B.K Sen
အင်္ဂါနေ့၊ မတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၃၃ မိနစ် .
မြန်မာ့သမိုင်းအား သတ်မှတ်ပုံဖော်ပေးမည့် အခိုက်အတန့်သည် နီးကပ်လာပြီ ဖြစ်ပါသည်။ နိုင်ငံရေးပါတီများအား မှတ်ပုံတင်ရန်အတွက် ရက်ပေါင်း ၆ဝ သာ သတ်မှတ်ပေးထားပါသည်။ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ဥပဒေ အခန်း ၃ ပိုဒ်ခွဲ ၆ တွင် ဖော်ပြထားသော အချက်ဖြစ်သည့် အကျဉ်းကျနေသည့် ပုဂ္ဂိုလ်များ ပါတီဝင်ဖြစ်ခွင့် မရှိဟူသော အချက်အား ရင်ဆိုင်နေရပါသည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ပါတီများအား မှတ်ပုံတင်ရာတွင် ထိုအချက်အား ဖြည့်ဆည်းလိုက်နာရန် လိုအပ်နေပါသည်။ လက်ရှိကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်ဒဏ် ၁၈ လ ကျခံနေရပါသည်။ ပါတီအား မှတ်ပုံတင်ရန်အတွက် သူမအား ပါတီမှ ထုတ်ပယ်ရေး မထုတ်ပယ်ရေးသည် NLDအတွက် အကျပ်ရိုက်နေသော ပြဿနာတခု ဖြစ်ပါသည်။
စစ်အစိုးရသည် မြန်မာနိုင်ငံအား ရာစုနှစ် တဝက်နီးပါး အုပ်ချုပ်ခဲ့ပြီး ပြည်တွင်းရေး သဘောထားကွဲလွဲ ပဋိပက္ခဖြစ်မှု၊ ဗိုလ်ချုပ်နေဝင်း ရာထူးမှ ပြုတ်ကျမှု၊ ပြည်တွင်းစစ်များ၊ လူထုအုံကြွမှုများနှင့် နိုင်ငံရေးအတိုက်အခံများနှင့် ထိပ်တိုက်တွေ့ခဲ့ရသည့် ပဋိပက္ခများအား လိမ္မာပါးနပ်စွာ ကျော်လွှားနိုင်ခဲ့ပါသည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲသည် စစ်အစိုးရအား နိုင်ငံရေးမျက်စိ ဖွင့်ပေးခဲ့ပါသည်။ စစ်အစိုးရသည် ထို ၁၉၉ဝ ရွေးကောက်ပွဲမှ သင်ခန်းစာများကို ရယူကာ လာမည့် ရွေးကောက်ပွဲ အသစ်အတွက် ပြင်ဆင်နေပါသည်။
ရှစ်လေးလုံး လူထုအုံကြွမှု ပြီးခါစ ကာလ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရေးဆွဲရသေးသည့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် ယခုအခြေအနေတွင် ကွားခြားမှုများ ရှိနေပါသည်။ ယခုအကြိမ်တွင် အတုအယောင် ပြည်သူ့ဆန္ဒခံယူပွဲဖြင့် တရားမျှတမှုမရှိသည့် အခြေခံဥပဒေအား ရေးဆွဲအတည်ပြုထားပြီးပြီ ဖြစ်သည်။ ရွေးကောက်ပွဲ ဥပဒေ ၅ ရပ်အား သုံးသပ်၍ ပြောရလျှင် စစ်ဗိုလ်ချုပ်ကြီးများသည် အတိုက်အခံများအား နိုင်ငံရေးအရ မျက်နှာသာ ပေးလိုစိတ် လုံးဝ မရှိကြောင်း ထင်ရှားနေပါသည်။
ကနဦးတွင် စစ်အစိုးရသည် မြန်မာနိုင်ငံအား ၎င်းတို့၏ ထိန်းချုပ်ကွပ်ကဲမှုဖြင့် စစ်အုပ်ချုပ်မှုမှ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သို့ စနစ်တကျ အသွင်ကူးပြောင်းပေးမည်ဟု ပြောကြားခဲ့သည်ကို သတိရကြပါလိမ့်မည်။ သို့သော် နိုင်ငံရေးကစားပွဲ၏ ဥပဒေသအားလုံးသည် စစ်ဗိုလ်ချုပ်များ ဆက်လက်၍ အာဏာတည်မြဲနေစေရန်အတွက် ဘောင်ခတ်ထားကြောင်း သိသာထင်ရှားနေပါသည်။ ဥပမာပြရလျှင် အတည်ပြုခဲ့သည့် အခြေခံဥပဒေအရ လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် သီးသန့်ဖယ်ထားခဲ့ပြီး အဓိက ရာထူးတော်တော်များများလည်း စစ်တပ်နှင့် ပတ်သက်သူ ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။
ထို့အပြင် ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်အား စစ်ဘက်မှ သူများဖြင့် ဖွဲ့စည်းထားပါသည်။ တရားမျှတမှုမရှိသော စီရင်ဆုံးဖြတ်ချက်များနှင့် ရင်ဆိုင်ရန်အတွက် တရားရုံးတော်သို့ အယူခံဝင်နေရခြင်းမှာလည်း ပြက်လုံးတခုသဖွယ် ဖြစ်နေပါသည်။ လက်ရှိ နိုင်ငံတော် တရားရုံးချုပ်မှာ စစ်အစိုးရမှ ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အဆိုပါ နိုင်ငံတော် တရားရုံးချုပ်ထံမှ လုပ်ပိုင်ခွင့်အာဏာများအား ပြန်လည်ရုပ်သိမ်းထားပါသည်။ လူသန်းပေါင်းများစွာ၏ အနာဂတ်အား အကျိုးသက်ရောက်မည့် အရေးကြီးသော ဆုံးဖြတ်ချက်အား စမ်းသပ်ခွင့် မရခြင်းမှာလည်း ဆိုးဝါးလှပါသည်။
အထက်တွင် ဖော်ပြထားခဲ့သည့်အတိုင်း မည်သည့်နိုင်ငံရေးပါတီမဆို အကျဉ်းကျခံနေရသူတဦးအား ပါတီဝင်အဖြစ် လက်ခံနိုင်ခွင့် မရှိပေ။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် သက်သေအထောက်အထား ခိုင်လုံခြင်း မရှိဘဲ ပြစ်ဒဏ် မတရား ချမှတ်ထားခြင်း ခံနေရပါသည်။ ထို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါဝင်လျက် အနေအထားဖြင့် မှတ်ပုံတင်ခွင့် ရှိလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ပါတီ၏ ဗဟိုကော်မတီ အဖွဲ့ဝင်များစွာသည်လည်း အကွက်ဆင်၍ အကျဉ်းချထားခြင်း ခံနေရပါသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုလျှင် ၎င်းအကျဉ်းကျခံနေရသူ အားလုံးအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ပစ်ရန် လိုပေလိမ့်မည်။ နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်များထဲတွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားပေါင်းမှာ ၂၁ဝဝ ကျော်ရှိသည်ဟု ဆိုကြသည်။ သို့သော် စစ်အစိုးရ၏ အဓိက ပစ်မှတ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီ ပြိုကွဲပျက်စီးရေးပင် ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေငြာစာတမ်းတွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အချက် ၄ ချက်ကို တောင်းဆိုထားပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ပြင်ဆင်ပေးရေးသည် မျှတသည့် တောင်းဆိုမှု ဖြစ်သော်လည်း အာဏာကို ဆက်လက်ထိန်းသိမ်းထားလိုသည့် စစ်အစိုးရအတွက်မူ လက်တွေ့မကျလှပေ။ အခြေအနေကို သုံးသပ်ကြည့်ရလျှင် အခြေခံဥပဒေအား အတည်ပြု ပြဋ္ဌာန်းပြီး ဖြစ်သည့်အပြင် ၎င်းအား ပြင်ဆင်လိုလျှင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် ပါလီမန်၌သာလျှင် ပြင်ဆင်နိုင်မည်ဖြစ်၍ စစ်အစိုးရ၏ အနေအထားသည် အတိုက်အခံများထက် အသာစီးရလျက်ရှိနေသည်။
ဒုတိယ တောင်းဆိုချက်မှာ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်ပြုရေးဖြစ်ရာ ၎င်းတောင်းဆိုချက်သည်လည်း လက်တွေ့မကျပေ။ အဘယ်ကြောင့်ဆိုသော် ၁၉၉ဝ ရလဒ်အား အသိအမှတ်ပြု အကောင်အထည်ဖော်ရေး ဖိအားပေးရန်အတွက် လုံလောက်သည့် လူထုလှုပ်ရှားမှု ပေါ်ပေါက်လာစေရန် မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ တတိယ တောင်းဆိုချက်မှာ အရေးကြီးသော အချက်ဖြစ်သည့် တွေ့ဆုံဆွေးနွေးရေး ဖြစ်သည်။ စစ်အစိုးရသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ တွေ့ဆုံဆွေးနွေးရေးကို တိုက်တွန်းနေသည့်ကြားက စနစ်တကျ မထီမဲ့မြင် ပြုနေသည့်အတွက် အကောင်အထည် ပေါ်လာခြင်း မရှိခဲ့ပေ။ သို့သော် ယခုအချိန်တွင် စစ်အစိုးရ ကိုယ်တိုင်က စစ်အုပ်ချုပ်မှုအား အရပ်ဘက်မျက်နှာဖုံး စွပ်ရန်အတွက် အခန်းကဏ္ဍသစ်တခု ဖွင့်လှစ်ရန် လိုလားလာသဖြင့် ၎င်းတောင်းဆိုချက်သည် ဖြစ်မြောက်လာနိုင်ဖွယ် ရှိသေးသည်။
စတုတ္ထတောင်းဆိုချက်မှာ လက်ရှိအခြေအနေတွင် အလွန် အဓိက ကျလာသည့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးပင် ဖြစ်သည်။ ထိုတောင်းဆိုချက်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာရေးနှင့် ဆက်စပ်လျက်ရှိသည်။ လူ့ဘောင်အဖွဲ့အစည်းသစ် တည်ဆောက်ရာတွင် အားလုံး ပါဝင်ခွင့် ရရှိရေးအတွက် ရွေးကောက်ပွဲ မကျင်းပမီ နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လိုအပ်လှသည်။ စစ်အစိုးရအနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာရေးအတွက် အားလုံးအကြုံးဝင်သော လွတ်ငြိမ်းချမ်းသာခွင့်တရပ်ကို ကြေညာသင့်ပါသည်။ ထိုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့လျှင် ပြစ်ဒဏ်ချခဲ့စဉ်က အမည်းစက်များကို ချေဖျက်ကောင်း ချေဖျက်နိုင်မည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ အနေဖြင့်လည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် ရပါလိမ့်မည်။ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီများ မှတ်ပုံတင်ရန်အတွက် ရက် ၆ဝ သာ အချိန်ပေးထားသဖြင့် ထိုလွတ်ငြိမ်းချမ်းသာခွင့်သည် ချက်ချင်း အကောင်အထည်ပေါ်လာမှ ဖြစ်ပေလိမ့်မည်။
