မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 22 februari 2010

ရိုဟင်ဂျာ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်မှာလည်း မသက်သာ

Monday, 22 February 2010 17:46 ကိုထွေး
ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာ ဒုက္ခသည်များသည် ဖမ်းဆီး၍ နှိပ်စက် ညှင်းပန်း ခံနေရပြီး မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ရန် အာဏာပိုင်များက လုပ်ဆောင် နေကြောင်း လူ့အခွင့်အရေး အဖွဲ့များနှင့် ထောက်ပံ့ ကူညီနေသူများက ဆိုသည်။
မြန်မာနိုင်ငံ နယ်စပ်အနီး ရိုဟင်ဂျာများထားသည့် ဘင်္ဂလားဒေ့ရှ် ကောက်စ်ဘဇားခရိုင် အတွင်းရှိ ဒုက္ခသည် စခန်းတခု (ဓာတ်ပုံ - ရိုက်တာ)
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ရိုဟင်ဂျာများကို ယခု နှစ်ဆန်းပိုင်းမှ စတင်၍ စစ်ဆင်ရေး တရပ်အနေဖြင့် ဖမ်းဆီးမှုများ ပြုလုပ် လာကြောင်း သိရသည်။
ရိုဟင်ဂျာများ အရေး ဆောင်ရွက်နေသော ထိုင်းနိုင်ငံ အခြေစိုက် ရခိုင်လုပ်ငန်း စီမံချက် (Arakan Project) အဖွဲ့က ယခင် သတင်းပတ်က ထုတ်ပြန်သော ကြေညာချက်တွင် ယခင်လ ကတည်းက ကောက်စ်ပဇား ခရိုင်တွင် ရိုဟင်ဂျာ ဒုက္ခသည်များ ရာနှင့်ချီ၍ အဖမ်းခံ ရကြောင်း ဆိုသည်။
“ဘင်္ဂလားဒေ့ရှ် အစိုးရက ဖမ်းဆီးတာကို ရပ်တန့်ရမယ်၊ မဟုတ်ရင် ဒုက္ခသည် တွေက စခန်းထဲမှာ ငတ်မွတ် ကုန်ကြလိမ့်မယ်”ဟု Arakan Project ဒါရိုက်တာ Chris Lewaက ဆိုသည်။
ယခုကဲ့သို့ ဖမ်းဆီးဆောင်ရွက်နေမှုများသည် ရိုဟင်ဂျာ ဒုက္ခသည်များ အတွက် အဆိုးဝါးဆုံး ဖြစ်ကြောင်း အကူအညီပေးရေး အဖွဲ့များက ဆိုသည်။
မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသခံတဦးက “ပြည်သူ့ရဲနဲ့ နယ်ခြားစောင့်တပ်တွေက ဒုက္ခသည် ရိုဟင်ဂျာတွေကို ဖမ်းဆီးနေတာ ၂ လလောက်ရှိပါပြီ၊ ဒုက္ခသည် စခန်းထဲက တချို့ကို မြန်မာပြည်ပြန်ပို့တယ်၊ တချို့ကတော့ အကျဉ်းစခန်းထဲမှာရှိနေတယ်၊ အပြင် ထွက်ရင် ဖမ်းတယ် ဆိုတော့ အလုပ်လုပ်လို့ မရလို့ ဒုက္ခသည် စခန်းမှာ ကလေးတွေ အာဟာရပြတ်ပြီး သေဆုံးတယ်လေ” ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အခြေစိုက် နယ်စည်းမခြားအဖွဲ့က ကြာသပတေးနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် “အရင်လတုန်းက ရဲတွေရဲ့ အရိုက် အနှက်ခံရတဲ့ သူတွေရဲ့ ဒဏ်ရာတွေကို ကျနော်တို့ ကုသပေးခဲ့ရပါတယ်၊ ဒါဟာ အခုထက်ထိ ဖြစ်နေဆဲပါ၊ အခုထက်ထိ သူတို့ဟာ အစာရေစာ ထောက်ပံ့မှုမရရှိသေးပါဘူး”ဟု ယင်းအဖွဲ့တာဝန်ခံ Paul Critchle ဆိုသည်။
ဒုက္ခသည် စခန်းတွင်းရှိ ၉၀ ရာခိုင်နှုန်းခန့်သည် အစာရေစာ ရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်းလည်း ကြေညာချက်တွင် ရေးသားထားသည်။
ဒုက္ခသည် စခန်းအတွင်း အစားအစာများ ရှားပါးသည့် ပြဿနာကြောင့် ကလေးများနှင့် သက်ကြီးရွယ်အိုများ အသက်ဆုံးရှုံးမှု ရှိကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် ကုလားတန် သတင်းဌာနမှ အယ်ဒီတာ ဦးတင်စိုးက ပြောပြသည်။
“ကလေးတွေက ငတ်မွတ်ငိုယိုနေတော့ အဖေ အမေတွေက အပြင်ကို ထွက်ကြတာပဲ၊ ဒေသခံလူတွေကလည်း သူတို့ကို မလို လားဘူး၊ ရဲတွေကို အကြောင်းကြားတယ်၊ ဖမ်းခေါ်သွားပြီဆိုရင်တော့ အာဏာပိုင်တွေက ရိုက်တယ်၊ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် တွေကို နှစ်ပေါင်း ၂၀လောက် အကာအကွယ်ပေးတာပဲ၊ အခုကျမှ ဘာလို့ဒီလိုဖြစ်လာတယ်ဆိုတာက မပြောတတ်ဘူး”ဟု ဦးတင်စိုး က ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် ရိုဟင်ဂျာ ၂၈၀၀၀ ခန့်ကို ဒုက္ခသည် အဖြစ် အသိအမှတ်ပြုလက်ခံခဲ့ပြီး ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က အစားအစာနှင့်အခြားသော အထောက်အပံ့များကို ထောက်ပံ့ကူညီထားကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ၁၉၉၃ ခုနှစ်နောက်ပိုင်းမှ စတင်၍ အသစ်ရောက်ရှိလာသော ဒုက္ခသည်များကို မှတ်ပုံတင်ခွင့် မပြုတော့ ချေ။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ရိုဟင်ဂျာ ပြဿနာသည် ၁၉၉၁-၁၉၉၂ ခုနှစ်များ ကာလက စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ရိုဟင်ဂျာ ပေါင်း ၁ သန်းကျော် ရှိကြောင်း သိရ သည်။
မြန်မာအစိုးရ၏ တင်းကျပ်သော စည်းကမ်းချက်များကြောင့် စားဝတ်နေရေး ပိုမို ကျပ်တည်းလာသည့် အတွက် ရိုဟင်ဂျာ အများ အပြားသည် ပွဲစားများ၏ အကူအညီဖြင့် ရခိုင်ပြည်နယ် ပြင်ပသို့ ထွက်ခွာကြရကြောင်း သိရှိရသည်။
ရိုဟင်ဂျာ အများစုသည် အစ္စလမ် ဘာသာဝင်များဖြစ်ပြီး နိုင်ငံမဲ့နေသော လူနည်းစုဖြစ်ကာ ရခိုင်ပြည်နယ်၏ ပြင်ပသို့ သွားလာခွင့် မရစေရန် မြန်မာ အာဏာပိုင်များက ဖိနှိပ်ထားကြောင်း သိရသည်။ သို့သော်လည်း ၎င်းတို့က မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်ရန်အတွက် မြန်မာနိုင်ငံမှ အလုံးအရင်းဖြင့် ထွက်ခွာလျက်ရှိသည်။
၎င်းတို့သည် ရေလမ်းခရီးဖြင့် တခြားသော နိုင်ငံများသို့ တရားမဝင် သွားရောက်ကြရာ အများစုမှာ ထိုင်းနိုင်ငံ ကမ်းရိုးတန်း ဒေသများ သို့မဟုတ် မုန်တိုင်းထန်သည့် ကပ္ပလီ ပင်လယ်ဘက်သို့ ရောက်ရှိသွားကြသည်ဟု သတင်းများအရ သိရသည်။
Arakan Project ၏ ၂၀၀၈ ခုနှစ် ဇွန်လ ခန့်မှန်းချက်အရ ၂ နှစ် အတွင်း ထိုင်းပင်လယ် ကမ်းခြေသို့ ရိုဟင်ဂျာ ၈,၀၀၀ ထက် မနည်း ရောက်ရှိခဲ့သည်ဟု ဆိုသည်။
ရိုဟင်ဂျာများမှာ မြန်မာနိုင်ငံ နယ်စပ်အနီး ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း ကောက်စ် ဘဇား ခရိုင်အတွင်းရှိ ကုတုပလောင်း ဒုက္ခသည် စခန်း နှင့် နာရာပရ ဒုက္ခသည် စခန်းများတွင် အများဆုံး နေထိုင်ကြပြီး ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀၀၀ ၀န်းကျင်ခန့် ရှိကြောင်း သိရသည်။

Geen opmerkingen: