မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 18 maart 2010

မိုင်းဗုံးများ ဖမ်းဆီးရမိ၍ ပြည်သူ့စစ်နှင့်အရပ်သားအချို့ ထိန်းသိမ်းခံရ

ခိုင်လင်း/ ၁၈ မတ် ၂ဝ၁ဝ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်နှင့်မြို့သစ်အကြား ကျခမ်းဒပ်ကျေးရွာတွင် ယခုလ (၁၃) ရက်၌ မိုင်းဗုံး အလုံး (၃ဝ) ကျော် ဖမ်းဆီးရမိခဲ့ပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)အား အကူအညီပေးခဲ့သည့် ဒေသခံအရပ်သားနှင့် ပြည်သူ့စစ် (၈)ဦးကို နယ်မြေခံအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။
ဗန်းမော်မြို့နယ် မူးယစ်ရဲတပ်ဖွဲ့က ကျခမ်းဒပ်ကျေးရွာအနီး လမ်းပေါ်၌ မူးယစ်ဆေးဝါးရှာဖွေနေစဉ် ဆိုင်ကယ်သမားတဦးထံမှ မိုင်းဗုံး (၇) လုံးတွေ့ရှိခဲ့ပြီး ထပ်မံစစ်ဆေးချက်အရ ကျခမ်းဒပ်ကျေးရွာ ဥက္ကဋ္ဌ၏ ငှက်ပျောခင်းအတွင်းမှ မိုင်းဗုံးများ ထပ်မံ ရှာဖွေတွေ့ရှိခဲ့သည်ဟု ဗန်းမော်ရဲစခန်းနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။
၎င်းက “မူးယစ်ဆေးဝါး ရှာရင်းနဲ့ ဆိုင်ကယ်စီးလာသူ တဦးဆီက ဗုံး (၇)လုံးအရင်တွေ့တာ။ တီအန်တီ ယမ်းအမျိုးအစားနဲ့ လုပ်ထားတဲ့ မိုင်းတွေတဲ့။ အဲဒီဆိုင်ကယ်သမား ကချင်လေးကို ထပ်စစ်ရင်းနဲ့ ကျေးရွာဥက္ကဋ္ဌအိမ်က ဖမ်းမိတယ်။ အားလုံး အလုံး (၃၃) လုံး။ ဆိုင်ကယ်နဲ့လာတဲ့ ကချင်ကောင်လေးက အသက် (၂၄) နှစ်၊ သူကို့စစ်ရင်းနဲ့ ကေအိုင်အို ပြည်သူစစ်တို့၊ အရပ်သားတို့ကို ထပ်ဖမ်းတယ်။ အားလုံး (၉) ယောက်လို့ သိရပါတယ်” ဟု ပြောသည်။
ယခုအခါ ဗုံးများတွေ့ရှိမှုနှင့် ဆက်စပ်ပြီး ကချင်အမျိုးသားများဖြစ်ကြသည့် ကျခမ်းဒပ်ကျေးရွာ ဥက္ကဋ္ဌနှင့် အနီးရှိဝဝမ်ကျေးရွာအတွင်းရေးမှူးတို့(၂)ဦးအပါအဝင်အရပ်သား(၈)ဦးကိုအာဏာပိုင်များက ဖမ်းဆီးသွားသည်ဟု အဆိုပါဒေသခံက ပြောသည်။
ယခုကဲ့သို့ မိုင်းဗုံးများ ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ ကေအိုင်အိုတပ်ဖွဲ့ဝင်များက ဗုံးများ သယ်ဆောင်လာပြီး နအဖအား စစ်ရေးအရ ပြန်လည်တိုက်ရန်အထိ စစ်ရေးပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများအကြား ဝေဖန်ပြောဆိုနေကြသည်ဟု ဗန်းမော်ဒေသခံက ပြောသည်။
ယခု ဖမ်းဆီးခံလိုက်ရသည့် မိုင်းဗုံးများသည် ကေအိုင်အိုတပ်ဖွဲ့မှဖြစ်သော်လည်း မြို့ပေါ်တွင် ဝင်ရောက် တိုက်ခိုက်ရန်မဟုတ်ဘဲ မိမိတို့ ထိန်းချုပ်ရာဒေသအနီးနားတွင် ဖြန့်ကြက်ချထားသည့် ဗုံးများအား နေရာပြောင်းရွှေ့ခဲ့ခြင်းသာဖြစ်သည်ဟု ကေအိုင်အို အရာရှိတဦးက ပြောသည်။
၎င်းက “ကိုးကန့်အရေးအခင်းကာလတုန်းက ဟိုဘက်၊ ဒီဘက် စစ်ရေးအရ ပြင်ဆင်တာတွေ လုပ်ခဲ့တယ်။ စစ်ပြင်ဆင်တဲ့ အနေနဲ့ မိုင်းတွေ ရွှေ့ပြောင်းတာရှိတယ်။ အခုက နေရာပြန်ရွှေ့တာ။ အဲလိုရွှေ့ဖို့ ပြည်သူ့စစ်တို့၊ အရပ်သားတို့က အကူအညီပေးတာပေါ့။ အဲလိုအချိန်မှာ ဒီကိစ္စ ဖြစ်သွားတော့ နအဖဘက်နဲ့ စကားပြောဆို ရနိုင်တာပေါ့။ ကေအိုင်အို ဘက်ကတော့ စပြီးတိုက်ဖို့ အစီစဉ်လည်း လုံးဝ မရှိပါဘူး” ဟု ပြောသည်။
၁၉၉၄ ခုနှစ် နအဖနှင့် ကေအိုင်အိုအကြား အပစ်ရပ်စဲရေးသဘောတူညီချက်အရ ကေအိုင်အိုအဖွဲ့အနေဖြင့် လက်နက်ခဲယမ်း မီးကျောက်များ ကိုင်ဆောင်ပြီး နအဖတပ် ထိန်းချုပ်နယ်မြေအတွင်း သွားလာလှုပ်ရှားခွင့် မရပေ။
နအဖစစ်တပ်သည်ဘိန်းခင်းများဖျက်ဆီးရေး၊တရားမဝင်သစ်ခိုးထုတ်ယူမှုအား ဖမ်းဆီးရေး အကြောင်းပြချက်ဖြင့် ကေအိုင်အို နယ်မြေအနီး ချဉ်းကပ်ကာ စစ်ရေးခြိမ်းခြောက်မှုများလုပ်နေချိန်တွင် ယခု မိုင်းဗုံးများနှင့် ကေအိုင်အို ပြည်သူ့စစ်များအား ဖမ်းမိသည့်ဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။





Geen opmerkingen: