မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 18 maart 2010

မွန်တော်လှန်ရေးခေါင်းဆောင် နိုင်သိမ်းမောင် ကွယ်လွန်

ဝီရ/ ၁၈ မတ် ၂ဝ၁ဝ
အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများတွင် စွမ်းစွမ်းတမံ ပါဝင်ခဲ့သည့် မွန်ခေါင်းဆောင် နိုင်သိမ်းမောင်သည် ယမန်နေ့က မွန်ပြည်နယ် ပေါင်မြို့ရှိ ၎င်း၏နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
“ဆရာ နိုင်သိမ်းမောင်က လေဖြတ်ရောဂါ ခံစားနေရတာ ကြာပါပြီ။ မတ်လ (၁၇) ရက်နေ့ မနက်ပိုင်း (၁၀) နာရီလောက်မှာ ကွယ်လွန်သွားတာ ဖြစ်တယ်။ ဆရာဟာ မွန်ခေါင်းဆောင်တွေထဲမှာ ထင်ရှားတဲ့ ခေါင်းဆောင်တဦး ဖြစ်ပါတယ်” ဟု ပေါင်မြို့သို့ ရောက်ရှိနေသော ဒေါက်တာ မင်းစိုးလင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(MNDF)ဥက္ကဋ္ဌ နိုင်ထွန်းသိန်းအပါအဝင် အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း၊ တွဲဖက်အတွင်းရေးမှူး ဒေါက်တာ မင်းကြည်ဝင်းနှင့် အခြားမွန်ခေါင်းဆောင်အချို့လည်း ပေါင်မြို့ရှိ ၎င်း၏ အသုဘ အခမ်းအနားသို့ ရောက်ရှိနေကြပြီး မတ်လ (၁၉) ရက် မနက်ဖြန်တွင် မီးသဂြုင်္ိဟ်မည်ဟု သိရသည်။
နိုင်သိမ်းမောင်၏ အသုဘချ အခမ်းအနားသို့ မွန်ပြည်နယ်တဝန်းလုံးမှ မွန်လူမှုအဖွဲ့အစည်းများနှင့် လူငယ်အဖွဲ့တို့က လာရောက် ဂါရဝပြုကြမည့် အခမ်းအနားလည်း စီစဉ်ထားကြောင်း ဒေါက်တာ မင်းစိုးလင်းက ပြောသည်။
နိုင်သိမ်းမောင်သည်၁၉၄၇ခုနှစ်ကမွန်ပြည်နယ်မုဒုံမြို့နယ်ဖားအောက်ရွာ၌ ကျင်းပခဲ့သည့် မွန်လူမျိုးရေးရာအဖွဲ့ချုပ်၏ ညီလာခံတွင် ဥက္ကဋ္ဌ နိုင်ရွှေကျင်၊ အထွေထွေအတွင်းရေးမှူး နိုင်ငွေသိမ်းနှင့်အတူ တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခံရသည်။ မွန်လူမျိုးရေးရာအဖွဲ့ချုပ်၏ မွန်ပြည်နယ် ဖော်ထုတ်နိုင်ရေးအတွက် စည်းရုံးရေးဆိုင်ရာ လုပ်ငန်းများအတွက် သထုံခရိုင်တွင် နိုင်သိမ်းမောင်သည် နိုင်ငွေသိမ်းနှင့်အတူ တာဝန်ပေးခြင်းခံရသည်။
MNDFဒု-ဥက္ကဋ္ဌနိုင်ငွေသိန်းက“ကိုသိမ်းမောင်က၁၉၄၇နောက်ပိုင်းတော်လှန်ရေးကာလတွေမှာ မွန်အမျိုးသားတွေအတွက် ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်ခဲ့သူတဦး ဖြစ်ပါတယ်။ ကိုယ်ကျိုးမငဲ့တဲ့ ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်။ ကျနော်လိုက်သွားဖို့ စီစဉ်ထားပါတယ်”ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
၁၉၅၀ ဇူလိုင်လ (၂၉)ရက်၌ မွန်ကရင် ပူးတွဲအုပ်ချုပ်ရေးကော်မတီမှ သထုံခရိုင်ကို သိမ်းပိုက်ရာတွင် မွန်တပ်ဖွဲ့များအား နိုင်သိမ်းမောင်က ကွပ်ကဲခဲ့သည်။
သို့သော် နိုင်သိမ်းမောင်သည် ၁၉၅၈ ခု ဇူလိုင်လက မွန်ပြည်သူ့တပ်ဦး ဥက္ကဋ္ဌ နိုင်အောင်ထွန်း၊ နိုင်နွန်လာ၊ နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း စသည့် အခြားမွန်ခေါင်းဆောင်တို့နှင့်အတူ မြန်မာအစိုးရထံ လက်နက်ချရာတွင် ပါဝင်ခဲ့သည်။
မွန်ပြည်နယ် ပေါင်မြို့ဇာတိ နိုင်သိမ်းမောင်သည် အသက် (၉၁) နှစ်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ၎င်း၌ သားသမီး ထွန်းကားခြင်းမရှိဘဲ ဇနီးသည်သာ ကျန်ရစ်ခဲ့သည်။
“ဆရာ နိုင်သိမ်းမောင်က ကျန်းမာရေး မကောင်းတာ ကြာပြီလေ။ ကျနော်တို့လူငယ်တွေက နှစ်စဉ်နှစ်တိုင်း ဆရာရဲ့ မွေးနေ့ပွဲ လုပ်ပြီး ဂါရဝပြုလာခဲ့တာ (၁၆) နှစ်ရှိပြီ” ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။





Geen opmerkingen: