မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 27 januari 2010

မိုင်းလားတပ်ဖွဲ့ အတွင်းရေးမှူး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ


  
ခိုင်လင်း/ ၂၇ ဇန်န၀ါရီ ၂ဝ၁ဝ

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးမင်းအိမ်သည် ယနေ့နံနက်ပိုင်း၌ မိုင်းလားမြို့တွင် လုပ်ကြံခံရ၍ သေဆုံးသွားသည်။
အသက် (၅၄) နှစ်ရှိပြီဖြစ်သည့် ဦးမင်းအိမ်သည် ၎င်း၏နေအိမ်အနီးတွင် အမျိုးသားတဦးနှင့်အတူ လမ်းလျှောက်နေစဉ် နံနက် (၆) နာရီခန့်၌ သေနတ်ဖြင့် ပစ်ခတ်ခံရကာ ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မိုင်းလားတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တရုတ်-မြန်မာနယ်စပ်ဒေသခံတဦးက ပြောသည်။
၎င်းက “ဦးမင်းအိမ်ကတော့ သေနတ်ဒဏ်ရာ (၇) ချက်နဲ့ ပွဲချင်းပြီး သေဆုံးသွားတယ်။ သူရဲ့အဖော်ကတော့ သေနတ်ဒဏ်ရာ (၃) ချက်နဲ့ ဆေးရုံအသွားမှာ သေဆုံးသွားတယ်။ မြို့ထဲက သူ့အိမ်နားပဲ သေနတ်တွေနဲ့ ပစ်ခတ်သွားတာ။ ဘယ်သူပစ်တယ် ဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။
၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီးနောက်ပိုင်း ဦးမင်းအိမ်သည် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၏ အတွင်းရေးမှူးတာဝန်နှင့် မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူးတာဝန်ကို ယူထားသူဖြစ်ပြီး ညောင်နှစ်ပင် အမျိုးသားညီလာခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူလည်း ဖြစ်သည်။
မိုင်းလားတပ်ဖွဲ့အတွင်း နိုင်ငံရေးကိစ္စများနှင့် ပတ်သက်၍ နအဖနှင့်ဆက်ဆံရာတွင် ပြေပြစ်ကာ ပါးပါးနပ်နပ်ရှိသူ ဖြစ်သည့် အတွက် ဒေသနှင့်တပ်ဖွဲ့အတွက် ဆုံးရှုံးမူဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
၎င်းက “အခုချိန်မှာ ပြောဖို့တော့ စောသေးတာပေါ့။ ဒါပေမယ့် အခုလို ကိုမင်းအိမ်လို ဒေသအတွင်း နိုင်ငံရေးအရ ပါးပါးနပ်နပ်ရှိတဲ့ ပုဂ္ဂိုလ်မျိုးမရှိတဲ့အတွက် နအဖအတွက် အကျိုးရှိပါတယ်။ သူတို့လက်ချက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
မိုင်းလားတပ်ဖွဲ့သည် ယမန်နှစ်ကတည်းက စ၍ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးအတွက် နအဖ၏ ဖိအားပေးမှုကို ခံနေရပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ တို့ကဲ့သို့ နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံဘဲ ယခုအချိန်ထိ နအဖနှင့် ဆွေးနွေးနေဆဲဖြစ်သည်။

ဆန်စပါးလောက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတို့ဖြင့် စုစည်းမည်


 
စိုးမိုး/ ၂၇ ဇန်န၀ါရီ ၂ဝ၁ဝ

မြန်မာ့ဆန်စပါးအထူးပြု ကုမ္ပဏီ (၂၉) ခုကို အများပြည်သူသို့ ရှယ်ယာရောင်းချခွင့်ရှိသော အများပိုင်ကုမ္ပဏီများအဖြစ် အသွင်ပြောင်းလဲပြီး ဆန်စပါးလောကအတွင်း ရင်းနှီးမြှုပ်နှံမှုများကို စုစည်းသွားရန် အစိုးရက စီစဉ်နေကြောင်း သိရသည်။
လွန်ခဲ့သည့် နှစ်များကတည်းက ဆန်ကုန်သည်ကြီးများအသင်း၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းတို့က ဆန်စပါးလောကအတွင်း ရင်းနှီးမြှုပ်နှံမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် အများပိုင်ကုမ္ပဏီ ထူထောင်လုပ်ကိုင်ခွင့် တောင်းခံခဲ့ခြင်းကို အစိုးရက ပယ်ချခဲ့ပြီး ယခုအင်အားကြီး ပုဂ္ဂလိက လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့်ပေးရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
“ဆန်စပါးအဖွဲ့ (၃) ခုပေါ့ဗျာ။ ကုန်သည်အသင်း၊ ဆန်စက်အသင်း၊ စိုက်ပျိုးထုတ်လုပ်သူအသင်း။ ဒီအသင်းတွေက အများပိုင် ကုမ္ပဏီ ထောင်မယ်၊ ခွင့်တောင်းတယ်၊ စီစဉ်တယ်၊ ပယ်ချတယ်ခင်ဗျ။ အခု လုပ်ပိုင်ခွင့်ပေးမှာက တစိုက်မတ်မတ် ဆန်လောကမှာ လုပ်ကိုင်လာသူတွေ မဟုတ်ပါဘူး။ စီးပွားရေးသမားတွေပါ” ဟု ကုန်သည် စက်မှုအသင်းအမှုဆောင်က ပြောသည်။
ဆန်စပါးထုတ်လုပ်မှု လောကအတွင်း စီးပွားရေးသမားများ ထပ်တိုးဝင်ရောက်လာခြင်းသည် ကောင်းမွန်သော်လည်း အမှန်တကယ် ဆန်စပါးထုတ်လုပ်မှု၊ ဈေးကွက်ဖော်ဆောင်မှု တိုးတက်လာမည်ဟု ကြိမ်းသေပေါက် မပြောနိုင်ကြောင်း ၎င်းက ပြောသည်။
ဆန်စပါးအထူးပြု ကုမ္ပဏီများကို ကျော်ကြားသော စီးပွားရေးလုပ်ငန်းများဖြစ်သည့် ထူး၊ ဧဒင်၊ ရွှေနဂါးမင်း စသည့် ကုမ္ပဏီကြီးများနှင့် ဒေသခံ ဆန်စက်လုပ်ငန်းရှင်များ စုစည်းကာ ယမန်နှစ်က စတင်ဖွဲ့စည်းခဲ့ပြီး လယ်သမားများအား စိုက်ပျိုးစရိတ် ထုတ်ချေးမှုများ လုပ်ဆောင်ခဲ့သည်။ ယင်းကုမ္ပဏီများသည် အများပိုင် ကုမ္ပဏီများအဖြစ် အသွင်ပြောင်းပြီးပါက အများပြည်သူသို့ ကုမ္ပဏီ၏ ပိုင်ဆိုင်မှု အစုရှယ်ယာများ ရောင်းချခွင့် ရရှိလာမည်ဖြစ်သည်။
ပြည်တွင်းအခြေစိုက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု လေ့လာသူတဦးကမူ “ပြည်တွင်း ဆန်ဈေးမတက်ရဆိုတဲ့ မူရှိနေရင်တော့ တောင်သူလောက ဆင်းရဲနေဦးမှာပဲ။ ဆန်ဈေးက ပြည်ပနဲ့တန်းတူ ဖြစ်နေရင်လည်း ၀ယ်မစားနိုင်တဲ့ ပြည်သူက အစိုးရကို အပြစ်တင်လာမယ်။ အဲလိုနဲ့ တောင်သူတွေဘ၀ နိမ့်ကျလာတာ နှစ်ပေါင်းများစွာရှိနေပြီ” ဟု ထောက်ပြပြောဆိုသည်။
စစ်အစိုးရက ဆန်ကို ဗျူဟာသီးနှံအဖြစ် သတ်မှတ်ထားပြီး ပြည်တွင်းစားသုံးမှု ဖူလုံမှ ပြည်ပတင်ပို့ရန် မူဝါဒ ချမှတ်ထားသည့် အပြင် ပြည်တွင်း ဆန်ဈေးနှုန်းကိုလည်း ထိန်းချုပ်ထားသောကြောင့် စပါးစိုက်တောင်သူများ ဆန်စပါး ဈေးကောင်းမရရှိဘဲ တနှစ်ထက်တနှစ် ဆင်းရဲတွင်းနက်လာသည်ဟုလည်း ၎င်းက ပြောဆိုသည်။
တောင်သူများက လယ်ယာသွင်းအားစုများဖြစ်သော ဓာတ်မြေသြဇာ၊ လုပ်အားခ၊ စက်ပစ္စည်း၊ ဒီဇယ်၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးဝါးတို့ကို ပြည်ပပေါက်ဈေးအတိုင်း ၀ယ်ယူအသုံးပြုရပြီး ထုတ်ကုန် ဆန်စပါးကိုမူ စစ်အစိုးရ ထိန်းချုပ်ဈေးနှုန်းဖြင့် ရောင်းဝယ်နေရခြင်းဖြစ်သည်။
ဆန်စပါး အဓိကထုတ်လုပ်သည့်နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် ဆန်စပါးထုတ်လုပ်မှု လျော့ကျလာခြင်း၊ တောင်သူများ ဆင်းရဲတွင်းနက်နေခြင်း၊ လယ်ယာလုပ်သားများ ပြည်ပထွက် အလုပ်လုပ်ကိုင်မှု များလာပြီး လယ်ယာလုပ်သား ရှားပါးခြင်း၊ မျိုးဆက်သစ် လယ်ယာလုပ်ငန်း လုပ်ကိုင်လိုသူ ရှားပါးလာခြင်း၊ ဒေသတွင်း ဆန်စပါးအဆင့်အတန်း နိမ့်ကျနေခြင်းတို့က မြန်မာ့ ဆန်စပါး ထုတ်လုပ်မှုကို ခြိမ်းခြောက်စိန်ခေါ်နေကြောင်း ဆန်လုပ်ငန်းရှင်များက ပြောဆိုသည်။
စစ်အစိုးရအဆက်ဆက်တွင် တောင်သူများက အစိုးရသတ်မှတ်ဈေးဖြင့် စပါးရောင်းချခဲ့ရပြီး ၂၀၀၃ ခုနှစ်တွင် အဆိုပါစနစ်ကို ဖျက်သိမ်းပေးခဲ့သော်လည်း ယခုအချိန်ထိ လွတ်လပ်စွာ ဆန်စပါးရောင်းဝယ်ခွင့် မပေးသေးပေ။

သတင်းပေးအဖြစ် လူငယ်များကို ကြံ့ဖွံ့စည်းရုံး

မျိုးချစ်သူ/ ၂၇ ဇန်န၀ါရီ ၂ဝ၁ဝ

မြန်မာနိုင်ငံအနှံ့ရှိ မြို့နယ်တို့တွင် စစ်အစိုးရအား ဆန့်ကျင်မည့် ရည်ရွယ်လှုပ်ရှားမှုများ ရှိမရှိ သတင်းပေးရန်အတွက် လူငယ်အချို့အား ကြံ့ဖွံ့က စည်းရုံးလျက်ရှိကြောင်း သိရသည်။
သတင်းပေးနိုင်မည့် လူငယ်များ ရရှိနိုင်ရန် ယခုနှစ်ဆန်းပိုင်းက စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ကြံ့ဖွံ့ အသင်း ၀င်ထားရသည့် (၁၀) တန်းအောင် ကျောင်းသားတဦးက ပြောသည်။
“ကျနော်တို့ကို အင်တာနက်ဆိုင်တွေကို လွှတ်တယ်။ ပြီးတော့ အင်တာနက်ဆိုင်တွေမှာ အင်တာနက် အသုံးပြုနေသူတွေ ဘာတွေ လုပ်နေလဲဆိုတာကို မသိမသာ ကြည့်ပေးဖို့ကို ပြောတယ်။ အခြားနေရာအနှံ့မှာလည်း တချို့လူတွေ ပြောဆိုနေတာတွေကို နားစွင့်ခိုင်းပြီး ပြန်တင်ပြပါလို့ ပြောတယ်။ ကျနော်ကတော့ သူတို့ပြောတာကို နားထောင်တယ်။ ပြီးတော့ သူတို့ပြောတဲ့ အတိုင်းတော့ မလုပ်ဘူး။ ဒါ ကိုယ့်နိုင်ငံပဲ၊ လွတ်လွတ်လပ်လပ်နေထိုင်နိုင်ရမယ်” ဟု ယင်းလူငယ်က ပြောသည်။
ထိုသို့လုပ်ဆောင်ချက်မှာ (၁၀) တန်းအောင် ကျောင်းသားအရွယ်များနှင့် ကြံ့ဖွံ့ဘက်သို့ ပါနိုင်သောသူများကို ရွေးချယ်ကာ စွမ်းရည်မြှင့်တင်ရေးနှင့် စည်းရုံးရေးသင်တန်းကို မြို့နယ်အသီးသီးတွင်ပေးရန် ၂၀၀၉ ခု နှစ်လယ်ပိုင်းက ချမှတ်ခဲ့သည့် စီမံချက်ကြောင့်ဖြစ်ကြောင်း ရန်ကုန်တိုင်းကြံ့ဖွံ့အဖွဲ့မှ အလုပ်အမှုဆောင်တဦးက ပြောသည်။
အဆိုပါသင်တန်းကို သက်ဆိုင်ရာမြို့နယ်အလိုက် ကြံ့ဖွံ့အသင်းဝင်များ၊ စည်းရုံးရရှိသည့် လူငယ်များနှင့် ဖွင့်လှစ်ခဲ့ရာ နယ်မြေခံ စစ်တပ်အရာရှိ (၁) ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ အရာရှိ (၁) ဦးနှင့် ကြံ့ဖွံ့မှ (၃) ဦးတို့က ပတ်ဝန်းကျင်တွင် သတင်းစုံစမ်းတတ်ရန်နှင့် လူမှုပေါင်းသင်းဆက်ဆံရေးကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
“မြို့နယ်တွေရဲ့ ကြံ့ဖွံ့ရုံးတွေတိုင်းမှာ ယောက်ျား၊ မိန်းမ အထက်တန်းအောင်ပြီးသား အရွယ်တွေကို စုဆောင်းဖို့ ညွှန်ကြားထား တယ်။ ဒီစီမံချက်က လောလောဆယ်တော့ မအောင်မြင်နိုင်ဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ချက်ချင်းကြီး ကလေးတွေကို စည်းရုံးဖို့ဆိုတာက သိပ်မလွယ်ကူပါဘူး” ဟုလည်း စစ်အစိုးရကို မနှစ်သက်သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ခံ ကြံ့ဖွံ့အဖွဲ့ဝင် တဦးက ပြောသည်။
မြို့နယ်တိုင်း၏ မြို့တို့တွင်ရှိသော အစိုးရအမှုထမ်းများ၊ ပုဂ္ဂလိကလုပ်ငန်းများနှင့် ကျောင်းသားလူငယ်များမှာ ကြံ့ဖွံ့တွင် အသင်းဝင်အနေဖြင့် ၀င်ရောက်ထားကြရပြီးဖြစ်ကြောင်း၊ နောက်ထပ်လည်း အသင်းသားများ ထပ်ရရန် ကြံ့ဖွံ့က ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီထိ စည်းရုံးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြို့နယ်ကြံ့ဖွံ့အလုပ်အမှုဆောင် တဦးထံမှ သိရှိရသည်။

ကင်ဂျိ နာဂါအိ အမှတ်တရဆု အကျဉ်းကျသတင်းထောက် (၂) ဦးရရှိ

စိုးမိုး/ ၂၇ ဇန်န၀ါရီ ၂ဝ၁ဝ

ပြည်တွင်းသတင်းရယူမှုဖြင့် စစ်အစိုးရ၏ နှစ်ရှည် ထောင်ဒဏ်ချခံထားရသည့် သတင်းထောက် မလှလှဝင်းနှင့် ကိုဝင်းမော်တို့ (၂) ဦးကို ယမန်နေ့က ကင်ဂျိ နာဂါအိ အမှတ်တရဆု ရွေးချယ်ပေးအပ်လိုက်သည်။
၂၀၀၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် စစ်အစိုးရ သတ်ဖြတ်ခြင်းခံလိုက်ရသည့် ဂျပန်သတင်းထောက် မစ္စတာ ကင်ဂျိ နာဂါအိ အမှတ်တရအဖြစ် ဂျပန်အခြေစိုက် သတင်းဌာန အေပီအက်ဖ်နှင့် မြန်မာသတင်းသမဂ္ဂတို့ ပူးပေါင်းပြီး ယခုဆုကို ပေးအပ်ခြင်းဖြစ်သည်။
ဆုချီးမြှင့်ခြင်းခံရသူ သတင်းထောက် (၂) ဦးမှာ စစ်အစိုးရ အကျဉ်းထောင်ထဲတွင် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရဆဲဖြစ်သည်။
အသက် (၂၆) နှစ်အရွယ် သတင်းထောက် မလှလှဝင်းသည် ပခုက္ကူမြို့ သံဃာတော်များအား တွေ့ဆုံမေးမြန်း သတင်းရယူခဲ့ သောကြောင့် ပြီးခဲ့သည့် ၂၀၀၉ ဒီဇင်ဘာလတွင် စစ်အစိုးရ၏ ထောင်ဒဏ် (၂၇) နှစ် ချမှတ်ခြင်းခံရသည်။
ဗီဒီယိုနှင့် ဓာတ်ပုံသတင်းထောက် ကိုဝင်းမော်ကိုလည်း စစ်အစိုးရက ၂၀၀၇ ခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၁၇) နှစ် ချမှတ်ခဲ့သည်။
ဆုချီးမြှင့်ခံရသည့် မြန်မာသတင်းထောက် (၂) ဦး၏ လုပ်ငန်းစွမ်းဆောင်ချက်အပေါ် ဂုဏ်ယူပါကြောင်းနှင့် မိသားစုဝင်များ၏ ဒုက္ခကိုလည်း စာနာပါကြောင်း သေဆုံးသူ ဂျပန် သတင်းထောက် ကင်ဂျိ နာဂါအိ အလုပ်လုပ်ကိုင်ခဲ့သည့် ဂျပန်အခြေစိုက် အေပီအက်ဖ် သတင်းဌာနဥက္ကဋ္ဌက ပြောကြားသည်။
ကင်ဂျိ နာဂါအိ အမှတ်တရဆုကို ဂျပန်အခြေစိုက် အေပီအက်ဖ် သတင်းဌာနက ပေးအပ်ပြီး မြန်မာသတင်းသမဂ္ဂက ဆုချီးမြှင့်ရန် ရွေးချယ်ပေးခြင်းဖြစ်ကာ လာမည့် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် မြန်မာ့မီဒီယာညီလာခံတွင် ပေးအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အစိုးရ ပစ်သတ်ခံရသည့် ကင်ဂျိ နာဂါအိ ကွယ်လွန်ခဲ့အပြီး တနှစ်အကြာတွင် မြန်မာသတင်းသမားများ အတွက် ရည်စူး၍ အမှတ်တရဆုကို အေပီအက်ဖ် သတင်းဌာနနှင့် မြန်မာသတင်းသမဂ္ဂတို့ ပူးပေါင်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
ပထမအကြိမ် ပေးအပ်သည့် ကင်ဂျိ နာဂါအိ အမှတ်တရဆုကို အမျိုးသမီးသတင်းထောက် မအိမ့်ခိုင်ဦး ရရှိခဲ့ပြီး ယခုဒုတိယ အကြိမ်တွင်လည်း မြန်မာအမျိုးသမီး သတင်းထောက်တဦး ထပ်မံရရှိခြင်းဖြစ်သည်။
အဆိုပါဆုကို ရည်စူးရာတွင် အကျဉ်းကျခံနေရသည့် သတင်းသမား၊ သတင်းထောက်များက ထိပ်ဆုံးမှပါရှိပြီး သတင်းယူရင်း အလုပ်ပြုတ်သွားသူများ၊ သတင်းဖော်ပြမှုကြောင့် စီးပွားရေးအရ အခက်အခဲဖြစ်သွားသူများ၊ သတင်းထောက်လိုင်စင် အပိတ်ခံရသူများ စသည်တို့ကို အစဉ်အလိုက် စီစဉ်ထားကြောင်း သိရသည်။

