ပေါက်ပေါက်/ ၂၂ မတ် ၂ဝ၁ဝ
ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် ဗုံးပေါက်ကွဲမှု၊ သေနတ်ပစ်ခတ်မှု စသည့် ဒေသ မတည်မငြိမ်မှုများ ပြုလုပ်နေသည့် အကြမ်းဖက်သမားများ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တလျှောက်တွင် သွားလာလှုပ်ရှားနေသဖြင့် ၎င်းတို့အား ဖော်ထုတ်ဖမ်းဆီးနိုင်ရန် တရုတ်အာဏာပိုင်များထံ မြန်မာဘက်က အကူအညီ တောင်းခံထားသည်။
ယခုလ (၁၈)ရက်က မူဆယ်မြို့၌ နှစ်နိုင်ငံနယ်စပ်အာဏာပိုင်များ ဆွေးနွေးပွဲတခုပြုလုပ်ခဲ့ရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဝင်းသိန်း ဦးဆောင်သည့်အဖွဲ့က တက်ရောက်ခဲ့ပြီး အကြမ်းဖက်သမားများနှင့်ပတ်သက်၍ အပြန်အလှန် သတင်းဖလှယ်ကာ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အကူအညီတောင်းခံခဲ့သည်ဟု ရမခစစ်ဌာနချုပ် သတင်းရပ်ကွက်နှင့် နီးစပ်သူက ပြောသည်။
၎င်းက “အခုလ (၁ဝ)ရက်နေ့က နယ်စပ်မှာ ဖုန်ကျားရှင်အဖွဲ့က ကိုးကန့်တယောက်ကို ဖမ်းမိတယ်။ အဲဒီလူက တာရွှေထန်မှာရှိတဲ့ တပ်စခန်းကို ဝင်ပစ်တဲ့ကိစ္စ၊ ပြီးခဲ့တဲ့လက ဗုံးတွေ ဖောက်ခွဲတဲ့ကိစ္စတွေကို ညွှန်ကြားတဲ့သူလို့ ပြောတယ်။ သူ့ဆီကရတဲ့ သတင်းတွေအရ ဝနယ်ဘက်ကနေ လယ်နက်ခဲယမ်းတွေယူပြီး ကိုးကန့်ဘက်မှာ လာလုပ်တယ်တဲ့။ အကြမ်းဖက်သမားတွေက တရုတ်ဘက်မှာ ခိုအောင်းနေတာလည်း ရှိတော့ အဲလိုတွေ ထပ်မဖြစ်အောင် ဒီဘက်ကလည်း သတင်းပေးမယ်ပေါ့၊ တရုတ်ဘက်က သတင်းရရင်လည်း ဒီဘက်ကို သတင်းပေးပေါ့။ အဲလို ပူးပေါင်းဖော်ထုတ်မယ်ဆိုပြီး ဆွေးနွေးကြတယ်” ဟု ပြောသည်။
ယခုနှစ်၊ ဇန်နဝါရီ (၁၆)ရက် ညပိုင်းက ကိုးကန့်ဒေသ၊ တာရွှေထန်ရှိ နအဖတပ်စခန်းအား ဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ဝင်အချို့က ဝင်ရောက်ပစ်ခတ်သဖြင့် နအဖတပ်သား (၂) ဦးသေဆုံးကာ (၁) ဦး ဒဏ်ရာ ရရှိခဲ့သကဲ့သို့ ဖေဖော်ဝါရီလလယ်ပိုင်းကလည်း လောက်ကိုင်မြို့တွင် (၂)ရက်ဆက်တိုက် ဗုံးများ ပေါက်ကွဲခဲ့သဖြင့် တရုတ် နိုင်ငံသား (၃) ဦး အပါအဝင် လူ (၉) ဦး ဒဏ်ရာရရှိခဲ့သည်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် တရုတ်အာဏာပိုင်များက ဖျောင်းဖျပေးရန် နအဖဘက်က ထပ်မံ အကူအညီတောင်းခံထားခဲ့သည်ဟု ရမခစစ်ဌာနချုပ် သတင်းရပ်ကွက်နှင့် နီးစပ်သူက ပြောသည်။
၎င်းက “ဝတွေကို နယ်ခြားစောင့် လုပ်လာအောင် မတ်လ (၃)ရက်နေ့က ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ယူနန်အာဏာပိုင်တွေကို စာရေးအကူညီတောင်းခဲ့တယ်။ အခု ရမခကလည်း ထပ်ပြောတာက ရွေးကောက်ပွဲပြီးရင် တပ်မတော်တခုတည်းရှိရမယ်ပေါ့။ အဲဒီအတွက် ဝတွေကို လုပ်ဖော်ကိုင်ဖက်သဘောထားပြီး ဆွေးနွေးနေတာ ဖြစ်တယ်။ ဒါပေမယ့် ဝတွေက စိုးရိမ်ပြီး စစ်ရေးပြင်ဆင်တာတွေ လုပ်နေတယ်ပေါ့။ တကယ်လို့ ဝတပ်ဖွဲ့က အသွင်ကူးပြောင်းရေးသာ မြန်မြန်လုပ်မယ်ဆိုရင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းလာမယ်။ ဒီအတွက် တရုတ်ဘက်က ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုပြီး ထပ်ပြောထားတယ်” ဟု ပြောသည်။
ရှမ်းပြည်အထူးဒေသ (၁)၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)အဖွဲ့ခေါ် ကိုးကန့်တပ်ဖွဲ့မှ ခေါင်းဆောင် ဖုန်ကျားရှင်အဖွဲ့အား မူးယစ်ဆေးဝါးအမှု၊ လက်နက်မှောင်ခိုမှုတို့ဖြင့် နအဖဘက်က ဖမ်းဆီးရန်ကြိုးစားရာမှ အပစ်ခတ်ရပ်စဲရေး ပျက်ကာ ယမန်နှစ်၊ သြဂုတ်လအတွင်း နအဖ၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။
ဖုန်ကျားရှင်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့ဝင်အချို့ ထွက်ပြေးတိမ်းရှောင်သွားပြီး နောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန် ဦးဆောင်သည့် ကိုးကန့်လက်ကျန်အဖွဲ့အား နယ်ခြားစောင့်တပ်ရင်း အမှတ် (၁ဝဝ၆) အဖြစ် အသွင်ပြောင်းကာ နအဖတပ်များနှင့် အတူ ကိုးကန့်ဒေသအား ဆက်လက်ထိန်းချုပ်ထားသည်။
Geen opmerkingen:
Een reactie posten