မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 14 februari 2011

မဲဆောက်မြို့က ချစ်သူများနေ့

ဧရာဝတီ Monday, 14 February 2011 17:10
.အရောင်အသွေး စုံလင်လှသော နှင်းဆီပန်းများမှာ ထုပ်ပိုးမှု ပုံစံအမျိုးမျိုးဖြင့် မဲဆောက်မြို့က ချစ်သူများ အတွက် လှပစွာ အဆင်သင့် ဖြစ်နေကြပြီ။
သာမန် ရက်များတွင် ပန်းတပွင့် ၁ ဘတ်ကျော် (ကျပ် ၃၀ ခန့်)သာ ပေးရသည့် နှင်းဆီပန်းများသည် ချစ်သူများနေ့တွင် ပန်း၏ အရောင်အသွေးနှင့် အမျိုးအစားပေါ် မူတည်ပြီး တပွင့်ကို ၁၅ ဘတ် (ကျပ် ၄၅၀ ခန့်)မှ ဘတ် ၅၀ (ကျပ် ၁၅၀၀)အထိ ၀ယ်သူ အကြိုက်ဖြစ်စေရန် ထုပ်ပိုး ရောင်းချကြသည်ကို ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြင်တွေ့ရသည်။
မဲဆောက်မြို့တွင်ချစ်သူများနေ့အတွက်ရောင်းချရန်နှင်းဆီပန်းများကိုဤသို့ ပြင်ဆင်ထားကြသည်(ဓာတ်ပုံ-ဧရာဝတီ)
ချစ်သူများနေ့ကို ခါတော်မီကာ ဘတ်ငွေ သိန်းသန်းချီ အကျိုးအမြတ်ရသွား သူများမှာ မဲဆောက်မြို့နှင့် ကီလိုမီတာ ၃၀ ကျော်ခန့်သာ ကွာဝေးသည့် ဖုတ်ဖရမြို့နယ်ရှိ နှင်းဆီခြံ ပိုင်ရှင်များ ဖြစ်သည်။
ဖုတ်ဖရ မြို့နယ်ထဲကထွက်သည့် နှင်းဆီများကို မဲဆောက်နှင့် ဘန်ကောက်ကို လက်ကားဖြန့်သည့် ပွဲရုံပိုင်ရှင် တဦးက “ချစ်သူများနေ့ မတိုင်ခင် ရက်ပိုင်းအလိုမှာ တနေ့ကို အပွင့်ရေ သန်းချီပြီး ပို့ရပါတယ်။ ဒီက ထွက်တဲ့ ပန်းတွေကို ထိုင်းကနေ ပြည်ပကို တင်ပို့တာတွေလည်း ရှိပါတယ်။ ဒီပွဲတော်အချိန်ကတော့ ခြံပိုင်ရှင်တွေ ငွေထုပ်ပိုက်တဲ့ အချိန်လို့ ပြောလို့ရတယ်” ဟု ရှင်းပြသည်။
နှင်းဆီခြံဧက ထောင်နှင့်ချီရှိသည့် ဖုတ်ဖရမြို့နယ်အတွင်းရှိ ခြံများတွင် အရည်အသွေး ကောင်းသည့် ပန်းများ ထွက်စေရန် အန္တရာယ်များလှသည့် ပိုးသတ်ဆေးများနှင့် နေ့စဉ် လုပ်ကိုင်နေရသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား များ၏ ဝင်ငွေမှာ တိုးတက်မှုမရှိဘဲ တနေ့လျှင် ဘတ် ၆၀ (ကျပ် ၁၈၀၀ ခန့်) မှ ၉၀ (ကျပ် ၂၇၀၀) ထက်မပိုသည့် လုပ်အားခနှင့် လုပ်ကိုင်နေကြရသည်။
ပန်းအထွက်ကောင်းစေရန် ပေါင်းသင်၊ မြက်ရှင်း၊ ဆေးဖြန်း၊ ပန်းခူးပြီး ပွဲရုံရောက်သည်အထိ ထုပ်ပိုးရသော အလုပ်များကို နေထွက်ချိန်မှ နေ၀င်သည်အထိ ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရသော်လည်း အလုပ်အကိုင် ရှာရခက်ခဲသည့် ဒေသဖြစ်သောကြောင့် အန္တရာယ်များသော်လည်း တခြား ရွေးချယ်စရာ မရှိကြောင်း ညောင်လေးပင်သူ မသင်းသင်းက ပြောသည်။
သူက “နေထိုင်မကောင်းလို့ တရက်၊ နှစ်ရက် နားတဲ့လူတွေကို ခြံရှင်က အကြောင်းမဲ့ အလုပ် ထုတ်လိုက်တာတွေ ရှိတယ်။ တချို့ဆိုရင် ဆေးဖြန်းနေရင်းနဲ့ ဆေးမူးပြီး လဲသွားတာတွေ ရှိတယ်။ ခြံရှင်က ဘာမှအကူအညီ မပေးတဲ့အပြင် လုပ်အားခ ဖြတ်တာလည်းရှိတော့ ဒီလိုပဲ သတိဝီရိယလေး ထားပြီး လုပ်နေကြရတယ်” ဟု ရှင်းပြသည်။
ချစ်သူများနေ့ အပြီး နှင်းဆီခြံရှင်များ တိုက်ဆောက်၊ ကားသစ် ၀ယ်ကာ လုပ်ငန်းချဲ့ထွင် နိုင်ကြသော်လည်း မြန်မာ အလုပ်သမားများ၏ ဘ၀မှာမူ လက်ရှိအနေအထားထက် ထူးခြား တိုးတက်မှု ရှိမလာကြောင်း နှင်းဆီ ခြံတွင် လုပ်သက် ၁၀ နှစ်ကျော်ခဲ့ပြီဖြစ်သည့် ကိုအုန်းကပြောပြသည်။
“ခြံရှင်တွေက ခါတော်မီပြီး တနှစ်တခါ ထိုင်းထီကြီးပေါက်သလို အကျိုးအမြတ်တွေ ရကြပါတယ်။ ချစ်သူများနေ့ မဟုတ်တဲ့ အချိန်တွေမှာလည်း တနှစ်ပတ်လုံး ပန်းတွေ ရောင်းရပါတယ်။ တချို့ ခြံကြီးတွေ ဆိုရင် တနေ့ကိုအပွင့်ရေ တသိန်းကျော် ရောင်းထွက်တယ်” ဟု ကိုအုန်းက ဆိုသည်။
မဲဆောက်မြို့ တောင်ဘက်ရှိ ဖုတ်ဖရမြို့သည် စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည့် နေရာဖြစ်ပြီး ထိုဒေသမှ ထွက်သည့် နှင်းဆီများနှင့် ကောက်ပဲသီးနှံများကို ပြည်တွင်း ပြည်ပသို့ တင်ပို့ကြကြောင်း၊ ဖုတ်ဖရမြို့ လုပ်ငန်းခွင်ထဲတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၇ သောင်းနီးပါး အလုပ်လုပ်ကိုင် နေကြကြောင်း သိရသည်။
ထိုင်းနိုင်ငံအနှံ့တင်ပို့ရောင်းချမည့်နှင်းဆီပန်းများကိုပြုစုနေရသောမြန်မာရွှေ့ပြောင်းအလုပ်သမားများ(ဓာတ်ပုံ-ဧရာဝတီ)
အသက်အန္တရာယ်ရှိသည့် ပိုးသတ်ဆေးများနှင့် လုံးထွေး လုပ်ကိုင်နေရသည့် စိုက်ပျိုးရေး ဒေသမှ အလုပ် များကို ဒေသခံထိုင်းလူမျိုးများက မလုပ်ကြသည့်အတွက် လုပ်အားခ ဈေးပေါပေါနှင့် လိုသလောက် လုပ်အား ရနိုင်သည့် မြန်မာများကို အလုပ်ရှင်များက အားထားနေရခြင်း ဖြစ်သည်ဟု မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောကြသည်။
ဖုတ်ဖရမှ မဲဆောက်သို့ နေ့စဉ် နှင်းဆီလာပို့သည့် မြန်မာယာဉ်မောင်းတဦးက “ချစ်သူများနေ့မှာ အမြတ်တနိုးနဲ့ အချစ်ရဲ့ သင်္ကေတအဖြစ် နှင်းဆီကို တန်ဘိုးထား အသိအမှတ်ပြုကြတယ်။ ဒါပေမယ့် ဒီပန်းတွေကို ပြုစုပျိုးထောင်ပေးရတဲ့ ရေခြားမြေခြားက အပယ်ခံ ဥယျာဉ်မှူးတွေရဲ့ ဘ၀တွေကို သူတို့ သိနိုင်ကြမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။
ရောမ ခေတ်က ချစ်သူ ၂ ဦးကို တိတ်တဆိတ် ထိမ်းမြားပေးခဲ့သောကြောင့် သေဒဏ်ပေးခံခဲ့ရသည့် ဘုန်းတော်ကြီး St.Valentineကို ဂုဏ်ပြုသည့်အနေနှင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ချစ်သူများနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကမ္ဘာနှင့်အဝန်း ကျင်းပကြသည်။ ထိုနေ့တွင် အမျိုးသားများက

NLD ကို စစ်အစိုးရ သတင်းစာ သတိပေး

ခင်ဦးသာ Monday, 14 February 2011 19:24
.မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများကို ဆက်လက် ထောက်ခံနေပါက “သမိုင်း၏ ဂိတ်ဆုံးသို့” ဦးတည်သွားနိုင်ကြောင်း စစ်အစိုးရ သတင်းစာ များ၌ သတိပေး ရေးသားထားသည်။
အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုသည် စစ်အစိုးရကိုသာထိခိုက်ပြီး ပြည်သူများ၏ လူနေမှုဘ၀များကို တိုက်ရိုက် မထိ ခိုက်ဟူသော မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် NLD ကြေညာချက်နှင့် ပတ်သက်၍ စစ်အစိုးရ မီဒီယာများက ယင်းသို့ ရေး သားလာခြင်း ဖြစ်သည်။
စစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့ထားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၊ NLDတို့နှင့် မသက်ဆိုင်ကြောင်း၊ အနောက်နိုင်ငံများက ၎င်းတို့၏ သဘောထားအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒီမိုကရေစီ ကျင့်စဉ်မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း NLD ကြေညာချက်တွင် ဆိုထားသည်။
စစ်အစိုးရ၏ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာ ဆောင်းပါး၌ ပိတ်ဆို့မှုများ ဖယ်ရှားလိုလျှင် အနောက်နိုင်ငံများ ပြောသည့်အတိုင်းလိုက်နာ ပြောင်းလဲပါ၊ ပိတ်ဆို့မှုများ လျှော့ပေါ့ရန်၊ တိုးမြှင့်ရန်၊ ပြောင်းလဲရန် အနောက်နိုင်ငံများကNLDနှင့်ဆွေးနွေးပါဟု NLD ကြေညာချက်က ဆိုလိုသည်ဟု ထင်ကြောင်း၊ကြေညာချက်ပါစီးပွားရေးပိတ်ဆို့မှုအပေါ်အမြင်အကျဉ်းမှ ထုတ်နုတ်ဖော်ပြခြင်းဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ မှ ၂၀၀၂ ခုနှစ် ထိ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှု ပြုလုပ်ရန် ပြင်းပြင်းထန်ထန်တောင်းဆို ခဲ့သူဖြစ်ကြောင်း ဝေဖန်ရေးသားထားသည်။
ဖေဖော်ဝါရီ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော NLD ကြေညာချက်ပါ စီးပွားရေး ပိတ်ဆို့မှုအပေါ် အမြင်အကျဉ်း အချက် (၇) တွင် စီးပွားရေး ပိတ်ဆို့မှု ဆိုင်ရာ စည်းကမ်းချက်များကို မည်သည့်အချိန်တွင် မည်သို့နှင့် မည်သည့်အခြေအနေများ အောက်၌ ပြုပြင် မွမ်းမံ နိုင်မည်ကို သဘောတူညီမှု ရရှိစေရေးအတွက် အမေရိကန်၊ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၊ ကနေဒါ၊ နယူး ဇီလန်၊ သြစတြေးလျ နိုင်ငံတို့ကို ညှိနှိုင်းဆွေးနွေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆိုပါသည်ဟု ဖော်ပြထား သည်။
သတင်းစာပါ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်ခဲ့သည့် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုဆောင်းပါး ၌လည်း ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယပင်လုံ ညီလာခံကျင်းပမည်၊ တိုင်းရင်းသား လူမျိုးများ၏ စည်းလုံးညီညွတ်ရေးကို တည် ဆောက်မည်ဟု ကြွေးကြော်နေခြင်းသည်“မရောင်ရာ ဆီလူးသကဲ့သို့” ဖြစ်နေသည်ဟု ဆောင်းပါးရှင် သခင်တင်မြ က ဝေဖန် ရေး သားထားသည်။
“အစိုးရက ရေးခိုင်းလို့ရေးတာ မဟုတ်ပါဘူး၊ ကျနော့်ရင်ထဲက သဘောထားပါ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရေးတာက သူ့သဘောထားတွေက မတည်ငြိမ်ဘူး၊ အခုတမျိုး၊ တော်ကြာ တမျိုးပြောတယ်၊ ကျနော်သူနဲ့ တွဲပြီး လုပ်ခဲ့တာ ကြာပြီ”ဟု သခင် တင်မြ က သူ၏ ဆောင်းပါးနှင့်ပတ်သက်၍ ဧရာဝတီ၏ မေးမြန်းမှု ကိုဖြေဆိုသည်။
“အခြေအနေတွေကအရင်နဲ့မတူတော့ဘူးလေ၊ဗြိတိသျှနယ်ချဲ့တွေအုပ်ချုပ်နေတာမဟုတ်ဘူး၊ တပ်မတော်က အုပ်ချုပ်နေ တာ၊ တပ်မတော်ကို နားလည်မပေးဘဲ ဆန့်ကျင်နေမယ်ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”ဟု သခင်တင်မြက ဆက်ပြော သည်။
စစ်အစိုးရ သတင်းစာများ၏ ရေးသားဖော်ပြချက်သည် လုပ်ရိုးလုပ်စဉ် တခုသာဖြစ်ကြောင်း၊ ထိုရေးသားချက်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တစုံတရာ ပြောဆိုမှု မရှိသေးကြောင်း NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ဧရာဝတီကို ပြော သည်။
NLD နှင့် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရသစ်ဖွဲ့၍ ဖော်ဆောင်နေသော ဒီမိုကရေစီနိုင်ငံတော်သစ် ဖော်ဆောင်ရာ၌ စိတ် ကောင်းစေတနာဖြင့် လက်တွဲပူးပေါင်းရန် ဖိတ်ခေါ်ကြောင်းလည်း သတင်းစာက ရေးသားထားသည်။

ကြံ့ဖွံ့ နိုင်ငံရေး သင်တန်းပေးမည်

စည်သူ Monday, 14 February 2011 14:30
.စစ်အစိုးရခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏လမ်းညွှန်မှုဖြင့်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က နိုင်ငံရေး သင်တန်းကျောင်း ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။
ယင်း သင်တန်း ကျောင်းသည် ကြံ့ဖွံ့ပါတီဝင်များကို သင်တန်းပေးရန် ဖြစ်ပြီး နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ကြံ့ဖွံ့ပါတီ ရုံးချုပ် အနီး၌ ယခုနှစ် အတွင်း စတင် ဖွင့်လှစ်သွားမည်ဟု ကြံ့ဖွံ့ပါတီ မြို့နယ် စည်းရုံးရေးမှူး တဦးက ပြောသည်။
                                                            နေပြည်တော်တွင်ရုံးထိုင်သောကြံ့ဖွံ့ရုံး အဆောက်အအုံ
“နိုင်ငံရေးသင်တန်းကျောင်းဖွင့်ဖို့ဗိုလ်ချုပ်မှူးကြီးကအမိန့်ပေးထားတယ်လေ။ကြံ့ဖွံ့ပါတီက လူတွေအရည်အသွေးမြင့်ပြီး တိုင်းပြည်ရဲ့ ဦးဆောင်ပါတီ ဖြစ်စေချင်တယ်လို့လည်း ပြောသွားတယ်”ဟု ၎င်းက ဆိုသည်။
သင်တန်းကျောင်းအတွက်ပြင်ဦးလွင်စစ်တက္ကသိုလ်၊ဗထူးစစ်သင်တန်းကျောင်းမှ သင်တန်းဆရာများသာမက ယဉ်ကျေးမှုဝန်ကြီး ဌာန လက်အောက်ရှိ ပညာရှင်များကိုပါ တာဝန် ပေးသွားမည် ဖြစ်ကြောင်း၊ သင်ထောက်ကူဆိုင်ရာ ပစ္စည်းများ၊ စာအုပ် စာ တမ်းများ ကြိုတင် စုဆောင်းမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသူတဦးက“ကြံ့ဖွံ့ပါတီကဒီလိုCapacitybuilding(စွမ်းရည်မြှင့်တင်မှု)လုပ်နေချိန်မှာနိုင်ငံရေးသမားတွေ ကလည်း လုပ်သင့်ပါတယ်။ အပြိုင် ပေါ့ ။ သူတို့ကတော့ အာဏာရှိတယ်။ ငွေရှိတယ်။ လုပ်ပိုင်ခွင့်ရှိတော့ ပိုလုပ်နိုင်တာ ပေါ့”ဟု ပြောသည်။
ကြံ့ဖွံ့ပါတီသည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံးရရှိထားသည့် ပါတီဖြစ်ပြီး မကြာသေးခင်က ကျင်းပသော လွှတ်တော် အစည်းအဝေး၌ အစိုးရ အဖွဲ့သစ် ဖွဲ့ရာတွင်လည်း ကြံ့ဖွံ့ပါတီဝင်များသာ ပါဝင်သည်။
ကြံ့ဖွံ့ပါတီမှာ စစ်အစိုးရ ကျောထောက် နောက်ခံမှုဖြင့် ၁၉၉၃ ခုနှစ်တွင် လူမှုရေး အဖွဲ့အစည်း အနေနှင့် စတင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ကို ၂၀၁၀ ဧပြီလ ၌ နိုင်ငံရေးပါတီ အဖြစ် အသွင်ပြောင်းခဲ့သော ပါတီဖြစ်သည်။ ကြံ့ ဖွံ့ပါတီကို ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်၍ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ကြံ့ဖွံ့ပါတီ ၏ အမာခံ အင်အား ၈ သန်းကျော် ရှိကြောင်း ပါတီ အကြီးအကဲ တဦး က ထုတ်ဖော် ပြောဆိုထားသည်။
မြန်မာနိုင်ငံ၌ ၁၉၆၂ ခုနှစ်တွင် တပါတီ အာဏာရှင် ဦးနေ၀င်း အာဏာသိမ်းပြီးနောက် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ)ကို ဖွဲ့စည်း၍ ပါတီ မူဝါဒ သဘောတရားများကို သင်ကြားပို့ချသည့် နိုင်ငံရေး သင်တန်းကျောင်း ဖွင့်လှစ်မှု ပြုလုပ်ခဲ့ဖူးသည်။

ချစ်သူများနေ့ လက်ဆောင်

နရီလင်းလက် Monday, 14 February 2011 19:53 ဆောင်းပါး
.လပြည့်ဝန်း ပလာဇာရှေ့မှာ ကားငှားဖို့ စောင့်နေတဲ့၊ အဖြူရောင် တီရှပ်ပေါ်မှာ အသည်းပုံ Love၊ Life စာတန်း ထိုးထားတဲ့ ဆင်တူ အင်္ကျီဝတ် စုံတွဲကို ကြည့်ပြီး ဒီနေ့တရက်တော့ ချစ်သူကို သတိရမိတယ်လို့ သူ့ချစ်သူနဲ့ လမ်းခွဲခဲ့ပြီးသူ မကေခိုင်က ဆိုပါတယ်။
                                ရန်ကုန်မြို့ကမ်းနားတနေရာတွင်တွေ့ရသည့်ချစ်သူစုံတွဲများ(ဓာတ်ပုံ-life.com)
ဒီနေ့အတွက် သူ့မှာ ဘာအစီအစဉ်မှ မရှိပေမယ့် ကော်ဖီဆိုင်မှာ အတူတူထိုင်ပြီး စကားဖောင်ဖွဲ့နေတဲ့ စုံတွဲတွေ၊ ရှော့ပင်း စင်တာထဲမှာ လှည့်ပတ်သွားလာပြီး ဈေးဝယ်နေတဲ့ စုံတွဲတွေ၊ ဂိမ်းပြိုင်ပွဲ ၀င်နေတဲ့ စုံတွဲတွေ၊ လက်ဆောင် အပြန်အလှန် လဲလှယ်နေတဲ့ စုံတွဲတွေကို မနက် အလုပ်လာကတည်းက တောက်လျှောက် တွေ့ရတာကတော့ ကြည်နူးစရာ ကောင်းတယ် လို့ လပြည့်ဝန်းပလာဇာမှာ အရောင်းဝန်ထမ်း လုပ်ကိုင်နေတဲ့ သူက ဆက်ပြောပါတယ်။
