မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 19 maart 2010

ရယ်စရာပြက်လုံးများ ဆိတ်သုဉ်းတော့မလား

သဲသဲ Friday, March 19, 2010
.ယနေ့ခေတ် လူရွှင်တော် ပြက်လုံးများ ဆန်းသစ်မှု နည်းပါးပြီး ခေတ်အခြေ အနေကို ထင်ဟပ်နိုင်မှု မရှိသဖြင့် ပရိသတ် အားပေးမှု လျော့နည်း လာကြောင်း သိရသည်။
မြန်မာ ဗီဒီယို ဈေးကွက် တွင်လည်း အငြိမ့်ခွေသစ် ထုတ်လုပ်မှု မရှိသလောက် နည်းပါးလာသည်။
                            လူရွှင်တော်များ ပြက်လုံးထုတ်နေသည့် အငြိမ့်ခွင့်တခုကို မြင်ရစဉ်
“အငြိမ့်ခေတ် ကုန်ပြီလို့ ပြောလို့ ရနေပါပြီ။ လူရွှင်တော်တွေ ဘက်ကလည်း ပြက်လုံးပိုင်းမှာ အားနည်း လာတော့ ကြည့်အား နည်းသွား တာပါ” ဟု သဘင်လောကမှ သီချင်းရေးဆရာ ပေါသျှန်က ဧရာဝတီကို ပြောသည်။
အငြိမ့်ခွေ ဈေးကွက် တဖြည်းဖြည်း ကျဆင်းလာ ခဲ့သည်မှာ တနှစ် နီးပါးခန့် ရှိလာပြီ ဖြစ်ကြောင်း ဗီဒီယို ထုတ်လုပ်ရေး လုပ်ငန်းရှင် တဦးက ဧရာဝတီကို ပြောသည်။
“အခုဆိုရင် အရင်းရဖို့တောင် အနိုင်နိုင် ရောင်းနေ ရပါတယ်"ဟု သူက ပြောသည်။
အငြိမ့်ကြည့်သည့် ပရိသတ်က ၎င်းတို့၏ အတွေ့အကြုံ၊ ခံစားချက်တို့နှင့် တိုက်ဆိုင်သည့် ပြက်လုံးကိုသာ ရယ်မောကြမည်ဟု မန္တလေး အခြေစိုက် စာရေးဆရာ တဦးက ဆိုသည်။
“ပရိသတ်တွေကတလျှောက်လုံးခံတဲ့ဘက်ကဖြစ်နေရတော့ကိုယ့်ခံစားချက်ကို စင်ပေါ်ကနေ ပညာသားပါပါ ဟာသနှောပြီး ကိုယ့်ကိုယ်စား ပြောတဲ့ အခါမှာ ကျေနပ်တာပေါ့။ အဲ့ဒါကို ကြိုက်တာပါ”ဟု သူက ဧရာဝတီကို ပြောသည်။
ပြက်လုံးများ ဟာသဓာတ် လျော့ပါး လာရခြင်းမှာ အစိုးရ ဆင်ဆာအဖွဲ့ ဖြတ်တောက်မှု များကြောင့် ဖြစ်သည်ဟု မန္တလေးမှ နာမည်ကျော် လူရွှင်တော် ပါပါလေးက ပြောသည်။ ဆင်ဆာ ဖြတ်ခံရမည်ကို စိုးရိမ်စိတ်ဖြင့် ဖန်တီးနေရသော ပြက်လုံးများမှာ လူကြိုက်များ နိုင်ဖွယ် မရှိဟု သူက သုံးသပ်သည်။
ပါပါလေးက ထိုသို့သုံးသပ် သကဲ့သို့ပင် လူရွှင်တော် ငြိမ်းချမ်းကလည်း ဆင်ဆာ အဖွဲ့ကြောင့် ပြက်လုံး ကောင်းများ ပရိသတ်ရှေ့သို့ ရောက်နိုင်ခြင်း မရှိကြောင်း ဧရာဝတီကို ပြောပြသည်။
“ဆင်ဆာ ပုဂ္ဂိုလ်တွေက ပြက်လုံးကို နှစ်မျိုးတွေးလို့ ရတယ်ဆိုပြီး သူတို့ အယူအဆနဲ့ သူတို့တွေးပြီး တကယ် ရယ်စရာ ကောင်းတဲ့ နေရာတွေကို ဖျက်ခိုင်း တာလည်း ပါတယ်။ သူတို့ကို ရှောင်ပြီး ပြက်လာရတော့ ပြက်လုံးပိုင်းက အားနည်း လာတာပါ" ဟု လူရွှင်တော် ငြိမ်းချမ်းက ရှင်းပြသည်။
ယနေ့ခေတ်တွင် အရည်အသွေး ရှိသည့် လူရွှင်တော် အရေ အတွက်လည်း နည်းပါးလာသည်ဟု မန္တလေး အခြေစိုက် စာရေးဆရာက ပြောသည်။
“တကယ် တွေးခေါ်နိုင်တဲ့ လူရွှင်တော်တွေ ကျတော့လည်း ပွဲမိန့် အပိတ်ခံရမှာကို သိပ်စိုးရိမ် ကြတယ်လေ။ အဲ့ဒီတော့ သူတို့ ဘက်ကလည်း လွတ်လွတ် ကင်းကင်းပဲ လုပ်ကြတယ်။ တချို့ လူရွှင်တော် တွေကျတော့ တွေးခေါ်မှုပိုင်းမှာ နိမ့်တယ်။ ဇာဂနာတို့ ပျက်တာနဲ့ မတူသလိုပေါ့။ သူတို့ကျတော့ ပညာတတ် ဆိုတော့ ပညာသား ပါတာပေါ့"ဟု မန္တလေး အခြေစိုက် စာရေးဆရာက သူ့အမြင်ကို ပြောပြသည်။
နိုင်ငံနှင့်အ၀န်း နှစ်သက်ကြသည့် အငြိမ့် သဘင်သည် ၁၉၈၈ နောက်ပိုင်းတွင် ပျောက်ကွယ် လုနီးပါး ဖြစ်ခဲ့သည်ဟု သဘင်သည် များက သုံးသပ်ကြသည်။ ၁၉၉၇ ခုနှစ် နောက်ပိုင်းတွင် အငြိမ့်တခေတ် ပြန်လည် ဆန်းသစ် လာသော်လည်း ၂၀၀၈ ခုနှစ်ခန့်မှ စတင်ကာ ပရိသတ် အားပေးမှု အတိုင်းအတာ ကျဆင်းလာသည်ဟု ဆိုသည်။
အငြိမ့် ပြက်လုံးများ လူကြိုက် နည်းလာပြီး အငြိမ့်မင်းသမီးများ အခန်းကဏ္ဍလည်း ပို၍ မှေးမှိန် လာကြောင်း တွေ့ရသည်။
ခိုးကူး ဈေးကွက်မှ ထွက်ရှိလာသည့် အငြိမ့်ခွေများတွင် အငြိမ့်မင်းသမီး ကပြသည့် အခန်းများ ပါဝင်ခြင်း မရှိတော့ဘဲ လူရွှင်တော် ပြက်လုံး များကိုသာ တွေ့ရမည် ဖြစ်သည်။ အငြိမ့် မင်းသမီးခွင်ကို ပရိသတ် နှစ်သက်မှု မရှိဟု ခိုးကူး ဈေးကွက်လုပ်ငန်း ရှင်တို့က ယူဆပြီး ပြက်လုံးခွင် များကိုသာ သီးသန့် ကူးယူ ဖြန့်ချိနေခြင်း ဖြစ်သည်ဟု သိရသည်။
သီချင်းရေးဆရာ ပေါသျှန်က “အခုခေတ် ကလေးတွေ ကလည်း အငြိမ့်ဟာ ဘာလဲဆိုတာ သူတို့ မသိတော့ဘူး။ အငြိမ့်ဆိုရင် ပြက်လုံးပဲ ကြည့်ရတယ် ထင်ကြတယ်” ဟု ပြောပြသည်။

Geen opmerkingen: