တက်လူ/ ၁၅ မတ် ၂ဝ၁ဝ
ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့တွင်း မြို့နယ်များနှင့် စည်ပင်ဧရိယာအတွင်းရှိ အခြားမြို့နယ်တို့တွင် လုံခြုံရေးတိုးမြှင့်ချထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
“ကျနော်တို့ရဲတွေကို ရန်ကုန်မှာရှိတဲ့ မြို့တွင်းမြို့နယ်တွေမှာ လုံခြုံရေး တင်းကျပ်ထားဖို့ ၀န်ကြီးဌာနက တိုက်ရိုက်ညွှန်ကြား ထားပါတယ်။ နယ်မြေခံရဲတွေကိုလည်း အားလုံးညွှန်ကြားချက်တွေ ထုတ်ပြန်ပြီးပါပြီ” ဟု ဒု-ရဲအုပ်တဦးက ပြောသည်။
နအဖအစိုးရအနေဖြင့် ရွေးကောက်ပွဲဥပဒေများ ချမှတ်ထုတ်ပြန်ချိန်တွင် လူထုအုံကြွမှုများ တစုံတရာ မဖြစ်ပေါ်စေရန်၊ ကောလာဟလသတင်းများကို မယုံကြည်ကြရန်နှင့် ကောလာဟလသတင်းများ ပြောနေသူကို တွေ့ပါက အကြောင်းကြားပေးရန် မတ်လ (၁၁) ရက်နေ့ထုတ် နအဖသတင်းစာတွင် ရေးသားထားသည်။
“ကျနော်တို့ (၃၈) လမ်းမှာ လမ်းထိပ်မှာ ရဲတွေ (၃) ယောက်တစု တွေ့နေရတယ်။ ပြီးတော့ လမ်းထိပ်မှာပဲမဟုတ်ဘူး။ လမ်းအတွင်းတွေမှာလည်း ရှိတယ်။ အဲဒီနားမှာ ပန်းဆိုးတန်း ကားမှတ်တိုင်လည်း ရှိတယ်။ လူတွေက ရဲကိုမြင်တော့ ဘာများဖြစ်နေတာလဲဆိုပြီးတော့ လန့်ကြတယ်။ သူတို့လုပ်နေတာက လူတွေကို လန့်အောင်လုပ်နေတာနဲ့ တူတယ်” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
ရွေးကောက်ပွဲဥပဒေများကို အစိုးရက တရားဝင်ထုတ်ပြန်ပြီးသည့်နောက် ရန်ကုန်ပြည်သူတို့က နိုင်ငံရေးကိစ္စများကို အချင်းချင်းတိုင်ပင်ကြခြင်း၊ စုရုံးပြောဆိုကြခြင်းတို့ကြောင့် အစိုးရက ယင်းတို့ကိုစောင့်ကြည့်ရန် လုံခြုံရေးချသည်ဟု ယူဆကြောင်း ရှေ့နေတဦးက ပြောသည်။
၁၉၈၈ အရေးအခင်းကို တွေ့ကြုံဖူးသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတဦးကမူ “ပြည်သူကို မငြိမ်သက်အောင်၊ ကြောက်လန့်အောင် လုပ်နေတာက သူတို့တွေပဲလေ။ လူတိုင်းသိပါတယ်။ သူတို့နဲ့ပတ်သက်ရမှာကိုလည်း စက်ဆုပ်ကြတယ်။ ဒါ့ကြောင့် အခုအချိန်မှာ နေတတ်ဖို့က အရေးကြီးပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန်ပြီးနောက်ပိုင်းကစပြီး ရန်ကုန်တွင် နိုင်ငံရေးကို စိတ်ဝင်စားမှုမြင့်တက်လာကြောင်း ပြည်တွင်းထုတ်သတင်းဂျာနယ်ဖြစ်သော မတ်လ (၁၃) ရက်နေ့ထုတ် The Voice သတင်းဂျာနယ်၏ မျက်နှာဖုံးစာမျက်နှာတွင် ဖော်ပြပါရှိသည်။
“ဟုတ်တယ်ဗျာ။ လူတွေက သတင်းစာဖတ်တာ၊ ပြည်တွင်း ပြည်ပ ရေဒီယိုတွေကို နားထောင်တာတွေက ခါတိုင်းထက် ပိုလုပ်လာကြတယ်။ ဒါဟာ နိုင်ငံရေးမှာ အာရုံစိုက်မှု ပိုများလာတဲ့လက္ခဏာကို ပြတာပေါ့” ဟု ရန်ကုန်မြို့၊ ဒဂုံမြို့သစ် တောင်ပိုင်းသားတဦးက ပြောသည်။
သမိုင်းတွင်ခဲ့သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပေါ်ပြီးနောက်ပိုင်းမှစကာ လူထုအတွင်း မတည်ငြိမ်မှုဖြစ်စေမည့် ကိစ္စများ၊ ဆန္ဒပြမှုဖြစ်စေမည့် အကြောင်းအရာများ မဖြစ်ပေါ်စေရန်ဟုဆိုကာ နအဖက အစဉ်တစိုက် လုံခြုံရေးတင်းကျပ် လာခဲ့သည်ကို တွေ့ရသည်။
Geen opmerkingen:
Een reactie posten