“အလုပ် တရက်ပျက်ရင် တရက်စာဖြတ်တော့ ချစ်သူရှိသေးရင်လည်း ဒီနေ့ လည်ဖြစ်မယ်မထင်ဘူး” လို့ မကေခိုင်က ဆိုပါတယ်။
မြန်မာနိုင်ငံဟာ စီးပွားရေး၊ နိုင်ငံရေး ပြဿနာတွေကြောင့် ပြင်ပကမ္ဘာနဲ့ တော်တော်လေး အဆက်ပြတ်၊ အထီးကျန် နေပေမယ့်လည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက်က စတင်ပြီး လူငယ်ထုကြားမှာ ခေတ်စားလာတဲ့ ချစ်သူများနေ့မှာတော့ ပန်းစည်းတွေ ပေးတာ၊ ချောကလက်ကျွေးတာ၊ ပို့စ်ကတ် လဲလှယ်ကြတာ စတဲ့ အလေ့အထတွေကတော့ ပိုများလာတာ တွေ့ရပါတယ်။
အဲဒီလက်ဆောင်တွေရဲ့ အောက်မှာ ဖုံးကွယ်နေတဲ့ အမှတ်တရ လက်ဆောင်တခု ရှိနေပါတယ်။ ဒါကတော့ အပျို၊ လူပျို ဘ၀ကို စွန့်လွှတ်ပြီး အဲဒီနေ့မှာ ချစ်သူနဲ့ အတူတူ စနေမယ်ဆိုတဲ့ အလေ့အထ မြန်မာပြည်မှာ ရှိနေပြီ ဆိုတာပါပဲ။
“ကျနော် သတိထားမိသလောက် သိပ်မကြာသေးဘူး။ ၃ နှစ်လောက်ပဲ ရှိဦးမယ်။ အဲဒီနေ့ဆို တည်းခိုခန်းက အချိန်ပိုင်းနဲ့တင် ၀င်ငွေ တော်တော်ဖြောင့်တာ။တချို့ဆိုအခန်းပတ်ရှာတာ မရလို့ ဒီမှာပဲ ထိုင်စောင့်နေရတဲ့ အထိပါ ရှိတယ်”လို့ကန်တော်ကြီးအနီးမှာရှိတဲ့နယူးကန်တော်ရိပ် ဟိုတယ် ၀န်ထမ်းတဦးက ပြောပါတယ်။
အဲဒီနေ့မှာ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာထက် မိုတယ်တွေ၊ တည်းခိုခန်းတွေမှာ အခန်းရဖို့ မသေချာဘူးလို့ သူက ဆိုပါတယ်။
ဒီလို ထွန်းကားလာတာကြောင့်လည်း ပန်းခြံ၊ စားသောက်ဆိုင်နဲ့ ရှော့ပင်းမောလ်က ပရိုမိုးရှင်းပွဲတွေ၊ ချစ်သူများနေ့ စင်တင် တေးဂီတ ဖျော်ဖြေပွဲတွေအပြင် တည်းခိုခန်းနဲ့ မိုတယ်တွေမှာ အဲဒီနေ့ဆို အခန်းအပြည့် ငှားရတဲ့အထိ ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေ ဆီက သိရပါတယ်။
“သန်လျင်လို တည်းခိုခန်းနဲ့ ဟိုတယ်ပေါတဲ့ နေရာမှာတောင် အဲဒီနေ့ဆို အခန်းရဖို့ မလွယ်ဘူး” လို့ သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်း MITT က အရာရှိ တဦးဖြစ်တဲ့ ကိုကျော်မင်းဆွေက ပြောပါတယ်။
ချောကလက်နဲ့ ပန်းစည်းပေးတာတွေက ၁၄ နှစ်အောက် လူငယ်တွေကြားမှာပဲ ရှိတော့တဲ့ အလေ့အထ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ယုဇနပလာဇာ အနောက်ဘက်က တောင်ပေါ်သား တည်းခိုခန်း၊ မြေနီကုန်းနားက Motherland ၊ Summer place၊ ဖိုးစိန် လမ်းပေါ်က ဟိုတယ်တွေ၊ အင်းတွေမှာဆိုလည်း စုံတွဲတွေ အပြည့်လို့ သိရပါတယ်။
ရန်ကုန်က အထက်တန်းကျောင်းသား တဦးဖြစ်တဲ့ ဇေယျာကတော့ သာမန်နေ့တွေမှာထက် ချစ်သူများနေ့မှာ စုံတွဲတွေ အတူ အိပ်ကြတာ အဓိပ္ပာယ် ပိုရှိတယ်၊ ပိုပြီး လေးနက်မှုကို ပြတယ်လို့ ဆိုပါတယ်။
“လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဆိုရင်တော့ မယူဖြစ်ရင် အတူတူနေတယ် ဆိုတာ မိန်းကလေးရော၊ ယောက်ျားလေး အတွက်ပါ နစ်နာတယ် ဆိုတဲ့ စကားက မှန်ပါသေးတယ်။ အခုခေတ်မှာတော့ ရန်ကုန် အသိုင်းအ၀န်းမှာ ဆို ဒီလိုကိစ္စကို လက်မခံတော့ ပါဘူးလို့” သူက ပြောပါတယ်။
အခုခေတ်မှာ လူငယ်တွေက အတူတူနေတဲ့ကိစ္စကို ပွင့်လင်းတယ်လို့ မြင်လာ လက်ခံလာပြီး သူတို့ ဆယ်ကျော်သက်တွေ အ လယ် မှာတော့ ဖြစ်သင့်တဲ့ သဘာဝ တခုလို့ မြင်တယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင် ချစ်သူများနေ့ ဆိုတာ စောင့်ဆိုင်းရတဲ့ ရက်တရက်လို့ ပြောကြပါတယ်။ ထိုင်း မှာရှိတဲ့ အထူး နေ့ထူးနေ့မြတ်တွေ အမျိုးစုံရှိတဲ့ ကြားထဲက ထိုင်းတွေဟာလည်း ချစ်သူများနေ့ကို နေ့ထူးနေ့မြတ် တရက်လို သတ်မှတ်ထား ကျင်းပကြတာ ၁၀ စုနှစ်တခုလောက် ရှိပါပြီ။
စေ့စပ်ပွဲတွေ၊ လက်ထပ်ပွဲတွေက အဲဒီနေ့မှာ အများဆုံး ကျင်းပတတ်ကြသလို၊ ချစ်သူတွေလည်း အဲဒီနေ့ကနေ စပြီး အတူတူ နေကြပါတယ်။ အဲဒီနေ့ဟာ ထိုင်း တနိုင်ငံလုံးမှာ ကွန်ဒုံး အရောင်းရဆုံး နေ့လို့လည်း သိရပါတယ်။ ထိုင်း လူမျိုးတွေက ချစ်သူများနေ့အတွက် အကုန်အကျခံကြတဲ့ ပိုက်ဆံတွေက မနည်းပါဘူး။
ချစ်သူများနေ့ဟာ အနောက်နိုင်ငံက အစပြုခဲ့တဲ့၊ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပေမယ့် ချစ်သူတွေ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြတာ၊ ပန်းကလေးတွေ၊ ကဗျာကလေးတွေ ပို့ပေးကြတာ ကြည်နူးစရာ ကောင်းပါတယ်လို့ စာရေးဆရာမ နုနုရည် (အင်းဝ)က ဆိုပါတယ်။ ဒါပေမယ့် စီးဆင်းလာတဲ့ ယဉ်ကျေးမှုမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို သတိမူ သင့်တယ်လို့ ပြောပါတယ်။
“အဲဒီ ရေစီးကြောင်းကြီးထဲကို တိုက်စားပွတ်တိုက်ပြီး ပါမသွားစေချင်တာကတော့ Virgin ဆိုတဲ့ အပျိုစင် ဂုဏ်လေးပါပဲ။ စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊ မိမိကိုယ်ကိုယ် ယုံကြည်မှု တန်ဖိုး၊ သိက္ခာ တန်ဖိုး၊ ယဉ်ကျေးမှု တန်ဖိုးတွေနဲ့ ပြည့်စုံနေတဲ့ အပျိုစင် ဆိုတဲ့ ဂုဏ်လေးကို မြန်မာ မိန်းကလေးငယ်တွေ ဂုဏ်ယူစွာနဲ့ စောင့်ရှောက်ထိန်းသိမ်းစေချင်ပါတယ်” လို့ မြန်မာစာ ဆရာမ တဦးလည်း ဖြစ်တဲ့ စာရေးဆရာမ နုနုရည် (အင်းဝ) က ဆိုပါတယ်။
ဆရာမ နုနုရည်က သူ့ကို ရှေးဆန်လိုက်တာလို့ ပြောချင်ပြောပါစေ၊ ရယ်စရာလို့လည်း ထင်ကောင်း ထင်မယ်၊ ဒါပေမယ့် ကိုယ့် ယဉ်ကျေးမှုဆိုတာကို ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့၊ ကိုယ့်ယုံကြည်မှု သိက္ခာကို တန်ဖိုးထားချင်တဲ့ မြန်မာမိန်းကလေးတွေ အနေနဲ့ ကတော့ နားလည်လောက်မယ် ထင်ပါတယ်လို့ ဆက်ပြောပါတယ်။
တနင်္လာနေ့လို ပျားပန်းခတ်မျှ ရှုပ်ထွေးလှတဲ့ ရန်ကုန်လမ်းတွေပေါ်မှာ ဆင်တူ အင်္ကျီဝတ်ဆင်ထားတဲ့ စုံတွဲတွေ၊ ချစ်သူများနေ့ စင်တင် ဂီတ ဖျော်ဖြေပွဲ ကြော်ငြာ ဘေလ်ဘုတ်ကြီးတွေ၊ လမ်းမ ကြီးပေါ်အထိ လျှံကျလာတော့မယ် ထင်ရတဲ့ အင်းလျား ကန်ပေါင်က စုံတွဲတွေဟာ ရန်ကုန်မြို့ရဲ့ ချစ်သူများနေ့ ပွဲတော်ကို ထင်ရှားပေါ်လွင်စေတဲ့ ပြယုဂ်တွေပါပဲ။
ဒီလိုနေ့မှာ စုံတွဲတွေ အတူနေတာကြောင့် တည်းခိုခန်းတွေမှာ အခန်းတွေ မအားလပ်တဲ့အထိ ဖြစ်နေပေမယ့် ကွန်ဒုံးတွေရဲ့ ရောင်းအားကတော့ သိသိသာသာ တက်မလာပါဘူးလို့ ဆေးဝါး ကုမ္ပဏီ တခုမှာ လုပ်ကိုင်နေတဲ့ လူငယ်ဆရာဝန် တဦးက ပြောပါတယ်။
“ကွန်ဒုံးသုံးတာကို ကြေးစားဆန်တယ်လို့ သဘောထားလို့ လိင်ဆက်ဆံချိန်မှာ ကွန်ဒုံး မသုံးဖြစ်တာ များတယ်။ သုံးတဲ့ အချိန်ကလည်း ကြေးစား လိင်အလုပ်သမ မိန်းကလေးတွေနဲ့ နေတဲ့အချိန်ပဲ။ လေ့လာရသလောက် ချစ်သူတွေ၊ သမီး ရည်းစားတွေ ကြားထဲမှာ ကွန်ဒုံးမသုံးကြဘူး။ အဲဒါနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ အမြင်တွေ ရှိတာကို ဘယ်လိုမှ မတားဆီး နိုင်သေးဘူး” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ တခြား အိမ်နီးချင်းနိုင်ငံတွေ ကွာခြားတာကတော့ မူလတန်းကျောင်းသား ကျောင်းသူ အရွယ်ကတည်းက လိင် ပညာပေး သင်ခန်းစာတွေကို အစိုးရကျောင်းတွေမှာ သေသေချာချာ သင်ကြားပေးတာပါ။ မြန်မာပြည်က အစိုးရကျောင်း တွေကတော့ ယဉ်ကျေးမှုဆိုတဲ့ တံတိုင်းနဲ့ ဘောင်ခတ်ထားပြီး ဒီလို သင်ခန်းစာတွေကို ရှက်စရာလို့ မြင်နေသေးတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ဒီနေ့လို ချစ်သူများနေ့မှာ ဟိုတယ်တွေ၊ ကလပ်တွေမှာ ကွန်ဒုံး အခမဲ့ဝေတဲ့ ဓလေ့မျိုး ရှိပါတယ်။
အမျိုးသမီး သတင်းထောက်တဦးက “အိမ်ထောင်ကွဲတွေကို တွေ့ရတာ များလို့လားတော့ မသိဘူး။ ယူလိုက်ပြီးမှ အဆင် မပြေတာထက် အတူနေရင်း လေ့လာ စေချင်တယ်။ တကယ်ချစ်တဲ့သူ ဆိုရင်တော့ အစဉ်အလာတွေ မထိန်းသိမ်းချင်ဘူး။ ကိုယ့်မှာလည်း လွတ်လပ်ခွင့် ရှိတယ်လေ။ အပျိုစင် မဟုတ်တော့ပေမယ့်လည်း ကိုယ့်ကို ချစ်တဲ့၊ ကြိုက်တဲ့ ယောက်ျားက ယူလိမ့်မယ်” လို့ ပြောပါတယ်။
ဒီလို ချစ်သူစုံတွဲတွေ လက်မထပ်ခင် အတူတူနေတာနဲ့ ပတ်သက်ပြီး ဘာသာစကား သင်တန်းကျောင်း တကျောင်းမှာ အင်္ဂလိပ်စာ သင်ကြားနေတဲ့ မကေဇင်သွယ်က “တရားဝင် လက်ထပ်ထားတာ မဟုတ်သေးတဲ့ အတွက် အဲဒီလို နေလိုက်ပြီးလို့ မယူဖြစ်ကြတော့ရင် ယောက်ျားလေးက ဘာမှမဖြစ်ဘူး။ မိန်းကလေးပဲ နစ်နာမှာလေ။ မယူခင် အဲဒီ အခွင့်အရေးကို ယောက်ျားလေးတွေကို မပေးသင့်ဘူး။ မြန်မာ့ ယဉ်ကျေးမှုနဲ့ ကြည့်ပြီး ပြောရရင်လည်း မကိုက်ညီဘူး” လို့ ပြောပါတယ်။
မြန်မာပြည်မှာ HIV/AIDS ရောဂါနဲ့ ပတ်သက်လို့ ပညာပေးနေတဲ့ NGOအဖွဲ့အစည်းPSIရဲ့ ဆက်သွယ်ရေး အရာရှိ တဦးဖြစ်သလို၊ ကျန်းမာရေး အသိပညာပေး စာပေတွေ ရေးသားနေတဲ့ စာရေးဆရာမ မြနှောင်းညိုက အချိန်မတိုင်ခင် သိပ်နုနယ်တဲ့ အရွယ်မှာ လိင်ဆက်ဆံတာကို မလုပ်စေချင်ပါဘူးလို့ ဆိုပါတယ်။
                                          အင်းလျားကန်စောင်းတနေရာကချစ်သူစုံတွဲတတွဲ(ဓာတ်ပုံ-life.com)
“လက်မထပ်ခင်အတူနေတဲ့အလေ့အထကိုခေတ်နဲ့လျော်ညီတဲ့အကြံပေးရရင်မယူနိုင်သေးဘဲ တအိမ်တည်းမှာ အတူတူနေ ကြတဲ့ အခိုက်အတန့် တယောက်နဲ့တယောက် သစ္စာ ရှိစေချင်တယ်။ ကွဲသွားကြလို့ မယူဖြစ်ရင် HIV စစ်ပေါ့” လို့ ဆရာမ မြနှောင်းညိုက ဆက်ပြောပါတယ်။
ဒီအချိန်မှာတော့ မော်လမြိုင်မြို့ပေါ်က အင်တာနက်ဆိုင် တဆိုင်မှာ လွန်ခဲ့တဲ့ ၅ ရက်လောက် ကတည်းက ချစ်သူနဲ့ တွေ့ဆုံ စကားပြောနိုင်ဖို့ အတွက် စက်တလုံး ချန်ထားပေးဖို့ တောင်းဆိုထားတဲ့ အသက် ၂၀ အရွယ် မနှင်းအိကတော့ သူ ချိန်းဆို ထားတဲ့ နာရီအတိုင်း အရောက်သွားနိုင်ဖို့ ပြင်ဆင် နေတယ်လို့ သိရပါတယ်။
“လက်ဆောင် ကိုယ်တိုင်ကိုယ်ကျ မပေးရပေမယ့် အင်တာနက်ကနေ ဒီမတိုင်ခင်ကတည်းက ကြိုရှာထားတဲ့ Valentine ကတ် ကို ဒီနေ့ ပို့ပေးလိုက်တယ်။ ဖုန်းပြောချင်ပေမယ့် အိမ်ကို တိုက်ရိုက်ခေါ်ဖို့ ဖုန်းက အဆင်မပြောတော့ ဂျီတော့ခ် ကနေပဲ ပြောရ တာပေါ့။ ဒီနေ့ အတွက် အမှတ်တရက သူများတွေလို အကောင်အထည်ပြလို့ မရတဲ့ ချစ်စကားတွေပဲ ရှိတယ်လို့” သူက ဆိုပါတယ်။
ချစ်သူသာ အနားမှာ ရှိမယ်ဆိုရင် အတူတူလျှောက်လည်ပြီး တနေရာရာ သွားဖို့ စီစဉ်မယ်၊ သူကြိုက်တဲ့ ပန်းကို အဲဒီနေ့မှာ ပေးဖို့ တောင်းဆိုမယ်လို့ မနှင်းအိက ဆက်ပြောပါတယ်။
နိုင်ငံ တ၀န်းလုံး ကျင်းပနေတဲ့ ချစ်သူများနေ့ဟာ အနောက် နိုင်ငံတွေမှာ ဓလေ့တခုလို ဖြစ်နေပေမယ့် ကူးစက်ခံ အရှေ့တိုင်း နိုင်ငံတွေ မှာကတော့ ချစ်သူများနေ့ကို ပိုပြီး အမှတ်တရ ဖြစ်အောင် ဖန်တီး ကြတာ တွေ့လာရပါတယ်။
ရောမ ခေတ်က ချစ်သူ ၂ ဦးကို တိတ်တဆိတ် ထိမ်းမြားပေးခဲ့တာကြောင့် သေဒဏ်ပေးခံရတဲ့ ဘုန်းတော်ကြီး St.Valentineကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကို ချစ်သူများနေ့လို့ သတ်မှတ်ခဲ့ကြပါတယ်။
ဒီ အနောက်တိုင်း ယဉ်ကျေးမှုက မြန်မာ လူငယ်တွေရဲ့ ယဉ်ကျေးမှုကို စတင် ဖျက်ဆီးနေပြီလား ဆိုတာကတော့ စဉ်းစား စရာပါ။ ။

ထိုင်း ကားများ ကျိုင်းတုံ သွားခွင့် ပိတ်

သန်းထိုက်ဦး Monday, 14 February 2011 17:13
.မြန်မာနိုင်ငံ ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ ထိုင်း-မြန်မာ နယ်စပ်မှတဆင့် လာရောက် လည်ပတ်သည့် ကိုယ်ပိုင်ကားများကို စစ်အစိုးရ အာဏာပိုင်များက ပြီးခဲ့သည့် တပတ်မှ စတင်၍ ခွင့်မပြုတော့ကြောင်း ခရီးသွားလုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။
ထိုင်း ကားများကိုသာ သွားခွင့်ပိတ်ပင်ထားပြီး ခရီးသည်များကိုမူ ခွင့်ပြုထားကြောင်း သိရသည်။
“ထိုင်းကားတွေကို ပိတ်ထားတာကတော့ ဟုတ်တယ်၊ ဘာကြောင့်လဲတော့ မသိဘူး၊ ထိုင်းကားတွေ လာလို့ မရဘူးပေါ့နော်၊ အဲဒီလိုပဲ ပြောတယ်”ဟု ကျိုင်းတုံမြို့နယ်ရှိ ဟိုတယ် ၀န်ထမ်းတဦးက ပြောသည်။
ထိုသို့ထိုင်းကားများကို ၀င်ရောက်ခွင့် မပြုသောကြောင့် ယခုရက်ပိုင်း ခရီးသည် နည်းပါးသွားကြောင်းလည်း ၎င်းက ဆိုသည်။
ထိုင်း - မြန်မာ နယ်စပ် မယ်ဆိုင် - တာချီလိတ် ချစ်ကြည်ရေး တံတားပေါ်မှ တဆင့် ထိုင်းလူမျိုး အများစုက ကိုယ်ပိုင်ကား များ ဖြင့် ကျိုင်းတုံမြို့သို့ သွားရောက် ကြခြင်း ဖြစ်သည်။
ထိုင်းကားများ အနေဖြင့် ကျိုင်းတုံမြို့သို့ သွားရောက်ရာတွင် ဆလွန်းကား တစီးကို နှစ်ပတ်စာ အတွက် ဒေါ်လာ ၃၀ နှင့် မှန်လုံ ကားတစီးကို ဒေါ်လာ ၅၀ ခန့် အခွန်ပေးဆောင်ရကြောင်း တာချီလိတ် တံတားပေါ်တွင် တာဝန်ထမ်းဆောင်နေသူ တဦးက ဧရာဝတီသို့ ပြောသည်။
ကျိုင်းတုံမြို့သို့ ထိုင်းကားများကို သွားရောက်ခွင့် မပြုသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး ယခုအထိ ရှင်းရှင်းလင်းလင်း မသိ ရှိရသော်လည်း တြိဂံတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးက ညွန်ကြားထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုင်း ကားများဖြင့် ကျိုင်းတုံမြို့သို့ တနေ့လျှင် ကား အစီး ၂၀ ခန့် သွားရောက်ကြောင်း၊ ပွင့်လင်းရာသီ၌ သွားရောက်သူများ ပိုမိုများပြားကြောင်း သိရသည်။
အလားတူ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N)၏ ၀မ်ဟိုင်း ဌာနချုပ်ဘက်သို့ ဖြတ်သန်း သွားလာနေသော ခရီးသည် တင် ကားနှင့် ကုန်တင်ကားကြီးများကို နအဖ စစ်အစိုးရက ယခုလဆန်းပိုင်းမှ စတင်၍ သွားလာခွင့် ပိတ်ပင်ထားသည်။
ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်း ဒေသရှိ ကားလမ်းကို သွားလာခွင့် ပိတ်ပင် လိုက်ခြင်း ဖြစ်သည်။
အစိုးရ အနေဖြင့်လူထုနှင့်SSA- မြောက်ပိုင်းတပ်များ အကြား သတင်းအဆက်အသွယ် သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း ပြတ်တောက်စေရန် ဖိအားပေးခြင်းသာ ဖြစ်ကြောင်း စစ်ရေး လေ့လာ စောင့်ကြည့်နေသူများက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့လူငယ်များသတိတရကျင်းပ

ဧရာဝတီ Monday, 14 February 2011 14:02
.မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သော ၉၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် သတိရအောက်မေ့ခြင်း အခမ်းအနားများကို ပြည်တွင်းရှိ လူငယ်များက ကျင်းပကြသည်။
NLDရုံးချုပ်တွင်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုဂုဏ်ပြုသောအားဖြင့်သတ်မှတ်ထားသောကလေးများနေ့ ကျင်းပစဉ်(ဓာတ်ပုံ-ဧရာဝတီ)
ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် နိုင်ငံရေး အသိုင်းအ၀န်းကသာမက တခြားသော ကဏ္ဍ အသီးသီးမှ လူငယ်များ စုပေါင်း လှူဒါန်းခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းအတွက် ဂုဏ်ပြု စပ်ဆိုထားသော ကဗျာများကို ကလေးငယ်များအား သင်ကြားပေးခြင်း၊ ကလေးများကို အစားအစာ အာဟာရများ ကျွေးမွေးလှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကမြန်မာကလေးများနေ့အဖြစ်သတ်မှတ်ထားသော ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ကလေးကဗျာရွတ်ပွဲ၊ ပန်းချီစွမ်းရည်ပြပွဲ အပါအ၀င် ကလေးငယ်များ အတွက် ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့သည်။
“မနက်၈နာရီကနေစပြီးNLDရုံးချုပ်မှာဗိုလ်ချုပ်မွေးနေ့ပျော်ပွဲရွှင်ပွဲတွေလုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်တယ်။ကလေးတွေလည်းတော်တော်ပျော်ကြတယ်။ပြိုင်ပွဲတွေလုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဆုပေးတယ်။ညနေ၃နာရီကျော်မှပြီးတယ်”ဟု NLDလူငယ်တာဝန်ခံတဦးက ပြောသည်။
ပြည်တွင်းရှိ လူငယ်အဖွဲ့အစည်းများကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အဖြစ် မိဘမဲ့ကလေးများအား ခေါ်ယူစောင့်ရှောက် ထားသော ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ငွေကြေးများ လှူဒါန်းခြင်း၊ ဆွမ်းကပ်လှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အလှူအဖြစ် ပြည်တွင်း လူငယ်အဖွဲ့အစည်းများ ဖြစ်ကြသည့် FFF၊ Bad boys၊ သတင်းသမား တချို့နှင့်MSTတို့စုပေါင်းကာ သာကေတမြို့နယ်ရှိ ညောင်ဝိုင်း ဘုန်းတော်ကြီး စာသင်ကျောင်းသို့ စာရေးကိရိယာများ လှူဒါန်းခြင်း၊ မိဘမဲ့ကလေး ၁၁၀ ကို နေ့လယ်စာ ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု facebook တွင် သတင်းများ ထုတ်ပြန် ထားသည်။
တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်းအဖြစ် ရွေးကောက်ပွဲတွင် ပါပင်ယှဉ်ပြိုင်ခဲ့သော ဒေါက်တာစောနိုင် ဦးစီးသည့် ရန်ကုန်မြို့ တောင်ဥက္ကလာပ လူငယ်ကွန်ရက်ကလည်း ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ဦးဇော်ဇော်အောင် မိသားစုကို ထောက်ပံ့ငွေများ ပေးအပ်ပြီး ကလေးငယ်များ အပါအ၀င် လူဦးရေ ၅၀၀ ခန့်ကို ကြာဆံချက် ကျွေးမွေးကြောင်း သိရသည်။
သတင်းထောက်တချို့ကလည်း သာကေတမြို့နယ် ငါးကွေ့တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် အဖြစ် ဆင်းရဲနွမ်းပါးသူများကို ထမင်း ကျွေးမွေးလှူဒါန်းခဲ့ရာ ကြိတ်ကြိတ်တိုး စည်ကားခဲ့သည်။
ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှ ကရုဏာလက် လူငယ်ကွန်ရက်ကလည်း တောင်ဒဂုံတွင် ကလေးငယ်များကို ကဗျာရွတ်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပပေးခဲ့သည်။
မန္တလေးမြို့တွင်လည်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားတချို့ စုပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အဖြစ် ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းချိုင့်ပို့ခြင်း၊ ဆွမ်းကပ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
လူငယ် တဦးချင်းအနေဖြင့်လည်း ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရအဖြစ် ဘုရားတွင် ဆုတောင်းမှုများ ရှိခဲ့ပြီး ရွှေတိဂုံစေတီ စနေထောင့်တွင် သွားရောက်ဆုတောင်းကာ ဆီမီး၊ ရေချမ်း ကပ်လှူမှုများ ပြုလုပ်ခဲ့ကြသည်ဟုလူငယ်တချို့က ပြောသည်။
“သွေးဆေးကန်မှာ ငါးလွှတ်မယ်။ ၉၆ ကောင်လွှတ်မယ်။ ဗိုလ်ချုပ် ၉၆ နှစ် ပြည့်တဲ့နေ့ မို့လို့ပါ” ဟု အသက် ၂၂ နှစ်အရွယ် လူငယ်တဦးက ဆိုသည်။
facebook လူမှုကွန်ရက်နှင့် gtalk တွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံများကို Profile ဓာတ်ပုံအဖြစ် ပြောင်းလဲမှု များပြားပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တနေ့လုံး ဗိုလ်ချုပ်အောင်ဆန်းကို အောက်မေ့ သတိရသည့် စာသားများ၊ သီချင်းများ၊ ဗီဒီယိုများကို လွှင့်တင်ကြကြောင်း အဆိုပါ လူမှုကွန်ရက် အသုံးပြုသူများက ပြောသည်။
