အောင်ကျော်မိုး / ၂ စက်တင်ဘာ ၂၀၀၉
စက်တင်ဘာ (၁) ရက်ညပိုင်း၊ ရန်ကုန်မြို့ စီးတီးအက်ဖ်အမ် ရေဒီယိုမှ သတင်းကြေညာရာတွင် ဂက်စ်ပိုက်လိုင်းပေါက်၍ ပြုပြင်ရမည်ဖြစ်သောကြောင့် ပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ပြီး ခွဲတမ်းဖြင့် မီးပြန်ပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သည့်အတွက် ရန်ကုန်မြို့ခံများ စိတ်ပျက်နေကြကြောင်း စုံစမ်းသိရသည်။
မြေနီကုန်းတွင် နေထိုင်သူတဦးက “ခါတိုင်းနှစ် မိုးတွင်းဆိုရင် လျှပ်စစ်မီး မှန်မှန်ရတယ်။ ဒီနှစ်ဆို ခုမိုးတွင်းမှာတောင် မီးမှန်မှန် မရဘူး။ ပေးတဲ့မီးက အားနည်းလွန်းတော့ လျှပ်စစ်ပစ္စည်းအများစု သုံးလို့မရဘူး။ နောက် သုံးတဲ့ လျှပ်စစ်ပစ္စည်းတွေလည်း အပျက်များလာတယ်။ ဒါတင်မက မိုးတွင်းရောက်နေတာတောင် ရေက ခက်နေတယ်။ အချိန်တိုင်း စုပ်လို့မရဘူး။ ညဘက်မှပဲ ရေတင်လို့ရတယ်။ ရန်ကုန်မြို့ကြီး တနေ့ထက်တနေ့ ဆုတ်ယုတ်လာနေတယ်” ဟု ပြောသည်။
အဆိုပါ စီးတီးအက်ဖ်အမ်က သတင်းကြေညာပေးနေချိန်၌ ရန်ကုန်တမြို့လုံး မီးပြတ်သွားချိန်ဖြစ်ပြီး နောက်တရက် စက်တင်ဘာ (၂) ရက်၊ ယနေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်အတော်များများ၌ အချိန်ပိုင်း မီးပျက်ကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ၂ဝဝ၈ ခု နိုဝင်ဘာမှစတင်ကာ ရန်ကုန်တမြို့လုံးတွင် လျှပ်စစ်မီးကို ခွဲတမ်းဖြင့်သာ ရရှိခဲ့ကြကာ တနေ့ (၁၄) နာရီခန့် မီးပျက်ရာမှ နောက်ပိုင်းတွင် ပြီးခဲ့သည့်ဇူလိုင်လကုန်အထိ တနေ့ မီး (၁ဝ) နာရီခန့် ပျက်ကြောင်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေ အပါအဝင် ဆင်ခြေဖုံး မြို့နယ်တို့၌ လျှပ်စစ်မီးရရှိမှု ပိုမိုနည်းပါးကြောင်း မြို့ခံများက ပြောသည်။
“အခုနှစ် သြဂုတ်လဆန်းကစပြီး မြို့လယ်ဧရိယာအများစုမှာ (၂၄) နာရီနီးပါး လျှပ်စစ်မီးပြန်ရကြတယ်။ ဒါပေမယ့် မီးအားက သိပ်နည်းနေတော့ အများစုက မီးအားမြှင့်စက်တွေ ၀ယ်သုံးနေရတယ်။ မသုံးလို့ကို မဖြစ်ဘူး” ဟု ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း တွင် နေထိုင်သူတဦးက ပြောသည်။
ရန်ကုန်ဧရိယာ အများစုတွင် ပုံမှန်အားဖြင့် မီးအား (၂၂ဝ) ဗို့မှ (၂၄ဝ) ဗို့အကြား ရှိရမည့်အစား ဗို့အား (၁၅ဝ) အောက်သာရှိပြီး အချို့နေရာများတွင် ဗို့အား (၁ဝဝ) ကျော်ရုံသာရှိသောကြောင့် နေအိမ်အများစုက မီးအားမြှင့်စက်များ ဝယ်ယူအသုံးပြုလာကြ ကြောင်း၊ ယခုနှစ် မီးအားမြှင့်စက် ရောင်းအားမှာ ယခင်နှစ်ကထက် (၃) ဆခန့်တက်လာကြောင်း မောင်ထော်လေးလမ်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ အရောင်းစာရေးတဦးက ပြောသည်။
ထိုသို့ လျှပ်စစ်မီး ဗို့အားအပြည့်အ၀မရသဖြင့် ရေတွန်းစက်များ အချိန်ပြည့် အလုပ်မလုပ်နိုင်ဘဲ လှော်ကားရှိ ရေတွန်းစက် (၂) လုံးအနက် (၁) လုံးသာ လည်နိုင်ပြီး ငမိုးရိပ် ရေကူး ရေတွန်းစက်မှာလည်း အပြည့်အ၀မလည်ပတ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ရန်ကုန်မြို့ရှိ ဧရိယာအများစုမှာ ည (၁ဝ) နာရီမှ နံနက် (၆) နာရီ အချိန်အတွင်းသာ ရေစုပ်ယူ အသုံးပြုနိုင်ကြောင်း၊ အချို့မြို့နယ်များကိုမူ အလှည့်ကျပေးခြင်း၊ အဝီစိတွင်းရေ သုံးရန် စီစဉ်ပေးခြင်း စသဖြင့် ပြုလုပ်ပေးနေရကြောင်းလည်း စည်ပင်က သတင်းထုတ်ပြန်သည်။
နအဖစစ်အစိုးရက ယခုကဲ့သို့ ရေပြဿနာ၊ မီးပြသနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်းမရှိဘဲ တနေ့တခြား အခြေအနေ ဆိုးဝါးလာသည့်အပေါ် ပြည်သူအများက စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း သိရသည်။
woensdag 2 september 2009
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင် နေပြည်တော် ခေါ်ယူစစ်ဆေးခံနေရ
NEJ / ၂ စက်တင်ဘာ ၂၀၀၉
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်အား အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားလုပ်မှုများဖြင့် နေပြည်တော်တာဝန်ရှိ သူတို့က ခေါ်ယူစစ်ဆေးနေသည်မှာ ရက်သတ္တနှစ်ပတ်မျှရှိပြီဖြစ်ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းနှင့်ဆက်စပ်ပတ်သက်နေသည့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရဲအရာရှိများကိုလည်း အထူးစုံစမ်းစစ်ဆေးရေး (BSI) နှင့် သတင်းတပ်ဖွဲ့ (SB) တို့က ခေါ်ယူစစ်ဆေးနေဆဲဖြစ်သည်။
အမှုတွဲဆက်စပ် ရဲအရာရှိများကို ရန်ကုန်မြို့၊ ဆိပ်ကမ်းလမ်း အမှတ် (၆၇-၆၉)၊ အထူးစုံစမ်းစစ်ဆေးရေးရုံးချုပ်၌ စစ်ဆေးနေသည်ဟုလည်းကောင်း၊ ကမ်းနားလမ်း ခြောက်ထပ်ရုံး သတင်းတပ်ဖွဲ့ရုံးချုပ်၌ စစ်ဆေးနေသည်ဟုလည်းကောင်း သတင်းများ ထွက်ပေါ်နေသည်။
သြဂုတ်လ နောက်ဆုံးပတ်အတွင်း ခြောက်ထပ်ရုံး၌ ရဲအရာရှိကားများ အ၀င်အထွက်များနေသောကြောင့် ခြောက်ထပ်ရုံး၊ သတင်းတပ်ဖွဲ့ရုံးချုပ်၌ ၎င်းအမှုတွဲအား စစ်ဆေးနေသည်မှာ ဖြစ်နိုင်ခြေရှိကြောင်း ခြောက်ထပ်ရုံးမှ အရာထမ်းတဦးက ပြောသည်။
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၌လည်း ယခုလပိုင်းများအတွင်း ဌာနတွင်းအရေးယူမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
ပြီးခဲ့သည့်ဇွန်လအတွင်း၌ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးတာဝန်ရှိသူ ၀န်ထမ်း (၂၀) ကျော်အပြစ်ပေးအရေးယူခံရပြီး ယခင်လအတွင်း၌ ရုံးဝန်ထမ်း (၄၀) ခန့် နယ်ပြောင်းရွှေ့အပြစ်ပေးအရေးယူခံရကြောင်း အဆိုပါရုံးမှ ပြည်နယ်တခုသို့ အပြောင်းခံရသူ သတင်းတပ်ဖွဲ့အရာရှိတဦးက ပြောသည်။
၎င်းက “ခုချိန်ထိကို နယ်ပြောင်းကိစ္စတွေ မပြီးသေးဘူး။ Passport ရုံး တရုံးလုံး ပြောင်းပစ်ဖို့အစီအစဉ် ရှိပုံရတယ်” ဟု ပြောသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးတာဝန်ရှိသူများ ဤသို့ အရေးယူခံရခြင်းသည် နေပြည်တော်၊ မြေအောက်ဥမင်လိုဏ်ခေါင်းသတင်း ပေါက်ကြားခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု ၀န်ထမ်းများက ယူဆကြသည်။
မြေအောက်ဥမင်တူးဖော်ရေး သတင်းပေါက်ကြားမှုတွင် သံသယရှိသူများဟု ယူဆခံရသည့် တပ်မတော်အရာရှိအချို့သည် အခြားနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း၊ အဆိုပါအရာရှိများကို နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ခြင်းကြောင့် ဆက်စပ် သတင်းတပ်ဖွဲ့ဝင်များ ယခုကဲ့သို့ အရေးယူခံရခြင်းဖြစ်ကြောင်း အဆိုပါ သတင်းတပ်ဖွဲ့အရာရှိတဦးက ပြောသည်။
ယခုလက်ရှိ နေပြည်တော်မှ ခေါ်ယူစစ်ဆေးနေသော ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ရဲမှူးကြီးအဆင့်မှ တဆင့်တိုး ရာထူးဖြင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ ရောက်ရှိလာသည်မှာ (၂) နှစ် ၀န်းကျင်ခန့်ရှိပြီဖြစ်သည်။

Labels:
ခေတ်ပြိုင် မှ
ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် နယ်မြေအတွင်း နယ်ခြားစောင့်တပ်ရင်းအတွက် မြေနေရာတိုင်း
ခိုင်လင်း / ၂ စက်တင်ဘာ ၂၀၀၉
သြဂုတ် (၂၉) ရက်မှစ၍ ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေ-ကေ) ဌာနချုပ်ရှိရာ တရုတ်-မြန်မာနယ်စပ် ပန်ဝါမြို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဘက်အရာရှိများနှင့် မြေစာရင်းဌာနမှ ဦးစီးအရာရှိများ ပါဝင်သည့် အဖွဲ့တဖွဲ့ ရောက်ရှိနေပြီး နယ်ခြားစောင့်တပ်ရင်းများ တည်ဆောက်နိုင်ရေးအတွက် မြေတိုင်းတာမှုများ စတင်လုပ်ဆောင်နေသည်။
ပန်ဝါဌာနချုပ်တွင် နယ်ခြားစောင့်တပ်တခု ထားရှိမည်ဖြစ်သကဲ့သို့ ပန်ဝါမြို့အနီးတွင် တပ်သစ်တည်မည် ဖြစ်သည်ဟု အန်ဒီအေ-ကေ အရာရှိတဦးက ပြောသည်။
၎င်းက “မပခက ဗိုလ်မှူးကြီး၊ စစ်ဦးစီး(ပ)ပေါ့။ သူဦးဆောင်ပြီး မြေနေရာလာကြည့်တာ။ တပ်တွေ ဘယ်မှာ ဆောက်မလဲဆိုတာ ညှိနှိုင်းနေတာပါ။ ဥက္ကဋ္ဌ ဦးဆခုန်တိန့်ယိန်း မြစ်ကြီးနားမှာ တိုင်းမှူးတို့နဲ့ ဆွေးနွေခဲ့ပြီးပြီ။ အဲဒီကပြန်လာတာ လေး-ငါးရက်ပဲ ရှိသေးတယ်” ဟု ပြောသည်။
အပစ်ခတ်ရပ်စဲရေးပြုလုပ်ထားသည့် ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ်အသွင်ပြောင်း ဖွဲ့စည်းရန် နအဖက ဧပြီ (၂၈) ရက်တွင် ကမ်းလှမ်းပြောဆိုခဲ့ပြီး တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့၊ အထူးဒေသ (၂) ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ အထူးဒေသ(၁) ကိုးကန့်တပ်ဖွဲ့၊ ကချင်အထူးဒေသ (၂) ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့တို့က လက်မခံကြဘဲရှိနေချိန်တွင် အန်ဒီအေ-ကေ အဖွဲ့က လက်ခံသဘောတူထားသည်။
နယ်ခြားစောင့်တပ်ရင်းတခုတွင် အင်အား (၃ဝဝ) ကျော် ရှိမည်ဖြစ်ပြီး နအဖစစ်တပ်မှ အရာရှိနှင့် အခြားအဆင့် (၃ဝ) ကျော် ပါဝင်ဖွဲ့စည်းမည်ဖြစ်ကာ အုပ်ချုပ်ရေးနှင့် ရုံးတာဝန်များကို စစ်တပ်က တာဝန်ယူမည်ဖြစ်သည်။
နယ်ခြားစောင့်တပ်ဖွဲ့တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့် အန်ဒီအေ-ကေမှ အောက်ခြေအဆင့် တပ်ဖွဲ့ဝင်အချို့ နုတ်ထွက်မှုများရှိနေသည်ဟု အဆိုပါ အန်ဒီအေ-ကေ အရာရှိတဦးက ပြောသည်။
၎င်းက “တပ်ထဲမှာ ဆက်ပြီးတာဝန်ထမ်းမဆောင်ချင်လည်း ရတယ်လေ။ ဒါကြောင့် နုတ်ထွက်ခွင့်တောင်းပြီး ထွက်နေတာပါ။ အတင်းအကျပ် လုပ်ခိုင်းလို့မရပါဘူး။ တချို့က သင်တန်းပြန်တက်ရမယ်ဆိုတော့ ကြောက်တာလည်း ပါတာပေါ့။ သင်တန်းက မြစ်ကြီးနား၊ ပြင်ထောင်ကျေးရွာမှာပါ။ အဲဒီမှာ စစ်သင်တန်းကျောင်းရှိတယ်။ အဲဒီမှာ တက်ရမှာပါ” ဟု ပြောသည်။

တရုတ်-မြန်မာ နယ်စပ်တလျှောက် စစ်ရေးလှုပ်ရှားမှုများ ထပ်မံတိုးမြှင့်နေ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဇန်ကျန်း ဒေသဘက်မှ မြန်မာနိုင်ငံဘက်သို့ ယမန်နေ့က ပြန်လည်ဝင် ရောက်လာသော ကိုးကန့် ဒုက္ခသည်များ (ဓာတ်ပုံ - Getty Images)
Wednesday, 02 September 2009 19:52 ဧရာဝတီ
တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ ကိုးကန့်ဒေသတွင် တိုက်ပွဲများ ပြီးဆုံးသွားသော်လည်း စစ်ရေးပြင်ဆင်မှုများ ထပ်မံတိုးမြှင့်လျက် ရှိကြောင်း စစ်တပ်နှင့် နီးစပ်သော အသိုင်းအ၀န်းက ပြောသည်။
တပ်ဖွဲ့ အင်အားများ ထပ်မံတိုးမြှင့်နေခြင်းမှာ မြန်မာနိုင်ငံ လူမျိုးစု ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (ကိုးကန့်) ခေါ် (MNDAA) တပ်ဖွဲ့ကို အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် အမှတ်(၂) စစ်ဖက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ စီစဉ် ညွန်ကြားမှု ဖြစ်ကြောင်း ၎င်း အသိုင်းအ၀န်းက ဆိုသည်။
ယင်းဒေသတွင် ယခင်က တပ်ရင်း ၁၀ ရင်းသာ တပ်စွဲ ထားသော်လည်း ယခုအခါ လောက်ကိုင်မြို့ တောင်ဘက်နှင့် မြောက်ဘက်တွင် ရှမ်းပြည် မြောက်ပိုင်း သိန္ဒီ အခြေစိုက် အမှတ်(၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၀ ရင်းကို လည်းကောင်း၊ စစ်ကိုင်းတိုင်းရှိ ခြေလျင် တပ်မ (၃၃) မှ တပ်ရင်း ၁၀ ရင်းကို လည်းကောင်း ထပ်မံ ဖြန့်ကျက်ထားသဖြင့် စုစုပေါင်း တပ်ရင်း ၃၀ ရှိသွားပြီ ဖြစ်သည်။
တရုတ်-မြန်မာ နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက “ ဒီဒေသက စတုရန်း ကီလိုမီတာ ၁၀၀၀၀၀ ကျော်လောက်ပဲ ကျယ်တာပါ၊ ခုခံတိုက်ခိုက်ဖို့ တပ်ရင်း ၃၀ ကတော့ များလွန်းပါတယ်၊ ဒီနေရာမှာ ရေရှည် တပ်စွဲထားမယ့် သဘောရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အပြင် မိတ္ထီလာ အခြေစိုက် ခြေလျင် တပ်မ ၉၉ ကိုလည်း တပ်လှန့်ထားကြောင်း၊ ရှမ်းပြည်နယ် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ စစ်တပ်များကိုလည်း အသင့် အနေအထား ပြင်ဆင် ထားရန် အမိန့်ပေးထားကြောင်း စစ်တပ်နှင့် နီးစပ်သော အသိုင်း အ၀န်းက ဆိုသည်။
ကိုးကန့်ဒေသတွင် တာဝန်ကျ တပ်ဖွဲ့များကိုလည်း ကိုးကန့်၏ အဓိက ခေါင်းဆောင် ၄ ဦးကို ပစ်မှတ်ထား ဖမ်းဆီးရန် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အမိန့်ပေး ထားကြောင်း သိရသည်။
အဆိုပါ ပုဂ္ဂိုလ်များမှာ ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြားဖူး၊ ဦးဖုန်တာရွှင်နှင့် ဦးဖုန်တာလီတို့ ဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က စစ်ဆေးဖော်ထုတ် သိမ်းပိုက်ခဲ့သည့် တရားမ၀င် လက်နက် ခဲယမ်း ထုတ်လုပ် ရောင်းချသော စက်ရုံနှင့် ပတ် သက်၍ တာဝန်ရှိသူများ ဖြစ်သည်ဟု အစိုးရ သတင်းစာများတွင် ရေးသားထားသည်။
ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များသည် ယင်းပုဂ္ဂိုလ် ၄ ဦးနှင့်သာသက်ဆိုင်ပြီး ကိုးကန့် လက်နက် ကိုင် တပ်ဖွဲ့ဝင်များအား ဥပဒေဘောင် အတွင်း ပြန်လည် ၀င်ရောက်နေထိုင်ခွင့် ပြုကြောင်း စစ်အစိုးရ က ကြေညာချက် တစောင်ကို သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
သြဂုတ်လ ၃၁ ရက်နေ့တွင်ပင် ယင်းကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့်ပတ်သက်၍ မိုင်းလား အထူးဒေသ ( ၄ ) သို့ စစ်အစိုးရ၏ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီး(ပ) ဒုတိယဗိုလ်မှုးကြီး သန်းထွဋ္ဋ်သိန်း၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ မှ ဗိုလ်မှုး ရန်နောင်စိုးတို့ သွားရောက် ရှင်းလင်းပြောခဲ့သည် ဟုသိရသည်။
အလားတူ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ကိုးကန့်အရေးနှင့် ပတ်သက်၍ ရှင်းလင်းရန် သြဂုတ်လ ၂၉ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှုးကြီးသက်ပုံ ရောက်ရှိလာကြောင်း သိရသည်။
ထိုသြဂုတ်လ ၂၉ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ဝင် အင်အား ရာနှင့်ချီ၍ တရုတ်နိုင်ငံယူနန်ပြည်နယ် အတွင်းသို့ ၀င်ရောက်ပြီး တရုတ်အစိုးရထံတွင် လက်နက်အပ်ခဲ့သည်။
သြဂုတ်လ ၂၈ရက်နေ့ကလည်း ကျေးသီး မန်စံ အခြေစိုက် ရှမ်းပြည်မြောက်ပိုင်း (SSA-N ) တပ်မဟာ ၁ ဒု တပ်မဟာမှုး ဗိုလ်မှုးကြီး ခူးတိုင်း ကို မိုင်းနောင်၊ လဲချား အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂ )မှ ဗိုလ်မှူးကြီး ကျော်ဇံမြင့် က ခေါ်ယူတွေဆုံခဲ့ပြီး ကိုးကန့် ကိစ္စနှင့် ပတ်သက်၍ ရှင်းပြခဲ့သည် ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်ကပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ အိမ်ကို ၀င်ရောက်စီးနင်းခဲ့သည်။
ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းခြင်း ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီ အသစ် ဖွဲ့စည်းလိုက်ပြီး ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်က ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သြဂုတ်လ ၈ ရက်နေ့တွင် ဦးဖုန်ကြားရှင် နှင့် အဖွဲ့၏ တရားမ၀င် လက်နက်စက်ရုံကို တဖက်နိုင်ငံ၏ သတင်းပေး ချက်အရ စစ်အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေး ဖော်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့ကို ကိုယ်တိုင်လာရောက် ဖြေရှင်းရန် ဆင့်ခေါ်ရာမှ တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
အဆိုပါ ကိုးကန့်ဒေသ စစ်ရေးတိုက်ခိုက်မှုများနှင့် ပတ်သက်၍ တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေးကို ထိန်းသိမ်း ဆောင်ရွက်ရန် မြန်မာစစ်အစိုးရအား တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာနက တိုက်တွန်းပြောကြားထားသည်။
ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် တရုတ်နိုင်ငံဘက်သို့ စစ်အစိုးရတပ်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲ၍ တရုတ်လူမျိုးတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသည်ဟုလည်း သိရသည်။
ကိုးကန့်ဒေသ မှ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသော ဒုက္ခသည်ပေါင်း ၃၇၀၀၀ အတွက် တရုတ် အစိုးရက လူသားချင်းစာနာမှု အရ တရုတ်ယွမ်ငွေ ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁.၄ သန်းခန့်) သုံးစွဲခဲ့သည် ဟု သြဂုတ်လ ၃၁ ရက်နေ့ ကဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ထုတ်ပြန်သော တရားဝင် စာရင်းအရ တိမ်းရှောင် သွားသူပေါင်း ၃၀၀၀၀ ခန့် ရှိ သည်ဟု သိရသည်။ ယင်းသို့ တရုတ်နိုင်ငံဘက်သို့ ခိုလှုံသွားသူများထဲမှ ၅၈၁၁ ဦး လောက်ကိုင် ဒေသသို့ ပြန်လည် ဝင်ရောက်လာကြကြောင်း ယနေ့ထုတ် အစိုးရ မြန်မာ့လင်း သတင်းစာတွင် ဖော်ပြထားသည်။
ဤသတင်းအား ဧရာဝတီ သတင်းထောက် ရန်ပိုင် နှင့် ကိုထွေး ပူးပေါင်း ရေးသားသည်။
Labels:
ဧရာဝတီ မှ
dinsdag 1 september 2009
ပြည်သူက မြစ်တစင်း၊ စစ်အစိုးရက ရေခွက်ငယ်

Monday, 18 May 2009 18:13 ကေတီဦး
မြန်မာ စစ်အစိုးရဟာ သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ထဲက ၂၀၁၀ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အတိုက်အခံ နိုင်ငံရေးသမားတွေကို ပါဝင်ခွင့်မရအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားဖယ်ရှင်းနေပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ နောက်ဆုံးလုပ်ရပ်ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမဲ့အချိန်မှာ နောက်ထပ်ဖမ်းဆီးထားနိုင်အောင် လုပ်ကြံဇာတ်လမ်းတခု ဖန်တည်းပြီး အင်းစိန်ထောင်ကို ပို့၊ နောက်တော့ ရာဇဝတ်ပြစ်မှု ပုဒ်မ (၂၂) နဲ့ တရားစွဲဆိုလိုက်ပြန်တာပါပဲ။
ဒီလုပ်ရပ်ဟာ ပြည်သူလူထုထောက်ခံမှု အပြည့်အဝရထားတဲ့ လူထုခေါင်းဆောင်ကို လူထုနဲ့ မထိတွေ့နိုင်အောင် စီမံတဲ့ အစီအမံ အကောက်ကြံမှုတခုသာ ဖြစ်တယ်ဆိုတာ မြန်မာပြည်သူပြည်သားတွေသာမက ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတကာကပါ သိသာမြင်သာတဲ့ ကိစ္စဖြစ်ပါတယ်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ ရာဇဝတ်ပုဒ်မ (၂၂) ဟာ တားဆီးပိတ်ပင်မှုကို ဖောက်ဖျက်တယ်ဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသားတယောက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကို အင်းလျားရေပြင်ကိုဖြတ်ပြီး ရေကူးခိုးဝင်လာတယ်ဆိုတဲ့ ကိစ္စဟာ တကယ်တော့ မဖြစ်နိုင်တဲ့ ကိစ္စတခုပါ။ စစ်တပ်ကြီးနဲ့ ဝိုင်းထားတဲ့၊ လုံခြုံရေးစည်း သုံးဆင့်ချထားတဲ့၊ မိန်းမသား ၃ ယောက်တည်း နေထိုင်တဲ့ အိမ်တအိမ်ထဲကို အပြင်လူဝင်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကို ယခင်ထောက်လှန်းရေး အဖွဲ့ဝင်ဟောင်း ဦးအောင်လင်းထွဋ်ကရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံကို လုံခြုံရေးတာဝန်ယူခဲ့ဖူးသူက သတင်းဌာနတွေကတဆင့် သုံးသပ်ပြောဆိုသွားခဲ့ကြပါပြီ။ ဖြစ်ခဲ့တယ်ဆိုရင်လဲ လုံခြုံရေးတာဝန်ယူထားတဲ့ နအဖစစ်အစိုးရမှာသာ တာဝန်ရှိပါတယ်။ တရားးစွဲခြင်းစွဲရင် လုံခြုံရေးတာဝန်ပေါ့လျော့တဲ့ စစ်အစိုးရကိုသာ ပြည်သူလူထုက တရားစွဲဆိုရမှာဖြစ်ပါတယ်။
အခုတော့ အဓိပ္ပါယ်မရှိ စစ်တပ်ကြီးဝိုင်းထားတဲ့ ခြံတခုထဲကို စဉ်းစားဆင်ခြင်ဉာဏ်နဲတဲ့ လူတယောက် ဝင်ရောက်ကူးကျော်တာနဲ့ ကူးကျော်ခံရတဲ့ မိန်းမသား ၃ယောက်ကို တရားခံဖြစ်စေတယ်ဆိုတာ လုံးဝ (လုံးဝ) အခြေအမြစ်မရှိ၊ အကျိုးအကြောင်းမလျော်ကန်တဲ့ လုပ်ကြံစော်ကားမှုတရပ်သာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာလူထုတခုလုံးက ထောက်ခံတဲ့ အမျိုးသားခေါင်းဆောင်အဖြစ် ကမ္ဘာ့အစိုးရတွေနဲ့ အဖွဲ့အစည်းမျိုးစုံက အသိအမှတ်ပြုခံရသူပါ။ သူမဟာ တိုင်းပြည်ရဲ့ အချိန်အခါ၊ အခြေအနေ၊ လိုအပ်ချက်နဲ့အညီ ပေါ်ထွက်လာခဲ့တဲ့ အရည်အချင်းပြည့်စုံတဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလဲ စစ်အစိုးရကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲရဲ့ အနိုင်ရပါတီ ဖြစ်တယ်။
ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အနိုင်ရပါတီတခုရဲ့ ခေါင်းဆောင်ကို အခုလို ၁၃ နှစ်ကြာ နေအိမ်အကျယ်ချုပ် ချုပ်ထားခြင်း၊ အင်းစိန်ထောင်ကိုပို့ပြီး ရာဇဝတ်မှုနဲ့ တရားစွဲဆိုခြင်းဆိုတာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက ပြည်သူလူထုကို စော်ကားမော်ကား ပြုကျင့်နေခြင်းနဲ့ အတူတူပါပဲ။ ပြည်သူကို စော်ကားတဲ့ စစ်အစိုးရကို ဦးဆောင်နေသူ စစ်ဗိုလ်ချုပ်ကြီးတွေဟာ လောဘ ဒေါသ မောဟဖုံးလွှမ်းပြီး အမှန်ကို မမြင်နိုင်ဘဲ ပြည်သူကို အထင်သေးနေလို့ပဲ ဖြစ်ပါတယ်။
အမှန်တကယ်တော့ ပြည်သူလူထုဆိုတာ အင်မတန်မှ အင်အားကြီးမားတဲ့ မြစ်တစင်းနဲ့ တူပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်ခေတ်၊ ဘယ်အချိန်၊ ဘယ်ကာလမှာမဆို အမြဲတစေ ဒီပြည်သူလူထုပါပဲ။ မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေဟာ ကမ္ဘာဦး၊ ပုံတောင်ပုံညာ၊ ကျောက်ခေတ်၊ အညာသားတွေက စလို့၊ ရေကြည်ရာမျက်နုရာ ပြောင်းရွှေ့နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းထားတဲ့ ပြည်သူလူထု ဖြစ်ပါတယ်။ သမိုင်းတင်ပြီးနောက် ကာလတလျှောက်လုံး ပြည်သူတွေဟာ ဒီပြည်သူတွေပါပဲ။ သားစဉ်မြေးဆက် မြစ်ကြီးတစဉ်း စီိးဆင်းနေသလို စီဆင်းနေပါတယ်။ ခိုင်မြဲစွာ တည်ရှိနေပါတယ်။ အစိုးရဆိုတဲ့ အုပ်ချုပ်သူတွေကတော့ မင်းလို့ပဲခေါ်ခေါ် ဘုရင်လို့ပဲသုံးသုံး သမ္မတလို့ပဲဆိုဆို ဝန်ကြီးချုပ်လို့ပဲ နာမည်ပေးပေး ဥက္ကဌကြီးလို့ မှည့်မှည့် ဗိုလ်ချုပ်မှူးကြီးလို့ ပြောပြော အမြဲတမ်း ပြောင်းလဲနေတဲ့အရာပါ။
ပြောရရင်တော့ အုပ်ချုပ်သူအစိုးရဆိုတာ မြစ်ကြီးနဲ့တူတဲ့ ပြည်သူလူထုနဲ့ နှိုင်းယှဉ်ရင် ခွက်တခုထဲက ရေမျှသာဖြစ်ပါတယ်။ လူအများက ခွက်ထဲကရေ ကြည်ရင် သန့်ရင် သောက်သုံးမယ်။ မကြည်ရ မသန့်ရင် မသောက်သုံးတော့ဘူး။ ချိုးလို့ရရင် ချိုးမယ်၊ သုံးလို့ရရင် သုံးမယ်၊ ခြေဆေးလို့ရရင် ခြေဆေးမယ်။ ခြေတောင်ဆေးလို့မရလောက်အောင် မသန့်မစင်တော့ဘူးဆိုရင်တော့ ဒီလိုခွက်ထဲက ညစ်ပတ်နံစော်နေတဲ့ ရေကို ဘယ်သူကမှ သုံးစွဲတော့မှာ မဟုတ်ပါဘူး။ ရေပုပ်ရေသိုး ရေညစ်ပတ်တွေကို သွန်ပစ်မယ်။ သွန်မရသေးရင် ဒီအတိုင်း စွန့်ပစ်ထားမယ်ပေါ့။
အစိုးရဆိုတာလဲ ဒီလိုပါပဲ။ မကောင်းတဲ့ အုပ်ချုပ်သူ အစိုးရတခုကို သုံးစွဲဖို့ ဆက်လက်ထားရှိဖို့ဆိုတာ ဘယ်ပြည်သူလူထုကမှ စဉ်းစားမှာမဟုတ်တော့ပါဘူး။ စစ်တပ်အစိုးရ မြန်မာပြည်ကို ဦးဆောင်ခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းကပါ။ အဲဒီအချိန်ကတည်းက စစ်တပ်အစိုးရတွေဟာ စီမံခန့်ခွဲမှု အလွန်ညံ့ဖျင်းတဲ့အပြင် လူထုကို နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ခဲ့ကြလို့ ၁၉၈၈ ခုနှစ်မှာတော့ လူထုရဲ့ သည်းခံနိုင်မှုဟာ အဆုံးစွန်ကို ရောက်ခဲ့ပါတယ်။ ပြည်သူလူထုဟာ စစ်တပ်ကြီးစိုးတဲ့ အစိုးရမျိုးနွယ်မှန်သမျှကို မလိုလားတော့ဘူး၊ မနှစ်သက်တော့ဘူးဆိုတဲ့အကြောင်း ကြီးမားကျယ်ပြန့်လှတဲ့ လူထုအုံကြွမှုတွေနဲ့ သက်သေပြခဲ့ကြပြီး ဖြစ်သလို ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲ၊ ပြီးတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးကြီးတွေနဲ့လည်း ထပ်ဆင့် အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။
ပြည်သူလူထုရဲ့ စစ်အစိုးရ အပေါ်သဘောထားကို သတင်းစာဆရာ ဘတ်တေးလစ်တနာရဲ့ “Outrage” စာအုပ်မှာ ရေးခဲ့တာက ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကာလမှာ စစ်တပ်က အပစ်အခတ်ရပ်စဲပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်၊ ဆရာမတွေကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အချိန်ဟာ End point တခုပါပဲတဲ့။ ဘယ်လို End point မျိုးလဲဆိုရင် တပ်မတော် ဂုဏ်ရှိတယ်ဆိုတဲ့ နေ့တွေကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့တဲ့ အချိုးအကွေ့ point တခုပါတဲ့။ ဒီစကားဟာ သိပ်ကိုမှန်ကန်တယ်လို့ ထင်မြင်မိပါတယ်။ စစ်တပ်အစိုးရဟာ ဒီအတိုင်း ပြည်သူကို ဖိနှိပ်ခြင်းတွေနဲ့သာ မူဝါဒမပြောင်းလဲဘဲ အကျိုးမရှိတဲ့ ခေါင်းမာမှုတွေနဲ့ ဆက်လက် ချီတက်နေဦးမယ်ဆိုရင်တော့ ဂုဏ်သိက္ခာတွေ ဘယ်တော့မှ ပြန်လည်ရရှိနိုင်မယ် မဟုတ်တော့ပါဘူး။
စစ်အစိုးရဟာ ၁၉၈၈ ခုနှစ်အရေးတော်ပုံကြီး ပြီးကတည်းက ဂုဏ်သိက္ခာမှန်သမျှ ဆုံးရှုံးခဲ့ပြီး ပြည်သူရဲ့ စိတ်ကုန် စွန့်ပစ်ခြင်းကို ခံရတဲ့ ခွက်တခုထဲက ရေပုပ်ရေသိုး ဖြစ်ခဲ့ပါပြီ။ စစ်အစိုးရကို ယခု ဦးဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးတဲ့ စစ်ဗိုလ်ချုပ်တွေဟာ လမ်းပြမြေပုံကြီးကိုပဲ ဘယ်လိုပင် ဖက်ထားထား၊ မဲ အလိမ်အညာတွေနဲ့ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လောက်ပဲ အားကိုးကိုး၊ နောက်လာမဲ့ ၂၀၁၀ ခုနှစ်မှာ ဇွတ်အတင်းပြုလုပ်ဦးမယ့် အတုအယောင် ရွေးကောက်ပွဲကိုပဲ ဘယ်တော့မှ မပုပ်မသိုးတော့မယ့် ထမင်းထုပ်ကြီးလို့ထင်ထင် ဒါတွေအားလုံးဟာ ၁၉၈၈ ခုနှစ် ကျောင်းသားလူငယ်တွေ ဦးဆောင်ခဲ့တဲ့ အရေးတော်ပုံ၊ ၁၉၉၀ ခု ရွေးကောက်ပွဲရဲ့ လူထုဆန္ဒဖောပြမှုမဲရာခိုင်နှုန်း၊ ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးတို့နဲ့ နှိုင်းယှဉ်ရင် အရာရာဟာ အချည်းအနှီး ဖြစ်သွားမှာ ဖြစ်ပါတယ်။
လူထုရဲ့ စစ်မှန်တဲ့ ဆန္ဒထောက်ခံမှု မပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခု ဘယ်၍ဘယ်မျှ ခိုင်မာမှုရှိသလဲဆိုတာကို မမေ့နိုင်စရာ၊ မှတ်သားစရာ နမူနာအနေနဲ့ ပြောပြရရင် စစ်ခေါင်းဆောင် ဗိုလ်နေဝင်း ဦးဆောင်နေတဲ့ကာလ ၁၉၇၄ ခုနှစ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မေလမှာ အတည်ပြုခဲ့ပြီး ၁၉၇၄ ခု ဒီဇင်ဘာလမှာ ဦးသန့်အရေးအခင်းလို လူထုအုံကြွမှုတခု ကြီးမားစွာ ပေါ်ပေါက်ခဲ့တာ အထင်ကရ ရှိခဲ့ပါတယ်။ ကြားကာလ ၇ လသာ ခြားခဲ့ပါတယ်။
စစ်အစိုးရအနေနဲ့ ယခုအချိန်မှာ ၂၀၀၈ ခုနှစ်က မတရားတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး စစ်တပ်ကြီးစိုးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတခု အတည်ပြုနိုင်ခဲ့ပြီဆိုပြီး လူထုကို ပမာမခန့်နဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်၊ ရွေးကောက်ပွဲမှာ လူထုကနှစ်သက်တဲ့ ဘယ်သူမပါရအောင် လုပ်မယ်၊ ဘယ်ဝါမပါရအောင် လုပ်မယ်၊ ပြီးတော့ တို့စစ်တပ်က ၂၅%၊ ကျန်တဲ့ ၇၅% အတွက် ဒို့နဲ့ ပလင်းတူဗူးဆို့ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေရယ်၊ ဒို့နဲ့ ၁၀၀ မရ ၅၀၊ ၅၀ မရ ၁၀၊ ၁၀ မရ ၅ နဲ့ ဝင်ပူးကြတာပေါ့ဆိုတဲ့ ဈေးချိုချို ပွယောင်းယောင်း မုန့်လေပွေလို လူတွေနဲ့ပဲ ရွေးကောက်ပွဲ လုပ်ချင်ယောင် ဆောင်လိုက်ကြမယ်။ လူထုကနှစ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို ခေါင်းဆောင်တွေနဲ့ အခြား ထက်မြက်တဲ့ ခေါင်းဆောင်အားလုံးကိုတော့ လွှတ်ချိန်တန်လည်း လွှတ်မနေဘူး။ အမှုဆင်ပြီး ထောင်ထဲထည့် ထားလိုက်ကြရင် ဖြစ်တာပဲလို့ ပေါ့ပေါ့လေးတွေးရင် အမှားကြီး မှားပါလိမ့်မယ်။
ပြည်သူဆိုတာ မြစ်တစင်းပါ။ မြစ်ကြီးတမြစ်ရဲ့ သံစဉ်တွေဟာ အမြဲ တဖြောင့်ထဲမရှိနိုင်ပါဘူး။ မြစ်တမြစ်ရဲ့ သံစဉ်တွေဟာ တခါတရံ ငြိမ်ငြိမ်သက်သက် သံစဉ်ရှိမယ်၊ တခါတရံ လှိုင်းကျက်ခွပ်ကလေးတွေ လှုပ်ရှားသလို တိုးတိုးတိတ်တိတ် သံစဉ်ရှိမယ်။ ဒါပေမဲ့ တကြိမ်တခါမှာတော့ အင်မတန်အင်အားကြီးတဲ့ လှိုင်းတံပိုးကြီးတွေနဲ့ သူလိုရာကို ဝုန်းဝုန်းဒိုင်းဒိုင်း ဆွဲမြိုဝါးယူသွားနိုင်တဲ့ အခြေအနေမျိုးကို ရုတ်ချည်း ပြောင်းလဲသွားနိုင်ပါတယ်။ ထို့နည်းအတူ စားဖို့ ၊ နေဖို့၊ ဝတ်ဖို့၊ သားရေးသမီးရေး ဘဝအရေးတွေနဲ့ ရုန်းကန်နေကြရတဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေးသံစဉ်တွေဟာလဲ အနိမ့်အမြင့် အတက်အကျ သံစဉ်တွေ ရှိနိုင်ပါတယ်။ အခွင့်မသာလို့ မြစ်ပြင်ကြီး ငြိမ်သက်သလို ငြိမ်သက်နေပေမဲ့ တချိန်ချိန်မှာ အင်မတန်ကြီးမားတဲ့ လှိုင်းဂယက်တွေနဲ့ ဝုန်းဒိုင်းကျဲ ထကြွလာနိုင်ပါတယ်။
ပြည်သူဆိုတဲ့မြစ်ကြီးဟာ နှစ်အသောင်းအသိန်းအသန်း ပျောက်ကွယ်မသွားဘဲ သားစဉ်မြေးဆက် စီးဆင်းပြီး အနိမ့်အမြင့် သံစဉ်တွေနဲ့ ခိုင်မာစွာ တည်ရှိနေဦးမှာဖြစ်ပါတယ်။ စစ်အစိုးရကတော့ ပြည်သူက စွန့်ပစ်ခံရတဲ့ ညစ်ပတ်နေသော ခွက်တခုထဲက ရေ။ ရေမှ ပြန်လည်သန့်စင်ရန် ခက်ခဲသွားပြီဖြစ်တဲ့ ရေဆိုးရေညစ်။ ဒီရေညစ်ရေပုပ်တွေကို အသိဉာဏ်ရှိတဲ့ ဘယ်သူကမှ သုံးစွဲတော့မှာ မဟုတ်ပါဘူး။ ချွင်းချက်အနေနဲ့ အသိဉာဏ်မဲ့တဲ့ ကျီးတို့ ခွေးတို့ ဝက်တို့လို အဟိတ်တိရိစ္ဆန်တို့သာ သောက်သုံးကြပါလိမ့်မယ်။
မြန်မာပြည်သူပြည်သားတွေဟာ ညစ်ပတ်နေတဲ့ ခွက်တခုထဲက ရေညစ်ရေဆိုးတွေနဲ့ အလားတူတဲ့ စစ်အစိုးရကို ၁၉၈၈ ခုနှစ်ကတည်းက နည်းလမ်းမျိုးစုံနဲ့ သွန်ချပြီး ရေကြည်ရေသန့်နဲ့ လဲလှယ်ဖို့ ကြိုးစားနေကြပါပြီ။ ဒါကို ၁၉၈၈ ခု အရေးတော်ပုံ၊ စစ်အစိုးရကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲ၊ ရွှေဝါရောင်တော်လှန်ရေးတွေက သက်သေအရာ တည်ခဲ့ပါပြီ။ ဒီလူထုသက်သေတွေကို မျက်ကွယ်ပြုပြီး ကလိမ်ကကျစ်နဲ့ အာဏာစွန့်လွှတ်ဖို့ ကြောက်လန့်တကြား တောင်ပြောမြောက်ပြော၊ တောင်လုပ်မြောက်လုပ် ဘယ်လိုလုပ်လုပ် နောက်ဆုံးတော့ ပြည်သူကသာ အနိုင်ရမှာ အသေချာပါပဲ။
စစ်အစိုးရရဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ လက်နက်နဲ့ဖိနှိပ်မှုတွေ၊ ဂုဏ်သိက္ခာမဲ့ ညစ်ပတ်မှုတွေ၊ အဆင်ခြင်မဲ့ ကလိမ်ကျမှုတွေကြောင့် ကျောက်ခွက်တခုထဲက ရေကို သွန်ထုတ်တဲ့အခါ ခက်ခဲလေးလံနေသလို ခက်ခဲနေလို့ ပြည်သူတွေဟာ အခိုက်အတန့် ငြိမ်သက်နေပေမယ့် ပြည်သူဆိုတဲ့ မြစ်ကြီးဟာ တနေ့နေ့ တချိန်ချိန်မှာတော့ အင်အားကြီးတဲ့မြစ်ရဲ့ လှိုင်းတံပိုးတွေနဲ့ ကျောက်ခွက်ထဲက ရေဆိုးရေညစ်တွေကိုသာမက ကျောက်ခွက်ကိုပါ ဝါးမြိုချေဖျက် ရိုက်ခွဲတွန်းလှဲပစ်မှာ အသေအချောပါပဲ။
အချုပ်အားဖြင့်ပြောရရင်တော့ နအဖစစ်အစိုးရဟာ ပြည်သူကို အထင်မသေးသင့်ပါ။ မထေမဲ့မြင် မပြုမူသင့်ပါ။ ပြည်သူဆိုတဲ့ ခိုင်မြဲလှတဲ့၊ အင်အားကောင်းလှတဲ့ မြစ်ကြီးကို အံမတုပါနှင့်။ ပြည်သူလူထုက ကိန်းသေ။ ရှိမြဲရှိနေမဲ့အရာ။ အုပ်ချုပ်သူအစိုးရဆိုတာ ကိန်းရှင်။ ရွှေ့လျှားပြောင်းလဲ မခိုင်မြဲတဲ့အရာ။ ဖားကိုတုလို့ ခရုခုန်လျှင် အိုင်ပွက်ယုံသာ ရှိပါလိမ့်မယ်။ ပြည်သူဆိုတဲ့ မြင့်မိုရ်တောင်ကို ဇီးစေ့နဲ့ပေါက်ရင် တနေ့နေ့ တချိန်ချိန်မှာ စစ်အစိုးရဆိုတဲ့ ဇီးစေ့သာလျှင် ကွဲပါလိမ့်မယ်။ ပြည်သူဆိုတဲ့ နံရံကို ခေါင်းနဲ့ မတိုက်ချင်ပါနဲ့။ စစ်အစိုးရဆိုတဲ့ ခေါင်းသာလျှင် ကွဲပါလိမ့်မယ်။ ပြည်သူဆိုတဲ့ မြစ်ကြီးနဲ့ နှိုင်းစာလျှင်လဲ စစ်အစိုးရဟာ ခွက်တခုထဲကရေမျှသာဖြစ်လို့ ပြည်သူက အပြစ်ပေးပြီဆိုရင် နောင်တရချိန် ရှိနိုင်မယ် မဟုတ်ပါဘူး။
ပြည်သူရဲ့ စစ်မှန်တဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမရှိတဲ့ အစိုးရတရပ်ဟာ ရေရှည်မှာ ဘယ်လိုမှ ရပ်တည်နိုင်မှာမဟုတ်ဘူးဆိုတာ အသေအချာပါပဲ။ နောက်ဆုံးတော့ မြေကြီးလက်ခတ်မလွဲ ကျဆုံးလိမ့်မယ်ဆိုတာ သတိပေးလိုက်ပါရစေ။ အကောင်းဆုံးကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ စစ်အစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ ပြည်သူနဲ့အလှမ်းဝေးရာ နေပြည်တော်စစ်အစိုးရ အမည်ခံ သူပုန်စခန်းမှာ ပုန်းရှောင်ပြီး တိုင်းသူပြည်သားတွေ အမှန်တကယ် လိုချင်နေတဲ့ ဒီမိုကရေစီတိုင်းပြည်သစ် တည်ဆောက်ရေးကို ဖျက်လိုဖျက်ဆီး အဖျက်အမှောင့် အနှောင့်အယှက်တွေ ပေးမနေတော့ဘဲ ပြည်သူ့လူထုရှေ့မှောက်မှာ အချိန် အလွန့်အလွန် မနှောင်းမှီ လွန်ခဲ့သမျှ ဝန်ချတောင်းပန်ပြီး လက်နက်ချ အလင်းဝင်ရောက်ကြရင် အကောင်းဆုံးပါပဲလို့ တိုက်တွန်းနှိုးဆော် အကြံပြုလိုက်ပါတယ်။
Labels:
ရိုးမ ၃ မှ
လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အိမ်ပြင်မည်
Tuesday, 01 September 2009 17:41 သန်းထိုက်ဦး
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို လုံခြုံရေးအတွက် ပြန်လည် ပြုပြင်ရန် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က အင်းစိန်ထောင်တွင်း၌ အမှု ရင်ဆိုင်နေရစဉ်ကပင် နေအိမ်ကို ပြုပြင်ရန် ပြောဆိုသောကြောင့် ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးနှင့် ဆက်သွယ်ပေးခဲ့သည်ဟု NLD ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
“ဆောက်လုပ်ရေး အင်ဂျင်နီယာကို ခြံထဲမှာ ခေါ်ပြီး အကုန်လုံး ပြလိုက်တယ်၊ ပေတွေ ဘာတွေ တိုင်းပြီးတော့ ပုံကြမ်း ရေးတယ်၊ အဲဒီ ပုံကြမ်းကို ဒေါ်စုကို ပြတယ်၊ ဒေါ်စုက လိုအပ်တာ ပြန်ပြတယ်၊ အဲဒီ အဆင့်ပဲ ရှိသေးတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
နေအိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိက ထားပြီး ပြုပြင်မည် ဖြစ်ကြောင်း သိရသည်။ အိမ်ပြင်ရန် အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်းကြားမည်ဟုလည်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။
မေလအတွင်း ၎င်း၏ နေအိမ်သို့ အမေရိကန် တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ရာ အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင် တရားစွဲခံခဲ့ရသောကြောင့် နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထိုအမှုတွင် အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေရန် အမိန့် ထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် အယူခံလွှာကို ယခုလ ၃ ရက် (ကြာသပတေးနေ့) တွင် ရန်ကုန် တိုင်းတရားရုံးသို့ တင်သွင်းမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး ပုံမှန် စစ်ဆေးပေးနေသူ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့် ဆက်လက် ကုသခွင့်ရရန် အာဏာပိုင်များထံ တောင်းဆိုထားသည်ဟု သိရ သော်လည်း မည်သည့် တုံ့ပြန်မှုမျှ မရရှိသေးကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

ကိုးကန့်အရေး နယ်စပ်ကုန်သွယ်မှု ထိခိုက်

Tuesday, 01 September 2009 19:02 ရန်ပိုင်
ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တရုတ်မြန်မာ နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်း ရပ်ဆိုင်းသွားကာ နယ်စပ်ဒေသ ကုန်သွယ်ရေးကို ထိခိုက်မှုရှိ ကြောင်း ဒေသခံစီးပွားရေး လုပ်ငန်းရှင်များနှင့် စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။
တရုတ်နိုင်ငံ နန်ဆန် မြို့ဘက်မှ မြန်မာပြည်ဘက်သို့ ကြည်ရှုနေသော ဒုက္ခသည် တဦး (ဓာတ်ပုံ - AP)
အဆိုပါ တိုက်ပွဲများကြောင့် ရှမ်းပြည်မြောက်ပိုင်းသို့ ကုန်တင်ကားကြီးများသွားလာမှု ရက်ပိုင်းမျှ ရပ်တန့်ခဲ့ရပြီး ကိုးကန့် ဒေသရှိ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းကိုလည်း ပိတ်ထားရသောကြောင့် တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ကျဆင်းမှုများ ရှိနေကြောင်းသိရသည်။
“မူဆယ်ဘက် သွားတဲ့ကားနည်းတယ်၊ ဆယ်စီးမှာ နှစ်စီးလောက်ပဲသွားကြတယ်၊ ကားချောဆွဲတာက ၆ ဘီးတွေကိုပဲ ရွေးဆွဲတာ၊တချို့၁၀ ဘီး၊ ၁၂ဘီး ပိုင်ရှင်တွေက ၆ ဘီးကားတွေကို ပြန်ငှားပေးရတယ်၊ လမ်းကြောင်းအခြေအနေက ဘာမှန်း မသိတော့ လားရှိုးဘက် မတက်ရဲဘူး၊ အဆင်းလည်းမရှိဘူး၊ ဒီရက်ပိုင်း မန္တလေးကို တရုတ်ကုန်အ၀င်အထွက် နည်းတယ်”ဟု မန္တလေး ကျွဲဆယ်ကန် အဝေးပြေးကားဂိတ်ရှိ မန္တလေး-မူဆယ် ကုန်တင်ကားဂိတ် တခုမှ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။
ယင်းအခြေအနေကြောင့် မန္တလေးမြို့ရှိ တရုတ်ကုန်ပစ္စည်း ရောင်းဝယ်မှု ဈေးကွက်တွင် ပစ္စည်းဈေးနှုန်း အနည်းငယ်တက် ခဲ့သော်လည်း ယခုအခါတွင် ပုံမှန်ဖြစ်နေပြီ ဖြစ်ကြောင်းသိရသည်။
“ပထမရက်ပိုင်းတွေ တုန်းကတော့ ကားတွေသိပ်အဆင်းအတက်မလုပ်ဘူးဆိုတော့ ရှိတဲ့ကုန်ကို ဈေးထိန်ရောင်းရတာပေါ့၊ ဒါပေမယ့် အခုမူဆယ်လမ်းကတော့ ပုံမှန်ဖြစ်သွားပြီ လို့ကြားတယ်”ဟု မန္တလေးမြို့မှ လူသုံးကုန်ပစ္စည်းရောင်းဝယ်သည့် စတိုးဆိုင်ပိုင်ရှင်တဦးက ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရတပ်များ ကိုးကန့်ဒေသတွင် ရှိနေသရွေ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ပုံမှန်ပြန်ဖြစ်လာရန် မလွယ်ကူကြောင်း တရုတ် မြန်မာနယ်စပ်ရှိ စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုသည်။
တရုတ်မြန်မာနယ်စပ်တွင် ချင်းရွှေဟော်သည် တတိယ ကုန်သွယ်ရေး စခန်းဖြစ်သော်လည်း နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှု များစွာမရှိ နိုင်ကြောင်း စီးပွားရေးပညာရှင် ခင်မောင်ညို(ဘောဂဗေဒ ) ကသုံးသပ်သည်။
“ဒီလမ်းကြောင်းက တရုတ်မြန်မာနယ်စပ် အဓိကလမ်းကြောင်းတော့မဟုတ်ဘူး၊ထိတော့ထိ ခိုက်မယ်၊ ဒါပေမယ် သိသိသာ သာ ကြီးတော့မဟုတ်ဘူး၊ ကုန်ပစ္စည်းဈေးနှုန်းတက်ရင်လည်း ရက်ပိုင်းပါ၊ စီးပွားရေးသမားတွေက လန့်တာတော့ လန့်တာ ပေါ”့ ဟု ဧရာဝတီသို့ ပြောသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကို ၂၀၀၅ ခုနှစ်တွင် စတင်ဖွင့်ခဲ့ပြီး မူဆယ်-မနွ္တှလေး ကားလမ်းပေါ်ရှိ သိန္နီမှ ကွမ်းလုံမြို့ ကိုဖြတ်ကာ သွားရပြီး တရုတ်မြန်မာနယ်စပ် လမ်းကြောင်းပေါ်ရှိ မူဆယ်ကုန်သွယ်ရေးစခန်း နှင့် လိုင်ဇာ ကုန်သွယ်ရေး စခန်းတို့ ပြီးလျှင် တတိယအကြီးဆုံး ကုန်သွယ်ရေးစခန်းဖြစ်သည်။
လောက်ကိုင်ဒေသတွင် တရုတ်နိုင်ငံဘက်မှ လာရောက်ပြီး ကက်စီနိုလောင်းကစားဝိုင်းများ ၊ စူပါမားကက်ကြီးများကို လာရောက်ဖွင့်လှစ် ထားသည်ဟုသိရသည်။
“လောက်ကိုင်မှာ ရာခိုင်နှုန်း ၉၀ က တရုတ်တွေ ရင်းနှီးထားတာ၊ တရုတ်တွေ ပိုင်တဲ့ စူပါမားကက်တွေ ၊ ဆိုင်တွေ၊ ကုမ္ပဏီ တွေထဲက ပစ္စည်းတွေ အလုခံရတယ်၊ စစ်တပ်တွေ ရှိနေသရွေ့စီးပွားရေးကတော့ ပြန်လုပ်ကြမှာ မဟုတ်ဘူး” ဟု မူဆယ်မြို့ရှိ ဒေသခံစီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ပြောသည်။
တရုတ်-မြန်မာနယ်စပ် တရားဝင်ကုန်သွယ်ရေးတွင် မြန်မာပြည်ဘက်မှ လယ်ယာထွက်ပစ္စည်း၊ ရေထွက် ပစ္စည်းများကို အဓိကတင်ပို့နေပြီး တရုတ်ဘက်မှ ဓာတ်မြေသြဇာ၊ ဖယောင်း၊ အိမ်ဆောက်ပစ္စည်း၊ စက်ပစ္စည်း၊ ကားတာယာ၊ လျှပ်စစ် ပစ္စည်း၊ အ၀တ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းသည် ဟုသိရသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရအာဏာပိုင်တို့ ထုတ်ပြန်သော တရားဝင်စာရင်းများအရ ကိုးကန့်ဒေသခံ ဒုက္ခသည် ၃၇၀၀၀ သည် နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲသို့ ၀င်ရောက်လာသည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည်များ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက် လာနေကြ သည်ဟု စစ်အစိုးရသတင်းစာများတွင် ဖော်ပြနေသော်လည်း အများစုမှာ မိမိတို့ပိုင် ပစ္စည်းများကို လာရောက်သိမ်းဆည်း ကြသည့် တရုတ်လူမျိုးများဖြစ်ကြောင်း ဒေသခံများ အဆိုအရ သိရသည်။
Labels:
ဧရာဝတီ မှ
Abonneren op:
Posts (Atom)