည်၏ မဲန္ဒနယ် ၅၅ ခုရှိသည့်အနက် မြို့နယ်အများစုတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ မြို့နယ် တချို့တွင်လည်း ၀င်ပြိုင်သွားမည်ဟု ပါတီ၏ ဗဟိုအလုပ်မှုဆောင် ဦးစိုင်းလှကျော်က ပြောသည်။
ရှမ်းပါတီသည် လွှတ်တော်သုံးရပ် စလုံးတွင် ၀င်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော်၌ ၁၅ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၄၅ ဦး၊ပြည်နယ်လွှတ်တော်တွင် ၉၇ ဦး စသည်ဖြင့် စုစုပေါင်း ၁၅၇ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ဦးစိုင်းလှကျော်က ဆက် ရှင်းပြ သည်။ ရှမ်းပြည်နယ်တွင် မဲဆန္ဒနယ် ၁၁၄ ခု၊ ကချင်တွင် ၁၇ ခု၊ စစ်ကိုင်းတွင် ၆ ခုနှင့် မန္တလေးတွင် တနေရာ ၀င်ပြိုင်သွားမည် ဟုလည်း သူက ဆိုသည်။
ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားပါတီ အနေဖြင့် အဓိက ၀င်ပြိုင်မည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)နှင့် မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအင်အားစု (ရခိုင်ပြည်)ပါတီ၂ ခု သာရှိသည်ဟု သိရပြီး မြို၊ ခမီ စသည့် တိုင်းရင်းသားပါတီ အနည်းငယ် ရှိကြောင်းသိရသည်။
ထိုပါတီများအနက် RNDPသည် ပြည်နယ်၏ မြို့နယ် ၁၇ ခုအနက် မဲဆန္ဒနယ် ၁၂ ခုတွင် လွှတ်တော် သုံးရပ်စလုံး၌ ကိုယ်စားလှယ်လောင်း ၄၅ နေရာ ၀င်ပြိုင်သွားမည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကပြောသည်။ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း ၁ နေရာစီဝင်ပြိုင်သွားမည်ဟုလည်း ၎င်းကဆိုသည်။
ရခိုင်တိုင်းရင်းသား ပါတီများသည် ကြံ့ဖွံ့၊ တ.စ.ည ပါတီတို့နှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဒေသခံတိုင်းရင်းသား များ၏ ထောက်ခံမှုကို အပြည့်အ၀ ရရှိထား၍ အနိုင်ရမည်ဟု ယုံကြည်ကြောင်းလည်း ဒေါက်တာအေးမောင်က ပြောသည်။
တိုင်းရင်းသားပါတီ များသည် မိမိတို့ဒေတွင်အနိုင်ရကြမည်ဟု ယုံကြည်နေကြသော်လည်း နိုင်ငံရေးလေ့လာသူများကမူ ကြံ့ဖွံ့ပါတီ၏ မသမာပြုမှုကို ခံရမည်ဖြစ်၍ တိုင်းရင်းသားပါတီခေါင်းဆောင်များ ယုံကြည်ထားသကဲ့သို့ ဖြစ်မလာနိုင်ကြောင်း ပြောဆိုဝေဖန်ကြသည်။
ပြည်ပအခြေစိုက် ကချင်သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်းကလည်း တိုင်းရင်းသား ပါတီများအနေဖြင့် အပြည့်အ၀ နေရာမရနိုင်ဟု သုံးသပ်သည်။
“လွတ်လွတ်လပ်လပ်သာ ယှဉ်ပြိုင်ခွင့် ရမယ်ဆိုရင်တော့ တိုင်းရင်းသားပါတီတွေဟာ ကြံ့ဖွံ့ပါတီ၊ တစည ပါတီတို့ရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်လာမယ်။ ဥပမာ-ဒေါက်တာတူးဂျာ ပါတီဆိုရင် စည်းရုံးရေး တအားကောင်းတယ်။ သူ့ပါတီကို ခွင့်ပြု လိုက်မယ် ဆိုရင် သူတို့နဲ့ အဓိက ပြိုင်ရတော့မယ်။ အဲဒါကို စိုးရိမ်လို့ ဒေါက်တာတူးဂျာ ပါတီကို ချမပေးတာပါ” ဟုကိုနော်ဒင်းက ဆိုသည်။