“ဖေဖော်ဝါရီ လဆန်းပိုင်းလောက် ကတည်းက သတိထားမိတယ်။ Profileဓာတ်ပုံတွေကို ဗိုလ်ချုပ်အောင်ဆန်းပုံ ပြောင်းကြတယ်၊ ပြောင်းဖို့ တိုက်တွန်းတဲ့ နှိုးဆော်စာတွေလည်း တော်တော်ပျံ့တယ်။ လူငယ်တွေရော၊ လူကြီးတွေရော ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေကို ပြောင်းပြီး တင်ကြတယ်။ တချို့ဓာတ်ပုံတွေဆိုရင် ကိုယ်တခါမှ မမြင်ဘူး၊ မတွေ့ဘူးတဲ့ ဓာတ်ပုံတွေ”ဟု facebook သုံးစွဲသူ တက္ကသိုလ်ကျောင်းသား တဦးကဆိုသည်။
ဝါရင့် အယ်ဒီတာ တဦးကလည်း ဗိုလ်ချုပ်အောင်ဆန်းကို အောက်မေ့သတိရခြင်းအားဖြင့် လူငယ်ထု၏ စိတ်ထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်၊ ခံယူချက်နှင့် ၀ိဉာဉ်ပူးကပ်ကာ လူငယ်များ မြန်မာ့နိုင်ငံရေးတွင် တက်ကြွစွာ ဦးဆောင် ပါဝင်လိုသော စိတ်ဓာတ်များ ပေါက်ဖွားလာမည်ဟု ယုံကြည်ကြောင်း ပြောသည်။
“တော်တော်အံ့သြဖို့ ကောင်းပါတယ်။ ကျနော့်မှာ သူငယ်ချင်း ၃၀၀ ကျော်လောက်ရှိတယ်။ အဲဒီအထဲမှာ ၁၅၀ ကျော်လောက်ကဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကိုProfileဓာတ်ပုံ တင်ထားကြတယ်။ ကြက်သီးမွေးညင်းတောင် ထမိတယ်။ နောက်ပြီး gtalkမှာ သူငယ်ချင်းတွေ အားလုံးကလည်း ဗိုလ်ချုပ်ဓာတ်ပုံတွေချည်းပဲ တင်ထားကြတယ်” ဟု ပြည်တွင်း သတင်းထောက်တဦးကဆိုသည်။
စစ်အစိုးရ အာဏာပိုင်များကမူ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို ဂရုမူခြင်း မရှိသကဲ့သို့ အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်ခြင်းလည်း မရှိပေ။
ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နတ်မောက်မြို့၌ ရှေ့နေကြီးဦးဖာနှင့် မိခင်ဒေါ်စုတို့မှ မွေးဖွားခဲ့ပြီး ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံး၌ ဂဠုန်ဦးစော၏ လုပ်ကြံမှုကြောင့် ကွယ်လွန် ခဲ့ရသည်။

zondag 13 februari 2011

ဒေါ်အောင်ဆန်းစုကြည်အမျိုးသားရင်ကြားစေ့ရေးပြော၊စစ်အစိုးရသတင်းစာကပုတ်ခတ်

ဧရာဝတီ Saturday, 12 February 2011 17:44
.ရန်ကုန်မြို့ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးချုပ်၌၆၄နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကိုယနေ့နံနက်၁၁နာရီတွင်ကျင်းပရာအထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် ပင်လုံစိတ်ဓာတ်များအကြောင်း ပြောကြားသွားသည်။
အဆိုပါ အခမ်းအနားသို့ NLDအဖွဲ့ဝင်များ၊ သံတမန်များ၊ ပြည်နယ်နှင့် တိုင်းအသီးသီးရှိNLDအဖွဲ့ဝင် တိုင်းရင်းသားများနှင့်နိုင်ငံရေးပါတီများတက်ရောက်ပြီးNLDဒုဥက္ကဋ္ဌဦးတင်ဦးက အဖွင့်အမှာစကားပြောကြားသည်။
ပင်လုံညီလာခံ စိတ်ဓာတ်နှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားတွင် ဒေါ်အောင်ဆန်းစုကြည်က “ရှုံးနိမ့်တယ်ဆိုတာ ရှုံးနိမ့်ခြင်းကို ကြောက်လို့ပဲ။ လုပ်ကတည်းက စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ မလုပ်လို့။ အရင် ၆၄ နှစ်တုန်းက ကျမတို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေက အသစ်အဆန်းဖြစ်တဲ့ပြည်ထောင်စုဆိုတဲ့ကိစ္စကိုအားလုံးလက်တွဲလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်”ဟု ပြောကြားသွားသည်။
ပြည်ထောင်စုနေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ထုတ်ပြန်သော ကြေညာစာတမ်းတစ်စောင်ကို ဖတ်ကြားပြီးနောက် တိုင်းရင်းသားများ၏ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံကာ အခမ်းအနားကို ရပ်နားခဲ့ကြောင်း သိရသည်။
ယနေ့ထုတ် ကြေးမုံသတင်းစာတွင် သခင်တင်မြက ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကို ဝေဖန်ထားသည့် ဆောင်းပါးအား ဖော်ပြထားသည်။
မတူတော့သည့် အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယပင်လုံညီလာခံကို ကျင်းပရန် ကြွေးကြော်နေကြောင်း၊ အောင်မြင်မည်ဟု မယုံကြည်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ ဘာလုပ်လုပ် အကောင်းမမြင်ကြောင်း သခင်တင်မြက ရေးသားထားသည်။
ယနေ့ ထုတ်ပြန်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် မြန်မာ့ဒီမိုကရေစီစနစ်သည် အလွန်နုသေးကြောင်း၊ တိုင်းရင်းသားအားလုံးက ဝိုင်းဝန်း ကာကွယ်ခြင်းနှင့် တည်ဆောက်ခြင်းကို ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် အနှောင့်အယှက်များကို ရင်ဆိုင်ကျော်လွှားမည်ဟု ဖော်ပြထားသည်။