မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 18 maart 2010

ကရင်ငြိမ်းအဖွဲ့များ ရွေးကောက်ပွဲဝင်ခွင့် မရှိ

ရဲရင့်/ ၁၈ မတ် ၂ဝ၁ဝ
နအဖကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် နအဖနှင့် ငြိမ်းချမ်းရေး ယူထားသည့် ကရင်အဖွဲ့အစည်းများ ရွေးကောက်ပွဲဝင်ခွင့် မရှိဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၏ အဆင့်မြင့်အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါအရာရှိက “လာမယ့် ရွေးကောက်ပွဲမှာ ကရင်ငြိမ်းချမ်းရေးအဖွဲ့တွေကို နိုင်ငံတော်က ရွေးကောက်ပွဲ ၀င်ခွင့်မပြုဘူး။ ကရင်အဖွဲ့တွေအနေနဲ့ နယ်ခြားစောင့်တပ်ကလွဲပြီး အခြား ဘာမှလုပ်ကိုင်ခွင့်မရှိဘူးလို့ အစိုးရက ကျနော်တို့ကို ညွှန်ကြားထားပြီးဖြစ်တယ်။ ကျနော်တို့ကတော့ နိုင်ငံတော်အစိုးရနဲ့ပေါင်းပြီး ကိုယ့်ပြည်နယ် အေးချမ်းတိုးတက်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားမယ်” ဟု ပြောသည်။
ဒီကေဘီအေအဖွဲ့အတွင်း နယ်ခြားစောင့်တပ်အသွင် ပြောင်းမည့်ကိစ္စနှင့် ပတ်သက်၍ လက်ခံသူနှင့် လက်မခံသူများ ရှိနေသဖြင့် တပ်အသွင်ပြောင်းမည့်ကိစ္စကို နအဖက အခြားတိုင်းရင်းသား ငြိမ်းအဖွဲ့များကဲ့သို့ အပူတပြင်း တိုက်တွန်းခြင်းမရှိကြောင်းလည်း ၎င်းက ပြောသည်။
မြ၀တီခရိုင်အခြေစိုက် ဒီကေဘီအေ တပ်မှူးတဦးကလည်း “အမှန်အတိုင်း ပြောရမယ်ဆိုရင် ကျနော်တို့ ဘာမှလုပ်လို့ မရတော့ဘူး။ ရွေးကောက်ပွဲမှာ ကရင်ငြိမ်းအဖွဲ့တွေ ပါဖို့ဆိုတာ အစိုးရက စာရင်းထဲတောင် ထည့်တာမဟုတ်ဘူး။ ကရင်အဖွဲ့တွေကို ပလိုင်းထဲက ဖားတွေလိုပဲ သဘောထားတဲ့ပုံဆိုက်နေပြီ။ ကျနော်တို့ကတော့ နယ်ခြားစောင့်တပ်အဖြစ် လက်ခံရုံကလွဲပြီး ဘာမှလုပ်လို့မရတော့ဘူး” ဟု ပြောသည်။
ကရင်ငြိမ်းချမ်းရေးအဖွဲ့ကြီးလေးဖွဲ့ဖြစ်သည့် စောသုမုဟဲ ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးအဖွဲ့-ကေပီအက်ဖ် (ဟောင်သရောအထူးဒေသ)၊ ဗဒိုအောင်ဆန်း ဦးဆောင်သည့် ဘုရားကုန်းအဖွဲ့၊ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးဆောင်သည့် (ဒီကေဘီအေ) အဖွဲ့၊ စောဌေးမောင် ဦးဆောင်သည့် (ကေအန်ယူ/ကေအန်အယ်လ်အေ)ငြိမ်းချမ်းရေးကောင်စီအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခြင်းမှလွဲ၍ အခြားနိုင်ငံရေးပါသည့် လုပ်ဆောင်မှုအားလုံးကို နအဖက ပိတ်ပင်ထားသည်ဟုလည်း အဆိုပါတပ်မှူးက ပြောသည်။
ကရင်ငြိမ်းချမ်းရေးအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ၏အမိန့်ကို ကျန်အဖွဲ့များ လက်ခံခဲ့သော်လည်း စောဌေးမောင် ဦးဆောင်သည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကမူ လုံးဝလက်မခံနိုင်ကြောင်း နအဖစစ်ဘက်အာဏာပိုင်များကို တရားဝင်ပြောကြားပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ထိပ်တန်းခေါင်းဆောင်တဦးက “ဒီရွေးကောက်ပွဲကို ၀င်ဖို့ကိစ္စဆိုတာက ကျနော်တို့နဲ့မဆိုင်ဘူး။ ၀င်ဖို့လည်း အစီအစဉ်မရှိဘူး။ နယ်ခြားစောင့်တပ်ဖွဲ့မှာကိုလည်း လက်မခံနိုင်တဲ့အကြောင်း ကျနော်တို့ ပြောထားပြီးဖြစ်တယ်။ ကျနော်တို့လုပ်နေတာက ကရင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ နယ်မြေအေးချမ်းသာယာဖို့အတွက် လုပ်နေတာဖြစ်တယ်” ဟု ပြောသည်။
လူထုခေါင်းဆောင်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်ခွင့်မရှိသည့် နအဖပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို ဆက်လက်ချုပ်ကိုင်နိုင်ရန်အတွက် ဖြစ်သောကြောင့် နိုင်ငံတကာနှင့်ပြည်သူတရပ်လုံးက ဆန့်ကျင်တိုက် ဖျက်ကြရန် ကရင်အမျိုးသားအစည်းအရုံးကလည်း အင်္ဂါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။





Geen opmerkingen: