Thailand News.Net/ ၁၅ မတ် ၂ဝ၁ဝ
ထိုင်းအစိုးရက ပါလီမန်ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြုလုပ်ပေးရေး အကြောင်းပြန်ရန် ယနေ့နေ့လယ် နောက်ဆုံးထား သတ်မှတ်ထားသည့် အင်္ကျီနီဝတ် အစိုးရဆန့်ကျင်ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ် ၀ိချာချီဝါ့က လက်မခံဘဲ ပယ်ချလိုက်သည်။
ထိုင်းအစိုးရ နုတ်ထွက်ပေးရေး တောင်းဆိုချက်ကို ထိုင်းဝန်ကြီးချုပ်က ငြင်းပယ်လိုက်ပြီး အစိုးရကို ဖျက်သိမ်းပေးမည်မဟုတ်ဘဲ နိုင်ငံတော် အကျိုးအတွက် လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်က နိုင်ငံတော်ရုပ်မြင်သံကြားမှ တရားဝင်ကြေညာလိုက်သည်။
ယနေ့ နံနက် (၁၁) နာရီခန့်ကတည်းက အင်္ကျီနီဝတ် အစိုးရဆန့်ကျင်ဆန္ဒပြသူ (၁) သောင်းကျော်တို့သည် အစိုးရ ဗဟိုဌာနချုပ်အဖြစ်ထားရှိသည့် ခြေလျင်တပ်ရင်း (၁၁) တည်ရှိရာနေရာသို့ လာရောက်စုဝေး ရောက်ရှိနေကြခြင်းဖြစ်သည်။
အာဏာရှင် ဆန့်ကျင်သည့် သွေးစည်းညီညွတ်ရေး ဒီမိုကရေစီတပ်ဦးခေါ် (UDD) က ဦးဆောင်ပြီး အင်္ကျီနီဝတ်ဆန္ဒပြသူ (၁) သိန်းခန့်သည် ဘန်ကောက်မြို့သို့ ရောက်ရှိနေကြပြီး ၀န်ကြီးချုပ် အဖိဆစ်အား နုတ်ထွက်ပေးရန် တောင်းဆိုနေကြကာ ၎င်းတို့၏ တောင်းဆိုချက်ကို မလိုက်လျောပါက မြို့တော်တ၀ိုက် ဆက်လက်ဆန္ဒပြသွားမည်ဟု ပြောဆိုသည်။
ဆန္ဒပြသူအများစုမှာ ၂၀၀၆ ခုနှစ်တွင် စစ်တပ်ကအာဏာသိမ်းပြီး ဖြုတ်ချခဲ့သည့် ၀န်ကြီးချုပ်ဟောင်း တပ်ဆင်အား ထောက်ခံသူများရှိရာ နယ်အသီးသီးမှ စုဝေးရောက်ရှိနေကြခြင်းဖြစ်သည်။
အစိုးရက ဘန်ကောက်နှင့် ပတ်ဝန်းကျင် အခြားမြို့နယ် (၇) ခုတွင် မတ်လ (၁၁) ရက်မှ (၂၃) ရက်ထိ ပြည်တွင်းလုံခြုံရေး ဥပဒေပြဋ္ဌာန်းထားပြီး အဓိကအရေးကြီးသည့်နေရာတို့တွင် ဆန္ဒပြမှုများကို တားမြစ်ရန် အာဏာပိုင်များကို တာဝန်ပေးထားပြီး အကြမ်းဖက်သူများကို ထောင်ဒဏ် (၁) နှစ်ထိ ဖမ်းဆီးအရေးယူရန် ချမှတ်ထားသည်။
ရဲတပ်သား (၃) သောင်းခွဲနှင့် ဘန်ကောက်တွင် စစ်တပ်ကိုလည်း နောက်ထပ် တပ်သား (၈) ထောင်ဖြင့် ယမန်နေ့ကစပြီး ထပ်မံအားဖြည့်ထားသည်ဟု ထိုင်းသတင်းများ၌ ဖော်ပြသည်။

Geen opmerkingen:
Een reactie posten