မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 24 februari 2011

လောင်းကစားဒိုင် မိသားစု ပိုးသတ်ဆေးသောက်သေ

ကျော်ခ ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၀ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။အကြွေးများစွာတင်ရှိရာက၃နှစ်ခွဲအရွယ်သမီးငယ်ကိုသတ်ပြီးမိသားစုလိုက် ပိုးသတ်ဆေးသောက်သေ အဆုံးစီရင်မှု ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် အင်္ဂါနေ့က ဖြစ်ပွားခဲ့သည်။
ဈေးချိုတောင်ရပ်ကွက် ကသဲတန်းလမ်းနေ ဦးတီပွား (၃၉ နှစ်)နှင့် ဇနီး ဒေါ်ကေခိုင်ဝင်း(ခ)မီးငယ် (၃၇ နှစ်) သည်ဘောလုံး၊၂လုံးထီ၊၃လုံးထီများဒိုင်ကိုင်ရာမှအနည်းဆုံးကျပ်သိန်း၃ဝဝဝကျော်အကြွေးတင်သဖြင့်၃ နှစ်ခွဲအရွယ် သမီး မပွန်းပြည့်စုံနှင့်အတူ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။
“မသေခင်အရင်တနေ့မနက်ကြွေးရှင်တွေကစာချုပ်လာချုပ်ခိုင်းတယ်လေ။အဲဒါသူတို့မဖြေရှင်းတတ်တော့လို့ လုပ်သွားတဲ့ ပုံစံမျိုးပေါ့။ သူတို့သမီးလေးကိုလည်း လူ့လောကအလယ်မှာ မျက်နှာငယ်မှာကို မခံနိုင်လို့ တခါတည်းပဲ ခေါ်သွားတယ်ဆိုပြီး လင်မယားနှစ်ယောက်က လက်မှတ်ထိုးပြီး စာရေးချန်ခဲ့တယ်”ဟု သေဆုံးသူ မိသားစု၏ မိတ်ဆွေတဦးက မဇ္ဈိမကို ပြောသည်။
ဦးတီပွားမှာ ကြို့ပင်ကောက်ဈေးတွင် အဓိပတိ ရွှေဆိုင်နှင့် ရွှေပန်းတိမ်ဆိုင်ကိုပါ ပိုင်ဆိုင်ခဲ့သည်။
“သူတို့အိမ်မျက်နှာချင်းဆိုင်မှာနေတဲ့မီးငယ်ရဲ့အမေကသူမြေးလေးကိုဆီထမင်းကြွေးဖို့ဆိုပြီးအိမ်ထဲဝင်သွားတော့၊ မီးငယ်ကကုတင်ပေါ်မှာစောင်တွေ၊ ခြင်ထောင်တွေနဲ့ လုံးရစ်နေပြီး ကိုတီပွားကတော့ ပါးစပ်က အမြှုပ်တွေ အန်နေတဲ့ ပုံနဲ့ ရေအိုးစင်ဘက်ကို သွားနေတဲ့ ပုံနဲ့ သေနေတယ်။ သမီးလေးကတော့ ကုတင်အောက်မှာ နှုတ်ခမ်းတွေပြာပြီး ဆုံးနေတာကို တွေ့တာ” ဟု အိမ်နီးချင်းတဦးက မဇ္ဈိမသို့ ပြောသည်။
အလောင်းများအနီး စားပွဲပေါ်ရှိ စာအုပ်တွင် ဦးတီပွားနှင့် ဒေါ်ကေခိုင်ဝင်း လက်မှတ်ထိုးထားသည့် စာတစောင်နှင့် ပိုးသတ်ဆေးပြားများ စာရွက်ထဲထည့်၍ အမှုန့်ကြိတ်ထားသည်ကို စားပွဲပေါ်တွင် တွေ့ရပြီး စီဒီစက်ဖြင့် တရားခွေ ဖွင့်ထားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောပြသည်။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ မဇ္ဈိမက မြို့နယ်ရဲစခန်းသို့ မေးမြန်းခဲ့ရာ တာဝန်ကျရဲက ဖြေဆိုရန် ငြင်းဆိုသည်။ ကလေးသတ်မှုကြောင့် မိဘနှစ်ဦး၏ ရုပ်အလောင်းများအား ရဲက လက်ထိပ်ခတ်ခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောသည်။
ရုပ်အလောင်းများအား သဂြိင်္ုဟ်ရန် ဗုဒ္ဓဟူးနေ့တွင် သုသာန်သို့ ပို့ဆောင်ရာ မြို့ခံ ၂ဝဝ ခန့် လိုက်ပါပို့ဆောင်ခဲ့ပြီး သေဆုံးမှုမှာ နီးစပ်ရာမြို့များအထိသို့ပါ ဟိုးလေးတကျော်ဖြစ်ခဲ့သည်။
“ဒီဖြစ်ရပ်ကကျမတို့မြို့တခုလုံးထိတ်လန့်သွားပါတယ်။မြို့ပေါ်မှာတကယ့်ကိုမမေ့နိုင်တဲ့ ဖြစ်ရပ်တခုပေါ့နော်။ သူ့သမီးလေးဆို မူကြိုကျောင်းတက်နေတုန်းရှိသေးတယ်။အရမ်းချစ်စရာကောင်းတယ်။ မနေ့က မီးသင်္ဂြိုဟ်ဖို့ လိုက်ပို့တော့ ကျမ သူတို့မိသားစု ၃ ယောက် အလောင်းကို ကြည့်ပြီး ရင်ထဲက ဆို့လာပြီး မျက်ရည်တောင် ကျတယ်” ဟု ဒေသခံအမျိုးသမီးက မဇ္ဈိမသို့ ပြောပြသည်။
ယင်းဖြစ်ရပ်မျိုး ကြို့ပင်ကောက်တွင်၂ဝ၁ဝခုနှစ်ထဲ၌၅ ကြိမ်ခန့် ဖြစ်ပွားခဲ့ကာ ဇူလိုင်လတွင် ကျောင်းဆရာမ တဦး ၂ လုံးထီ ထိုးရာမှ အကြွေးမဆပ်နိုင်သဖြင့် ပိုးသတ်ဆေးသုံးစွဲ၍ အဆုံးစီရင်ခဲ့သေးသည်ဟု မြို့ခံ စိုက်ပျိုးရေး ဝန်ထမ်းတဦး အဆိုအရ သိရသည်။
ဗုဒ္ဓဟူးနေ့မှစ၍ မြို့ပေါ်ရှိ ပိုးသတ်ဆေးဆိုင်များကို စိုက်ပျိုးရေးဌာနနှင့် ရဲ ပူးပေါင်း၍ စိစစ်ရောင်းချမှုများ ပြုလုပ်လာသည်။
“ဒီကြို့ပင်ကောက်မြို့မှာ၂လုံးထီ၊၃လုံးထီတွေကလုံးဝထိန်းချုပ်လို့မရဘူးဖြစ်နေတယ်။ အာဏာပိုင်တွေက... သူတို့ဘက်ကသာ ပြတ်ပြတ်သားသား အရေးယူရင် ဒီလောက်အခြေအနေ ဆိုးလာမှာ မဟုတ်ဘူး။ ဒီမှာက လူ၁ဝယောက်မှာ၈ယောက်နှုန်းလောက်ကစားကြတယ်။တရားဝင်လို ဖြစ်နေတယ်”ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
ကြို့ပင်ကောက်တွင် အဆိုပါ လောင်းကစား ဒိုင်များသည် စစ်ထောက်လှမ်းရေး စရဖ၊ ရဲနှင့် မြို့နယ်အာဏာပိုင်များသို့ပါ လာဘ်ပေး၍ လုပ်ကိုင်နေကြသည်ဟု မြို့ခံအများက စွပ်စွဲကြသည်။ လောင်းကစားခြင်းမှာ တရားမဝင်ဖြစ်သော်လည်း နိုင်ငံအဝှမ်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြသည်။







ဒန်ကလေကို တရားရုံးထုတ်

သဲသဲ ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၄ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာတိုင်းမ် တည်ထောင်သူ ရော့စ် ဒန်ကလေ RossDunkleyကို ကမာရွတ်မြို့နယ် တရားရုံး၌ ကြာသပတေးနေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှုပြုသည်။
အင်းစိန်ထောင် အထူးဆောင်တွင် ချုပ်နှောင်ခံထားရကာ ရဲနှင့် လူဝင်မှုကြီးကြပ်ရေးတို့က က တရားလိုလုပ်ကာ တရားစွဲထားသည့် သြစတြေးလျနိုင်ငံသား မြန်မာတိုင်းမ် အယ်ဒီတာချုပ်ဟောင်း ရော့စ်ဒန်ကလေကို ပြုံးပြုံးရွင်ရွင်နှင့် ကျန်းမာစွာ တွေ့မြင်ရသော်လည်း လက်ထိပ်ခတ်ခံရထားသည်ဟု တရားခွင်သို့ သွားရောက်ခဲ့သော သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။
ရော့စ်ဒန်ကလေကိုရန်ကုန်တိုင်းကမာရွတ်မြို့နယ်တရားရုံးပေါ်သို့အသွားတွင်မြင်တွေ့ရပုံ(ဓါတ်ပုံမဇ္ဈိမ)
ရိုက်နှက်ခံရသည်ဟု စွပ်စွဲထားသောတရားလိုအမျိုးသမီးမခိုင်ဇာလည်း တရားရုံးသို့ တက်ရောက်လာသည်။ သူနှင့် လဝက အရာရှိအပြင် မစ္စတာဒန်ကလေကိုပါ တရားရုံးက ထွက်ဆိုစေခဲ့သည်။
ဒန်ကလေကို လူဝင်မှုကြီးကြပ်ရေးအရေးပေါ်ပြဋ္ဌာန်းချက်လဝကပုဒ်မ၁၃(၁)အပြင် မခိုင်ဇာကို နာကျင်အောင်လုပ်မှု ပုဒ်မ၃၂၃၊နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈ ၊လက်ရောက်ခြင်းပုဒ်မ၃၅၂နှင့်သွားလာပိုင်ခွင့်ရှိသည့်နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်းပုဒ်မ၃၄၁တို့ဖြင့်စွဲဆိုခံထားရသည်ဟု အမည်မဖော်လိုသူ မြန်မာတိုင်းမ်ဂျာနယ်မှ အရာရှိတဦးက ပြောသည်။ သို့သော် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါ။
MyanmarConsolidatedMediaGroup Ltd (MCM) ၏ CEO မစ္စတာ ရော့စ် ဒန်ကလေကို လဝက အမှုဖြင့် ဖေဖော်ဝါရီလ၁ဝရက်နေ့တွင်ရဲကဖမ်းဆီးပြီး၊နောက်တရက်တွင်အင်းစိန်ထောင်သို့ ပို့ဆောင် ချုပ်နှောင်ခဲ့သည်။
မြန်မာတိုင်းမ်၏ CEOရာထူးကို ဒေါက်တာတင်ထွန်းဦးကဖေဖော်ဝါရီလ၁၄ ရက်နေ့တွင် လွှဲပြောင်း ယူလိုက်သည်။အစုရှယ်ယာပူးတွဲပိုင်သူCEOအသစ်ဒေါက်တာတင်ထွန်းဦးနှင့်မြန်မာတိုင်းမ် ဝန်ထမ်းအချို့က အာမခံရရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ချေ။
လက်ရှိတွင် MyanmarConsolidatedMediaGroupLtd၏အစုရှယ်ရာ၄၉ ရာခိုင်နှုန်းကို ရော့စ်ဒန်ကလေက ပိုင်ဆိုင်ပြီး၊ကျန်၅၁ရာခိုင်နှုန်းကိုပုဇွန်တောင်မြို့နယ်မှကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ခဲ့သူ ဒေါက်တာတင်ထွန်းဦးက ပိုင်ဆိုင်သည်။
လဝက ၁၃ (၁)ဥပဒေသည် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြစ်ကာ အတိုက်အခံများကို အစိုးရက ဖမ်းဆီးထောင်ချရာတွင် အသုံးပြုလေ့ရှိသော ပုဒ်မတခုဖြစ်ပြီး ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချနိုင်သည်။







woensdag 23 februari 2011

ကောလာဟလကြောင့် ကမ္ဘောဇဘဏ်မှ ငွေထုတ်ယူသူများ

ရန်ပိုင် WEDNESDAY, 23 FEBRUARY 2011 15:46
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးအား အနားပေးလိုက်ပြီ ဆိုသည့် ကောလာဟလ သတင်းများ ပြီးခဲ့သည့် ရက်ပိုင်းက ထွက်ပေါ်လာ ပြီးနောက် ၎င်းနှင့်နီးစပ်သူ တဦးဖြစ်သည့် ဦးအောင်ကိုဝင်း ပိုင်ဆိုင်သော ကမ္ဘောဇဘဏ် (KBZ) မှ အပ်နှံငွေများကို ထုတ်ယူသူ ပိုမိုများပြားနေကြောင်း သိရသည်။
ကောလာဟလသတင်းများထွက်ပေါ်ပြီးနောက်စစ်အစိုးရ သတင်းစာတွင် ဦးအောင်ကိုဝင်းနှင့် ဇနီး လူမှုကူညီရေးအသင်းတခုသို့ လူနာတင်ယာဉ်တစီး လှူဒါန်းကြောင်းဓာတ်ပုံနှင့် ဖော်ပြထားသည် (ဓာတ်ပုံ - NLM)
ယင်းသို့ အပ်နှံငွေများ အလုံးအရင်းဖြင့် ထုတ်ယူနေခြင်းမှာ မကြာမီက ထွက်ပေါ်လာသည့် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များအကြား အာဏာခွဲဝေမှုနှင့် ပတ်သက်၍ မကျေလည်မှု ဖြစ်ပွားနေပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးအား ဖမ်းဆီးလိုက်သည်ဟူသော ကောလာဟလများကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် ဦးအောင်ကိုဝင်းကိုလည်း သက်ဆိုင်ရာက လုပ်ငန်းလုပ်ကိုင်ခွင့် ပိတ်ပင်လိုက်ပြီဟူသော သတင်းများကြောင့် ဖြစ်ကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအ၀ိုင်းက ပြောသည်။
ထိုသို့ အပ်နှံငွေများ ထုတ်ယူခြင်းသည် တောင်ကြီးမြို့ ကမ္ဘောဇဘဏ်မှ စတင်ခဲ့ပြီး ယခုအခါ မန္တလေး၊ ရန်ကုန်စသည့် မြို့ကြီးများ၌လည်း ထုတ်ယူနေကြောင်း သိရသည်။
မြန်မာရှေ့ဆောင်ဘဏ်မှ ၀န်ထမ်းတဦးက “လူတွေက ဦးအောင်ကိုဝင်း အဖမ်းခံရတယ် ကြားပြီး ငွေတွေကို ထုတ်၊ ပြီးတော့ ကျနော်တို့ဆီ လာသွင်းလုပ်နေကြတယ်၊ မနေ့က ပိုတောင်များသေးတယ်” ဟု ဆိုသည်။
ထိုသတင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ ပြည်လမ်းရှိ ကမ္ဘောဇဘဏ် ရုံးချုပ်မှ တာဝန်ရှိသူတဦးကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ မဟုတ်မှန်ကြောင်း ငြင်းဆိုသွားပြီး ကောလာဟလ သတင်းများသာဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ်၏ လစဉ် ငွေသွင်းငွေထုတ် လုပ်ငန်းများသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပုံမှန်အတိုင်း ဆောင်ရွက်နေပြီး ဘဏ်ခွဲများ ထပ်မံတိုးချဲ့ရန်ပင် စီစဉ်နေကြောင်း ပြောသည်။
ကမ္ဘောဇဘဏ်သည် နိုင်ငံအနှံ့တွင် ဘဏ်ခွဲပေါင်း ၅၀ ကျော် ဖွင့်လှစ်လုပ်ကိုင်နေပြီး ဦးအောင်ကိုဝင်းက ကမ္ဘောဇဘဏ်၏ ဥက္ကဋ္ဌ၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်နန်းသန်းထွေးက ဒု ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။ ပုဂ္ဂလိကဘဏ်များတွင် အင်အားတောင့်တင်းသည့် အကြီးဆုံးဘဏ်လည်း ဖြစ်သည်။ လက်ရှိတွင်လည်း ဦးအောင်ကိုဝင်းက မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်း၌ တွဲဖက်အတွင်းရေးမှူး တာဝန်ယူထားသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်း ရှမ်းပြည်နယ် တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာချုပ်တွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တိုင်းမှူးအဖြစ် ဆောင်ရွက်နေစဉ် ဦးအောင်ကိုဝင်းမှာ ရှမ်းရိုးမကုန်တိုက်၏ အ၀ယ်တော်တဦးဖြစ်ပြီး နောက်ပိုင်းတွင် ပတ္တမြား၊ နီလာ စသည့် ကျောက်မျက်ရတနာများ ထွက်သည့် မိုင်းရှုး ကျောက်တွင်းများတွင် တာဝန်ခံအဖြစ် ခန့်အပ်ခံခဲ့ရသည့်အထိ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်။
နောက်ပိုင်းတွင် ဦးအောင်ကိုဝင်းအား ကမ္ဘောဇဘဏ်တည်ထောင်ပြီး လုပ်ကိုင်ခွင့်ပေးခဲ့သည်သာမက နိုင်ငံတော်ပိုင် MAI ဟု လူသိများသည့် မြန်မာလေကြောင်းလိုင်းကို ၀ယ်ယူခွင့်ပြုခဲ့သည်။
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးအား ဖမ်းဆီးလိုက်ပြီး သားမက်ဖြစ်သူ ဗိုလ်မှူး ပြည်အောင်ကိုလည်း စစ်တပ်မှ ထုတ်ပယ်လိုက်ကြောင်း၊ ဦအောင်ကိုဝင်းကိုလည်း ဖမ်းဆီးလိုက်ကြောင်း ကောလာဟလများ ပြည်သူများအကြား ပျံ့နှံ့ခဲ့ပြီးနောက် ထိုသတင်းများကို တုံ့ပြန်သည့်သဘောဖြင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဇာတိ ဖြစ်သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ်ကို ဖော်ပြခဲ့သည်။



ထိုခရီးစဉ်တွင် ဒု ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီး ဒေါ်မြမြစန်း၊သမီးဖြစ်သူ နန္ဒာအေး၊ သားမက် ဗိုလ်မှူး ပြည်အောင် တို့သာမက ဦးအောင်ကိုဝင်းနှင့် ဇနီး ဒေါ်နန်းသန်းထွေးတို့ လှူဒါန်းနေသည့် ဓာတ်ပုံများကို ထည့်သွင်းဖော်ပြကာ ထွက်ပေါ်နေသည့် သတင်းများ မဟုတ်မှန်ကြောင်း အစိုးရ သတင်းစာများမှနေ၍ တုံ့ပြန်ခဲ့သည်။
ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးက “တခုခု ဖြစ်ပြီဆိုရင် ဒီလိုပဲ၊ သူတို့ ဘာမှမဖြစ်ကြောင်း တုံ့ပြန်တဲ့သဘောပါ၊ စီဘီဘဏ် ဥက္ကဋ္ဌ ကိုခင်မောင်အေးတုန်းကလည်း သူအဖမ်းမခံရကြောင်း ဒီလိုပဲနည်းမျိုးစုံနဲ့ သတင်းစာမှာ ကြော်ငြာရတယ်” ဟု မှတ်ချက်ပေးသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းကလည်း နေပြည်တော်ရှိ နိုင်ငံတော် ဧည့်ဂေဟာ ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် စီဘီဘဏ်အုပ်စု လုပ်ကိုင်ခွင့် ရပ်ဆိုင်းခံခဲ့ရပြီးနောက် စီဘီဘဏ် ပြိုလဲတော့မည်၊ ဥက္ကဋ္ဌ ဦးခင်မောင်အေးကို ဖမ်းထားပြီ စသည့် ကောလာဟလများ ထွက်ပေါ်ခဲ့သေးသည်။
ထိုသတင်းများနှင့် ပတ်သက်၍ စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် မြန်မာနိုင်ငံ ဘဏ်များအသင်း အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးကို ဖိတ်ကြား၍ ၎င်းအဖမ်းခံရသည် ဆိုသည့်သတင်းမှာ ကောလာဟလဖြစ်ကြောင်း၊ ၀န်ကြီး သက်သေရှိကြောင်း ပြောဆိုသည့်အပြင် သတင်းစာများမှနေ၍ ဘဏ်သင်တန်းကျောင်း ဖွင့်လှစ်ခြင်း၊ ဘဏ်နှင့် ပတ်သက်သည့် အလုပ်နေရာများခေါ်ယူခြင်း၊ ၎င်း၏ မွေးနေ့ဆုတောင်းများ ထည့်စေခြင်းဖြင့် ဖြေရှင်းခဲ့သည်။
စစ်အစိုးရသည် နိုင်ငံတော်လိုအပ်ချက်ဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့နှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများကို ဘဏ်သစ်များ ဖွင့်လှစ်လုပ်ကိုင်စေရာ ဦးတေဇကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဦးဇော်ဇော်ကို ဧရာဝတီဘဏ်၊ ဦးနေအောင်အား ယူနိုက်တက် အမရာဘဏ်၊ ဦးချစ်ခိုင်အား မြန်မာ့ရှေ့ဆောင်ဘဏ် ဟူ၍ အသီးသီးဖွင့်လှစ်စေခဲ့သည်။


 

DKBA နယ်ခြားစောင့် တပ်ပြေးများကို မက်လုံးပေး စည်းရုံး

ဧရာဝတီ WEDNESDAY, 23 FEBRUARY 2011 17:06
ကရင်ပြည်နယ် အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ လက်နက် ခဲယမ်းများနှင့်အတူ ထွက်ပြေးမှု အရေအတွက် များပြားလာသည့်အတွက် ပြန်လည် စည်းရုံးမှုပြုလုပ်နေ ရသည်ဟု DKBA တပ်ဖွဲ့ဝင်များက ပြောသည်။
]၂၀၁၀သြဂုတ်လ၁၈ရက်ကကရင်ပြည်နယ်မြိုင်ကြီးငူဒေသ၌DKBAနယ်ခြားစောင့် တပ် စတင်ဖွဲ့စည်းသည့် အခမ်းအနားတွင် တွေ့ရသည့် DKBA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - မြန်မာ့အလင်း)
DKBA သည် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ယမန်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင် ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား ၂၀၀၀ ၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ ၂၀၀ ကျော် ရှိကြောင်း DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တာဝန်ရှိသူများက ပြောဆိုသည်။
“နယ်ခြားစောင့်တပ်က လူတွေ တပ်ကနေ ထွက်ပြေးပြီး KNU နဲ့ DKBA (နယ်ခြားစောင့်တပ်ဖွဲ့ရန် လက်မခံသည့်အဖွဲ့) အဖွဲ့တွေဆီ သွားပေါင်းတာတွေ အခြားနည်းတွေနဲ့ တပ်ကနေထွက်ပြေးတာတွေက တလ တလမနည်းဘူး၊ တချို့တပ်တွေဆိုရင် ဖွဲ့စည်းပုံ မပျက်တပျက်ပဲ၊ ဒါကြောင့် အထက်အမိန့်နဲ့ မက်လုံးပေး စည်းရုံးမှုတွေ လုပ်နေကြတယ်”ဟု မြ၀တီခရိုင်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော DKBA တပ်မှူးတဦးက ဧရာဝတီသို့ ပြောသည်။
ထွက်ပြေးသည့် တပ်ဖွဲ့ဝင်များကို မက်လုံးပေးစည်းရုံးရာတွင် အစိုးရအသစ်မှ မကြာမီလစာများ အဆပေါင်းများစွာ တိုးပေး မည် ဖြစ်ပြီး ရေမီးအစုံပါရှိမည့် နေအိမ်တန်းလျားများနှင့် သားသမီးများအတွက် အခမဲ့ပညာသင်ကြားခွင့် အပါအ၀င် တခြား ခံစားခွင့်များကို နိုင်ငံတော်မှ ထောက်ပံ့ပေးမည့် အစီအစဉ်များ ပါဝင်ကြောင်း ၎င်းက ဆိုသည်။
နယ်စပ်သို့ ထွက်ပြေးလာသော နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦးက“အောက်ခြေရဲဘော်က လက်ရှိ ကျပ် ၃ သောင်း ခွဲ ရတယ်၊ တပ်ရင်းမှူး ပြောတာက အစိုးရအသစ်ကနေ လစာ ၅ ဆ တိုးပေးမယ်လို့ပြောတယ်၊ မင်းတို့ ၁ သိန်းခွဲရမယ် လို့ပြောတယ်၊ သူ့စကားကို ဘယ်သူမှ မယုံဘူး၊ ဒါကြောင့် ထွက်ပြေးလာတာ"ဟု ပြောသည်။
ကရင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့် တပ်များကို ခေတ်မီတပ်ရင်း တပ်ဖွဲ့များတည်ဆောက်ရန် နေပြည်တော်မှ တပ်ရင်း တရင်းလျှင် ကျပ် သိန်း ၁၀၀၀ ကျော်နှုန်းဖြင့် DKBA၉၉၉ ဗျူဟာမှူးဟောင်း ဗိုလ်ချစ်သူနှင့် ကရင်နယ် နယ်ခြားစောင့်တပ် ၁၀၂၂ တပ်ရင်းမှ ဗိုလ်မောသိုတို့ကို လုပ်ပိုင်ခွင့်နှင့် ငွေကြေးများ ချပေးထားကြောင်း သိရသည်။
လက်ရှိအခြေအနေအရ DKBAနယ်ခြားစောင့် တပ်များတွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နေပြီဖြစ်သည်ဟု ကရင်ပြည်နယ် အခြေစိုက် ဆောက်လုပ်ရေးအဖွဲ့ တခု၏ အငယ်တန်း အင်ဂျင်နီယာ တဦးက ပြောပြသည်။
“ကျနော်တို့အဖွဲ့ကိုဗိုလ်ချစ်သူတို့ဗိုလ်မောသိုတို့ကတဆင့် ကန်ထရိုက်ပေးတယ်၊ အခု လက်ရှိဆောက်နေတဲ့ ဦးစားပေး တဲ့ အထဲမှာတော့ အိမ်ထောင်သည် လိုင်းခန်းတွေ မဆောက်ရသေးဘူး၊ စုပေါင်းနေထိုင်လို့ရမယ့် ဘားတိုက် လိုမျိုးတော့ ဆောက်တဲ့ အထဲမှာ ပါတယ်”ဟု ၎င်းက ဆိုသည်။
ယင်း ဆောက်လုပ်ရေး စီမံကိန်းကြောင့် အကျိုးအမြတ်များရရှိ ခံစားရမည့် သူများမှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ မဟုတ် ဘဲ လုပ်ငန်း လုပ်ပိုင်ခွင့်ရရှိသူများသာ ဖြစ်လိမ့်မည် ဖြစ်ကြောင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ပြောကြသည်။
ထို့အပြင် စည်းရုံးမှုများကို တပ်ဖွဲ့ဝင်များက အယုံအကြည်မရှိသည့်အပြင် တပ်ဖွဲ့ဝင်များ ထွက်ပြေးမှုမှာ လျှော့နည်းသွားခြင်း မရှိကြောင်း၊ ယခုရက်ပိုင်း အတွင်း ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ သို့ ထွက်ပြေးလာသည့် နယ်ခြား စောင့်တပ်မှ တပ်မှူး တဦးက ပြောသည်။
“နယ်ခြားစောင့်တပ်ကလူတွေကိုတိုက်တန်းလျားတွေပေးမယ်ဆိုပြီးပြောတယ်၊ အခုသူတို့ဆောက်နေတာတွေက တပ် ရင်း တပ်ဖွဲ့ရုံးတွေ သင်တန်းခန်းမတွေ လေ့ကျင့်ရေးတွေပဲ ဆောက်နေကြတယ်၊ သူတို့ ပြောနေတာနဲ့ လက်တွေ့ တခြားစီပဲ၊ လက်တွေ့မှာက ရှေ့တန်းက ရဲဘော်တွေ စားစရာ ရိက္ခာမရှိလို့ ရွာသားတွေဆီက တောင်းနေရတယ်၊ အခေါက်ပေါင်းများတော့ ရွာသားတွေလည်း မပေးနိုင်တော့ဘူး”ဟု ၎င်းက ဆိုသည်။
ကရင်နယ် ခြားစောင့်တပ်ဖွဲ့များမှ ထွက်ပြေးသည့်တပ်ဖွဲ့ဝင်အများစုမှာ အောက်ခြေတပ်သား အများစုဖြစ်ပြီး ၎င်းတို့နှင့်အတူ တပ်မှူးငယ်တချို့သာပါရှိကြောင်း၊ တပ်ဖွဲ့အတွင်း အထက်နှင့်အောက် အကျိုးခံစားခွင့် ကွာခြားမှုကြီးမားခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်မမျှတခြင်း၊ ကရင်တိုင်းရင်းသားချင်းပြန်လည်တိုက်ခိုက်မှု မပြုလုပ်လိုခြင်းများကြောင့် ထိုသို့ထွက်ပြေးကြခြင်းဖြစ် ကြောင်း သိရသည်။
အသက် ၅၀ ကျော်၍ DKBA အဖွဲ့မှ ထုတ်ပယ်ခံရပြီး မြ၀တီမြို့တွင် နေထိုင်သူ တဦးက“နအဖ မဟုတ်တာ DKBA လည်း သိတယ်၊ နယ်ခြားစောင့်တပ်လည်း သိတယ်၊ ခက်တာက ပိုင်ဆိုင်မှုနဲ့ မိသားစုအရေးက အမှန်တရားကို မမြင်နိုင်ကြတော့ ဘူး၊ ဗိုလ်ချစ်သူတို့ မောသိုတို့ဆိုရင် ကရင်ပြည်နယ်မှာ လူချမ်းသာတွေ ဖြစ်ကုန်ပြီ၊ ကရင်တွေရဲ့အားနည်းချက်ကို နအဖ ကောင်းကောင်း သိတယ်”ဟု ပြောဆိုသည်။
ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)ဦးဆောင်သည့် DKBAတပ်ဖွဲ့သည် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက် မခံဘဲ ရွေးကောက်ပွဲ ကျင်းပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်း ရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေခဲ့သည်။



၁၅ မိနစ်လွှတ်တော် အမတ်မင်းများ ဒင်နာ

ရန်ကုန်သားတာတေ WEDNESDAY, 23 FEBRUARY 2011 18:45 ထွေရာလေးပါး
နေပြည်တော်က လ ၅ စင်းအဆင့် ဟိုတယ်ကြီးပေါ်တွင် ဦးရုက္ခစိုး ရောက်နေသည်။ ထိုဟိုတယ်ကြီး၏ ပိုင်ရှင်လည်းဖြစ်၊ ကြံ့ဖွံ့လွှတ်တော် အမတ်ကြီးလည်း ဖြစ်သော ဇေစကြဝဠာ ဦးခင်လေက ကမကထ ပြုကာ ဒင်နာတပွဲ ခြိမ့်ခြိမ့်သဲသဲ ကျင်းပခြင်း ဖြစ်သည်။ ဖိတ်ကြားခံရသော အမတ်မင်းများမှာ ဟိုတယ်ဟင်းများ၊ ဝိုင်များ၊ နိုင်ငံခြားဖြစ် ဝီစကီများကို ဖောဖောသီသီ တွယ်နေကြသည်။
ဦးခင်လေ။ ။ စားကြနော်။ အားမနာကြနဲ့ ...။ ဒီဟင်းတွေက ဝင်ရိုးစွန်းက ခေါ်ထားတဲ့ စားဖိုမှူးကိုယ်တိုင် ချက်တာ။ လွှတ်တော်က ကျွေးတဲ့ ဆိတ်သားတို့၊ ဝက်သားတို့ထက် စားကောင်းတယ်၊ စားသာစား။ ဟဲဟဲ ဟဲဟဲ။
ဘာသားမှန်းမသိသည့် ဟင်းတမျိုးကို ခရင်းနှင့်ဖဲ့နေသည့် တိုင်းရင်းသားအမတ်ကြီး ဦးဆန်ဆီဆားက “ပြီးရင် … ကာရာအိုကေကော ဆိုရ မှာလားဟင်” ဟု မေးလိုက်ရာ ဦးခင်လေက “ဒါပေါ့ … ဒါပေါ့ … ကာရာအိုကေလည်း ဆိုရမယ်၊ နင်းလည်း နင်းပေးမယ်” ဟု ပြန်ဖြေလိုက်သည်။ ဦးရုက္ခစိုးက “ဦးခင်လေက တော်တော် သဘောကောင်းတာပဲနော်” ဟု ပင့်ပေးလိုက်သည်။
ဆန်ဆီဆား။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ အရမ်းအရမ်းကို သဘောကောင်းတာပဲ။ ထမင်းလည်း ကျွေးတယ်၊ နင်းလည်း နင်းပေးဦးမယ်တဲ့။
ခင်လေ။ ။ ဒီလောက်လည်း မဟုတ်ပါဘူး ဦးရုက္ခစိုးရယ် ဟဲဟဲ။ အဓိကကတော့ ကျုပ်ရဲ့ပိုင်ဆိုင်မှုတွေကို ကြွားချင် … အဲ … ယောင်လို့ … ကျုပ်က အလှူအတန်း အရမ်း ရက်ရောတယ်လေ။
ရုက္ခစိုး။ ။ ဒါနဲ့ … စကားမစပ် … အစိုးရသစ်ရဲ့ အရေးကြီးတဲ့ နေရာတွေကလည်း အကုန်လုံး ချိုကုပ်တွေ၊ ချိုပြုတ်တွေနဲ့ ကြံ့ဖွံ့ တွေချည်းပဲနော် ဦးခင်လေ။
ခင်လေ။ ။ ဒါကတော့ နေရာတွေ လုနေကြတာနဲ့ ရှုပ်နေသေးလို့ပါ။လာမှာပါ…ကျန်တဲ့ ကြံ့ဖွံ့တွေအလှည့်လဲ ရောက်လာမှာပါ ဟဲဟဲ။ ခက်တယ် ဦးရုက္ခစိုးရေ အပေါ်ကလူတွေ နေရာလုနေကြတော့ ကျန်တဲ့အမတ်တွေ ပျင်းနေမှာ စိုးတာနဲ့ ဒီပွဲကို ကျင်းပပေးတာလည်း ပါတယ်ဗျ။ ဒါတောင် လူတိုင်းမလာဘူးလေ။ အဲဒါကြောင့်လူကုန် ပါနိုင်အောင် နောက်ထပ် စားပွဲ ထပ် ကျင်းပပေးဦးမှာ။
ထိုစဉ် DEF ကိုယ်စားလှယ်ကြီး ဦးစိတ်တိုတယောက် သွားကြားထိုးရင်း အနားရောက်လာသည်။
စိတ်တို။ ။ နောက်ထပ် စားပွဲလည်း ကျင်းပမနေနဲ့တော့ဗျာ။ ပါးစပ်တောင် လှုပ်မရတဲ့ ဒီ လွှတ်တော်ကြီးမှာ ခဏတောင် မနေချင်တော့ဘူး။ ပြန်ချင်ပြီ။
ခင်လေ။ ။နေပါဦးဗျာ။ခင်ဗျားကလည်း …စိတ်ချည်းပဲ။ လှုပ်မရဘူး ဆိုပေမယ့် လွှတ်တော်က ဘာကြာတာမှတ်လို့ ...။ ခင်ဗျားတို့ တရားထိုင်ရင်တောင် အနည်းဆုံး နာရီဝက်၊ ၁ နာရီတော့ ထိုင်ကြတာ မဟုတ်လား။ အခုဆို လွှတ်တော် အစည်းအဝေး တခါကျင်းပရင် ၁၅ မိနစ်ပဲ ကျင်းပတာလေ။ ၁၅ မိနစ်လေး ငြိမ်ရတာများဗျာ။ ငြိမ်ရင်း တရားမှတ်နေ … ကုသိုလ်တောင် ရသေးတယ်။
စိတ်တို။ ။ တော်စမ်းပါဗျာ။ ကျုပ်ကတော့ တမိနစ်တောင် မနေချင်တော့ဘူး။ ဒီ ၁၅ မိနစ် လွှတ်တော်ကြီးက ကျုပ်တို့ တင်ပြထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စလည်း စဉ်းစားပေးမယ့်ပုံ မမြင်ပါဘူး။
ခင်လေ။ ။ ဟေ့လူ … ခင်ဗျား စကားမှားမယ်နော်။ နိုင်ငံရေး အကျဉ်းသားဆိုတာ မြန်မာပြည်မှာ ရှိမှ မရှိဘဲ။ မရှိတာကြီး သွားတင်တော့ ပယ်မှာပေါ့။ ကျုပ်လို ဘာသာသာသနာ ကိစ္စလေးဘာလေး လုပ်ပါဗျ။
ရုက္ခစိုး။ ။ ဦးခင်လေကတော့ ပြောလိုက်ရင် အမြဲ ဘုရားတရား ကိစ္စချည်းပဲနော်။ ဒီ လွှတ်တော်ပြီးရင် တောထွက် မလို့လား။
ခင်လေ။ ။ သြော် …ဦးရုက္ခစိုးရယ်။ တောထွက်ချင်ပေမယ့် ကျုပ်မှမလုပ်ရင် ဘာသာ သာသနာကိစ္စကို လုပ်မယ့်သူက ရှိတာ မဟုတ်ဘူးဗျ။ လောလောဆယ်တော့ တောထွက်လို့မဖြစ်သေးဘူး ...။ တိုင်းပြည် စည်ပင်ဝပြောဖို့နဲ့ ဘုရားတရား အလုပ်တွေ လုပ်ရဦးမယ်။ ဟဲဟဲ ဟဲဟဲ။
ထိုစဉ် ဦးဆန်ဆီဆားက “ဦးခင်လေ …ကာရာအိုကေ ဆိုတော့မယ်လေ …။ ဟိုဘက်ဝိုင်းကလည်း အရက်ကုန်နေပြီလို့ ပြောတယ်ဗျ” ဟု လှမ်းပြောလိုက်သည်။
ခင်လေ။ ။ အရက်ကုန်နေရင် မန်နေဂျာဆီမှာ ကြိုက်သလောက်သာ တောင်းဗျာ။ ကာရာအိုကေဆိုဖို့က စီစဉ်နေတယ်။ ကောင်မလေးတွေလည်း ခေါ်ထားတယ်ဗျ။ (ဦးရုက္ခစိုးဘက် ပြန်လှည့်၍)အဲဒါသာ ကြည့်တော့ ဦးရုက္ခစိုးရေ။ ကျုပ်ရဲ့ တာဝန်တွေ ဘယ်လောက်ကြီးလဲ ဆိုတာ။
စိတ်တို။ ။ ကျုပ်ကတော့ ကာရာအိုကေလည်း မဆိုဘူး၊ အခန်းပြန်ပို့တော့။
ခင်လေ။ ။ဟာဦးစိတ်တိုရယ်။ အားလုံး အတူတူ ပြန်ကြမှာပဲဟာ။ ခဏစောင့်လိုက်ပါ …။ ကျုပ် အဲဘတ်စ်ကြီး ၃ စင်းကြီးများတောင် စီစဉ်ထားပါတယ်။ ဒါပဲနော် …ကျနော် ဒီလောက် လုပ်ပေးနေတဲ့ကြားက ကြံ့ဖွံ့ကို ကွယ်ရာမှာ အတင်းပြောမယ်တော့ မကြံနဲ့ … ဟဲဟဲ … ဟဲဟဲ။ ကျနော်တို့ ကြံ့ဖွံ့တွေ ကောင်းပါတယ်ဗျ။
စိတ်တို။ ။ ဘာလဲ … ခင်ဗျားက ထမင်းခေါ်ကျွေးတာ ကြံ့ဖွံ့ကောင်းကြောင်း တရားဟောတဲ့ သဘောလား။
ခင်လေ။ ။ အာ ... ခင်ဗျားကလည်း … အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူး။ လုံး …. ဝ … စည်းရုံးရေး မဆင်းဘူး စိတ်ချ။ ကြုံရင် ကြုံသလိုပဲ ကောင်းကြောင်းလေးတွေ ထည့်ထည့်ပြောမှာ။
ရုက္ခစိုး။ ။ ကဲပါ … ခင်ဗျားရဲ့ ဘာသာ သာသနာ ကိစ္စတွေ ဆက်စမ်းပါဦး။
ခင်လေ။ ။ အဟမ်း …ဆက်ရမှာပေါ့၊ ဆက်ရမှာပေါ့။ အခုဆို ကျနော်ဥက္ကဋ္ဌ လုပ်ပြီး ဖွဲ့စည်းထားတဲ့ သာသနာ့နုဂ္ဂဟ အသင်းကြီးဆိုရင် အသင်းဝင်တွေ အများကြီးနဲ့ တော်တော်လေး အောင်မြင်နေတာ တွေ့မှာပေါ့။
စိတ်တို။ ။ တွေ့ပါ့ဗျာ။ အသင်းဝင်တွေ များမှာပေါ့ ...ဝန်ထမ်းတွေကို မဝင်မနေရ လုပ်ခိုင်းတာကိုးဗျ။ ဝင်ကြေးလည်း ကောက်သေး။
ခင်လေ။ ။ ဟာ …ဒါ နိုင်ငံတော် အဆင့် အသင်းကြီးလေ။ ဒီတော့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ဆိုင်တယ်။ ဝင်ရမယ်လေ။ ဝင်ကြေးကောက်တာကတော့ အလကားဆိုရင် ပေါသွားမှာစိုးလို့။
ရုက္ခစိုး။ ။ အဲဒီအသင်း ရုံးခန်းတွေဖွင့်ဖို့ ရပ်ကွက်ဓမ္မာရုံတွေကို သိမ်းတယ်ဆိုတာလည်း ကြားပါတယ်။
ခင်လေ။ ။ ကျနော်က သိမ်းတာ ဝါသနာပါလို့ပါ။ ဟဲဟဲ ဟဲဟဲ။ ငယ်ငယ်တုန်းကဆို အမှိုက်တွေ့ရင် မနေနိုင်ဘူး။ အတင်းကို သိမ်းတော့တာ။ နောက် စီးပွားရေးလောကထဲ ရောက်တော့လည်း ကြုံရင်ကြုံသလို သိမ်းတာပါပဲ။
ရုက္ခစိုး။ ။ ငယ်ငယ်က အမှိုက်သိမ်း၊ နောက် လယ်တွေသိမ်းယာတွေသိမ်း၊ အခုတော့ ဓမ္မာရုံတွေပါ လိုက်သိမ်းတယ် ဆိုတဲ့သဘောပေါ့ ဟုတ်လား။
ခင်လေ။ ။ ဟဲဟဲ ဟဲဟဲ...ဟုတ်တယ်၊ ဟုတ်တယ်။ လူတွေကလည်းဗျာ တော်တော်ခက်တယ်။ သိမ်းပါတယ်ဆိုမှ လစာပေးမလား လုပ်နေသေးတယ်။ ကောင်းတာလုပ်ရင် အခက်အခဲဆိုတာ ကြုံကြရစမြဲပါပဲလေ ... အင်း … အနိစ္စ … ဒုက္ခ … အနတ္တသဘောကို နားမလည်ကြတာ။
ဆန်ဆီဆား။ ။ ဦးခင်လေ … ကောင်မလေးတွေက အမိုက်စားလေးတွေချည်းပဲဗျ။ ကျေးဇူးတင်တယ်ဗျာ။
ခင်လေ။ ။ မိုက်ဆို ရှယ်လေးတွေချည်းပဲ ရန်ကုန်က ခေါ်ထားတာလေ။ ဒါနဲ့ ဦးဆန်ဆီဆားရေ … ကျနော် အခု မအားသေးဘူး …ကျနော့်အတွက် မှာထားတဲ့ အလှဆုံးလေးကို ဘယ်သူ့ကိုမှ မပေးနဲ့လို့ ပြောပေးပါဦး။ အင်း … အနိတ်စား … အနိတ် … ဟုတ်ပါဘူး … အနိစ္စ … ဒုက္ခ … ဟိုတယောက်လည်း တော်တော် လှတာပါလား။
ဦးဆန်ဆီဆား သူတို့နားက ပြန်ထွက်သွားပြီး ကာရာအိုကေ ဆိုသည့်နားတွင် ကောင်မလေး တယောက်နှင့် တွဲကနေသည်။
ရုက္ခစိုး။ ။ ဦးခင်လေ ပြောတော့ ဘုရား တရားဆို။ အခု … ကောင်မလေး ခေါ်ထားတယ်ဆိုတော့ ...။
ခင်လေ။ ။ ဒါကတော့ ဦးရုက္ခစိုးရယ်။ တရားသဘောနဲ့ ကြည့်ရင် လူဆိုတာ သေမျိုးချည်းပဲ မဟုတ်လား။ အပုပ်ကောင် ရုပ်ဆောင်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးချင်လို့ပါ။
ရုက္ခစိုး။ ။ သြော် … ဒီလိုလား။ ခင်ဗျားရဲ့ ဘာသာသာသနာကြီး ဆက်ပါဦးဗျာ။
ခင်လေ။ ။ ဒီလိုရှိတယ်ဗျ … ကျနော် ကြံ့ဖွံ့ လွှတ်တော်အမတ် ဖြစ်နေတဲ့အချိန်မှာ ထူးထူးခြားခြားလေးတွေ လုပ်ဖို့ စဉ်းစားထားတယ်။
ရုက္ခစိုး။ ။ ဘာတွေများ လုပ်မှာပါလိမ့်။
ခင်လေ။ ။ သတ္တမ သံဃာယနာ တင်မယ်ဗျာ။
ရုက္ခစိုး။ ။ ခင်ဗျာ … အဲဒါကြီးက မလွယ်ဘူး ထင်တယ်နော်။ မြန်မာ တနိုင်ငံတည်းနဲ့လည်း မပြီးဘူး။
ခင်လေ။ ။ သိပါတယ်ဗျ ...။ အဲဒီလို မလွယ်တာကိုမှ ဖြစ်အောင် လုပ်ချင်တာ။ ဘာပဲလိုလို ရန်ကုန်လမ်းညွှန် ရှိတာပဲဟာ … ဖုန်းဆက်လိုက်မှာပေါ့။
ရုက္ခစိုး။ ။ ဗျာ … ဘယ်ကို ဖုန်းဆက်မှာလဲ။
ခင်လေ။ ။ ဆောရီး ဆောရီး ဟို ကြော်ငြာနဲ့ မှားသွားလို့ပါ။ ဒီလိုလေဗျာ ... သာသနာထဲမှာ အငြင်းပွားမှု တစုံတရာ ဖြစ်သွားအောင် တခုခုကို အင်တာနက်ပေါ်ကနေ အစထောင်ပေးလိုက်မယ်။ အဲဒီလို ထောင်ပေးပြီးလို့ အငြင်း ပွားကြရရင် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က ဆရာတော်ကြီးတွေကို ချိုကုပ်ဒူးကြီးအမိန့်နဲ့ သံဃာယနာ တင်ဖို့ လျှောက်မယ်ဗျာ … ။ ငှက်ပျောသီး အခွံခွာစားရတာထက်တောင် လွယ်သေး။
ရုက္ခစိုး။ ။ ခင်ဗျားဟာ ခင်ဗျားတော့ ဟုတ်နေတာပဲနော်။
ခင်လေ။ ။ သြော်…ဟုတ်ရမှာပေါ့။ ကျနော်က ရေလျှံတယ်လေ၊ အေးဆေးပါ။ (ဘေးဘယ်ညာကို ကြည့်ရင်း) ဦးရုက္ခစိုးကို လူရင်းမို့ ပြောရဦးမယ်ဗျ။ ကျနော့်ကို သမ္မတကြီးဦးသိန်းဂိန်က ပြန်ကြားရေးဝန်ကြီး ခန့်ချင်နေတာနော်။ ဦးဆော်ကြမ်းနဲ့က ဆရာတပည့်လို ဖြစ်နေလို့သာ … မဟုတ်ရင် ခုလောက်ဆို ကျနော် ပြန်ဝန်ဖြစ်နေပြီ။
ရုက္ခစိုး။ ။ ဟုတ်လား။ ဘာဖြစ်လို့လဲဗျ။
ခင်လေ။ ။ ဘာဖြစ်ရမှာလဲ ...။ ကျနော်က သတင်းထုတ်ပြန်တာ အရမ်းတော်တယ်လေ။ အင်တာဗျူး လာသမျှကို ရဲရဲဝံ့ဝံ့နဲ့ ကိုယ့်အထုပ်ကိုယ် ဖြည်ပြရဲတာ ကျနော်တယောက်တည်း ရှိတယ်မဟုတ်လား။ ကျနော့်ကို သမ္မတကြီးက ကြိတ်ပြီး သဘော ကျနေတာဗျ။ နောက်ပြီး ကျနော်က ရွေးကောက်ပွဲမှာ မဲတွေ အများကြီးနဲ့ နိုင်တာ၊ အခုဆောက်မယ့် ဘိလပ်မြေ စက်ရုံကြီး ဆိုရင်လည်း မြန်မာတနိုင်ငံလုံးမှာ အကြီးဆုံးပဲ ...။ ဟဲဟဲ ဟဲဟဲ။
ဦးရုက္ခစိုးက စိတ်ထဲမှနေ၍ “ဘာမှလည်း မဆိုင်ဘူး” ဟု စဉ်းစားနေစဉ် ဟိုတယ်ခန်းမထဲသို့ စိတ်ဆိုးမာန်ဆိုး ပုံစံဖြင့် လူတယောက်ဝင်လာသည်။ သေချာကြည့်လိုက်တော့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းပျင်းဖြစ်နေ၏။
အောင်သိန်းပျင်း။ ။ ဒီမှာ ဦးခင်လေ … ခင်ဗျား ပါးစပ် ပိတ်မလား မပိတ်ဘူးလား။ ကျုပ် တင်းနေတယ်နော်။ ဘယ်သူ့ကို ပြဿနာရှာရင်ကောင်းမလဲ စဉ်းစားနေတာ ဟင်းဟင်း။
ခင်လေ။ ။ ဘာဖြစ်လို့လဲ မြို့တော်ဝန်ကြီးရဲ့။ အရက်သောက်ချင်လို့လား။ ရှိပါတယ်ဗျာ။ ကျနော်တို့က ရွှေညီအစ်ကို ကြံ့ဖွံ့ တွေပဲဟာ။ စိတ်ကိုလျှော့လိုက်၊ ဒေါသကိုထိန်းဗျ။ ဟိုဆရာတော်ကြီး ဟောထားတာ မြို့တော်ဝန်ကြီးလည်း သိမှာပါ။ ဒေါသထွက်နေရင် ရုပ်က ပိုဆိုးသွားလိမ့်မယ်။
အောင်သိန်းပျင်း။ ။ ဘာဗျ … ခင်ဗျား တရားခံ ဖြစ်သွားချင်သလား။ အထက်ကလုလို့မပြီးသေး … ကျုပ်ကို ချောင်ထိုး ထားလို့ ဒေါသထွက်နေရတဲ့ ကြားထဲ။ ခင်ဗျားက တမှောင့် ...။ ပြည်ပ မီဒီယာတွေကို အာချောင်ပြီး ပေါက်ကရတွေ လျှောက်လျှောက် ပြောနေတယ်။
ဦးခင်လေ။ ။ သြော် အထင်မလွဲပါနဲ့ဗျာ။ ကျနော်က ကြံ့ဖွံ့ကောင်းကြောင်းပဲ ပြောတာပါ။ ခင်ဗျား လာဘ် အရမ်း စားတဲ့အကြောင်း၊ ချိုကုပ်ဒူးကြီးကို ဖားတဲ့ အကြောင်း၊ ကြိုတင်မဲတွေ အများကြီးနဲ့ နိုင်တဲ့အကြောင်း၊ ချေးထုပ်နဲ့ အပေါက်ခံရတဲ့အကြောင်း၊ သတင်းထောက်တွေကို ပုဆိုးလှန်ပြတဲ့အကြောင်းတွေ လုံး …..... ဝ မပြောပါဘူး စိတ်ချ။
ဦးရုက္ခစိုးက“မပြောပေလို့ပဲ”ဟု တွေးလိုက်သည်။ မြို့တော်ဝန်ကြီး၏ မျက်လုံးနှစ်လုံးကတော့ ဒေါသကြောင့် ပြူးထွက်လာသည်။
အောင်သိန်းပျင်း။ ။ အေး … အဲဒီလို မပြောဘူးမပြောဘူးနဲ့ လျှောက်လျှောက်ပြောနေလို့ ခင်ဗျားကို ကျုပ် အခု လက်ဆောင် လာပေးတာ။
ဦးခင်လေ။ ။ ဟာ … ဒုက္ခရှာလို့ဗျာ။ အားနာစရာကြီး။
ဦးအောင်သိန်းပျင်းက ရုတ်တရက် ဦးခင်လေကို ဝင်လုံးကာ လက်ထဲတွင် အသင့်ပါလာသော တိပ်ဖြင့် လက်နှင့် ခြေထောက်ကို ရစ်ပတ်၍ ချုပ်လိုက်သည်။ ဦးခင်လေ ရှောင်ချိန်မရလိုက်။ ထို့နောက် ပါးစပ်ကိုပါ တိပ်ဖြင့် အထပ်ထပ် ပတ်ပြီး ပိတ်၍ ဆောင့်ကြီးအောင့်ကြီး ပြန်လည် ထွက်ခွာသွားလေတော့သည်။
၁၅ မိနစ် လွှတ်တော် အမတ်မင်းများကား ဝိုင်းစုခိုင်သိန်း၏ “အပြစ်မမြင်ပါဘူး …ချစ်ချင်တာပဲ သိတယ်နော်” ဆိုသည့် သီချင်းကို အသံသေး အသံကြောင်ဖြင့် ဆိုကာ ဆူညံကခုန်နေကြသည်။ ဦးခင်လေ အဖြစ်ကိုလည်း မသိလိုက်၊ ဦးရုက္ခစိုး ပြန်လည် ထွက်ခွာသွားသည်ကိုပင် မသိလိုက်ကြပေ။ ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။


 

ဒုတိယ ပင်လုံ ကြိုဆိုလှုံ့ဆော်သူ လူငယ် ၃ ဦး ပြန်လွတ်

ဇာနည်မာန် WEDNESDAY, 23 FEBRUARY 2011 14:18
ချင်းပြည်နယ် တီးတိန်မြို့တွင် ဒုတိယ ပင်လုံကို ကြိုဆိုသည့် လှုံ့ဆော်စာများ ကပ်သည့် လူငယ် ၄ ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက် သော်လည်း လူငယ် ၃၀၀ ခန့် လာရောက် ဆန္ဒပြတောင်းဆို သဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ချင်းတိုင်းရင်းသား နူန်းရှန်းထန်၊ ကင်ရှန်တွမ်၊ ထန်လွမ်းကျင်နှင့် ရွှာမန်း တို့သည် တီးတိန်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ဒုတိယပင်လုံကို ကြိုဆိုပါသည်ဟု အဓိပ္ပါယ်ရသည့် အင်္ဂလိပ်စာတန်းပါ စတစ်ကာများကို အခမ်းအနားကျင်းပရာ ကမ်းဟောင်း အားကစားကွင်းဝန်းကျင်နှင့် မြို့တွင်း လူစည်ကားရာအရပ်များရှိ နံရံများ၊ သစ်ပင်များ၊ ဆိုင်ကယ်များတွင် ကပ်ခဲ့ခြင်းကြောင့် တီးတိန်ရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ညနေ၃နာရီလောက်ကခေါ်သွားတာ။ သူတို့ ရဲစခန်းမှာ အစစ်ခံနေရတဲ့အချိန် ည ၈ နာရီလောက်ကျတော့ အခမ်းအနားအတွက် ရောက်နေတဲ့ လူငယ် ၃၀၀ လောက်က ရဲစခန်းကို သွားကြပြီး သူတို့ကို အခုချက်ခြင်းလွှတ်ပေး၊ မလွှတ်ပေးရင် မပြန်ဘူးလို့ ၀ိုင်းပြောကြတော့ ရဲတွေနဲ့ ရုတ်ရုတ်သဲသဲဖြစ်တယ်၊။ နောက်တော့ ပြည်နယ် ပယက ဥက္ကဋ္ဌ ဦးဟုန်ငိုင်းရောက်လာပြီး အားလုံးကို လွှတ်ပေးလိုက်တယ်”ဟု တီးတိန်မြို့ခံတဦးက ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)ဝင်ဗိုလ်မှူးချုပ်ဟောင်းဦးဟုန်ငိုင်းသည် ချင်းပြည်နယ်ဆိုင်ရာ ဝန်ကြီးချုပ်အဖြစ် လျာထားခံရသူဖြစ်သည်။
အလားတူ လှုပ်ရှားမှုမျိုးကို တက်ကြွသူ လူငယ်များက စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ကလေးမြို့၊ ချင်းပြည်နယ် တွန်းဇံမြို့ စသည်တို့တွင် ပြုလုပ်ခဲ့သော်လည်း အဆိုပါမြို့များတွင်မူ ပြဿနာ တစုံတရာ မရှိခဲ့ကြောင်း သိရသည်။
ယမန်နှစ် အောက်တိုဘာလ အတွင်းက ကလေးမြို့တွင် ပြုလုပ်သည့် ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ၏ ၂၂ နှစ်မြောက် အခမ်းအနားတွင် တိုင်းရင်းသား အရေးကိစ္စများအတွက် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး “ကလေးမြို့ ကြေညာစာတမ်း” ကို တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ (NLD) တို့က သဘောတူ ထုတ်ပြန်ခဲ့သည်။
နိုင်ငံတဝန်းတွင် တက်ကြွလှုပ်ရှားသူ လူငယ်များကလည်း ဒုတိယ ပင်လုံကို ကြိုဆိုသည့် ဒုတိယပင်လုံ ဖြစ်ပေါ်ရေး လှုံ့ဆော် စာရွက်စာတမ်းများ ဖြန့်ဝေမှုများကို နိုင်ငံအနှံ့ ပြုလုပ်လျက်ရှိသည်။


dinsdag 22 februari 2011

အဆုံးအဖြတ် နေရာတွင် ဒေါ်စု ရှိဟု မကဒတ ပြော

မြင့်မောင်
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၂ မိနစ်
နယူးဒေလီ(မဇ္ဈိမ)။ ။မြန်မာ့နိုင်ငံပြဿနာများကိုဖြေရှင်းရာတွင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အဆုံးပေးမည့် နေရာတွင် ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) က ပြောဆိုလိုက်သည်။
ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာရှိ မကဒတ ဗဟိုဌာနချုပ်တည်ရှိရာ ဒေါင်းဂွင်၌ နဝမ အကြိမ် ညီလာခံကို ယခုလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ယခုလို ပြောဆိုခြင်း ဖြစ်သည်။
မြန်မာ့နိုင်ငံရေးမှာ မလွဲမသွေ အဆုံးအဖြတ်ပေးမယ့် နေရာမှာ ပါဝင်ရမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက အင်မတန်မှ အရေးကြီးတယ်လို့ ယူဆတယ်။ ဒီယူဆချက်အောက်မှာ အဖွဲ့ချုပ်ရဲ့ လှုပ်ရှားမှုတွေ၊ လူထုခေါင်းဆောင်ရဲ့ လှုပ်ရှားမှုတွေ၊ ကိုယ်ပိုင်အခွင့်အလမ်းတွေအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူလူထု လှုပ်ရှားမှုတွေက အရှိန်မြင့် လာတော့မယ်လို့ ထင်တယ်’’ဟု မကဒတ ခေါ် ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ရဲဘော်သံခဲက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ရန်နှင့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းမည့် တွေ့ဆုံဆွေးနွေးရေးကို စစ်အစိုးရ လုပ်ဆောင်ရန် လိုအပ်လျက်ရှိရာ၊ ဆက်လက်၍ လျစ်လျူရှုပါက စစ်ရေးနှင့် နိုင်ငံရေး ပဋိပက္ခများ ပိုမိုကြီးထွားလာနိုင်သည်ဟု သူက ဆိုသည်။
တပ်ရင်း ၉ ရင်းမှ ကိုယ်စားလှယ်များ၊ အနောက်ပိုင်းနှင့် မြောက်ပိုင်း တပ်ရင်းတပ်ဖွဲ့ တာဝန်ခံများနှင့် ဗဟိုကော်မတီဝင်အဟောင်းများပါ တက်ရောက်ခဲ့သော မကဒတ ညီလာခံကြီးက လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်ရေး ဆက်လုပ်သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။
’’လူထုတိုက်ပွဲဆိုတာ လူထုက မိမိအခွင့်အရေးကို မိမိကိုယ်တိုင် ကြိုးပမ်းရုန်းကန်တာ ဖြစ်တယ်။ အခွင့်အရေးဆိုင်ရာ တိုက်ပွဲတွေ၊ အစုအဖွဲ့တိုက်ပွဲတွေ ရှိနိုင်တယ်။ တပြိုင်ထဲမှာ နိုင်ငံရေးအခွင့်အရေး လွတ်လပ်ခွင့်တွေ တောင်းဆိုတဲ့ တိုက်ပွဲတွေ ရှိတယ်၊ အလုပ်သမား တိုက်ပွဲတွေ ရှိတယ်။ ဒီဟာတွေရဲ့ ပေါင်းစပ်မှုတွေဟာ လူထုတိုက်ပွဲတွေလို့ ကျနော်တို့ နားလည်တယ်။ လက်နက်ကိုင် တော်လှန်ရေးဆိုတာကလည်း လူထုတိုက်ပွဲတွေထဲမှာ ပုံသဏ္ဍာန်ဝင်တဲ့ တိုက်ပွဲတခုသာ ဖြစ်တယ်။ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲဆိုတာ ခွဲခြားထားလို့ မရဘူး’’ ဟု ရဲဘော်သံခဲက ဆိုသည်။
စစ်အာဏာရှင် ဖိနှိပ်မှု ကြီးမားသည့် ကာလတွင် အချိန်မရွေး လူထုတိုက်ပွဲဖြစ်နိုင်ပြီး၊ နောက်ဆက်တွဲ လက်နက်ကိုင် တိုက်ပွဲများပါ တဆင့်တက် ပေါ်ပေါက်လာနိုင်ကြောင်းနှင့် အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများတွင် လူထုတိုက်ပွဲများ ဖြစ်ပွားရာနောက် လက်နက်ကိုင်တိုက်ပွဲများ ရှိနေသဖြင့် လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ စည်းမခြားဘဲ စစ်အာဏာရှင် ဖြုတ်ချရာ၌ ပူးတွဲသွားရမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ထို့ပြင် ၂ဝဝ၈ ဖွဲ့စည်းပုံနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသည့် လွှတ်တော်များနှင့် ကြံ့ဖွံ့အစိုးရက လက်ရှိနိုင်ငံရေး ပြဿနာများကို မဖြေရှင်းနိုင်သည့်အပြင်၊ မြန်မာပြည်လူထုအနေဖြင့် နိုင်ငံရေး အကျပ်အတည်းများ ပိုမိုကြီးထွားလာနိုင်သည်ဟုလည်း ဆိုသည်။
မကဒတ သည် ဘဏ္ဍာငွေ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့သော်လည်း နိုင်ငံတကာရောက် မြန်မာအဖွဲ့အစည်းများနှင့် ရဲဘော်ဟောင်းများ၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်း ဖြစ်သည်။
မကဒတ ညီလာခံက ဥက္ကဋ္ဌအဖြစ် ရဲဘော်သံခဲ၊ ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း၊ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ၁ ရဲဘော်မြင့်ဦး၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ၂ ရဲဘော်ခင်ကျော် အပါအဝင် ဗဟိုကော်မတီဝင် ၁၅ ဦးနှင့် အရံကော်မတီဝင် ၃ ဦးကို ရွေးချယ်ခဲ့ကြသည်။
မကဒတကို ၈ လေးလုံး အရေးတော်ပုံအပြီး ၁၉၈၈ နိုဝင်ဘာ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်အတူ လက်နက်ကိုင်တိုက်ပွဲကို ယနေ့ထိ ဆင်နွှဲနေခြင်း ဖြစ်သည်။
ဖွဲ့စည်းချိန်မှ ၂ဝဝ၈ သြဂုတ်လအထိ ကျဆုံးသူနှင့် သေဆုံးသူ ရဲဘော် ၆၁ဝ ဦး ရှိပြီဖြစ်ကြာင်း မကဒတ အင်တာနက် ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။