ရဲရင့်/ ၂၂ မတ် ၂ဝ၁ဝ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်မည်ဆိုပါက ၁၉၈၈ ခုနှစ်တွင် ပြည်သူတရပ်လုံးက ပေးအပ်လိုက်သည့် သမိုင်းပေးတာဝန်ကို ငြင်းပယ်ရာကျမည်ဟု မြန်မာနိုင်ငံဒီ မိုကရက်တစ်အင်အားစု (အက်ဖ်ဒီဘီ) အဖွဲ့က ပြောကြားသည်။
လာမည့် (၂၉)ရက်နေ့တွင် အန်အယ်လ်ဒီမှ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးအတွက် မှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ချက် ချရေးနှင့်ပတ်သက်၍ အက်ဖ်ဒီဘီက ၎င်းတို့၏အမြင်များကို ယမန်နေ့က ကြေညာချက်ထုတ်ပြန် အကြံပြုထားသည်။
အဆိုပါ ကြေညာချက်နှင့်ပတ်သက်၍ အက်ဖ်ဒီဘီအဖွဲ့၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က “၈၈ လှုပ်ရှားမှုကနေ ပေါက်ဖွားလာတဲ့ အင်အားစုတွေအားလုံးဟာ အဓိကတာဝန်က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးဖြစ်တယ်။ ဒီရွေးကောက်ပွဲကို ၀င်ခြင်းအားဖြင့် ၈၈ က ပေးလိုက်တဲ့သမိုင်းကို ငြင်းပယ်ရာ ကျမယ်၊ ၉၀ ခုနှစ် ရွေးကောက်ပွဲကိုလည်း ပယ်ဖျက်လိုက်ရာ ကျမယ်” ဟု ပြောသည်။
အက်ဖ်ဒီဘီ၏ အကြံပြုချက်တွင် အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်ရန်နှင့် အခြားမဟာမိတ် အင်အားစုများအကြား၌လည်း ညီညွတ်ရေးကို တည်ဆောက်ရန် လိုအပ်ကြောင်း၊ မူလချမှတ်ထားသည့် ရွှေဂုံတိုင် ကြေညာစာတမ်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အခိုင်အမာသစ္စာရှိစွာရပ်တည်ရန် လိုအပ်ကြောင်း တင်ပြထားသည်။
အကယ်၍ အန်အယ်လ်ဒီသည် ရွေးကောက်ပွဲဝင်မည်ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ဆန့်ကျင်ရမည်ဆိုသည့် လုပ်ငန်းတာဝန်ကို ပယ်ဖျက်ရာကျမည်ဖြစ်သည်ဟု ဒေါက်တာနိုင်အောင်က ပြောသည်။
၎င်းက “ပြည်သူနဲ့အတူတူ ပြည်သူရဲ့ဆန္ဒအတိုင်း ရပ်တည်နေသရွေ့ နအဖက အသိအမှတ်ပြုခံစရာမလိုဘူး။ ပြည်သူက အသိအမှတ်ပြုခံဖို့ပဲလိုတယ်။ ပြည်သူအသိအမှတ်ပြုနေသရွေ့ ဘယ်လိုမှဖျက်လို့မရဘူး၊ သမိုင်းဆိုတာရှိတယ်။ အန်အယ်လ်ဒီအနေနဲ့ လူထုကို ပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တွေနဲ့ လူထုကို အခြေပြုပြီး ဆက်လက်ရှင်သန် တိုက်ပွဲဝင်သွားပါလို့ ကျနော်တို့က ပြောချင်တာပါ” ဟု ဆက်လက်ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ မတရားသည့် ဥပဒေများကို လူထုနည်းဖြင့် ဆန့်ကျင်တုံ့ပြန်သွားရန်နှင့် အန်အယ်လ်ဒီသည် ပြည်သူ့ပါတီ ပီသစွာ ပြည်သူ၏ထောက်ခံ အကာအကွယ်ပေးမှုဖြင့် လူထုကြားတွင် ကြံ့ကြံ့ခိုင်ခိုင်ရပ်တည်သွားရန်အတွက်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ အက်ဖ်ဒီဘီက အကြံပြုချက်ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ တွဲဖက်အတွင်းရေးမှူး (၂) ဦးမိုးဇော်ဦးက “အန်အယ်လ်ဒီ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့ အပြုသဘောနဲ့ သူတို့အကြံပေးတာလို့ သဘောထားပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
အက်ဖ်ဒီဘီအဖွဲ့ကို ထိုင်း-မြန်မာနယ်စပ်တွင် ၂၀၀၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၊ ပြည်သူ့ကာကွယ်ရေးတပ်၊ မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) နှင့် တသီးပုဂ္ဂလများ ပါဝင်သည်။
Geen opmerkingen:
Een reactie posten