ရွေးကောက်ပွဲဝင်မည့် ပါတီများသည် ပါတီရန်ပုံငွေ လုံလောက်မှု မရှိခြင်းကြောင့် ကိုယ့်စရိတ်ဖြင့်ကိုယ် ငွေကျပ် (၅) သိန်း အကုန်အကျခံနိုင်မည့် လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းများကိုသာ ရှာဖွေစည်းရုံးနေရကြောင်း ပါတီ တာဝန်ရှိသူများက ပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ)တာဝန်ရှိသူတဦးက “ပါတီမှာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁ဝဝ) ကျော်လောက်တော့ ရှိပါပြီ။ အဲဒီ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲဝင်ဖို့ သတ်မှတ်ထားတဲ့ မှတ်ပုံတင်ကြေး ကျပ်ငွေ (၅)သိန်းကို ကိုယ့်ဘာသာကိုယ် သွင်းကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဦးခင်မောင်ဆွေနှင့် ဒေါက်တာသန်းငြိမ်းတို့ ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီကလည်း ကိုယ်စားလှယ်လောင်း (၁ဝဝ)ကျော်ရထားပြီး အဆိုပါ ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး ကျပ် (၅)သိန်းကို ၎င်းတို့ဘာသာ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီကမူ ပုံမှန်အားဖြင့် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ကြေး ကျပ် (၅)သိန်းကို ကိုယ့်ဘာသာကိုယ် ပေးဆောင်ရမည် ဖြစ်သော်လည်း အခက်အခဲရှိသည့် ပါတီဝင် ကိုယ်စားလှယ်လောင်းများအတွက် ပါတီက ငွေကြေးစိုက်ထုတ် မှတ်ပုံတင်ပေးမည်ဖြစ်ကြောင်း ပြောသည်။
ယခုရက်ပိုင်းအတွင်း ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်မဲဆန္ဒနယ်အသီးသီး သတ်မှတ်ကြေညာလိုက်ပြီ ဖြစ်သည့်အတွက် ပါတီအသီးသီးသည် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲဆန္ဒနယ် သတ်မှတ်နိုင်ရေးကိစ္စကို အာရုံစိုက် လုပ်ဆောင်လျက်ရှိသည်။
ပြည်တွင်း ဂျာနယ်တခုမှ နိုင်ငံရေးသတင်း အယ်ဒီတာတဦးက “လွှတ်တော် (၃)မျိုးရဲ့ ကိုယ်စားလှယ်လောင်းတွေကို ပေါင်းလိုက်ရင် (၁,၁၅၈)ဦးရှိတယ်။ အဲဒီမှာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းအလိုက် လူဦးရေ (၆)သောင်းဝန်းကျင်မှာ တယောက် ရွေးချယ်ပေးရမယ့် တိုင်းရင်းသား ကိုယ်စားလှယ် စာရင်းတွေ မပါသေးဘူး။ အဲဒါတွေပါ ပေါင်းရင် ကိုယ်စားလှယ် စုစုပေါင်း (၁,၂ဝဝ) ကျော်သွားမယ်။ ဆိုတော့ တတိုင်းတပြည်လုံးမှာ ရွေးကောက်ပွဲဝင်မယ်လို့ ကြွေးကြော်ထားတဲ့ ပါတီဆိုရင် အမတ်လောင်းမှတ်ပုံတင်ကြေးစုစုပေါင်းကျပ်သိန်း(၆,ဝဝဝ)ကျော် လိုလိမ့်မယ်။ ဒီငွေဟာ ကြံ့ဖွံ့ပါတီအတွက် ဘာမှ မပြောပလောက်ဘူး။ ကားပါမစ်(၃)စောင်လောက် ရောင်းစားလိုက်ရင်ကို လုံလောက်တယ်။ ဒါပေမယ့် လက်ရှိ ပါတီတွေထဲမှာစုစုပေါင်းငွေ(၆)သိန်း မရှိလို့ နိုင်ငံရေးဆိုင်ရာ ထုတ်ဝေခွင့် မလျှောက်ထားနိုင်သေးတဲ့ ပါတီတွေ အများကြီး။ ပါတီ အားလုံးလိုလိုဟာ ငွေကြေး အခက်အခဲရှိလို့ ကိုယ်စားလှယ်လောင်းတွေ ကိုယ့်ဘာသာကိုယ် မှတ်ပုံတင်ကြေး ပေးသွင်းရမယ်ဆိုတာ ဖြစ်လာတာ” ဟု ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးလျှင် မှတ်ပုံတင်ကြေး ကျပ် (၅)သိန်းမှာ များသည်ဟု မဆိုနိုင်ကြောင်း၊ ပါတီများ ကြောက်ရွံ့မှု ကင်းကင်းဖြင့် လွတ်လွတ်လပ်လပ်သာ စည်းရုံးလှုပ်ရှားခွင့် ရှိပါက လှူမည့် လုပ်ငန်းရှင် အများကြီးရှိကြောင်း၊ သို့သော် စစ်အစိုးရကို ကြောက်နေရသဖြင့် လုပ်ငန်းရှင်များက မလှူဒါန်းရဲသည့်အတွက် နိုင်ငံရေးပါတီများ ရန်ပုံငွေ အခက်အခဲနှင့် ကြုံကြရခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးက ပြောကြားသည်။
Geen opmerkingen:
Een reactie posten