၂ဝဝ၉ ခုနှစ် ဇွန်လတွင် မြန်မာသံအမတ်ကြီးမှ ကုလသမဂ္ဂသို့ အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့် ရနိုင်ရန်အတွက် နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း အစီအစဉ်ကို စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် လပေါင်းများစွာ ကြာသွားသော်လည်း ထိုအစီအစဉ်သည် အကောင်အထည် ပေါ်လာခြင်း မရှိသေးပေ။ လက်တွေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို အကန့်အသတ်ဖြင့်သာ ပြုလုပ်ပေးသဖြင့် နိုင်ငံရေး ပြစ်ဒဏ်ကျခံ နေရသူများအား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရရန် တားဆီးထားသကဲ့သို့ ဖြစ်နေသည်။
ထိုအခြေအနေတွင် အတိုက်အခံများအနေဖြင့် မှတ်ပုံတင်ခြင်းကိစ္စ ပြေလည်ရန်အတွက် စင်ပြိုင်ပါတီများ တည်ထောင်ပြီး တရားဝင် ခွင့်ပြုထားသည့် နိုင်ငံရေး တိုက်ပွဲသို့ ဝင်ရောက်ရပေမည်။ ထိုအတောအတွင်းတွင် နိုင်ငံရေးပြစ်ဒဏ် ကျခံနေရသူများအနေနှင့် ပါလီမန်အသစ် ပေါ်ပေါက်လာပြီး ပါလီမန်မှ ထိုပြဿနာအား ဆွေးနွေးအဖြေရှာပြီးသည်အထိ ပါတီမှ နုတ်ထွက်ပေးရမည်။ သို့သော် ထိုနုတ်ထွက်ပေးလိုက်ရသည့် ပါတီဝင်များသည် ရွေးကောက်ပွဲတွင် မပါဝင်နိုင်တော့သော်လည်း ပါတီ၏ လုပ်ငန်းများကိုမူ ဆောင်ရွက်ပေးလိုပါက ဆက်လက်ဆောင်ရွက်ပေးနိုင်ခွင့် ရှိမည်ဖြစ်သည်။
အတိုက်အခံများသည် အဆိုပါ အကျပ်အတည်းအား အချိန်တိုတိုအတွင်း စဉ်းစားဖြေရှင်းကြရမည်။ မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲအား အခွင့်အလမ်း တခုအဖြစ် မြင်ကြည့်နိုင်ပါသည်။ ရွေးကောက်ပွဲ၏ တရားမျှတမှု အဆင့်အတန်း မည်သို့ပင် ဖြစ်စေကာမူ ရွေးကောက်ပွဲသည် အင်အားချိနဲ့နေသော အတိုက်အခံများအား သွေးသစ် လောင်းပေးခြင်းအားဖြင့် ဒီိမိုကရေစီလှုပ်ရှားမှုအား ရှေ့သို့ တွန်းတင်ပေးနိုင်သည့် အစွမ်းရှိပါသေးသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အဓိက အလေ့အထ နှစ်ရပ်မှာ ရွေးချယ်ထားသော စီမံကိန်းတရပ် ရှိရေးနှင့် အများနှင့်ယှဉ်ပြိုင်ရသော ပါတီစုံစနစ် အကောင်အထည်ဖော်ခြင်းပင် ဖြစ်ပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် အုပ်ချုပ်မှုစနစ်တွင် ပါဝင်ရန်သာမက ပါတီများ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ရပါမည်။ ရွေးကောက်ပွဲတွင် အပြစ်အနာအဆာများ၊ အကွက်ဆင်ထားမှုများ ပါဝင်နေသဖြင့် မည်သို့ဖြစ်လာမည်ကို မသိရှိနိုင်သော်လည်း ရွေးကောက်ပွဲများသည် အတိုက်အခံများအတွင်း ဒီမိုကရက်တစ် မဟာမိတ်များ ပေါ်ပေါက်လာခြင်းကိုတော့ ဟန့်တားနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် အတိုက်အခံများအနေဖြင့် ရရှိသည့် ကစားကွက်ထဲမှ ဒီမိုကရေစီ တိုးတက်ရေးအတွက် အကျိုးအမြတ်ထွက်ရန် ကြိုးစားရပါမည်။
Geen opmerkingen:
Een reactie posten