သို့သော် ဒေါက်တာတူးဂျာပါတီဝင်များထဲမှ တသီးပုဂ္ဂလ ကိုယ်စားလှယ် တချို့ဝင်ပြိုင်ရန် ပြင်ဆင်နေကြောင်း ကြားသိရသည်။
ကချင်ပြည်နယ်တွင် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်)ပါတီတခုသာ ကချင်တိုင်းရင်းသား ကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်ပြီး မြို့နယ် ၆ ခု၌ လွှတ်တော် သုံးရပ် စလုံးမှ အမတ် ၇ ဦးစီ ၀င်ပြိုင်သွားမည်ဟု သိရသည်။
ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသားများ ကိုယ်စားပြု၍ ၀င်ပြိုင်မည့် ပါတီများမှာ ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားပါတီတို့ဖြစ်သည်။ ထို ၂ ပါတီအနက် ချင်းတိုးတက်ရေးပါတီသည် ချင်းပြည်နယ်၏ မြို့နယ် ၉ ခု အပြင် စစ်ကိုင်းတိုင်းရှိ ကလေး၊ တမူး စသည်ဖြင့် မဲဆန္ဒနယ် ၁၁ ခုတွင် လွှတ်တော် သုံးရပ်စလုံး၌ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ချင်း တိုးတက်ရေး ပါတီ၏ ဥက္ကဋ္ဌ ဦးလုံစီ (HlungCe)ကပြောသည်။ ချင်းပါတီမှ ကိုယ်စားလှယ် စုစုပေါင်း ၃၉ ဦး ၀င်ပြိုင်မည်ဟုသိရသည်။
ကရင်တိုင်းရင်းသားပါတီ များဖြစ်သော ကရင်ပြည်သူ့ပါတီနှင့် ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်ပါတီ တို့သည် ကရင်ပြည်နယ်အပြင် တခြားသော ပြည်နယ်၊ တိုင်းတချို့၌ပါ လွှတ်တော်သုံးရပ်စလုံး၌ ပါဝင်ယှဉ်ပြိုင်ကြမည် ဟုသိရသည်။
ကရင် ပြည်သူ့ပါတီသည် ကရင်ပြည်နယ်ရှိ သံတောင်မြို့နှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တို့တွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၄၃ ဦးပါဝင် ယှဉ်ပြိုင်သွားဟု ပါတီ၏ ဒုဥက္ကဋ္ဌ ၂ ဦးစောအေးကိုက ပြောသည်။
စစ်အစိုးရ ဦးဆောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည်ဟု သြဂုတ်လ ၁၃ ရက် နေ့တွင်ကြေညာထားပြီး ၀င်ပြိုင်ရန် မှတ်ပုံတင်ခွင့် ရရှိထားသည့်ပါတီ ၄၂ ပါတီရှိသည်။

ဂိတ်များပိတ်သော်လည်း လိုင်စင်မဲ့ကားများ မြန်မာပြည်တွင်းဝင်နေဆဲ

ဘစောတင် Wednesday, September 01, 2010
.မဲဆောက်နှင့် မြ၀တီကြားရှိ ဂိတ်များကို မြန်မာဘက်မှ ပိတ်ဆို့ ထားသော်လည်း လိုင်စင်မဲ့ကားများမှာ နေ့စဉ် ၁၅ စီးမှ အစီး ၃၀ ခန့် ခိုးလမ်းများမှ တဆင့် မြန်မာပြည် ဒေသအသီးသီးသို့ ဝင်ရောက် နေကြောင်း သိရသည်။
                     မြန်မာပြည်သို့ ပို့မည့်ကားများ ထိုင်းဘက်ခြမ်းတွင် စုပုံနေသည်ကို ဤသို့ မြင်တွေ့ရသည်
ထိုသို့ လိုင်စင်မဲ့ကားများ မြန်မာ ပြည်တွင်းသို့ ဝင်ရောက်ရာတွင် ဂိတ်ကြေး များများ မပေးနိုင်သူများ အဖမ်းအဆီး ခံရကြောင်းလည်း မြဝတီ အခြေစိုက် ကားဝယ်ရောင်းများထံမှ သိရသည်။
မြန်မာ အာဏာပိုင်များက တရားမ၀င် ကားများကို လိုင်စင်ပြုလုပ် ပေးနေသဖြင့် ၀ယ်လိုအားများနေရာ ကားများကို အဖမ်းအဆီးများ ကြားထဲမှ အပြိုင်အဆိုင် ခိုးသွင်းနေခြင်း ဖြစ်ကြောင်း မြ၀တီမြို့ခံ ကားဝယ်ရောင်း တဦးက ဧရာဝတီသို့ ပြောသည်။
“အခုတလော အဖမ်းအဆီးကလည်း အတော်များတယ်။ အရင်ထက် ကြမ်းတယ်။ ဒါပေမယ့် ခိုးလမ်းကြောင်း ကတော့ နေ့တိုင်း သွင်းနေကြတာပဲ။ ဂိတ်ကြေးမကြောက်ရင် အလုပ်ဖြစ်တယ်။ အခုဟာက လမ်းပိတ်ထားတာရယ် လမ်းကြောင်း ကျပ်တာရယ်ကြောင့် တော်ရုံလူ မသွင်းနိုင်ဘူး။ တဘက်မှာကလည်း Without ကို လိုင်စင်ပေးတာ ဆိုတော့ အ၀ယ်လိုက်တယ်” ဟု ၎င်းက ဆိုသည်။
မဲဆောက်ဘက်မှ ၀င်လာသော လိုင်စင်မဲ့ ကားများအတွက် နယ်စပ်ရှိ အာဏာပိုင်များကို လာဘ်ထိုးကာ အငှားကား မောင်းသမားများက မောင်းပို့ကြခြင်းဖြစ်ပြီး ကားတစီး ပို့ခမှာ ယခင်ထက် ၄ ဆ၊ ၅ ဆ ပိုကုန်ကြောင်းမြ၀တီ နယ်စပ်မှ ရန်ကုန်အထိ လိုင်စင်မဲ့ကား တင်သွင်းသော ကုန်သည်တဦးက ပြောပြသည်။
“ဒီရက်ပိုင်းအတွင်း မာစီဒီးတစီး ပို့ လိုက်တာ မောင်းခပါ အပြီးအစီး ပို့ခ ကျပ် သိန်း ၂၀ ကုန်တယ်။ ကားမောင်း သမားက ရန်ကုန်အရောက်ပို့ပေးတယ်။ ဟိုရောက်မှ လက်လွှဲယူတယ်။ အရင်ကဆို လမ်းမှာကုန်တာ ကျပ် ၄၊ ၅၊ ၆ သိန်းလောက်ပဲ” ဟု သူက ဆိုသည်။
၉၄ မိုဒယ် မာစီဒီး တစီးကို နယ်စပ်တွင် ကျပ် သိန်း ၁၂၀ ဖြင့်ဝယ်ယူပြီး လမ်းတွင် ကျပ်သိန်း ၂၀ အကုန်ခံကာ ရန်ကုန်အရောက်မောင်းပို့ရသည်။ ရန်ကုန်ရှိ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) တွင် နောက်ထပ် ကျပ် သိန်း ၈၀ ပေးရသောကြောင့် ယင်းကား တန်ဖိုးမှာ ရန်ကုန်ကို အရောက် ကျပ် သိန်း ၂၂၀ ကုန်ကျသည်ဟု အဆိုပါ ကုန်သည်က ရှင်းပြသည်။
၎င်းကားသည် ရန်ကုန်တွင် ကျပ် သိန်းထောင်ကျော်တန်ကြေးရှိကြောင်း သိရသည်။
ယင်းသို့ အမြတ်အစွန်းများသောကြောင့် ကားမှောင်ခို လုပ်ငန်းကို အဖမ်းအဆီးများသည့်ကြားမှ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ကုန်သည်တဦးက ဆိုသည်။
မြဝတီမြို့ခံ ရဲဝန်ထမ်းတဦး၏ အဆိုအရ သြဂုတ် ၂၅ ရက်နေ့မှ ၂၈ ရက်အတွင်း လိုင်စင်မဲ့ကား ၄၅ စီးဖမ်းထားကြောင်း သိရသည်။
“သူတို့က ဂိတ်ကြေးမပေးလို့  ဖမ်းတာမဟုတ်ဘူး။ ဒီဂိတ်က ပေးပြီး နောက်တဂိတ်ကျ တောင်းပြန်ရော ဆိုတော့ မတတ်နိုင်တဲ့သူတွေ အဖမ်းခံရတာ။ အရင်က ဘယ်ဂိတ် ဘယ်လောက် ဆိုတာသတ်သတ်မှတ်မှတ်ရှိတယ်။ အခု အဖွဲ့စုံက တောင်းတာဆိုတော့ ငွေနည်းနည်းနဲ့ စွန့်စားတဲ့လူက ခံရတာပေါ့ဗျာ” ဟု မြဝတီမြို့မှ ရဲဝန်ထမ်းက ဆိုသည်။
ယခုအခါ မြ၀တီနှင့် သင်္ကန်းညီနောင်ကြားတွင် ယခင်က မရှိခဲ့ဖူးသော ရှောင်တခင် စစ်ဆေးဂိတ်သစ် ၅ ခု ထပ်မံတိုးချဲ့ ဖွင့်ထားသည်ဟုလည်း သိရသည်။
လိုင်စင်မဲ့ကားများသည် အများပြည်သူ နေ့စဉ်သွားလာနေသော ကားလမ်းမှ မမောင်းဘဲ ခိုးလမ်းဟု ခေါ်ကြသော တောလမ်များမှ တဆင့် မောင်းနေကြခြင်း ဖြစ်သည်။
မြန်မာပြည်တွင်းသို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှတဆင့် ခိုးသွင်းလာသော ကားများမှာ ဂျပန်ပြည်မှ အသုံးပြုပြီးသား ကားများဖြစ်ပြီး ဘန်ကောက်မှတဆင့် မဲဆောက်သို့ ဝင်လာကြခြင်း ဖြစ်သည်။