မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 2 september 2010

လုပ်ကြံခံရမည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိုးရိမ်

ဧရာဝတီ Thursday, September 02, 2010
.စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းရာထူး အပြောင်းအလဲများ မကြာသေးမီက အကြီးအကျယ် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လက်ဖြောင့် သေနတ် သမားများဖြင့် လုပ်ကြံခံရခြင်းနှင့် ကားဖြင့် အသေခံ ဗုံးခွဲလုပ်ကြံခံရခြင်းများ ဖြစ်မည်ကို အထူး စိုးရိမ် လျက်ရှိကြောင်း စစ်ဖက်ဆိုင်ရာ လုံခြုံရေး (စရဖ) အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။
                                                                       ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Getty Images)
“ဗိုလ်ချုပ်မှူးကြီးကို ပြည်ပကနေ လက်ဖြောင့် သေနတ်သမားတွေ လာပြီး လုပ်ကြံမှာတို့၊ အသေခံဗုံးခွဲ လုပ်ကြံမှာတို့ ရွေးကောက်ပွဲ မတိုင်မီ အစီအစဉ် ရှိတယ်လို့ ကျနော်တို့ကို အထက်လူကြီးက ပြောထားပါတယ်။ ဒါကြောင့် လုံခြုံရေး သတိရှိဖို့ဆိုပြီး ပြောပါတယ်”ဟု စရဖ အငယ်တန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
“ဗိုလ်ချုပ်မှူးကြီးကို လုပ်ကြံမယ့် သူတွေက မြဝတီ၊ မဲဆောက်တို့ ဘက်က လာမယ်ကြားလို့ အဲဒီဘက်က လာတဲ့ ယာဉ်တွေကို အဓိကထား စစ်နေရတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
နေပြည်တော်သို့ လာရောက်သော အဝေးပြေး မော်တော်ယာဉ်များတွင် လိုက်ပါသူမဲ့ ကုန်ပစ္စည်းများအား သေချာစွာ စစ်ဆေး ရန်၊ ခရီးသည်များ၏ အမည်၊ မှတ်ပုံတင် အမှတ်များကို သေချာစွာ စာရင်းပြုစု ထားရန်နှင့် ခရီးသည် စိစစ်ရေး ကတ်များကို ခရီးသည်တိုင်းအား ချိတ်ဆွဲစေရန် ညွှန်ကြားထားကြောင်း နေပြည်တော်-ရန်ကုန် အဝေးပြေးယာဉ်လိုင်း တခုမှ ယာဉ်မောင်း တဦးက ဆိုသည်။
“ကျနော်တို့ အဝေးပြေးယာဉ်လိုင်းတွေကို မသင်္ကာစရာတွေ့ရင် သဲအိတ် ပတ်ပတ်လည် ကာထားတဲ့ ပုံစံထဲ ထည့်ထားပြီး လုံခြုံရေးကို အကြောင်းကြားဖို့ မှာထားပါတယ်”ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။ သို့သော် မည်သူမျှ အရေးတယူ လိုက်နာလုပ်ဆောင်ခြင်း မရှိဟု သိရသည်။
ထို့ကြောင့် ရှေ့ပြေးလုံခြုံရေးတပ်များက လမ်းကြောင်းရှင်းရာတွင် လမ်းများကို ပိတ်ထားခြင်း၊ လမ်းကြောတလျောက် ရပ် မပေးသည့် ယာဉ်(ဆိုင်ကယ်၊ ကားများ)ကို လုံခြုံရေးများက ခါးပတ်၊ သေနတ်ဒင် စသည်တို့နှင့် ရိုက်နှက်မှုများ ရှိသည်ဟု ပျဉ်းမနား ဒေသခံများက ဆိုသည်။
“ကျနော်ကမသိလို့ယာဉ်တန်းလာတာကိုရပ်မပေးမိဘူး။ကားပေါ်မှာလုံခြုံရေးစစ်သားက သေသွားချင်သလားဆိုပြီး သေနတ် ထောင်ပြတယ်။ ကျနော့်မိတ်ဆွေ တယောက်ဆိုရင် စစ်ကားပေါ်ကနေ ခါးပတ်နဲ့ လှမ်းရိုက်တာ ခံရတယ်”ဟု ဒေသခံ တဦးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို ဦးစီး လုပ်ဆောင်နေသည့် ယခင် စစ်ထောက်လှမ်းရေးမှူးချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် (ယခု အနားပေးခံရ)၊ ယခင် ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး)ဒု ဗိုလ်ချုပ်ကြီး ခင်ဇော် (ယခု အနားပေးခံရ)၊ ယခင် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း (ယခု စစ်ဆင်ရေး အထူးအဖွဲ့မှုး ကစထ ၄)တို့ ပါလာသည်ဟု ယူဆရသော စစ်ယာဉ်တန်းကို ကရင်အမျိုးသား အစည်းအရုံး (KNU)တပ်များက ခြုံခို တိုက်ခိုက်ရာ ၇ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။ စစ်ဗိုလ်ချုပ်ကြီးများမှာမူ အထိအခိုက်မရှိ လွတ်မြောက် သွားကြောင်းလည်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်အရာရှိဝန်ကြီးများ စစ်ဘက်ဆိုင်ရာ ရာထူးများမှ အငြိမ်းစားယူခြင်း၊ နုတ်ထွက်ခြင်းများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။

မင်းဆိုးမင်းညစ်သန်းရွှေ

Unmasking Burma’s Tyrant by Benedict Rogers & Jeremy Woodrum
ဦးအောင်ခင် / ၀၂ စက်တင်ဘာ ၂၀၁၀
လွတ်လပ်ရေးရပြီး မြန်မာပြည်မှာ မင်းဆိုးမင်းညစ် (၂) ဦး ကြီးစိုးတယ်။ ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေဖြစ်တယ်။ ရက်စက်တဲ့နေရာနဲ့ ညစ်ပတ်စုတ်ပဲ့တဲ့နေရာမှာလည်း အသွင်တူကြတယ်။ တိုက်ဆိုင်ပုံကတော့ (၂) ဦးစလုံး စာတိုက်စာရေးဘ၀က အာဏာရှင် မင်းဆိုးမင်းညစ်ဖြစ်လာတာပဲ။ အသက် (၉၀)အရွယ် ဗိုလ်နေ၀င်းဟာ နေအိမ်မှာ အကျယ်ချုပ်နဲ့နေရင်း သေဆုံးသွားတယ်။ ပြည်သူပြည်သားတွေ အကြီးအကျယ် ဒုက္ခရောက်အောင် လုပ်ရာမှာလည်း အသွင်တူကြတယ်။ ဗိုလ်သန်းရွှေလက်ထက်မှာ အစိုးရတပ်ဟာ မုဒိမ်းတပ်မတော်ဆိုတဲ့ အမည်သစ်ကို ရလိုက်တယ်။ အစိုးရအမှုထမ်းအားလုံးကို သူခိုးဖြစ်အောင် လုပ်တဲ့နေရာမှာလည်း ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေဟာ အသွင်တူကြတယ်။
ဗိုလ်နေ၀င်း အတ္ထုပ္ပတ္တိကို တပည့်ကျော်ကပ်ဖားကြီး ဒေါက်တာမောင်မောင်ကရေးပြီး မြှောက်ပင့်ထားတယ်။ ဗိုလ်သန်းရွှေကိုတော့ ရေးမယ့်သူမရှိဘူး။ မယ်မယ်ရရ ဘာမှ စွမ်းဆောင်နိုင်တာမဟုတ်ဘဲ အကြီးအကဲဖြစ်လာတဲ့ ဗိုလ်သန်းရွှေကို ဘယ်သူကမှ အထင်မကြီးကြဘူး။ ဗိုလ်သန်းရွှေလက်ထက်မှာ သေကျေပျက်စီးသူနဲ့ အကြီးအကျယ် ဒုက္ခရောက်ရသူတွေ သန်းချီရှိနေပေမယ့် သူ့အကြောင်းကို ကမ္ဘာက မသိကြဘူး။ ဒါကြောင့်မို့ စာတိုက်စာရေးဘ၀က အလွန်ဆိုးဝါးတဲ့ အာဏာရှင်ဖြစ်လာတဲ့ ဗိုလ်သန်းရွှေအကြောင်းကို BenedictRogersနဲ့ JeremyWoodrum တို့က စာအုပ်ရေးပြီး မကြာမီက ထုတ်ဝေလိုက်တာပဲ။ စာမျက်နှာသုံးရာကျော်ရှိတဲ့ စာအုပ်ဖြစ်ပေမယ့် ဗိုလ်သန်းရွှေအကြောင်းက နည်းနည်း ဆက်စပ်နေတဲ့ သမိုင်းနောက်ခံကို ဖော်ပြတာက များတယ်။ အင်္ဂလိပ်စာဖတ်ပရိသတ်အတွက် ရည်ရွယ်တာမို့ နောက်ကြောင်းတွေကို ရှင်းပြနေတာ ဖြစ်ပုံရတယ်။
မြန်မာ့နိုင်ငံရေးအရှုပ်အထွေးကို လေ့လာတဲ့ နိုင်ငံခြားသားပညာရှင်တွေရဲ့ အဓိကအားနည်းချက်က မြန်မာစာမြန်မာစကားမတတ်တာပဲ။မြန်မာလိုထုတ်ဝေတဲ့ကွန်ပျူတာဝက်ဘ်ဆိုက်နဲ့ ဘလော့ခ်တွေရှိပေမယ့် မြန်မာစာမတတ်တော့ မသိကြဘူးပေါ့။ ဥပမာ“ဖိုးတရုတ်ဘလော့ခ်”ဆိုရင် စစ်တပ်ရဲ့ အတွင်းသတင်းတွေကို ဖော်ပြနိုင်တယ်။ နိုင်ငံခြားသားပညာရှင်တွေရဲ့ အားသာချက်ကတော့ နိုင်ငံခြားအသိုင်းအ၀ိုင်းရဲ့ အမြင်ကို တင်ပြနိုင်တာပါပဲ။ ဒါကြောင့် မြန်မာပရိသတ် သိပြီးသားဖြစ်တဲ့ နောက်ကြောင်းကိုမတင်ပြဘဲဗိုလ်သန်းရွှေနဲ့ ပတ်သက်တာကိုသာ လိုရင်းတိုရှင်း ကောက်နုတ်တင်ပြပါမယ်။ ကျောက်ဆည်မြို့နယ်က ရွာတရွာမှာ ဗိုလ်သန်းရွှေကို ၁၉၃၃ က မွေးဖွားတာမို့ အခုဆိုရင် (၇၇) နှစ်ရှိနေပါပြီး။ လယ်သမားမိဘက ပေါက်ဖွားလာသူဖြစ်လို့ အခြေခံပညာအလယ်တန်း (သို့မဟုတ်) အထက်တန်းလောက်အထိသာ သင်ကြားနိုင်တယ်။
ဒါကြောင့် ကျောက်ဆည်နယ်သားဝန်ကြီးတွေဖြစ်တဲ့ ဦးသောင်းနဲ့ ဦးအောင်သောင်းကို လူရင်းအဖြစ် သတ်မှတ်ထားတာ ဖြစ်ပုံရပါတယ်။ စစ်ဗိုလ်ဘ၀မှာ စကားနည်းပြီး အထက်အရာရှိအကြိုက် လိုက်ပြောသူဖြစ်တယ်။ အခြားစစ်ဗိုလ်တွေ တက်တက်ကြွကြွဆွေးနွေးချိန်မှာ ဗိုလ်သန်းရွှေဟာ ငြိမ်ကုတ်နေတတ်တယ်။ မဆလပါတီနဲ့ စစ်တပ်ကို ဗိုလ်သန်းရွှေက အလွန်သစ္စာရှိပြီး အထက်လူကြီးအကြိုက် လုပ်ဖို့သာ အမြဲတမ်းစဉ်းစားနေတာမို့ ရာထူးတက်တာလို့ ဆိုကြတယ်။ မိမိရည်မှန်းချက်ကို ဖုံးဖိထားနိုင်သူဖြစ်တယ်။
၁၉၅၆ မှာ ဒေါ်ကြိုင်ကြိုင်နဲ့ အိမ်ထောင်ကျတယ်။ ပအို့တိုင်းရင်းသူ ဒေါ်ကြိုင်ကြိုင်ဟာ ခင်ပွန်းစစ်ဗိုလ် ကျဆုံးသွားလို့ မုဆိုးမ ဖြစ်နေသူပါပဲ။ စစ်ဗိုလ်တဦး ကျဆုံးသွားလို့ ကျန်ရစ်သူဇနီးသည်ကို နောက်စစ်ဗိုလ်တဦးက ဆက်ယူတာမျိုးဟာ စစ်တပ်ထဲမှာ ရှားတယ်။ ဒေါ်ကြိုင်ကြိုင်ကိုလက်ထပ်ဖို့ စစ်ဗိုလ်တွေ ကံစမ်းမဲနှိုက်တဲ့အခါ ဗိုလ်သန်းရွှေမဲပေါက်သွားလို့ ယူရတာလို့လည်း ပြောကြတယ်။ တချို့ကလည်း တပ်ရင်းမှူးစီစဉ်တာကို မငြင်းချင်တဲ့အတွက် ဒေါ်ကြိုင်ကြိုင်ကို ယူလိုက်တာလို့ ပြောကြတယ်။ ဒေါ်ကြိုင်ကြိုင်ရဲ့ ငယ်အမည်က အကြိုင်ဖြစ်ပြီး ဗိုလ်သန်းရွှေနဲ့ရပြီးတော့မှ ဒေါ်ကြိုင်ကြိုင် ဖြစ်လာတာလို့လည်း ဆိုတယ်။
ဒေါ်ကြိုင်ကြိုင် ပထမယောက်ျားရတဲ့ကလေးပါဆိုရင် ဗိုလ်သန်းရွှေမှာ သားသမီး(၈)ယောက်ရှိတယ်။ ဒီ (၈) ယောက်စလုံးကို စစ်အစိုးရနဲ့ စီးပွားရေးသမားတွေက အလုပ်အကျွေးပြုနေရတယ်။ ဗိုလ်သန်းရွှေ မိသားစု စီးပွားရေးသောင်းကျန်းပုံ၊ လောဘကြီးပုံတွေကို လူပြောများလို့ ပြည်သူ့ချဉ်ဖတ် ဖြစ်နေတာ ထင်ရှားတယ်။ ဗိုလ်သန်းရွှေရဲ့သမီး သန္တာရွှေမင်္ဂလာဆောင်မှာဝတ်ဖို့ လက်ဝတ်ရတနာတွေ ငှားလိုက်တဲ့ မိုးကုတ်သူဌေး မိသားစုတစုလုံး ရန်ကုန်မှာ ၂၀၀၈ ခုက အသတ်ခံလိုက်ရတာဟာ ဗိုလ်သန်းရွှေမိသားစု လောဘဇောတိုက်နေတာနဲ့ ပတ်သက်တယ်ဆိုတဲ့ စွဲချက်တွေလည်း ရှိတယ်။ သန္တရွှေ လက်ဝတ်ရတနာတွေ ပြိုးပြိုးပြက်ပြက် ၀တ်စားထားတဲ့ဓာတ်ပုံကို ခရစ်စမတ်သစ်ပင်နဲ့တူတယ်လို့ စင်ကာပူမင်းဆရာ လီကွမ်ယူးက မှတ်ချက်ချတာကိုလည်း ဖော်ပြထားတယ်။
စစ်ပညာဘက်ကကြည့်ရင် ဗိုလ်သန်းရွှေဟာ စစ်ဗိုလ်အညံ့စားထဲမှာပါတယ်။ ရှေ့တန်းစစ်မျက်နှာမှာ အောင်မြင်မှုဆိုလို့ ဗိုလ်သန်းရွှေမှာ ပြစရာတခုမှမရှိဘူး။ ဗိုလ်သန်းရွှေပါဝင်တဲ့ ဗကပစစ်ဆင်ရေးအားလုံး အရှုံးနဲ့ နိဂုံးချုပ်တယ်။ ဗိုလ်အောင်ဖုန်း ဦးစီးတဲ့ မိုင်းရန်တိုက်ပွဲတခုမှာသာ ဗိုလ်သန်းရွှေက ဗကပတပ်ကို နိုင်လိုက်တယ်လို့ ဗကပဟောင်း ဦးအောင်ကျော်ဇော ပြောတာကို ကိုးကားထားတယ်။ ဗိုလ်အောင်ဖုန်းဟာ နောင်အခါမှာ သစ်တောဝန်ကြီးဖြစ်လာတယ်။ ခေါင်းဆောင်မှုညံ့ဖျင်းပြီး လက်နက်အင်အား မကောင်းတာကြောင့် ဗိုလ်သန်းရွှေဟာ တိုက်ပွဲတိုင်းမှာ အရှုံးနဲ့ရင်ဆိုင်ရတယ်။ ၁၉၈၀ ဇွန်လ (၂၀)မှာ ဗကပနဲ့ဖြစ်ပွားတဲ့(၆)ရက်တိုက်ပွဲကို ကျိုင်းတုံကနေ စစ်ကူသွားဖို့ ဗိုလ်သန်းရွှေကို အမိန့်ပေးတဲ့အခါ ဗိုလ်သန်းရွှေဟာ(၂)ရက် ရေဒီယိုအဆက်အသွယ် ဖြတ်တောက်ထားတယ်။ ဗိုလ်ချုပ်လှဦး ဒေါသဖြစ်ပြိး ဗိုလ်သန်းရွှေကို ရာထူးက ထွက်ခိုင်းကြောင်း ဦးအောင်ကျော်ဇောက ပြောပြတယ်။ ဗကပက ကြားဖြတ်နားထောင်မှာစိုးလို့ ရေဒီယိုဆက်သွယ်စက်ကို ပိတ်ထားတာဖြစ်တယ်လို့ ဗိုလ်သန်းရွှေက ဆင်ခြေပေးတယ်တဲ့။
စစ်မြေပြင်မှာ အောင်မြင်မှုမရပေမယ့် အထက်ကို အမြဲလေးစားတဲ့ ဗိုလ်သန်းရွှေ အလုပ်မပြုတ်ဘူး။ စစ်တိုက်တော်သူကို ဗိုလ်နေ၀င်းက မြှောက်စားတာမဟုတ်ဘဲ ကျိုးနွံသူကိုသာ လက်သပ်မွေးလေ့ရှိတယ်။ ဗိုလ်သန်းရွှေဟာ သူ့ဆရာ ဗိုလ်ချုပ်အေးကိုကြောင့် အလုပ်မပြုတ်ဘဲ တပ်ရင်းမှူးဘ၀က တိုင်းမှူးဖြစ်လာတာလည်း ဖြစ်နိုင်တယ်။ သဘောကောင်းတဲ့ တိုင်းမှူးအဖြစ် ဗိုလ်သန်းရွှေကို မှတ်မိသူတွေရှိပါတယ်။ ဗိုလ်သန်းရွှေကို စစ်တပ်နဲ့ မဆလပါတီအား အလွန်သစ္စာရှိသူအဖြစ်လည်း မှတ်မိကြတယ်။ အထက်အကြိုက်လိုက်လုပ်ရင်း ၁၉၈၅ မှာ ဒု-ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု-ကာကွယ်ရေးဝန်ကြီး ဖြစ်လာတာမို့ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ဆန္ဒပြသူတွေကို သတ်ဖြတ်ရာမှာ ဗိုလ်သန်းရွှေလည်း တာဝန်မကင်းဘူးလို့ သိရတယ်။
ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဗိုလ်နေ၀င်းရဲ့ကိုယ်စားလှယ် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့်က ဦးဆောင်ပြီး စစ်အာဏာ သိမ်းပေမယ့် ဗိုလ်ခင်ညွန့်ဟာ စစ်တပ်အတွေ့အကြုံ မရင့်ကျက်တာကြောင့် န၀တ ဒု-ဥက္ကဋ္ဌနေရာကို ဗိုလ်သန်းရွှေ ရသွားတာလို့ ဆိုတယ်။ န၀တအစိုးရ တက်လာပြီး မကြာမီ ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမယ်လို့ ဗိုလ်ခင်ညွန့်က ၁၉၈၈ စက်တင်ဘာ (၂၂) ရက်နေ့မှာ ပြောတယ်။ ဗိုလ်ချုပ်ကြီးစောမောင်ကလည်း ရွေးကောက်ပွဲအနိုင်ရတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက အစိုးရဖွဲ့လိမ့်မယ်လို့ ၁၉၈၉ မတ်လ (၂၇) ရက်နေ့က ပြောတယ်။ နောက်တခါ ဇူလိုင်လ (၅) ရက်နေ့မှာ တခါထပ်ပြီး မဲအများဆုံးရသူက အစိုးရဖွဲ့နိုင်မယ်ဆိုရင် အာဏာလွှဲပေးပြီး အစိုးရသစ်ကပဲ အခြေခံဥပဒေသစ်ကို ရေးဆွဲရမယ်လို့ဆိုတယ်။
ဒါပေမယ့် ၁၉၉၀ မေလ(၂၇)ရက်နေ့ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီအနိုင်ရတော့ န၀တအစိုးရဟာ ကတိမတည်နိုင်တော့ပါဘူး။ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ထောက်လှမ်းရေးဦးစီး ဗိုလ်ချုပ်ခင်ညွန့်တို့ ဦးဆောင်နေစဉ် ဗိုလ်ချုပ်ကြီးသန်းရွှေဟာ အစည်းအဝေးမှာ စကားတလုံးမှမပြောဘဲ နေတတ်တယ်လို့ အနောက်တိုင်း သံတမန်တဦးက ပြောတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင် ကျန်းမာရေးကြောင့် စိတ်မမှန်တဲ့အခါမှာ ဖြုတ်ပစ်ဖို့တွက် ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ ဗိုလ်ချုပ်ခင်ညွန့်တို့က ပူးပေါင်းကြံစည်တာ ဖြစ်ပါတယ်တဲ့။ ဗိုလ်ခင်ညွန့်ဟာ မဆလဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ကိုယ်စားလှယ်သဘောမျိုးနဲ့ ဆောင်ရွက်နေချိန်ပါပဲ။
၁၉၉၂ ဧပြီလ(၂၃)ရက်နေ့မှာ ဗိုလ်သန်းရွှေဟာ ဗိုလ်ချုပ်မှူးကြီးနဲ့ န၀တဥက္ကဋ္ဌရာထူးကို ဆက်ခံတယ်။ ဗိုလ်သန်းရွှေဟာ ကြာရှည်ခံမှာမဟုတ်ဘူးလို့ အများက မြင်ကြပါတယ်။ ဗိုလ်ချုပ်မောင်အေးနဲ့ ဗိုလ်ချုပ်ခင်ညွန့်ကိုသာ အထင်ကြီးကြတယ်။ သစ္စာရှိ ကျွန်ယုံသဘောမျိုးလို လုပ်ပြနေတဲ့ ဗိုလ်သန်းရွှေကို ဗိုလ်ချုပ်နေ၀င်းကိုယ်တိုင် ယုံကြည်သွားပုံရတယ်လို့ ထိုင်းသံအမျွှ်ဟောင်းတဦးက အကဲဖြတ်တယ်။ န၀တဥက္ကဋ္ဌဖြစ်လာပြီး မကြာမီမှာ ညစဉ်ညတိုင်း န၀တအဖွဲ့ဟာ လျှို့ဝှက်အစည်းအဝေးထိုင်ပြီး ဗိုလ်သန်းရွှေရဲ့စကားကို နာခံကြရပါတယ်တဲ့။ ဒီအချိန်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အရှိန်အ၀ါ ကျန်နေဆဲဖြစ်ပါတယ်။
အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးအောင်ရွှေဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ၁၉၉၇ မတ်လအထိ စာတွေရေးပြီး တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းနေပေမယ့် ဗိုလ်သန်းရွှေကတော့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးပြီး အမျိုးသားညီလာခံကို စိတ်ကြိုက်ကျင်းပဖို့ စီစဉ်ပါတယ်။ ဗိုလ်သန်းရွှေဟာ အန်အယ်လ်ဒီရဲ့ တောင်းဆိုမှုတွေကို အမြဲတမ်းလျစ်လျူရှုထားပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးဖို့ လုံးဝစိတ်မကူးပါဘူး။ န၀တဥက္ကဋ္ဌဖြစ်ပြီး မကြာမီ တိုင်းမှူးတဦးဖြစ်တဲ့ ဗိုလ်ချုပ်မောင်အေးကို စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်။ အပြင်လောကမှာ ဗိုလ်ခင်ညွန့်ကို ဒီမိုကရေစီပြုပြင်ရေးသမားလို့ ပြောဆို ရေးသားတာမျိုး ရှိပါတယ်။ တကယ်ကတော့ ဗိုလ်ခင်ညွန့်မှာ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။ ဗိုလ်သန်းရွှေသဘောမတူဘဲ ဘာမှလုပ်လို့ မရပါဘူး။ ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးအုပ်စုဟာ နိုင်ငံခြားကို မမှန်တဲ့သတင်းတွေ ပေးလေ့ရှိပါတယ်။ ဥပမာ ထောက်လှမ်းရေး ပြောသမျှယုံတဲ့ DavidSteinbergလို ပုဂ္ဂိုလ်တွေကို သတင်းပေးလေ့ရှိတယ်လို့ စစ်ဗိုလ်ဟောင်း ဦးအောင်လင်းထွဋ် ပြောတာကိုလည်း ဖော်ပြထားတယ်။
ဗိုလ်ခင်ညွန့်ထောက်လှမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးတဲ့အဆင့်ကို ရောက်ခဲ့ပေမယ့် ဗိုလ်ခင်ညွန့်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိတာ ထင်ရှားတယ်လို့ ကြားဝင်ဆောင်ရွက်ပေးခဲ့သူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရာဇာလီက ပြောပါတယ်တဲ့။ ထောက်လှမ်းရေးဗိုလ်ခင်ညွန့်ကို စစ်တပ်ထဲမှာ မထောက်ခံတာဟာလည်း အားနည်းချက်ဖြစ်တယ်လို့ လူ့အခွင့်အရေးကိုယ်စားလှယ် ယိုဇိုယိုကိုတာက မြင်တယ်။ ဗိုလ်နေ၀င်းရဲ့ အိပ်ဖန်စောင့်ထောက်လှမ်းရေးဘ၀က တက်လာသူဖြစ်တာမို့ ဗိုလ်နေ၀င်းသေတာနဲ့ ဗိုလ်ခင်ညွန့်က ကံကုန်တော့တာပဲလို့ ဆိုပါတယ်။ ဗိုလ်ခင်ညွန့်ကို အပြည်ပြည်ဆိုင်ရာက ၀ိုင်းထောက်ခံနေလို့လည်း ဘာမှလုပ်လို့ရမှာမဟုတ်ပါဘူး။ တကယ်တော့ ဗိုလ်ခင်ညွန့်မှာ နိုင်ငံရေးရည်မှန်းချက် ရှိတဲ့အတွက် ဗိုလ်သန်းရွှေက ဖြုတ်ပစ်လိုက်တာပါ။ ဗိုလ်သန်းရွှေရှေ့မှာဆိုရင် ဗိုလ်ခင်ညွန့်ဟာ ကျောင်းသားလေးတဦးလို ဖြစ်နေတယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရာဇာလီက ပြောပါတယ်တဲ့။
ဗိုလ်သန်းရွှေဟာ သူ့အမိန့်ကို လုံးဝနာခဲ့တဲ့ တပည့်တွေကို ခန့်ထားတဲ့နည်းနဲ့ အာဏာတည်မြဲနေတာလို့ ဆိုပါတယ်။ လူယုံတွေကို မြှောက်စားပြီး မယုံကြည်သူတွေကို ထုတ်ပစ်တဲ့နည်းပါပဲ။ ဗိုလ်နေ၀င်းကလည်း ဒီနည်းကိုပဲသုံးပါတယ်။ ဗိုလ်နေ၀င်းရဲ့မြေးတွေကို အာဏာသိမ်းရန် ကြံစည်မှုနဲ့ဖမ်းတဲ့အခါမှာ ဗိုလ်နေ၀င်းပါ အကျယ်ချုပ်ဘ၀ကို ရောက်သွားပါတယ်။ ၂၀၀၂ ဒီဇင်ဘာမှာ ဗိုလ်နေ၀င်းသေတော့ စစ်မှုထမ်းမှန်သမျှ မသာမပို့ရလို့ ဗိုလ်သန်းရွှေက အမိန့်ထုတ်တယ်။ အန္တရာယ်ကို ကာကွယ်ရာမှာ ကျူပင်ခုတ်ကျူငုတ်ပါမကျန်ဆိုတဲ့ စကားအတိုင်း အကုန်ရှင်းပစ်နိုင်တာကြောင့် တပ်တွင်းက အာဏာသိမ်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲလို့ ဆိုတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဆီက ထွက်ပြေးသူဦးရေဟာ တလမှာ အနည်းဆုံး (၁,၅၀၀) လောက်ရှိပါတယ်။ ၂၀၀၆ မေလက သြဂုတ်လအထိ (၄) လအတွင်း တပ်သား ကိုးထောင်ကျော် ထွက်ပြေးကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ထမင်းဖိတ်ကျွေးတုန်းက အိမ်ရှင် ဗိုလ်သန်းရွှေကစပြီး စကားပြောရမှာ ဖြစ်ပေမယ့် စကားတလုံးမှ မပြောတဲ့အတွက် ဇွန်းသံ ခက်ရင်းသံတွေပဲ ကြားနေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောပါတယ်တဲ့။ ဒေါ်စုကို စကားစပြောသူဟာ ဗိုလ်မောင်အေးဖြစ်ပြီး တောပြုန်းတဲ့အကြောင်း ပြောတယ်လို့ဆိုပါတယ်။ အာဏာရှိပေမယ့် ဗိုလ်သန်းရွှေဟာ ချက်ချင်းဆုံးဖြတ်ချက်ပေးနိုင်သူ မဟုတ်ပါဘူး။ ဒါကို အခြေအနေ စောင့်ကြည့်တာလို့ တချို့ကဆိုပါတယ်။ ဗိုလ်သန်းရွှေဟာ အချိန်မီဆုံးဖြတ်ချက်မချနိုင်ဘဲ အမြဲတမ်းနောက်ကျနေတာကိုကြည့်ရင် မိမိကိုယ်မိမိ ယုံကြည်မှုမရှိတာ သိသာတယ်လို့ ရန်ကုန်နေ လေ့လာသူတဦးက ပြောပြတယ်။ ဆုံးဖြတ်ချက်ချလိုက်ရင်လည်း သူ့အိုးနဲ့သူ့ဆန် တန်ရုံမဟုတ်ဘဲ အလွန်အကျွံဖြစ်နေတတ်တာဟာ ဗိုလ်သန်းရွှေရဲ့ အကျင့်ပဲလို့ ဆိုပါတယ်။
ဗိုလ်မောင်အေးကို ဗိုလ်သန်းရွှေရဲ့ ပြိုင်ဘက်အဖြစ်မြင်တာဟာလည်း အတွေးချော်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းမှူးသက်တမ်းအနုဆုံး ဗိုလ်မောင်အေးဟာ ဗိုလ်သန်းရွှေမြှောက်စားလို့ လက်ရှိအခြေအနေကို ရောက်လာတာပါတဲ့။ ဗိုလ်မောင်အေးဟာ အရက်နဲ့အ၀တ်အစားကိုသာ စိတ်ဝင်စားသူဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက် ကင်းမဲ့သူဖြစ်ပါတယ်။ ဘန်ကောက်ကိုအသွား လေယာဉ်ပေါ်မှာ ဗိုလ်မောင်အေးနဲ့ တပည့်လုပ်သူဟာ KentuckyFriedChickenစားရတော့အကြောင်း ပြောဆိုနေတာကို ကြားလိုက်ရသူလည်း ရှိတယ်။ ဗိုလ်မောင်အေးဟာ နံပါတ် (၂)နေရာယူထားပေမယ့် နံပါတ် (၁)ကို မလှန်နိုင်သူဖြစ်တယ်။ ဗိုလ်သန်းရွှေသေရင် ဗိုလ်မောင်အေး တက်လာနိုင်ပေမယ့် ဗိုလ်သန်းရွှေက အာဏာလွှဲပေးမယ့်သူကတော့ သူရရွှေမန်းပါပဲ။
၁၉၉၃ မှာ တည်ထောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဟာ ဗိုလ်သန်းရွှေရဲ့ ခါးပိုက်ဆောင်အသင်းပဲဖြစ်တယ်။ ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်ရာမှာ ဒီအသင်းကို သုံးပါတယ်။ လိုအပ်လာရင် ကြံ့ဖွံ့ကို ပြည်သူ့စစ်အဖြစ် အသုံးပြုမယ်လို့လည်း ရည်ရွယ်ပါတယ်။ ကြံ့ဖွံ့အသင်းဥက္ကဋ္ဌက ဗိုလ်သန်းရွှေဖြစ်တာမို့ ပါတီအဖြစ် အသွင်ပြောင်းတဲ့အခါမှာလည်း ပါတီဥက္ကဋ္ဌ ဆက်လုပ်နိုင်ပါတယ်။ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲနိုင်လို့ အစိုးရဖွဲ့နိုင်ရင် ဗိုလ်နေ၀င်းရဲ့ မဆလအာဏာရှင်ခေတ်ကို ပြန်ရောက်သွားသလို ဖြစ်နေတယ်။ ကြံ့ဖွံ့ လက်အောက်မှာ ရာဇ၀တ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ စွမ်းအားရှင်ဆိုတဲ့ လူမိုက်အဖွဲ့ရှိတယ်။ မိခင်နဲ့ကလေးများစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာဖက်ဒရေးရှင်း၊ မြန်မာ့ကြက်ခြေနီအသင်း စတာတွေကိုလည်း ဗိုလ်သန်းရွှေက ကြိုးကိုင်ထားတယ်။
ဗိုလ်သန်းရွှေရဲ့ လက်သုံးတော် စီးပွားရေးသမားတွေထဲမှာ တေဇ၊ ထွန်းမြင့်နိုင် (ခေါ်)စတီဗင်လော၊ အောင်ကိုဝင်း၊ ဆပ်ခ်ျပန်း၊ မောင်ဝိတ်၊ ဌေးမြင့်၊ ခင်ရွှေ၊ ဇော်ဇော်၊ အိုက်ထွန်းနဲ့ ချစ်ခိုင်တို့က ထင်ရှားတယ်။ ဒီအထဲမှာ တေဇဟာ သြဇာအရှိန်အ၀ါ အကြီးဆုံးလို့ဆိုတယ်။ ဗိုလ်သန်းရွှေရဲ့သမီး မင်္ဂလာဆောင်ကို တေဇကပဲ အကုန်ခံတယ်လို့ ကြားရတယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ ဗိုလ်သန်းရွှေဟာ တေဇကိုသာ တိုင်ပင်တယ်လို့ သိရတယ်။ ဗိုလ်သန်းရွှေ ဘုရင်ရူးဖြစ်သွားအောင် ပတ်ဝန်းကျင်က ဖန်တီးပေးတာ ထင်ရှားတယ်။ အမိန့်နာခံမှုကို အဓိကထားတဲ့ စစ်တပ်ဓလေ့ကလည်း ဘုရင်ရူးဖြစ်အောင် ထောက်ခံအားပေးသလို ဖြစ်နေတယ်။ ဂေါက်သီးမရိုက်တတ်ဘဲ ဂေါက်သီးကစားတဲ့ သန်းရွှေ ရိုက်လိုက်တဲ့ ဂေါက်သီးဟာ ဘယ်ရောက်မှန်း ဘယ်သူမှမသိနိုင်ပါဘူးတဲ့။ ဒါပေမယ့် သန်းရွှေ ဘယ်လိုရိုက်ရိုက် သူ့ဂေါက်သီးဟာ ကျင်းနားမှာ အမြဲရောက်နေတာ တွေ့ရတယ်လို့ အမေရိကန်သံတမန်က မှတ်ချက်ချဖူးတယ်။ သူ့ဂေါက်သီးကို အစောင့်စစ်သားတွေက နေရာရွှေ့ပေးတဲ့အတွက် အမြဲတမ်း ကျင်းနားရောက်နေတာပါပဲ။ ဂေါက်သီးကစားရာမှာတောင် စည်းကမ်းမလိုက်နာဘဲ အာဏာပြတဲ့ မင်းဆိုးမင်းညစ် အရူးကြီးပါတကား။

နေပြည်တော်တွင် ကြံ့ဖွံ့နှင့် တစညသာ ယှဉ်ပြိုင်ဖွယ်ရှိ

ဧရာဝတီ Thursday, September 02, 2010
.စစ်အစိုးရက ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်ထားသည့် နေပြည်တော် ခရိုင်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) နှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (တစည) တို့သာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖွယ်ရှိ ကြောင်း သိရှိရသည်။
                                                                            ကြံ့ဖွံ့ပါတီ ခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်
ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲတွင် နေပြည်တော် ခရိုင်အတွင်း လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၁၂၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ရန်ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်သို့ တရားဝင်စာရင်း တင်ပြီးဖြစ်သည်ဟု ကြံ့ဖွံ့ပါတီ အသိုင်းအ၀ိုင်းက ပြော သည်။
နေပြည်တော် ခရိုင်အတွင်းတွင် ဇေယျာ သီရိ၊ ဇဗ္ဗူ သီရိ၊ ဒက္ခိဏ သီရိ၊ ဥတ္တရ သီရိ၊ ပုဗ္ဗ သီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း ဟူ၍ ၈ မြို့နယ်သတ်မှတ်ထားရာ ကြံ့ဖွံ့ပါတီဝင် အင်အား တသောင်း ကျော် ရှိကြောင်း သိရသည်။
ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ၀န်ကြီးချုပ် ဦးသိန်းစိန်က ဇဗ္ဗူသီရိ မြို့နယ်၊ မကြာသေးခင်က စစ်တပ် ရာထူးမှ အနားယူလိုက်သော ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းက ဇေယျာသီရိ မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ရန် ရှိကြောင်းလည်း သတင်းများ ထွက်ပေါ်နေသည်။
နေပြည်တော် ခရိုင်တွင် ကြံ့ဖွံ့ပါတီ က စီးပွားရေးလုပ်ငန်းရှင်များ အပါအ၀င် ဒေသခံပြည်သူများကို ပါတီဝင် အဖြစ် အဓမ္မ စုဆောင်းမှုများ ပြုလုပ်နေကြောင်းလည်း ကြံ့ဖွံ့ပါတီဝင် စုဆောင်းခံရသူ တဦးက ပြောသည်။
တစည ပါတီအနေနှင့်မူ နေပြည်တော် ခရိုင်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ကိုယ်စားလှယ်လောင်း အရေ အတွက်ကို အတိအကျ မပြောနိုင်သေးကြောင်း၊ အခက်အခဲများစွာရှိကြောင်းနှင့် အချိန်မရွေး အပြောင်းအလဲများလည်း ဖြစ်ပေါ်နိုင်ကြောင်း တစည တာဝန်ရှိသူ တဦး ကပြောဆိုသည်။
“ကျနော်တို့ အတိအကျ ပြောလို့မရသေးပါဘူး၊ အထက်လူကြီးတွေ ခွင့်ပြုချက်ရပြီးမှ ပြောလို့ရပါမယ်၊ အခက်အခဲတွေလည်း ရှိတယ်၊ အခုက အရင် မဆလ(မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ)ခေတ်လို မဟုတ်ဘူးခင်ဗျ”ဟု တစည တာဝန်ရှိသူက ပြော သည်။
တခြားသော နိုင်ငံရေးပါတီ တခုဖြစ်သည့် ဒီမိုကရက်တစ် ပါတီ(မြန်မာ)က နေပြည်တော် ခရိုင်တွင် အစိုးရ၀န်ထမ်း အများစု ဖြစ်နေသောကြောင့် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သိရှိရသည်။
“ကျနော်တို့ မပြိုင်ပါဘူး၊ အဲဒီမှာ အစိုးရ ၀န်ထမ်းတွေချည်းပဲ၊ ပါတီရုံးတောင် ဖွင့်ဖို့ မလွယ်ဘူး ဆိုတော့ မျှော်လင့်ချက် မရှိနိုင် ပါဘူး”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေ က ပြောဆိုသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ပါတီအနေဖြင့် နေပြည်တော် ခရိုင် ၌ ကိုယ်စားလှယ် လေးဦး ၀င်ရောက် ယှဉ်ပြိုင်ရန် သက်ဆိုင်ရာ သို့ တင်ပြခဲ့သော်လည်း အဆင်မပြေခဲ့ဟုNDFခေါင်းဆောင် တဦး ဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။
“ပျဉ်းမနား ၊ လယ်ဝေး အဲဒီဘက်တွေမှာ ကျနော်တို့လူ ၄ ဦးရှိလို့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ တင်ပြခဲ့ပေမယ့် အကြောင်းကြောင်း ကြောင့် အဆင်မပြေခဲ့ဘူး”ဟု ဦးခင်မောင်ဆွေက ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၏ နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ အခန်း တွင် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့် နေပြည်တော် ကို နိုင်ငံတော် သမ္မတ ၏ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် ထားရှိသည့် ပြည်ထောင်စု နယ်မြေ အဖြစ် သတ်မှတ်သည် ဟု ပြဋ္ဌာန်းထားသည်။
ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ၊ တစည ပါတီက နိုင်ငံ တ၀န်း ကိုယ်စားလှယ်ပေါင်း ၉၇၅၊ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၆၀ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၅၇ ဦး ဖြင့် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း People'sDailyonlineတရုတ် သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်က လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှ စတင်၍ သြဂုတ်လ ၃၀ ရက်နေ့ တွင် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ကြံ့ဖွံ့ကိုသာ မဲပေးရန် ဝန်ကြီးချုပ်ညွှန်ကြား

ဧရာဝတီ Thursday, September 02, 2010
.ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ဖွံ့)ကိုသာ မဲပေးကြရန် ဟူသော အချက်ပါရှိသည့် ညွှန်ကြားချက်တရပ်ကို ပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်က စစ်အစိုးရ ၀န်ကြီးဌာနများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် တပ်ရင်းတပ်ခွဲများသို့ ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။
                                                                             ကြံ့ဖွံ့ပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန်
ကြံ့ဖွံ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် လောင်းများကိုသာ မဲပေးကြရန်ဟူသော ဦးသိန်းစိန်၏ ညွှန်ကြားချက်ကို ၀န်ကြီး ဌာနများနှင့် တက္ကသိုလ်ကောလိပ်များသို့ ဖြန့်ဝေပြီး သက်ဆိုင်ရာ ဌာန အကြီးအကဲများ၊ ပါမောက္ခချုပ်များက ၎င်းတို့၏ ၀န်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဖတ်ကြားစေခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော်ရှိ အစိုးရ၀န်ကြီးဌာနများ၊ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ် အပါအ၀င် တက္ကသိုလ်တချို့တွင် ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးသိန်းစိန်က ၎င်းပါတီမဲပေးရေး ညွှန်ကြားချက်မိန့်ခွန်းများ၊ ရှင်းလင်းပြောကြား ပွဲများ ပြုလုပ်ခဲ့သည်ဟု နေပြည်တော်ဝန်ထမ်းအသိုင်းအ၀န်းမှ သတင်းရရှိသည်။
“ပြည်ခိုင်ဖြိုးကိုပဲ မဲပေးဖို့၊ မဲပေးမမှားကြဖို့နဲ့ တိုင်းပြည်အေးချမ်း တည်ငြိမ်ရေးကို ပြည်ခိုင်ဖြိုး ပါတီကပဲ လုပ်ဆောင်နိုင်တယ် ဆိုတဲ့ ၀န်ကြီးချုပ်မိန့်ခွန်းကို ညွှန်ချုပ်က ဖတ်ပြတယ်”ဟု နေပြည်တော်ရှိ ၀န်ထမ်းတဦးက ပြောသည်။
နေပြည်တော်အပြင် နိုင်ငံတ၀န်းရှိ အစိုးရ ၀န်ကြီးဌာနရုံးများနှင့် တက္ကသိုလ်ကောလိပ် များတွင်လည်း ကြံ့ဖွံ့ပါတီမဲပေးရေး ၀န်ကြီးချုပ် မိန့်ခွန်းနှင့် ရှင်းလင်းပွဲများ ယခုလအတွင်း ဆက်တိုက် ပြုလုပ်သွားမည်ဟု သိရှိရသည်။
ဦးသိန်းစိန်၏ မိန့်ခွန်းတွင် အစိုးရ၀န်ထမ်းများသည် သက်ဆိုင်ရာမိမိတို့၏ အသိုင်းအ၀န်းကိုလည်း ကြံ့ဖွံ့ပါတီမဲပေးရေးအတွက် တိုက်တွန်းသင့်သည်ဆိုသော မေတ္တာရပ်ခံချက်ကို ထည့်သွင်းပြောကြား ထားသည်။
တပ်မတော် တပ်ရင်း၊ တပ်ခွဲများတွင်လည်း ကြံ့ဖွံ့ပါတီမဲပေးရေး စည်းရုံး လှုပ်ရှားမှုများ ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်အခြေစိုက် ကြံ့ဖွံ့ပါတီ မြို့နယ်ဥက္ကဋ္ဌ တဦးကမူ ကြံ့ဖွံ့ပါတီသည် တပ်မတော်သားများနှင့် မိသားစုများထံမှ ကြိုတင်မဲ အရေအတွက် သန်းပေါင်းများစွာ ရရှိမည်ဟု ခန့်မှန်းသည်။
ဒီမိုကရက်တစ် ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေက ကြိုတင်မဲနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ မေးမြန်းစုံစမ်းရာ မကျန်းမာသူနှင့် ခရီးထွက်မည့်သူများကိုသာ ကြိုတင်ဆန္ဒမဲပေးခွင့် ပြုသည်ဟု အကြောင်းပြန် ဖြေကြားကြောင်း ပြောပြသည်။
ကြိုတင်ဆန္ဒမဲဆိုသော မဲပြားသည် ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲ အနိုင်ရရှိရန် ဆောင်ရွက်ပေးမည့် လျှို့ဝှက်ချက်ဖြစ်ကြောင်း နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
“ပါတီတခုရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတဦး ကို ကြိုတင်မဲ ဘယ်လောက်ပေးထားတယ်ဆိုတာ ရွေးကောက်ပွဲလုပ်တဲ့ နေ့ကျ သက်ဆိုင်ရာ မဲရုံကို သွားကြည့်မှ တရားဝင်သိရမှာ။ ရွေးကောက်ပွဲ မတိုင်ခင် အချိန်မှာတော့ ဘယ်လွှတ်တော် ကိုယ်စားလှယ် လောင်းက ကြိုတင်မဲဘယ်လောက် ရထားတယ် ဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး” ဟု ၎င်းက ဆိုသည်။
စစ်အစိုးရက ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု တရားဝင် ကြေညာထားသည်။

ပဲခူးမြစ်ရေကြီးချိန် ရေဆင်းကူးသူ သေဆုံး

မိုးယံ Thursday, September 02, 2010
.ပဲခူးမြစ်ရေ မြင့်တက်နေချိန် သြဂုတ် ၃၁ ရက်နေ့ ညနေ၌ ပဲခူးမြို့ ဇိုင်းဂနိုင်း (မြောက်ဘက်) တွင် ရေဆင်းကူးသူ အမျိုးသားတဦး ရေစီးဖြင့် မျောပါသေဆုံး သွားကြောင်း သိရသည်။
ပဲခူးမြို့ ရွာသစ်ရပ်ကွက်ရှိ နေအိမ်များကိုသွားရန် လှေဆိပ်တွင် လှေစောင့်ဆိုင်းနေကြစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“အပြင်က ပြန်လာပြီး အင်္ကျီချွတ်၊ ရေထဲ ဒိုင်ဗင်ထိုးပြီး ရေဆင်းကူးတာ ပြန်ပေါ်မလာတော့ဘူး။ ညမိုးချုပ်တဲ့အထိ လိုက်ရှာကြတာ အလောင်းပဲ ပြန်ရတယ်”ဟု မျက်မြင်သက်သေတဦးက ဆိုသည်။
