ရဲရင့် / ၁၅ မတ် ၂ဝ၁ဝ
ထိုင်းနှင့်မြန်မာရွာသားများ အတိဒုက္ခရောက်ရှိမည့် သံလွင်မြစ်အတွင်း ဟတ်ကြီးရေကာတာ တည်ဆောက်မှုကို ရပ်တန့်ပေးရန် နှစ်နိုင်ငံ ရွာသားများက ဆန္ဒပြ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။
ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင် သူးမွဲမြို့နယ် အနီးရှိ သံလွင်မြစ်နှင့် သောင်းရင်းမြစ် မြစ်ဆုံအငူတွင် ထိုင်း-မြန်မာ ဒေသခံရွာသား (၃၀၀) ခန့်က ဟတ်ကြီးရေကာတာစီမံကိန်းကို ရပ်တန့်ပေးရန် ထိုင်းနှင့်မြန်မာအစိုးရများကို အရေးဆိုကြခြင်းဖြစ်သည်။
ထိုင်းနှင့်မြန်မာ သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့ (၇) ဖွဲ့က ဆန္ဒပြပွဲနှင့်ဆုတောင်းပွဲကို ကမကထပြု ကျင်းပခြင်းဖြစ်ပြီး အဖွဲ့ဝင်တဦးဖြစ်သူ ရှမ်းအမျိုးသမီးရေးလှုပ်ရှားမှု ကွန်ရက်မှ နန်းချန်တောင်းက “အခုဆိုရင် ရေကာတာတောင် မဆောက်ရသေးဘူး သံလွင်မြစ်ကြောင်း တလျှောက်မှာရှိတဲ့ ဒေသခံတွေ အတော်ဒုက္ခရောက်နေကြပြီ။ ရေကာတာ ဆောက်ပြီးရင်လည်း ကိုယ့်ရပ်ရွာမှာပြန်နေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ အခုဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အဓမ္မလုပ်အားစေခိုင်းမှုတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ မတရားသတ်ဖြတ်ခံရမှုတွေ၊ ဆက်ပြီး ဆိုးဝါးလာနိုင်တယ်” ဟု သတင်းထောက်များကို ပြောသည်။
ဟတ်ကြီးရေကာတာကြောင့် သံလွင်မြစ်ဘေးဝဲယာတွင် တည်ရှိသည့် ထိုင်းရွာ (၂၀) နှင့် မြန်မာဘက်ခြမ်းရှိ ကရင်ရွာ (၁၁) ရွာ တို့မှာ မြစ်အောက်တွင် နှစ်မြုပ်ပျောက်ကွယ်သွားမည်ဖြစ်ပြီး သောင်းချီသည့်ဒေသခံများ အတိဒုက္ခရောက်ကြမည်ဟု သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့များက ပြောသည်။
မြန်မာဘက်ရှိ မော်ဝါးရွာမှ ရွာသားစောဖားဒေးက “ဒီဟတ်ကြီးဆည်ပြီးရင်တော့ ရွာတွေ ရေအောက်ရောက်ပြီး ဥယျာဉ်ခြံတွေလည်း ပျက်မယ်၊ နေစရာလည်း ပျောက်မယ်။ ဒါကြာင့် အခု ဆန္ဒလာပြပြီး ဒီဆည်မဆောက်ဖြစ်အောင် ဆုတောင်းပွဲလာလုပ်တာ” ဟု ပြောသည်။
ဟတ်ကြီးရေကာတာစီမံကိန်းကို ရပ်တန့်ပေးရန် ထိုင်းအဖွဲ့များက ထိုင်းအစိုးရအား သဘာဝဘေးအန္တရာယ် အနေအထားများနှင့် နောက်ဆက်တွဲဆိုးကျိုးများကို အချက်အလက်များနှင့် တင်ပြထားသည့်အတွက် ထိုင်းဘက်မှ ရေကာတာတည်ဆောက်မှုကို ယာယီရပ်တန့်ထားသည်။

Geen opmerkingen:
Een reactie posten