မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ သြဂုတ်လ ၀၆ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၄၇ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ နိုင်ငံတနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး အခြေအနေများကို ပဋိပက္ခများ မုန်းတီးမှုများက ပြဋ္ဌာန်းလေ့ ရှိသော်လည်း ရှားပါးကျားများကြောင့် မြန်မာ့နိုင်ငံရေး ပြိုင်ဘက်နှစ်ဖွဲ့ ကဏ္ဍတခုတွင် ပေါင်းစည်းခဲ့ရသည်။
အင်္ဂါနေ့က မြန်မာစစ်အစိုးရသည် မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ ဟူးကောင်းတောင်ကြား ဒေသတွင် ကျားတိရစ္ဆာန် ဘေးမဲ့နယ်မြေကို ၄၂၄၈ စတုရန်းမိုင် ထပ်မံတိုးချဲ့ကြောင်း ကြေညာခဲ့သည်။ ဟူးကောင်းတောင်ကြားဒေသသည် ကမ္ဘာ့အကျယ်ဆုံး ကျားတိရစ္ဆာန် ဘေးမဲ့နယ်မြေလည်း ဖြစ်သည်။
ကျားများ ဘေးအန္တရာယ် ကင်းကင်းဖြင့် ပျော်ရွှင်စွာ ကျက်စားနိုင်မည့် ဘေးမဲ့ ဂနိုင်တောအုပ် ဧရိယာ ချဲ့ထွင်ရေးသည် မြန်မာ စစ်အစိုးရ၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အမေရိကန်လူမျိုး တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားသူ တဦးတို့ ပူးပေါင်းဆောင်ရွက်ရာမှ အကောင်အထည် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အမေရိကန် အခြေစိုက် သဘာဝ တောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ ဒါရိုက်တာ အလန်ရာဘီနိုဝစ်ဇ်(AlanRabinowitz)သည်မြန်မာနိုင်ငံတွင်တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအတွက် ဆယ်နှစ်လုံးလုံး ဘဝမြှုပ်နှံကာ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
မစ္စတာ အလန် ရာဘီနိုဝစ်ဇ် အနေဖြင့် တောရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း လုပ်ကိုင်နေစဉ် အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်မှ အရာရှိများ၊ စစ်အစိုးရ အရာရှိများနှင့် အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ နှစ်ဘက်လုံးမှ ကိုယ်စားလှယ်များသည် အကြံပေးချက်များ စိတ်ကူးစိတ်သန်း အသစ်အဆန်းများအား တက်တက်ကြွကြွ နားထောင်လိုစိတ် ရှိကြကာ ဘေးမဲ့ဇုန်ကိုလည်း တိုးချဲ့ရန် စိတ်ဝင်စားကြသည်ဟု မစ္စတာ အလန် ရာဘီနိုဝစ်ဇ် က အသိအမှတ်ပြု ပြောဆိုခဲ့သည်။
အမဲလိုက်သမားများက ကျားများကို သတ်ဖြတ်ပုံကို ဓာတ်ပုံမှတ်တမ်း တင်နိုင်ရန်အတွက် ၂ဝဝ၃ ခုနှစ်တွင် မစ္စတာ အလန် ရာဘီနိုဝစ်ဇ် သည် မြန်မာ့သစ်တောဌာန နှင့် ပူးပေါင်း၍ အနီအောက် ရောင်ခြည်သုံး ကင်မရာ များတပ်ဆင်ခဲ့သည်။ ဟူးကောင်းတောင်ကြား ဒေသတွင် ကျားကောင်ရေ ၁၅ဝ မှ ၂ဝဝ ခန့်သာ ကျန်ရှိတော့ကြောင်း ထိုသုတေသနကြောင့် သိခွင့်ရခဲ့ပြီး တကမ္ဘာလုံးတွင်မူ ကျားကောင်ရေ ၃ဝဝဝ အောက်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။
ထိုကဲ့သို့ ကျားများအတွက် ဘေးမဲ့ဇုန်ကို တိုးချဲ့သတ်မှတ်လိုက်သော်လည်း တရားမဝင် အမဲလိုက်မှုသည် ရှားပါးကျားများအား ထိန်းသိမ်းစောင့်ရှောက်ရာတွင် စိန်ခေါ်မှုတခု အဖြစ် ဆက်ရှိနေလိမ့်မည်ဟု ခန့်မှန်းကြသည်။
လက်ရှိအချိန်တွင် တရားမဝင် အမဲလိုက်သူများအား တိုက်ခိုက် နှိမ်နင်းမည့် မြန်မာ့တောနင်းတိုက်ခိုက်ရေး တပ်ဖွဲ့များသည် လေ့ကျင့်မှုအင်အား အလွန်နည်းလျက် ရှိသည်။
ထို့ပြင် ကျားသားကို ရောင်းချရာတွင် တစ်ကီလိုလျှင် အမေရိကန် ဒေါ်လာ နှစ်ရာခန့် ရရှိသဖြင့် အသေးစား ကျားတကောင်ကို ရောင်းချနိုင်လျှင်ပင် ထိုဒေသရှိ လူအများစု၏ ဆယ်နှစ်စာ ဝင်ငွေနှင့် ညီမျှကြောင်း မစ္စတာ ရာဘီနိုဝစ်ဇ်က ထောက်ပြခဲ့သည်။
ထို့ပြင် ကျားသားရေ၊ ကျားအရိုးနှင့် ကျားကိုယ်တွင်းအင်္ဂါများသည် အာရှရိုးရာ ဆေးဝါးများ ဖော်စပ်ရာတွင် အသုံးဝင်ကာ တရုတ်နိုင်ငံမှ အဓိက ဝယ်ယူလျက် ရှိသဖြင့် ကျားများကို ကာကွယ်စောင့်ရှောက်ရန် ခက်ခဲနေသည်။
ယခုကဲ့သို့ ဘေးမဲ့ဇုန်အား တိုးချဲ့သတ်မှတ်လိုက်ခြင်းသည် ရှားပါးကျားသစ်များ၊ အာရှဆင်များနှင့် ရှားပါး ငှက်မျိုးစိတ်ပေါင်း ၃၇ဝ ခန့်ကိုလည်း ကာကွယ်စောင့်ရှောက်နိုင်လိမ့်မည် ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် ရှားပါး သစ်ပင်ပန်းပင်မျိုးစိတ်ပေါင်း ၁၃,၅ဝဝ ခန့် သတ်မှတ်ထားသည့် အနက် မျိုးစိတ်ပေါင်း ၇,ဝဝဝ ခန့်မှာ မြန်မာ့ ဟူးကောင်းတောင်ကြား ဒေသတွင်သာ ပေါက်ရောက်သည်။
“ပိုပြီး ကျေနပ်စရာ ကောင်းတာကတော့ အခုလို ဘေးမဲ့နယ်မြေ ထပ်တိုးချဲ့လိုက်တဲ့ ဧရိယာဟာ မြန်မာနိုင်ငံ မြောက်ဖက် တိဘက်နယ်စပ်နားနဲ့ အိန္ဒိယ နိုင်ငံတွေမှာ ရှိတဲ့ တခြား တောရိုင်း တိရိ စ္ဆာန်ကာကွယ် စောင့်ရှောက်ရေးနယ်မြေသုံးခုနဲ့ ဆက်စပ်နေတာပါပဲ”ဟု မစ္စတာ ရာဘီနိုဝစ်ဇ် က National Geographic မဂ္ဂဇင်းသို့ ပြောခဲ့သည်။
ဘေးမဲ့ဇုန်၏ အကျယ်အဝန်းသည် ကျားများအား ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းရာတွင် အဓိက အရေးကြီးသည့် အချက်ဖြစ်သည်ဟု မစ္စတာ ရာဘီနိုဝစ်ဇ် က ဆိုသည်။ ကျားများသည် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်သည့် ကျယ်ပြန့်သော တောမျိုးတွင် ပိုမိုရှင်သန်နိုင်လေ့ ရှိသည်။
မစ္စတာ ရာဘီနိုဝစ်ဇ် သည် “မရဏ တောင်ကြားမှ အသက်များ (သေနတ်များ၊ ရွှေတွင်းများနှင့် လောဘသားကောင် များကြားမှ ရှားပါးကျားများကို ကာကွယ်စောင့်ရှောက်ခြင်း)” ဟု အမည်ရသည့် ၂ဝဝ၇ ခုနှစ်တွင် ထုတ်ဝေခဲ့သော စာအုပ်ကို ရေးသားခဲ့သူဖြစ်သည်။
မစ္စတာ ရာဘီနိုဝစ်ဇ် အနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ဆောင်ခဲ့သော အတွေ့အကြုံများကို အခြေခံ၍ ရေးသားခဲ့ခြင်း ဖြစ်ပြီး မြန်မာအာဏာပိုင်များနှင့် အကျိုးအမြတ်ထွက်အောင် ပူးပေါင်း လုပ်ဆောင်နိုင်ခဲ့၍ ဝေဖန်မှုများလည်းရှိခဲ့သည်။
Geen opmerkingen:
Een reactie posten