နှစ်စဉ် မြစ်ရေမြင့်တက်နေချိန်တွင် ဒေသခံများက ရေဆင်းကူးလေ့ရှိသော်လည်း ထိုနေ့က မြစ်ရေသည် နက်နေပြီး ရေစီးသန်ချိန်ဖြစ်၍ သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မြစ်ရေကြီးမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဇိုင်းဂနိုင်းရပ်ကွက်မှ ဒေသခံတဦးကဆိုသည်။
မြစ်ရေမြင့်တက်မှုကြောင့် ပဲခူးမြို့ပေါ်ရှိ ရွာသစ်၊ ကျောက်ကြီးစု၊ ဇိုင်းဂနိုင်း တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကျွန်းသာယာ၊ မဇင်း စသည့် ရပ်ကွက်များတွင် လှေဖြင့် သွားလာနေရပြီး အနောက်တောသို့ သွားရာ ရွှေသာလျောင်းလမ်းမနှင့် ရပ်ကွက်တချို့ရှိ နေအိမ်များ ရေနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့နေထိုင်ရကြောင်း သိရသည်။
“အိမ်တွေမှာ နေလို့ရတဲ့လူတွေကတော့ နေကြတယ်။ ရေဘေးဒုက္ခသည် တထောင်နီးပါးကတော့ ဘုန်းဘုန်းတို့ကျောင်းမှာ ထားပေးတယ်။သုံးရက်လောက်ရှိပြီ။ရေတက်နေတာ”ဟု ပဲခူးကားလမ်းမကြီးပေါ်ရှိ သီဟိုဠ် ရွှေနံ့သာ ရုပ်ရှင်တော်မြတ်ဘုရား ဘုန်းကြီးကျောင်းမှ ဆရာတော်တပါးက မိန့်ကြားသည်။
ရေဘေးဒုက္ခသည်များကို ပဲခူးမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များက နေ့စဉ် ထမင်းထုပ်၊ ခေါက်ဆွဲထုပ်များ ဝေပေးလျက်ရှိကြောင်း အဆိုပါ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေသော ရေဘေးဒုက္ခသည်တဦးက ပြောသည်။
“ကြံ့ခိုင်ရေးကတော့ ဘုန်းကြီးကျောင်းမှာ လာထိုင်ကြည့်နေတာပဲ။ မြို့ပေါ်က ပိုက်ဆံချမ်းသာတဲ့လူတွေ လာဝေတဲ့ ပစ္စည်းတွေကို ထိုင်ပြီး စီမံခန့်ခွဲနေတာပဲ” ဟု ၎င်းက ဆိုသည်။
ပဲခူးမြို့အဝင်ရှိ ခေါင်းဆေးကျွန်းအနီးတွင် ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီးအား ရေကျော်လုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။
သြဂုတ် ၂၈ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ပဲခူးမြစ်ရေ ဆက်တိုက် မြင့်တက်လာရာ စက်တင်ဘာ ၁ ရက်နေ့ နေ့လယ်တွင် စိုးရိမ်ရေမှတ် ကိုကျော်လွန်ပြီး ၉၁၂ စင်တီမီတာသို့ ရောက်ရှိလာကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အစိုးရ သတင်းစာမှတဆင့် ကြေညာထားသည်။
ပဲခူးမြို့ ကျောက်ကြီးစုကျေးရွာတွင် ရေကြီးသောကြောင့် ဘောကွင်းလှေကို အသုံးပြုနေရသည့် ကလေးနှစ်ဦး (ဓာတ်ပုံ - ဧရာဝတီ)
ပဲခူးမြစ်ရေသည် တနှစ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ မြင့်တက်လေ့ရှိပြီး ယခု မြစ်ရေကြီးခြင်းသည် ၂၀၁၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ မြစ်ရေမြင့်တက်သည့်အခါတိုင်း မြေနိမ့်ပိုင်းရပ်ကွက်မှနေအိမ်များ ရေနစ်မြုပ်ကြောင်း ပဲခူးမြို့ခံများက ပြောသည်။
“ရေကြီးတော့ သွားရေးလာရေး ခက်ခဲတာပေါ့။ ဟိုတနေ့က စက်ရုံကနေ ပြန်အလာ မြောင်းထဲချော်ကျတာ ပေါင်တခုလုံး ပွန်းပဲ့ကုန်တယ်” ဟု ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။
“သောက်ရေကန်တွေ ရေမြုပ်ကုန်တော့ သောက်ရေပြဿနာ ဖြစ်နေတယ်။ ရေကျတာကလည်း နှေးနေတော့ ရေဘေးဒုက္ခသည်တွေ ဘုန်းကြီးကျောင်းမှာ နောက် ၂ ရက် ၃ ရက်လောက်နေရမယ်”ဟု ၎င်းက ဆိုသည်။
မြစ်ရေသည် ယနေ့တွင် ပြန်လည်ကျဆင်းနေသော်လည်း ရေအကျနှေးကွေးနေကြောင်း သိရသည်။

ဘီဘီစီ မြန်မာဌာန နှစ် ၇ဝ ပြည့်

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၂ ရက် ၂၀၁၀ ခုနှစ် ၀၉ နာရီ ၄၈ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာဘာသာ အသံလွှင့်ရုံများတွင် သက်တမ်း အရှည်ဆုံးဖြစ်သည့် ဘီဘီစီ မြန်မာဌာန ယနေ့တွင် အနှစ် ၇ဝ ပြည့်သည်။ နှစ် ၇ဝ ပြည့် အထိမ်းအမှတ် လစဉ်ထုတ် ဟဲလို သတင်းလွှာကို ထိုင်းနယ်စပ် မဲဆောက်တွင် အခမဲ့ စတင်ဖြန့်ချိသည်။
မြန်မာဘာသာ အသံလွှင့်ရာတွင် နှစ် ၇၀ သက်တမ်း ရှိသည့် ဘီဘီစီ မြန်မာအသံလွှင့်ဌာန ဘီဘီစီ ဗြိတိသျှ အသံလွှင့် ကော်ပိုရေးရှင်းက စတင်ထုတ်လွှင့်သော အာရှ ဘာသာစကား ၃ ခုတွင် ဟင်ဒီ၊ မြန်မာတို့ ပါဝင်သည်။
ပထမဆုံး မြန်မာဘာသာ အသံလွှင့်ရုံအဖြစ် မြန်မာနိုင်ငံတော်အစိုးရ အသံလွှင့်ဌာန (BurmaState BroadcastingService)ကို၁၉၃၉တွင် ရန်ကုန်မြို့  ပန်းဆိုးတန်း ဗဟိုကြေးနန်းရုံးကြီး၌ ဖွင့်လှစ်ခဲ့သော်လည်း စစ်ပြေးရင်း မေမြို့ တွင် အသံလွှင့်ရပ်နားခဲ့ရသည်။
ဘီဘီစီ မြန်မာဌာန စတင် ထူထောင်စဉ်က လန်ဒန်တက္ကသိုလ် မြန်မာစာ ပါရဂူ ကျောင်းသား ကိုလှဖေ၊ ဦးတက်ထွဋ်၊ ဦးတင်မောင်၊ ကမ္ဘာ့သာသနာပြုဦးသေဋ္ဌိလနှင့် စစ်ပီးခေတ် ဗမာ့အသံကို ထူထောင်မည့် စာကြည့်တိုက်နှင့် ဂီတပညာရှင် ဦးခင်ဇော် (K)တို့ ပါဝင်သည်။ ဘီဘီစီ မြန်မာပိုင်းနှင့် မရှေးမနှောင်း စတင်သည့် မြန်မာ အသံလွှင့် ဌာနများမှာ တိုကျိုမှ ဒေါ်သီ၊ သခင်ထွန်းအုပ်တို့၏ ဖက်ဆစ်ဝါဒဖြန့် အသံလွှင့်ဌာနနှင့် ဘိလပ်ပြန်သန်း၊ ဒေါ်မြစိန်တို့၏ စစ်တွင်း အောလ်အင်းဒီးယား အသံလွှင့်ဌာနတို့ ဖြစ်သည်။
