မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 19 februari 2010

မြိုင်ကြီးငူဆရာတော် ဘန်ကောက်တွင် ဆေးကုသမှုခံယူ


ရဲရင့်/ ၁၉ ဖေဖော်ဝါရီ ၂ဝ၁ဝ

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့ကို စတင်ဖွဲ့စည်းပေးခဲ့သည့် နာယကဆရာတော် ဦးသုဇနသည် အဆုတ်နှင့် အစာအိမ်တွင် အနာဖြစ်သောကြောင့် ဘန်ကောက်မြို့ဆူကွန်ဗစ် (၁) လမ်းရှိ ဘန်ရွန်ဂရတ် (Bumrungrad) ပုဂ္ဂလိကဆေးရုံတွင် ဆေးဝါးကုသမှုခံယူလျက်ရှိသည်။
ဆရာတော်ကို သွားရောက်ကြည့်ရှုခဲ့သည့် ဒကာတဦးက “ဘုန်းကြီးရောဂါက အတော်ဆိုးတယ်။ ရန်ကုန်မှာကုရင်တော့ မလွယ်ဘူး။ အစာအိမ်နဲ့အဆုတ်မှာရှိတဲ့ အနာတွေရဲ့သွေးပုပ်တွေကို စက်နဲ့စုပ်ပြီးထုတ်ရတယ်။ ဆရာတော်ကတော့ အခုကြပ်မတ်ဆောင်မှာပဲ နေရတယ်။ ရန်ကုန်မှာ ကုလို့မပျောက်တာက ပရောဂလို့ ပြောကြတယ်။ ကျနော်ထင်တာကတော့ နိုင်ငံရေး ပရောဂပါမယ်လို့ ထင်တယ်။ မင်္ဂလာဒုံစစ်ဆေးရုံမှာကုတာ ဘာရောဂါမှမရှိဘူးလို့ ပြောတယ်” ဟု ပြောသည်။
သက်တော် (၆၄) နှစ်ရှိ ဆရာတော် ဦးသုဇနသည် ယခုလ (၁၀) ရက်တွင် ဆေးရုံတက်ရောက်ခြင်းဖြစ်ပြီး အပါးတော်မြဲအဖြစ် (ဒီကေဘီအေ) တပ်မဟာ (၅) ကလို့ထူးဘောဗျူဟာမှူး စောမောသိုက လိုက်ပါစောင့်ရှောက်ပြီး ဆရာတော်၏ဝေဒနာမှာ သက်သာခြင်းမရှိသေးကြောင်း ပြောသည်။
ဆရာတော် ဘန်ကောက်တွင် ဆေးကုသရေးအတွက် ခရီးသွားလက်မှတ်ရရှိရန် မြန်မာအာဏာပိုင်များနှင့် အကြိတ်အနယ် ဆွေးနွေးခဲ့ရသည်ဟုလည်း ဆရာတော်၏ ဒကာရင်းတဦးက ပြောသည်။
ဆရာတော်အား သွားရောက်ဖူးမြော်သည့် ဒကာများကို တာဝန်ကျဆရာဝန်တဦးက စိုးရိမ်စရာမရှိပါဟု ယမန်နေ့က ပြောကြားသော်လည်း အနီးကပ်ဖူးမြော်ခွင့်ကို ပိတ်ပင်ထားပြီး အနည်းဆုံး ရက်သတ္တပတ် (၃) ပတ်ခန့် ဆေးရုံတွင်နေရမည်ဟု ပြောသည်။
၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်တွင် ဆရာတော်သည် ဒီကေဘီအေ (၉၀၇) ကလို့ထူးဘော ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး စောမောသိုနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့် ကေအန်ယူခေါင်းဆောင် (၄) ဦးနှင့် မဲဆောက်မြို့တွင် လျှို့ဝှက်တွေ့ဆုံခဲ့ကြသည်။
ယခုကဲ့သို့ မြန်မာစစ်အုပ်စုနှင့် အဆင်ပြေသည့် ဒီကေဘီအေဆရာတော် ဘန်ကောက်တွင် ဆေးရုံလာတက်ရသည့် အနေအထားနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပရှိ ကရင်များက နအဖ၏လုပ်ရပ်ကို နားမလည်နိုင်အောင်ဖြစ်ရသည်ဟု ကရင်ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။
ဒီကေဘီအေအဖွဲ့သည် ၁၉၉၅ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ကာ စစ်အစိုးရနှင့် ပူးပေါင်းခဲ့သည့် အပစ်ရပ်အဖွဲ့ဖြစ်သည်။

Geen opmerkingen: