ထောင်ဆိုတာကလည်း တခြားဥပဒေကို ထိန်းသိန်းစောင့်ရှောက်လိုက်နာရတဲ့ အဖွဲ့အစည်းတွေလိုပါပဲ။ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ကြရတာပါပဲ။ ဥပဒေစည်းကမ်းက “ဒီလိုလုပ်” ဆိုရင် “ဒီလိုပဲလုပ်” ရမှာဖြစ်သလို “ဟိုလိုမလုပ်နဲ့” ဆိုရင်လည်း “ဟိုလိုလုပ်လို့” လုံးဝမရပါဘူး။
ထောင်ဆိုတာက လူတဦးတယောက်ကို ရက်ပိုင်း လပိုင်းဖြစ်ဖြစ်၊ နှစ်နဲ့ချီလို့ပဲဖြစ်ဖြစ် ချုပ်နှောင်ထားရတဲ့နေရာ ဖြစ်ပါတယ်။ အဲသလို ချုပ်နှောင်ထားဖို့အတွက် တရားရုံးတခုခုက တရားသူကြီးတဦးဦး လက်မှတ်ရေးထိုးထားတဲ့ “ချုပ်မိန့်” စာရွက်ကို လက်ခံရရှိဖို့လိုပါတယ်။ အဲလို ချုပ်မိန့်မပါဘဲနဲ့ ဘယ်သူ့ကိုမှ ထောင်က လက်ခံချုပ်နှောင်ထားခွင့် မရှိပါဘူး။ ချုပ်မိန့်မပါဘဲ တယောက်ယောက်ကို ချုပ်ထားဖို့ ဘယ်သူကဖြစ်ဖြစ် လာပို့ခဲ့ရင် လက်မခံနိုင်ပါဘူး။ လက်ခံခွင့်မရှိဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုရမှာက ထောင်အရာရှိတွေရဲ့ တာဝန်ပါပဲ။
တရက် ညနေပိုင်းမှာ ထောင်ဘူးဝရှေ့ကို ကားပြာတစီးရောက်လာပြီး ရပ်တန့်လိုက်ပါတယ်။ ကားခေါင်းခန်းကနေ လူဝတ်လူစားနဲ့ လူတယောက်၊ ဖိုင်တွဲတတွဲ ချိုင်းမှာညှပ်ပြီး ဆင်းလာပါတယ်။ ဘူးမှာရှိတဲ့ တာဝန်ကျထောင်မှူးနဲ့ ၀င်တွေ့ပြီး “လူငါးယောက်ကို ရက်အကန့်အသက်မရှိ ချုပ်ထားဖို့လာပို့တာ”
“ဟုတ်ကဲ့ ချုပ်မိန့်ပါလား”
“မပါဘူး။ ကျုပ်က အထူးရဲတပ်ဖွဲ့ကပဲ။ အထက်ကအမိန့်ပဲပါတယ်”
“ဒါဆိုမဖြစ်ဘူး၊ တရားရုံးတခုက ချုပ်မိန့်ယူလာပေးပါ။ ဒါမှ လက်ခံလို့ရမယ်”
“ဟုတ်လား ကောင်းပြီ။ ထောင်ပိုင်ကြီးနဲ့ တွေ့ချင်တယ်”
ဘူးပေါ်က ထောင်ပိုင်ကြီးရဲ့ ဧည့်ခန်းရောက်သွားတဲ့အခါ၊
“ကျနော်က အထူးရဲတပ်ဖွဲ့ကပါ။ လူငါးယောက်ကို ချုပ်ထားဖို့လာပို့တာ၊ အဲဒါ ချုပ်မိန့်မပါလို့ဆိုပြီး တာဝန်ကျ
ထောင်မှူးက…”
“တရားရုံးချုပ် အမိန့်မပါလာဘူးလား”
“မပါလာပါဘူး။ ဒါပေမယ့် အပေါ်က…”
“အပေါ်ကဟုတ်လား။ ဥပဒေရဲ့အပေါ်မှာ ဘယ်သူ့မှ မရှိဘူးဗျ။ ဒါကြောင့် တရားရုံးတရုံးက ချုပ်မိန့်ယူလာဖို့လိုတယ်”
“အော် ခင်ဗျားကလည်း ဒီလိုပဲပြောသလား၊ ကောင်းပြီလေ၊ ညွှန်မှူးနဲ့သွားတွေ့မယ်”
ဒီလို ညွှန်မှူးကလည်းငြင်း၊ ဒု-ညွှန်မှူးကလည်း ငြင်းသလို၊ ညွှန်ချုပ်ကပါ ငြင်းနေခဲ့တာကြောင့် မကျေမနပ်နဲ့ ရဲချုပ်ဆီ ပြန်သတင်းပို့ အမိန့်တောင်းခံရပါတော့တယ်။ ရဲချုပ်ဆိုတာ ခေသူမှမဟုတ်ဘဲနဲ့ “၀န်ကြီးဆီ တန်းပြေးပါလေရော”၀န်ကြီးဆီက ပြန်ရောက်ရောက်ချင်းပဲ မကျေမနပ်ဖြစ်နေတဲ့ ရဲမှူးကို အမိန့်ပေးလိုက်တာက…
“မင်းသွားပို့တဲ့ (၅) ည ငါးယောက်ကိုလည်း ပြန်မလွှတ်နဲ့၊ ချုပ်မိန့် ဆီးတောင်းတဲ့ ငါးယောက်ကိုလည်း ၁၇(၁)၊ ၁၃(၁)၊ ၅ (ည) ပုဒ်မတွေတပ်ပြီး ထောင်ထဲထည့်လိုက်ပေတော့။ ဟောဒီမှာ ဥပဒေအပေါ်က ၀န်ကြီးရဲ့ အမိန့်စာ… ရော့”
Geen opmerkingen:
Een reactie posten