မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 19 maart 2010

မြန်မာအမျိုးသမီးကို နှိပ်စက်မှုဖြင့် စင်္ကာပူအိမ်ရှင် ထောင်ဒဏ်ကျ

ဧရာဝတီ Friday, March 19, 2010
.မြန်မာ အမျိုးသမီး တဦးကို နှိပ်စက်မှုဖြင့် စင်္ကာပူ အလုပ်ရှင် တဦးကို စင်္ကာပူရှိ တရားရုံးတခုက ယနေ့ ထောင်ဒဏ် ၄ လ ချမှတ် လိုက်ကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။
    စင်္ကာပူ အလုပ်ရှင် Peck Choon Khim (ဓာတ်ပုံ - Straits Times)
၂၀၀၈ ခုနှစ်က စင်္ကာပူ အလုပ်ရှင် Peck Choon Khim ထံတွင် ကလေးထိန်း အဖြစ် အလုပ်ဝင်ချိန်မှ စတင်ပြီး ၁၅ ကြိမ်တိုင်တိုင် နှိပ်စက် ခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ရေနွေးအိုးဖြင့် ရိုက်နှက် ခံရကြောင်း မမိုးသန္တာလင်းက တရားရုံးတွင် ထွက်ဆို ခဲ့သည်ဟု သိရသည်။
တရားရုံး၏ ဇန်န၀ါရီလ အပြီးသတ် ကြားနာမှုတွင် အိမ်ရှင်၏ ရှေ့နေက ပြစ်ဒဏ် လျှော့ပေါ့ပေးရန် ရုံးတော်အား လျှောက်ထား ခဲ့သည်။ ထို့အပြင် ရှေ့နေက အသက် ၂၄ နှစ်အရွယ် မမိုးသန္တာလင်းသည် အလုပ်စ၀င်သည့် အချိန်မှစ၍ အသက် ၄၁ နှစ်အရွယ်ရှိ အလုပ်ရှင်ကို အာခံ ပြောဆိုပြီး အရိုအသေ တန်ခဲ့ကြောင်း၊ အိမ်ရှိ ၁၈ လနှင့် ၃နှစ် အရွယ် ကလေးများအား ထိန်းကျောင်းရာတွင် ကူညီခြင်း မရှိခဲ့ကြောင်း လျှောက်ထားခဲ့သည်ဟု ဆိုသည်။
ခရိုင်တရားသူကြီး RonaldGweeက အလုပ်သမားကို မကြိုက်ပါက အလုပ်မှ ထုတ်ပစ်နိုင်ကြောင်း၊ မည်သည့် အလုပ်ရှင်ကမှ အလုပ်သမားကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခွင့် မရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ဤအမှုမျိုးအား စင်္ကာပူနိုင်ငံ ဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် ချမှတ်နိုင်သည်ဟု သိရသည်။ စင်္ကာပူ အလုပ်ရှင်အပေါ် စွဲဆိုထားသည့် စွဲချက် ၄ ခု ရှိရာ တခုချင်းစီအတွက် စင်္ကာပူ ဒေါ်လာ ၇၅၀၀ အထိ ဒဏ်ရိုက် နိုင်ကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။

Geen opmerkingen: