မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 20 maart 2010

အားလုံးလွတ်ကုန်ပြီ ( ထွေရာလေးပါး )

ထက်ရာဇာ Saturday, March 20, 2010
.ဧရာဝတီ ပရိသတ်ကြီး ပျော်ရွှင်ရယ်မောနိုင်ရန် “ရယ်စရာ မောစရာ” ဟာသ ကဏ္ဍသစ် စတင်ဖွင့်လှစ် လိုက်ပါသည်။ မည်သူမဆို မိမိ ဘ၀ အတွေ့အကြုံ များထဲက အပြစ်ကင်းစွာ ရယ်မောနိုင်သော ရယ်စရာ ဟာသများကို ဤကဏ္ဍအတွက် ပေးပို့နိုင်ပါသည်။ အသုံးပြုမည့် စာမူများကို အကြောင်း ပြန်ကြားပါမည်။
editors_burmese@irrawaddy.org This e-mail address is being protected from spambots. You need JavaScript enabled to view it This e-mail address is being protected from spambots. You need JavaScript enabled to view it သို့ ပေးပို့ပါရန်။
နှလုံးဟာဒယ ရွှင်ပြနိုင်ကြပါစေ။
အင်းစိန် သီးသန့်ထောင်မှာနေတုန်းက အဖြစ်အပျက်တခုပါ၊ အဲဒီမှာ အကျဉ်းဦးစီးဌာန ၀န်ထမ်း တယောက် က ကျနော်တို့ ၁ တိုက်မှာ တာဝန်လာကျပါတယ်၊ ရောက်စဆိုတော့ တယောက်နဲ့ တယောက် စိမ်းနေကြတာပေါ့။
၂ ရက် ၃ ရက်လောက်နေတော့၊ ကျနော့်အခန်းရှေ့ကိုလာပြီး အဲဒီဝန်ထမ်းက စကားလာပြောတယ်။
အဲဒီတော့ ကျနော်က နာမည်ဘယ်လိုခေါ်သလဲဆိုတော့“လေလွင့်”တဲ့။ ကျနော်က မဟုတ်ဘူး၊ နာမည်အရင်း ကိုမေးတာ ဆိုတော့ အမေပေးကတည်းက လေလွင့်ပဲတဲ့။ မှတ်ပုံတင်ထုတ်ပြတယ်။ မောင်လေလွင့်။ ၀န်ထမ်း ကတ်ထုတ်ပြတယ်။ တပ်သားလေလွင့်။
မြတ်စွာဘုရား ဘယ်လိုမိဘတွေကပဲ ပေးထားတဲ့နာမည်လည်းမသိ။
လေလွင့်ဟာ လေလွင့်ဆိုတဲ့နာမည်နဲ့တော့ တော်တော်လိုက်တယ်။ အဆောင်တဆောင်မှာ ၁၅ ရက်ထက် ပိုပြီး တာဝန် မထမ်းဆောင်ရဘူး။ ပြဿနာတခုခုတက်ပြီး အဆောင်ပြောင်းအပြစ်ပေး ခံရတာပဲ။
ဘာပြဿနာရှာသလဲ မမေးနဲ့ မနက်မိုးလင်းကနေ မိုးချုပ်အထိ တချိန်လုံးမူးနေတယ်။ သူမူးလာရင် အမြဲတမ်းဆို နေကျ သီချင်း တပုဒ်ရှိတယ်။ “ကျောက်တူးသမား” သီချင်းကို ဖျက်ဆိုထားတဲ့ သီချင်း။
“ဟိုတိုက်မရရင် ဒီတိုက်...၊ ဟိုအခန်းမရ ရင် ဒီအခန်း...၊ အခန်းပေါင်း တထောင် စုံအောင်တောင်းမယ့် ၀န်ထမ်းလေးတွေပါ...”
အကျဉ်းဦ်းစီးဝန်ထမ်းတွေဟာ ကျနော်တို့ထောင်ကျတွေဆီက ထမင်းစားဖို့ ငါးပိကြော်၊ ငါးခြောက်ကြော် အဲဒါမျိုး တွေ လိုက်တောင်းတာကို အဓိပ္ပာယ်ရတဲ့ အဲဒီသီချင်းကို အမြဲတမ်း ဆိုနေတတ်တယ်။
ဆိုတာကလည်း တိုးတိုးလေးမဟုတ်ဘူး။ တတိုက်လုံးကြားအောင် အော်ဆိုနေတာ။ တရက် သူ ညပိုင်း ဂျုတီ ကျ လို့ ညနေ ၆ နာရီလောက် ထောင်ထဲကို ၀င်လာတယ်။ အဲဒီနေ့က သူတော်တော် မူးလာတယ်။ ထုံးစံအတိုင်း သူ ဆိုနေကျ သီချင်းနဲ့ပဲ၊ ၀င်လာပြီး ကျနော့်အခန်းဆီကို တန်းလာတယ်။ ကျနော့်ကိုတော့ သူတော်တော်ခင်တယ်။
အခန်းရှေ့ရောက်တော့ သူ့အိတ်ကပ်ထဲက လန်ဒန် ဆေးလိပ်၂ လိပ်ထုတ်ပေးတယ်။ ပြီးတော့ ဘာပြောသလဲ ဆိုတော့ “ငါးသလောက် ဟင်းလေး ဘာလေး မစားချင်ဘူးလား” တဲ့။
ကျနော်ကလည်း“ဘယ်လိုပြောလိုက်တာလဲ ကိုလေလွင့်ရယ်၊ ထောင်ထဲမှာ ၃နှစ်ကျော်နေပြီ စားချင်တာပေါ့ဗျာ”လို့ ပြောလိုက်တယ်ဆိုရင်ပဲ၊ သူ့ရဲ့ညာဘက်ဘောင်းဘီအိတ်ထဲကို လက်နှိုက်ပြီး ဆွဲထုတ်လိုက်တဲ့အခါ တတောင် လောက်ရှိတဲ့ ငါးသလောက်ကြီးတကောင်။
“အဲဒါကို ဟင်းချက်လိုက် ထောင်မှူးမိရင် ကျနော်ချက်ခိုင်းတာလို့ပြော”ဆိုပြီး သူ ထွက်သွားတယ်။
ထောင်ထဲမှာက မီးမွှေးခွင့်မရှိဘူး။ မီးမွှေးတာမိရင် ဒေါက်ခြေချင်းခတ် ပြစ်ဒါဏ်ပဲ။ အဲဒါကြောင့် လေလွင့်က သူချက်ခိုင်းတာလို့ ပြောခိုင်းတာ။ အဲဒီလို လေလွင့်။
ဒီလိုနဲ့ ည ၈ နာရီလောက် သူပြန်ရောက်လာတော့၊ သူတော်တော်မူးနေပြီ။ ခြေလှမ်းတောင် သိပ်မမှန်တော့ဘူး။
“ကျနော်ထမင်းမစားနိုင်တော့ဘူး။အရမ်းမူးနေပြီ”ဆိုပြီး ကျနော့်အခန်းရှေ့မှာတင် သူထိုင်ရက်ကြီး အိပ်ပျော် သွားတယ်။
ဒီလိုနဲ့ ည ၁ နာရီလောက် ရှိမယ်ထင်တယ်။ ကျနော်တို့ ရှေ့၂ တိုက်ကို အော်မေးသံကြားရတယ်။
“၂ တိုက်ဝန်ထမ်း သတင်းပို့”
“၂ တိုက် အကျဉ်းသားဦးရေ ၆၀ အားလုံးကောင်းပါတယ် ထောင်ပိုင်ကြီး”
ကျနော်လည်း ခေါင်းကြီးသွားတယ်။ ထောင်ပိုင်ကြီးကိုယ်တိုင် ရှောင်တခင် ၀င်စစ်နေတာ။ ထောင်မှာက သတင်း ပို့ ဆိုရင် တာဝန်ကျတဲ့ဝန်ထမ်းက “အားလုံးကောင်းပါတယ် ထောင်ပိုင်ကြီး”ဆိုပြီး ပြန်အော်ရတယ်။
အဲဒါနဲ့ “ကိုလေလွင့် ကိုလေလွင့် ထ ထ ထောင်ပိုင်ကြီးကိုယ်တိုင် ၀င်စစ်နေတယ်”လို့နှိုးပေမယ့် လေလွင့်ကတော့ တအီအီလုပ်နေတုန်းပဲ။
ကျနော်ကလည်း သူ့ကျောကို အတင်းတွန်းရင်း “ဟေ့လူ ထ ထ ပြဿနာတက် တော့မယ်”လို့ ပြောနေတုန်းမှာပဲ ထောင်ပိုင်ကြီးဆီက အသံထွက်လာတယ်။
“၁ တိုက်ဝန်ထမ်း သတင်းပို့”
တထောင်လုံးအပ်ကျသံတောင် မကြားရ ဘူး။ လေလွင့်ကလည်း မနိုးဘူး။
ထောင်ပိုင်ကြီးဆီက နောက်ထပ် အသံထွက်လာတယ်။
“ဟေ့ ၁ တိုက်က ခွေးမသားဝန်ထမ်း အိပ်နေသလား သတင်းပို့”လို့ အော်သံအပြီးမှာတော့။
လေလွင့်လည်း ရုတ်တရက် နိုးလာပြီး အလန့်တကြားနဲ့ -
“ ၁ တိုက် အကျဉ်းသားဦးရေ ၇၅ ယောက်၊ အားလုံးလွတ်ကုန်ပြီ ထောင်ပိုင်ကြီး”လို့
အကျယ်ကြီး ထအော်လိုက်ပါတော့တယ်။ ။
           ထက်ရာဇာ

Geen opmerkingen: