ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် သစ္စာဝါဒီလမ်းရှိ ရန်ကုန်စည်ပင်ဝန်ထမ်းများ နေထိုင်သော လိုင်းခန်းများ ယမန်နေ့ ညနေ (၅)နာရီခွဲခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လူပေါင်း (၁၉၀) ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ ပြောကြားသည်။
စည်ပင်ဝန်ထမ်း လိုင်းခန်းအမှတ် (၃)မှ စတင်မီးလောင်ခြင်းဖြစ်ပြီး မီးလောင်သော အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ စစ်ဆေးနေဆဲဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ၀န်ထမ်းလိုင်းခန်းများအနီးတွင် ကျူးကျော်နေထိုင်သည့် နေအိမ်ပေါင်း (၂၀)ခန့်လည်း မီးလောင်ရာတွင် ပါသွားကြောင်း မီးသတ်ရဲဘော်တဦးက ပြောသည်။
၎င်းက “တန်ဖိုးဆုံးရှုံးမှုကိုတော့ တွက်နေကြဆဲပါ။ မီးလောင်သွားတဲ့ စည်ပင်လိုင်းခန်းတွေက (၆) ခန်းတွဲ ၀န်ထမ်းလိုင်း (၃)လိုင်းဖြစ်ပါတယ်။ အဲဒီ ၀န်ထမ်းလိုင်းခန်းအနီးမှာ နေထိုင်ကြတဲ့ ကျူးကျော်နေအိမ် အိမ်ထောင်စုတွေအပါအ၀င် စုစုပေါင်း အိမ်ထောင်စု (၅၀)လောက် အိုးအိမ်မဲ့ဖြစ်သွားတယ်”ဟု ပြောသည်။
ယခုအခါ အဆိုပါ အိုးမဲ့အိမ်မဲ့ မိသားစုများကို အင်းစိန် အောင်ဆန်းရပ်ကွက်ရှိ ကန်ဦး ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည်။
နေအိမ်မီးလောင်သွားသူတဦးက “ကျမတို့က စည်ပင်ဝန်ထမ်း လိုင်းခန်းအနားက မီးရထားသံလမ်းနားမှာ တဲထိုးနေထိုင်သူတွေပါ။ မီးလောင်တာတော့ ဘယ်ကစတယ် မသိလိုက်ပါဘူး။ ကျမက အောင်ဆန်းဈေးမှာ ကုန်စိမ်းရောင်းတာပါ။ ဒီနေ့ရောင်းစရာတွေ အားလုံး မီးထဲပါသွားတယ်။ အခုတော့ ဒီမှာ ဘုန်းကြီးကျောင်းက ကျွေးတယ်၊ အနီးအနားကလူတွေ လာလှူကြတယ်ပေါ့” ဟု ပြောသည်။
ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက အဆိုပါမီးလောင်ရာနေရာသို့ မီးသတ်ကားအစီး (၄၀)ခန့်၊ မီးသတ်ရဲဘော် (၃၀၀) ကျော် သွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။
Geen opmerkingen:
Een reactie posten