မြန်မာအစိုးရများနှင့် အထူးဆက်ဆံရေးရှိသည့် ဗြိတိသျှအစိုးရအာဘော်အဖြစ် ဆယ်စုနှစ်ချီရပ်တည်ခဲ့သော၊ မြန်မာ့အသံမှ ရွေးချယ်စေလွှတ်သော ဝန်ထမ်းများဖြင့် လည်ပတ်ခဲ့သည့် ဘီဘီစီမြန်မာပိုင်းအစီအစဉ်၏ ၁၉၈၈ အရေးအခင်းတွင်း တက်ကြွသော သတင်းပို့ချက်များကြောင့် လူထုထောက်ခံမှု ကြီးစွာရရှိခဲ့သည်။ အသံလွှင့်ဝန်ထမ်းအများစုကို ပြန်ခွင့်မပေးသည်အထိ မြန်မာစစ်အစိုးရက ဖိနှိပ်ထားခဲ့သည်။
ဘီဘီစီ၏ ထင်ရှားသော မြန်မာအသံလွှင့်ဝန်ထမ်းများမှာ စာရေးဆရာတင့်တယ်၊ ဦးခင် M.J(Syracuse)၊ ဦးနေဝင်း၊ ဦးဖေသန်း၊ ဒေါ်ကြည်ကြည်မေ၊ ဒေါ်ရင်ရင်မေ၊ ဦးကျော်ဇံသာ၊ ဦးနေမျိုးသူရိန်၊ ကိုမင်းထက်၊ ကိုသူရိန်ကျော်ဇော၊ ဦးကိုကိုအောင် စသူတို့ဖြစ်ပီး လက်ရှိ မြန်မာပိုင်းဌာနမှူးမှာ ဒေါ်တင်ထားဆွေ ဖြစ်သည်။
ဗီအိုအေ အမေရိကန်အသံလွှင့်ရုံအပြင် မြန်မာအသံလွှင့်ရုံကြီး ၂ ခု အသစ်ပေါ်လာခဲ့သော်လည်း ဘီဘီစီမြန်မာပိုင်း၏ သြဇာမှာ ကြီးဆဲဖြစ်သည်။
လက်ရှိ ဘီဘီစီ ကမ္ဘာ့သတင်းဌာနမှ ဘာသာစကားအစီအစဉ် ၃၂ မျိုး ထုတ်လွှင့်နေသည်။






woensdag 1 september 2010

နအဖ၏ ရာဇသံကို ကရင်ငြိမ်းချမ်းရေးကောင်စီ ငြင်းဆန်

ရဲရင့် / ၀၁ စက်တင်ဘာ ၂၀၁၀
နအဖစစ်အစိုးရက ရက်သတ္တတပတ်အတွင်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ရာဇသံပေးသည်ကို ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့က လက်မခံနိုင်ကြောင်း ယနေ့ရက်စွဲဖြင့် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ အကြောင်းပြန်ကြားလိုက်သည်ဟု အဖွဲ့၏တပ်မှူးတဦးက ပြောသည်။
စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နယ်ခြားစောင့်တပ်ဖြစ်စေ၊ဌာနေပြည်သူ့စစ်ဖြစ်စေ(၇)ရက်အတွင်း အသွင်ပြောင်းရန် နအဖ နောက်ဆုံးသတ်မှတ်ရက်ကို လက်မခံနိုင်ကြောင်း အဖွဲ့၏ အရေးပေါ်အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ စောဌေးမောင်က ပြောကြားခဲ့ပြီးနောက် အကြောင်းပြန်ကြားချက်ကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ တပ်မှူးက ပြောကြားသည်။
၎င်းက “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကော့ကရိတ်မှာရှိတဲ့ဌာနချုပ် ထော့ကိုကိုးမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးပေါ် အစည်းဝေးခေါ်တယ်။ အဖိုးဌေးမောင်က စည်းဝေးပွဲမှာ ငါတို့ပြန်လာတာ နယ်ခြားစောင့်တပ် လုပ်ဖို့၊ ပြည်သူ့စစ်လုပ်ဖို့ ပြန်လာတာမဟုတ်ဘူး၊ ပြန်လာတုန်းက ပြောတာတမျိုး၊ အခု ပြောတာကတမျိုး ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီကိစ္စ နောက်တက်မယ့်အဖွဲ့နဲ့ပဲ စကားပြောမယ်။ ကျနော်တို့ကိုလည်း အားလုံး အရင်လိုပဲ နေကြပါလို့ ပြောတယ်” ဟု ဆိုသည်။
ယခင်လ (၂၄) ရက်တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ စောဌေးမောင်ကို အရှေ့တောင်တိုင်းတိုင်းမှူးက တပ်အသွင်ပြောင်းရေးကိစ္စအတွက် မော်လမြိုင်သို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း စောဌေးမောင်က လက်မခံဘဲ ကိုယ်စားလှယ်အဖွဲ့ကိုသာ စေလွှတ်ခဲ့သည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့ကိုတိုင်းမှူးကအသွင်ပြောင်းရန်(၇)ရက်အချိန်ပေးကြောင်း၊ သတ်မှတ်ရက်ကျော်လွန်ပါက တရားမ၀င် လက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ကာ အရေးယူခြင်းခံရမည်ဟု ပြောကြားခဲ့ကြောင်း ငြိမ်းချမ်းရေးကောင်စီမှ ကိုယ်စားလှယ်အဖွဲ့ဝင်တဦးက ပြောသည်။
နောက်ဆုံးရက်အဖြစ် နအဖဘက်မှ သတ်မှတ်ပေးထားသည့်ရက်မှာ ယနေ့ပြီးဆုံးသွားသော်လည်း နအဖဘက်မှ တစုံတရာ လာရောက်ဆွေးနွေးခြင်း၊ စစ်ရေးအရ အင်အားသုံးတိုက်ခိုက်ခြင်းတို့ မရှိသေးကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ၏ တပ်မှူးက ပြောသည်။
၎င်းက “သူတို့ဘက်က စစ်ရေးအရ အင်အားသုံးလာရင်တော့ ကျနော်တို့ဘက်က ဘယ်လို တုံ့ပြန်ရမယ်ဆိုတာ အထက်အမိန့်အပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အဖွဲ့ဥက္ကဋ္ဌ စောဌေးမောင်နှင့် အဆင့်မြင့်ခေါင်းဆောင်(၂)ဦးတို့အား ခေတ်ပြိုင်က ဖုန်းအဆက်အသွယ် လုပ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိပေ။
နအဖက စစ်ရေးအရ အင်အားသုံး တိုက်ခိုက်လာပါက ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို မိမိတို့ နယ်မြေအတွင်းအခြေချခွင့်ပေးပြီးပြန်လည်ဝင်ရောက်လာမည့်စစ်သည်များကိုလည်း လက်ခံကြိုဆိုသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)အဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ခေတ်ပြိုင်သို့ပြောသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီသည် ၂၀၀၇ ခု၊ ဖေဖော်ဝါရီ (၁၁) ရက်တွင် ကေအန်ယူမှခွဲထွက်၍ ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအမည်ဖြင့် နအဖနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အား (၅၀၀) ခန့်ရှိသည်ဟု သိရသည်။
၁၉၈၉ ခုနှစ်မှစ၍ နအဖနှင့်ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇)ဖွဲ့ရှိပြီး အဆိုပါတပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် နအဖစစ်အစိုးရက ယမန်နှစ် ဧပြီလမှ စတင်ကာ ဖိအားပေးလျက်ရှိသည်။