နိုင်ဝင်းဆွေ ဝတ္ထု (၂) အုပ် ပြန်လည်ထုတ်ဝေခွင့်ပြု


 
NEJ/ ၂၇ ဇန်န၀ါရီ ၂ဝ၁ဝ

ဗမာပြည်ကွန်မြူနစ်ပါတီသို့ တောခိုသွားခဲ့ကာ ကရင့်တော်လှန်ရေးနယ်မြေတွင် ကျဆုံးသွားသည့် နာမည်ကြီးစာရေးဆရာ နိုင်ဝင်းဆွေ၏ ဝတ္ထု (၂) အုပ်ကို ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်ကြောင်း စာပေစိစစ်ရေးရုံးမှ စုံစမ်းသိရသည်။
စာပေစိစစ်ရေးရုံးမှ စာစစ်မှူးတဦးက “နိုင်ဝင်းဆွေရဲ့ မဟူရာမေတ္တာနဲ့ နွေတစ်ည ဝတ္ထု (၂) အုပ်ကို ထုတ်ဝေခွင့် ချပေးလိုက် ပါတယ်။ ကံ့ကော်ဝတ်ရည်စာပေက ထုတ်ဝေခွင့် လာတင်တာကို ခွင့်ပြုပေးလိုက်ပါတယ်။ နိုင်ဝင်းဆွေရဲ့ အခြားစာအုပ်တွေ ကိုတော့ ထုတ်ဝေခွင့်ပြု မပြု မပြောနိုင်ပါဘူး။ ထုတ်ချင်ရင် စာမူ မူပိုင်ခွင့်ရှိသူရဲ့ ထောက်ခံစာနဲ့တကွ စာပေစိစစ်ရေးမှာ လာတင်ပြကြည့်လို့ရပါတယ်” ဟု ပြောသည်။
စာရေးဆရာ နိုင်ဝင်းဆွေ၏ စာအုပ်အဟောင်းများ ထုတ်ဝေခွင့်ကို နှစ်ပေါင်းများစွာ ပိတ်ပင်ထားရာ သူသေလွန်ပြီးချိန် အနှစ် (၂ဝ) နီးပါးကြာ ယခုနှစ်မှ ပြန်လည်ထုတ်ဝေခွင့်ရခြင်းဖြစ်သည်။
ရန်ကုန်မြို့မှ စာအုပ်ထုတ်ဝေသူတဦးက “နိုင်ဝင်းဆွေ စာအုပ်တွေဟာ စာအုပ်အဟောင်း ဈေးကွက်ထဲမှာတောင် အတော်ရှားသွားပြီ။ တချို့စာအုပ်တွေဆို ကျပ် (၁) သောင်း ပေးတာတောင် ရှာလို့မရနိုင်ဘူး။ ခုလို ထုတ်ဝေခွင့်ပြုလိုက်တော့ ကောင်းတာပေါ့။ ဒါမှ နောက်မျိုးဆက်တွေကပါ နိုင်ဝင်းဆွေရဲ့ စာတွေကို ဖတ်ဖူးသွားမယ်” ဟု ပြောသည်။
နာမည်ကျော် စာရေးဆရာနိုင်ဝင်းဆွေသည် ကျွန်းကုန်းမြို့နယ်၊ ချင်းကုန်းရွာတွင် ၁၉၄၁ ခုနှစ်၌ မွေးဖွားပြီး အမည်ရင်း ဦးနိုင်ဝင်းဖြစ်သည်။ ၁၉၅၉ ခုနှစ်မှစပြီး မြန်မာ့မီးရထားဌာနတွင် အလုပ်သင် ဘူတာစာရေးမှ ဘူတာကုန်ရုံစာရေးကြီးအဖြစ် အမှုထမ်းခဲ့သည်။
၎င်းသည် အလွန်ကျော်ကြားလှသည့် မဟူရာမေတ္တာ ဝတ္ထုရှည်ကို ၁၉၆၆ တွင် စတင်ရေးသားပြီး ၁၉၆၈ ခုနှစ် ရှုမဝမဂ္ဂဇင်း၌ စတင်ဖော်ပြခဲ့သည်။
ထို့နောက် နွေတစ်ည (၁၉၇၁)၊ မသိန်းရှင်ဆီ ပို့ပေးပါ (၁၉၇၁)၊ အချစ်ည (၁၉၇၂)၊ နိုးတစ်ဝက်အိပ်မက် (၁၉၇၂) နှင့် ရေဆန်လမ်း (၁၉၇၅)၊ ဘဝစာမျက်နှာများ စသည်တို့ကို ရေးသားထုတ်ဝေပြီး နောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်ပိုင်း စစ်ဒေသ ပန်ဆန်းသို့ တောခိုသွားခဲ့သည်။
၁၉၈၉ ခုနှစ် ဗကပ ဗဟိုတွင် အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့်အတူ တရုတ်ပြည်သို့ လိုက်ပါသွားခြင်း မရှိသကဲ့သို့ အာဏာသိမ်း ဝတပ်ဖွဲ့နှင့်လည်း ပူးပေါင်းခဲ့ခြင်း မရှိပေ။
အဆိုပါအချိန်က ဗကပ နယ်မြေသို့ ရောက်လာသည့် မဒတ တပ်ပေါင်းစု တပ်ဖွဲ့နှင့်အတူ မြန်မာပြည်တောင်ပိုင်း ကေအန်ယူ နယ်မြေသို့ လိုက်ပါသွားခဲ့ကာ စာပေကလပ်တွင် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် စစ်အစိုးရက မာနယ်ပလော ဌာနချုပ်ကို ထိုးစစ်ဆင်ရာတွင် အဆိုပါဒေသ၌ ကျဆုံးခဲ့ခြင်းဖြစ်သည်။

မြို့ပေါ်ဖောက်ထွင်းမှုကို သက်ဆိုင်ရာက အရေးယူနိုင်ခြင်းမရှိသေး

Wednesday, 27 January 2010 21:01 လွန်းဒင်
.ဘိုကလေးမြို့ပေါ်တွင် ဖောက်ထွင်းခိုးယူမှုများ ဖြစ်နေပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားခံပေါ်အောင် ရှာဖွေပေးနိုင်ခြင်း မရှိသေးကြောင်း မြို့ခံတဦးက ပြောသည်။

ဘိုကလေးမြို့၊ (၃) ရပ်ကွက်မှ နေအိမ်တအိမ်တွင် အဝတ်အထည်ပစ္စည်းများနှင့် အိမ်အသုံးဆောင်ပစ္စည်းများ ယမန်နေ့ည ၂ နာရီကျော်ခန့်က ဖောက်ထွင်းခိုးယူခြင်းခံရကာ ယခင်ကဖြစ်ခဲ့သည့် ခိုးယူမှုများမှာလဲ အမှုမှန် ပေါ်ပေါက်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။
“အခုယူသွားတဲ့ အဝတ်အစားတွေက တကယ်ကို ဈေးကြီးကြီးအဝတ်အစားတွေ၊ အိမ်နောက်ဖေးမှာ သီးသန့်ထားတဲ့ အဝတ်အစားတွေ၊ ဗီရိုထဲမှာ ထားထားတဲ့ ပစ္စည်းတွေ၊ ဒန်အိုးတွေဆိုလည်း သေသေချာချာ အလှူတွေ ဘာတွေလုပ်ရင်သုံးဖို့ ထားထားတဲ့ ဒန်အိုးတွေပါတယ်၊ အိမ်အသုံးဆောင်ပစ္စည်း အဖိုးတန်တွေ အကုန်ပါတယ်” ဟု ကာယကံရှင်က ပြောသည်။
ယင်း ခိုးခံရသော ပစ္စည်းများမှာ ကာလတန်ဖိုးကျပ်ငွေ (၇)သိန်းခန့် ရှိပြီး အဓိက ခိုးခံရသော ပစ္စည်းများမှာ အဝတ်အထည်၊ စတီးချိုင့်များနှင့် ဒန်အိုးဒန်ခွက်များ ပါဝင်သည်ဟု ပြောသည်။
“ခိုးအမှုတွေတော်တော်များများက မမိတာများတယ်။ အာဏာပိုင်တွေက ခန့်မှန်းချေနဲ့သာ လုပ်တာ၊ ဒီဘိုကလေးမှာ ခိုးမှုတွေကို မမိဘူးလေ၊ သူတို့က သံသယရှိတဲ့သူလောက်ကိုသာမေးတာ၊ ရိုက်တာ ထုတာ လောက်ဘဲ၊ ခိုးမှု တော်တော်များများဖြစ်တယ်၊ နေရာတိုင်းလိုလိုမှာ ဖြစ်တာ” ဟု ဆက်ပြောသည်။
ယခုကဲ့သို့ ဖောက်ထွင်းခိုးယူခံရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေခံ ရဲစခန်းကို အကြောင်းကြားထားသော်လည်း တရားခံကို ဖမ်းမမိသေးကြောင်း ၎င်းကဆက်ပြောသည်။
“အခုဆိုရင် ခိုးတာတွေများတယ်လေ၊ တမြို့တည်းတော့ မဟုတ်ဘူး၊ နေရာတိုင်းမှာ ဖြစ်တာ၊ လူတွေရဲ့ အကြပ်အတည်းက တော်တော်ကို ဆိုးဝါးနေတာလည်းပါတယ်၊ စားဝတ်နေရေး ကြပ်တည်းတော့ စာရိတ္တတွေ ပျက်စီးနေတာလည်း ပါတယ်၊ အားလုံးနေရာစုံ ဖြစ်နေကြတာ” ဟုပြောသည်။
ဘိုကလေးမြို့ပေါ်နှင့် နာဂစ်မုန်းတိုင်းသင့် ဒေသများတွင် စားဝတ်နေရေးကြပ်တည်းမှုများနှင့် အခြားအထွေထွေ လူမှုဒုက္ခများကြောင့် ယခင်ကထက် ဒုစရိုက်မှုများ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း မြို့ခံတဦးက သုံးသပ်ပြောဆိုသည်။

အကြံပိုင်သော ချိုကုပ်


 
Wednesday, 27 January 2010 17:36 ရန်ကုန်သားတာတေ
.ချင်းမိုင် ရောက်နေသော ချိုကုပ် ဒူးကြီးက ၉ နဝင်း ကြေရန်ဟု ဆိုကာ ညကလပ် ၉ ခု၊ ၃၇ မင်းအား ရည်ရွယ်၍ အနှိပ်ခန်း ၃၇ ခန်းနှင့် ၁၁ မီးငြိမ်းရန်ဟု ဆိုကာ ရေချိုးခန်း ၁၁ ခန်းကို တညတည်း အပြီး သွားချင်သည် ဆိုသောကြာင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ လိုက်ပို့ နေရသဖြင့် မောပန်း နေကြသည်။ ချင်းမိုင်တွင် ရေချိုးခန်းက ၁၁ ခန်း မပြည့် သောကြောင့် ရှိသမျှ အပေါင်း အသင်းများ၏ အိမ်ဂေဟာ များမှ ရေချိုးခန်းများ ကိုပါ လိုက်ပို့ရသေးသည်။

ချိုကုပ်။ ။ ဟတ် … ဟတ် … ဟတ် … ဟတ်ချိုး ...။ အခန်းပြန်ရအောင် ဖိုးရှုပ်ရေ။
ဖိုးရှုပ်။ ။ (ရေချိုးကန်ထဲမှ ချက်ချင်း ခုန်ထွက်လာပြီး ချမ်းလွန်းသဖြင့် မေးရိုက်သံဖြင့်) ဂတ် ဂတ် ဂတ် ဂတ် ... ပြန် … ပြန် သင့်ပြီပေါ့ ချိုကုပ်ဒူးကြီးရယ်။
ကြွက်စုတ်ဆီက ဘာအသံမှ မထွက်နိုင်တော့။ ထိုစဉ် သူတို့ရှေ့တွင် တစုံတခု ဘွားခနဲ ပေါ်လာသည်။ “ဟာ … ဦးရုက္ခစိုးကြီး” ဆိုသည့်အသံ သုံးယောက်လုံးထံမှ ထွက်လာသည်။
ရုက္ခစိုး။ ။ မင်းတို့ ပျောက်လို့လိုက်ရှာနေတာ ငါဖြင့် ဖတ်ဖတ်ကို မောနေတာပဲ။
ကြွက်စုတ်။ ။ ကျနော်တို့လည်း ချိုကုပ်ဒူးကြီးနှိပ်စက်လို့ ဖတ်ဖတ်ကို မောနေတာပဲ။
ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးက ဘယ်လိုဖြစ်ပြီး ချင်းမိုင်ရောက်နေတာလဲ ကျုပ်တောင် မသိလိုက်ရပါလား။
ချိုကုပ်။ ။ ဒီကိစ္စက ဦးရုက္ခစိုးကြီး သိစရာမလိုဘူးလေ။ ဒီနှစ်ယောက်နဲ့တင် ပြီးတယ်။ ကျုပ်ကို ဗေဒင်ဆရာက ချင်းမိုင်သွား ယတြာချေရမယ် ဆိုလို့ ရောက်နေတာ။ ဒီညတော့ ကိစ္စပြီးပါပြီ။
ရုက္ခစိုး။ ။ ဘာလုပ်ဖို့ ယတြာချေရပြန်တာလဲ။
ချိုကုပ်။ ။ ယတြာချေရင် အညံ့မှန်သမျှပျောက်မယ်၊ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်မယ် ဆိုလို့လေ။ တိုက်လေယာဉ်တစင်းကလည်း ပျက်ကျထားတယ် မဟုတ်လား။
ကြွက်စုတ်။ ။ ဒါကတော့ တရုတ်က သံစည်ပိုင်းပြတ်ထုပြီး လုပ်ပေးလိုက်တဲ့ လေယာဉ်ပျံကိုး။ ပျက်ကျမှာပေါ့။
ချိုကုပ်။ ။ တော်သေးတယ်၊ ကျုပ်မြေး ဖိုးလောက်လန်းက တက်စီးမယ်တကဲကဲ လုပ်နေတာ။ ကျုပ်ကနေဦး၊ တယောက် ယောက် အရင်စီးခိုင်းကြည့်ပြီး ပျက်မကျမှ စီးပါလို့ တောင်းပန်လိုက်လို့။ အောင်မလေး … ခုထိ ရင်တုန်တုန်းပဲ။
ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးက ချင်းမိုင်ရောက်နေတော့ တိုင်းရေးပြည်ရေး ကိစ္စတွေကို ဘယ်သူလုပ်မလဲဗျ။
ဦးရုက္ခစိုး မေးခွန်းထုတ်အပြီးတွင် ကြွက်စုတ်တို့ နှစ်ဦးသားမှာ ရေချိုးခန်းတန်ခိုးဖြင့် ဟတ်ချိုးချေနေကြသည်။ စာမျက်နှာ အခက်အခဲကြောင့်ကော၊ စာဖတ်သူ မျက်စိရှုပ်သွားမည် စိုးသောကြောင့်ပါ ထည့်မရေးတော့ပါ။
ချိုကုပ်။ ။ မှာစရာရှိတာ အကုန် ပြည်ထဲရေးဝန် မောင်ပြူးကို မှာခဲ့တယ်လေ။ မောင်ပြူးက စိတ်ချရတယ်။ ကျုပ် မှာတဲ့အတိုင်း တလွဲမသွေဘဲ။
ရုက္ခစိုး။ ။ ဒါနဲ့ နိုဝင်ဘာလမှ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှာလို့ ချိုကုပ်မောင်ပြူးက ကြံ့ဖွံ့တွေကို ပြောသွားတယ်နော်။ အဲဒါ တကယ်လား။
ချိုကုပ်။ ။ အဲဒါလည်း ယတြာချေတာပဲဗျ။ ဟဲဟဲ။
ရုက္ခစိုး။ ။ တကယ်က နိုဝင်ဘာဆို သူလွတ်ရမယ့် အချိန်ပဲ မဟုတ်ဘူးလား။
ချိုကုပ်။ ။ ဟုတ်တယ်လေ။ ဗေဒင်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါမယ်လို့ ပြောရမယ်တဲ့။ အဲဒါကြောင့် သူလွတ်ရမယ့်အချိန်မှာ လွှတ်မယ်လို့ ပြောလိုက်တယ်။
ကြွက်စုတ်။ ။ သြော် တော်တော့်ကို စေတနာ ဗရပွနဲ့ပါလား။
ဖိုးရှုပ်က နှာချေရပ်သွားသည့် ခဏတွင် “ဒါဆို ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာမှ တကယ်လွတ်ပြီပေါ့နော်” ဟု အတင်းဝင် မေးသည်။ သူက သတင်းထောက်ဆိုတော့ ထိုကိစ္စ ချိုကုပ်ဒူးကြီးပြောသည် ဆိုပြီး သတင်းလုပ်ရန်ဖြစ်သည်။
ကြွက်စုတ်။ ။ မင်းကလည်း အမှတ်မရှိ မေးပြန်ပြီ။ ကဗျာဆရာစောဝေတောင် လွတ်ရက်စေ့ပေမယ့် လွှတ်တာမှ မဟုတ်တာ။
ရုက္ခစိုး။ ။ လွှတ်မယ် ပြောထားတော့ တခုခုတော့ လုပ်မှဖြစ်မှာပေါ့။ မဟုတ်ရင် ခင်ဗျားကတိမတည်ဘူးလို့ အပြောခံရမယ်။
ချိုကုပ်။ ။ အာ … ကျုပ်က ကတိပေးတာမှ မဟုတ်ဘဲ။ မောင်ပြူး အရူးထပြီး လျှောက်ပြောတာပါလို့ ပြောလိုက်မှာပေါ့။
ကြွက်စုတ်။ ။ NLD က ရွေးကောက်ပွဲ ဝင်ချင်ဝင်မှာ ဆိုပြီး ပြောသေးတယ်နော်။ အဲဒါလည်း ယတြာပဲလား။
ချိုကုပ်။ ။ ဒါကတော့ ယတြာမဟုတ်ပါဘူး။ တကယ်ပြောတာပါ။ သူတို့ ထပ်တိုးတဲ့ စီအီးစီတွေ ကြည့်ပြီး အေးအေး ဆေးဆေး နိုင်တော့မယ်ဆိုတာ သိလို့ ဝဲလ်ကမ်းမင်း လုပ်သလိုလို ဘာလိုလို ရောချလိုက်တာ။
ဖိုးရှုပ်။ ။ လျှော့တွက်တဲ့သဘောလား၊ ၉၀ ရွေးကောက်ပွဲတုန်းကလည်း မဆလ က NLD ကို အဲဒီလို လျှော့တွက်ခဲ့လို့ ခံရပြီးပြီနော်၊ မမှတ်သေးဘူးလား။
ချိုကုပ်။ ။ လျှော့မတွက်ပါဘူး။ သူတို့ ရွေးကောက်ပွဲ ဝင်ချင်ဝင်လိမ့်မယ်လို့သာ ခန့်မှန်းတာ။ ဝင်ခွင့်ပေးဖို့ မပေးဖို့ဆိုတာ ကျုပ်အပေါ် မူတည်တယ်လေ။ အနားကပ်မှ အခြေအနေမဟန်ရင် ဒါလည်း မောင်ပြူး အရူးထပြီး အာချောင်ခဲ့တာပါလို့ လုပ်မှာပေါ့။
ရုက္ခစိုး။ ။ ဒါဆို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ကိစ္စ နည်းနည်းမှ မစဉ်းစားတော့ဘူးပေါ့ ဟုတ်လား။
ချိုကုပ်။ ။ အဲဒီလိုလည်း မဟုတ်ပါဘူးဗျာ၊ ကျုပ်က ဒီလောက်စေတနာတရား ခေါင်းပါးတဲ့သူ မဟုတ်ပါဘူး။
ဖိုးရှုပ်။ ။ ထင်ပါတယ်။ ချိုကုပ်ဒူးကြီး ကြည့်ရတာ တော်တော်လေး စေတနာရှိပုံ ပေါက်ပါတယ်။
ဖိုးရှုပ်စကားကြောင့် ကြွက်စုတ်က “အနှိပ်ခန်း အခမဲ့ပို့ပေးထားတဲ့ မျက်နှာနဲ့ ပြောနေပြန်ပြီ။ သတင်းထောက် ဆိုတာ အဂတိ မလိုက်စားရဘူးကွ” ဟု တွယ်လိုက်သည်ကို “ဟတ်ချိုး” တချက်ထချေလိုက်သော ဖိုးရှုပ် မကြားလိုက်ပေ။
ချိုကုပ်။ ။ ဒေါ်အောင်ဆန်းစုကြည်ကို တကယ်လွှတ်မှာဗျ။ တကယ်ကိုလွှတ်မှာ။ ကျုပ်မညာပါဘူးဗျာ။
ဖိုးရှုပ်။ ။ သာဓုဗျာ သာဓု ...။ ရွေးကောက်ပွဲ မတိုင်ခင်လွှတ်မယ်ဆိုရင်တော့ သာဓု နောက်တခွန်း ထပ်ခေါ်မယ်။
ချိုကုပ်။ ။ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်လိုက်လို့ ဒီသူငယ်မက ပေါက်ကရတွေ လျှောက်ပြောရင် ငါ့ရဲ့ Road Map ကြီး ဗရုတ်ဗရက် ဖြစ်သွားမှာ စိုးရသေးတယ်ကွာ ...။
ရုက္ခစိုး။ ။ ဒါဆို ရွေးကောက်ပွဲ မတိုင်ခင် မလွှတ်ဘူး ဆိုတဲ့သဘောပေါ့ ဟုတ်လား။
ချိုကုပ်။ ။ နေဦး၊ နေဦး။ ကဲဗျာ … ခင်ဗျားတို့ ပြောသလို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်မယ်။ လွှတ်မယ့်ရက်မတိုင်ခင် တလအလိုမှာ ကြေညာပေးမယ်။ ဟုတ်ပြီလား။
ဖိုးရှုပ်။ ။ ဟာ … တကယ်လား … ဒါဆို နောက်ထပ်တခါ … သာ …..
“သာ” ပြီး မ “ဓု” ရသေးခင် ချိုကုပ်ဒူးကြီး ဖြတ်ပြောလိုက်သော “အဲဒီတလအတွင်း ရေကူးချန်ပီယံ ဝက်ထော ကို ဗီဇာ ပေးလိုက်မယ်” ဆိုသည့် စကားကြောင့် ရည်းစားစကား ပြောထားသည့်ကောင်မလေးက အဖြေပေးမည်ဆိုသည့် နေ့တွင် လင်နောက်လိုက်သွားသလို ဖိုးရှုပ် ဆန့်တငင်ငင် ဖြစ်သွားရတော့သည်။
“ဟတ်ချိုး” “ဟတ်ချိုး” “ဟတ်ချိုး”
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။