မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 12 augustus 2010

ကြံ့ဖွံ့ပါတီ တောင်ကုတ်တွင် မဲရရေး စည်းရုံး

မျိုးချစ်သူ / ၁၂ သြဂုတ် ၂၀၁၀
နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ၎င်းတို့ မဲမရမည်ကို အလွန်စိုးရိမ်နေကြောင်း တောင်ကုတ်မြို့ခံများက ပြောကြားသည်။
ထို့ကြောင့် မဲရရှိရေးအတွက် တောင်ကုတ်မြို့ပေါ်တွင် သြဇာအကြီးဆုံးဖြစ်သော အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာစံလှိုင်နှင့် သူဌေး ဦးကျောက်တောင်တို့ကို နအဖအာဏာပိုင်များက စည်းရုံးထားပြီး မြို့ပေါ်တွင် လိုအပ်သည်များကို ပြုပြင်ဆောင်ရွက်ပေးနေကြောင်း မြို့ခံများထံမှ သိရသည်။
“တောင်ကုတ်မှာ တခါမှမရဖူးတဲ့ မီးလည်း အခုတော့ နေ့ရောညပါ ပေးနေတယ်။ ဦးကျောက်တောင် ဆိုတဲ့သူက ၁၉၈၈ တုန်းက အရေးအခင်းမှာ ထိပ်ဆုံးက ပါခဲ့တဲ့သူပါ။ စစ်တွေမှာ ထောင်ကျပြီး လွတ်လာတော့ အစိုးရနဲ့ပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေကို လုပ်လာလိုက်တာ အခုဆိုရင် ရန်ကုန်မှာ သိန်း (၆,၀၀၀) ကျော်တန်တဲ့ အိမ်နဲ့လေဗျာ။ သူကတော့ တောင်ကုတ်လိုမြို့ကို ဘာမဆိုလုပ်ပေးနေတာ တွေ့တယ်” ဟု တောင်ကုတ်မြို့ခံတဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် မဲဆန္ဒခံယူပွဲများ ကျင်းပခဲ့စဉ်က တောင်ကုတ်မြို့ခံများသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်ခဲ့ပြီး ၂၀၀၇ ခု ရွှေဝါရောင်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ကြသည့်အတွက် ယခုအချိန်တွင် နအဖ ကျောထောက်နောက်ခံဖြစ်သည့် ကြံ့ဖွံ့ပါတီ မဲမရမည်ကို စိုးရိမ်ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။
တောင်ကုတ်မြို့သည် စစ်အစိုးရအား ဆန့်ကျင်ရာတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သော ရခိုင်ပြည်နယ်မှ မြို့တမြို့ဖြစ်သည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် အခြားမြို့များထက် တောင်ကုတ်မြို့ကို အာဏာပိုင်များက အခွင့်အရေး ပိုမိုပေးနေကြောင်း၊ အစိုးရ EPC က မြို့ပေါ်တွင် ညနေ (၆) နာရီမှ ည (၁၀) နာရီထိ လျှပ်စစ်ပေးပြီး ဦးကျောက်တောင်က နံနက် (၁၀) နာရီမှ ညနေ (၄) နာရီထိ မီးပေးနေကြောင်း သိရသည်။
တောင်ကုတ်မြို့ပေါ်နှင့် သင်္ဘောဆိပ်သွား ကားလမ်းကိုလည်း အဆင့်မီ ကားလမ်းတခုအဖြစ် တည်ဆောက်ခဲ့ပြီး တောင်ကုတ်မှဖြတ်ရသော ရခိုင်ရိုးမ လမ်းမကြီးကိုလည်း ဦးကျောက်တောင်အား လုပ်ပိုင်ခွင့်များ ချပေးထားကာ အဆင့်မြင့်လမ်းမကြီးအဖြစ် စတင်တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။
တောင်ကုတ်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးကျော်ခိုင်၊ ဒု-ဥက္ကဋ္ဌ ဦးခင်လှ၊ အတွင်းရေးမှူး ကိုမင်းအောင်၊ လူငယ်အဖွဲ့ဝင် မနီနီမေမြင့်၊ ကိုမိုးနေစိုး၊ ကိုချစ်မောင်မောင်၊ ကိုမောင်မောင်သက်၊ ကိုသန်းဌေး အပါအ၀င် လူငယ်များမှာ စစ်အစိုးရ၏ ဖမ်းဆီးအကျဉ်းချခြင်း ခံနေရဆဲဖြစ်သည်။

Geen opmerkingen: