ကိုဝိုင်း
တနင်္လာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၃ မိနစ် .
ထူးခြားသော လူပုဂ္ဂိုလ်များအကြောင်း ရေးသားမှုကြောင့် ထောင် ၇ နှစ် ကျခံရဖူးသူ စာရေးဆရာ သန်းဝင်းလှိုင်သည် မကြာသေးမီက ထိုင်း-မြန်မာနယ်စပ်သို့ ရှောင်တိမ်းရောက်ရှိလာသည်။
နယ်စပ်သို့ မထွက်ပြေးမီ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် စာအုပ် ၅ အုပ်အပါအဝင် စုစုပေါင်း ၁၅ အုပ်ကို ထုတ်ဝေခွင့် ဆိုင်းငံ့ခြင်း ခံထားရသည်။
၂ဝဝဝ ခုနှစ်တွင် “ရုပ်တုမှပြောသောမြန်မာ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးများစာအုပ်” ကို ထုတ်ဝေခွင့် တင်ထားစဉ် ခွင့်ပြုချက် မရရှိသေးဘဲ ထုတ်ဝေသူက ခိုးထုတ်ခဲ့သဖြင့် အင်းစိန်နှင့် သာယာဝတီ ထောင်တို့၌ ထောင်ဒဏ် (၇) နှစ် ကျခံခဲ့ရသည်။
အသက် ၅၂ နှစ်ရှိ ဦးသန်းဝင်းလှိုင်သည် ၁၉၇၇ ခုမှ နိုဝင်ဘာလထုတ် သင့်ဘဝမဂ္ဂဇင်းပါ “အနာဂတ် အာကာသလွန်းပျံယာဉ်” ဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။ သမိုင်းဆိုင်ရာ စာပေများကို အဓိကထားရေးသားပြီး လုံးချင်း စာအုပ် ၃ဝ ထုတ်ဝေပြီးဖြစ်သည်။
ဦးသန်းဝင်းလှိုင်သည် အန်အယ်ဒီ ရွှေပြည်သာမြို့နယ်စည်း အမှုဆောင်အဖွဲ့ဝင်ဖြစ်ကာ ၁၉၉ဝ ရွေး ကောက်ပွဲ၌ ဝိဓူရသခင်ချစ်မောင် ဦးစီးသည့် အမျိုးသားပြန်လည်တည်ဆောက်ရေးဒီမိုကရေစီ တပ်ပေါင်းစုမှ သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ပြိုင်ခဲ့သည်။
စာပေလောကတွင် ၃၃ နှစ်ကြာ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံပေါ် အခြေခံ၍ ယနေ့ စာပေနှင့် သတင်း စာနယ်ဇင်းလောကတွင် “စာပေကင်ပေတိုင်”ဟု နာမည်ကြီးနေသည့် စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ သဘောသဘာဝကို သိရှိနိုင်ရန် မဇ္ဈိမက မေးမြန်းထားသည်။
-----------------------------------------------------------------
စာအုပ်ထုတ်မယ့်လူတယောက်အနေနဲ့ စာပေစိစစ်ရေးမှာ ပထမဆုံး ဘာလုပ်ရမလည်းခင်ဗျာ။
စာအုပ်ထုတ်မယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်ရေးရာဇဝင် ဓာတ်ပုံနှစ်ပုံနဲ့ သူတို့ဆီကို တင်လိုက်ရတယ်။ အဲဒါကို ကိုယ့်ဟာကိုယ်တင်တဲ့လူက ရှားတယ်။ ပွဲစားနဲ့ပဲ တင်လိုက်တယ်။ တသောင်းခွဲနဲ့ နှစ်သောင်းခွဲကြားမှာ ပေးရတယ်။ စာမူထုတ်ဖို့ဆိုပြီး တင်လိုက်တာ။ ပြီးတော့ ငွေသွင်းရတယ်။ တမျက်နှာကို ၂ဝ နှုန်းနဲ့တွက်တယ်။ ပုံတပုံပါရင် ၅ဝ ပေးရတယ်။ အပေါ်ထပ်မှာပဲ ငွေစာရင်းဌာနရှိ တယ်။ ပြီးတော့ ကဒ်ပြားငှားရတယ်။
ကဒ်ပြားငှားရတယ်ဆိုတာ နည်းနည်းလောက် ထပ်ရှင်းပြပေးပါလား။
စာအုပ်ထုတ်ဝေခွင့် ကဒ်ပြားငှားရတာ။ အဲဒီ ကဒ်ပြား ငှားထားတဲ့လူတွေက ဘာစာအုပ်မှ ထုတ် တာ မဟုတ်ဘူး။ ကဒ်ပြားငှားစားတာ။ အဲဒါကလည်း ၄-၅ မျိုးလောက်ရှိတယ်။ အထွေထွေဆိုပြီး တော့ ကြိုက်တဲ့စာအုပ်ထုတ်လို့ရတဲ့ ကဒ်ပြားက တမျိုး၊ အဲဒါက ဈေးကြီးတယ်။ ကဗျာ၊ ပြက္ခဒိန်၊ ဝတ္တု၊ နိုင်ငံရေး၊ ဘာသာရေး၊ ကာတွန်း ထုတ်ခွင့်ရတဲ့ကဒ်ပြားတွေက သတ်သတ်။ ကိုယ့်စာမူနဲ့ ကိုက်မယ့် ကဒ်ပြားကို ကျနော်တို့က ငှားရတယ်။ ကဒ်ပြားငှားတဲ့အတွက် တခါထုတ်ကို ငွေ ၅ဝဝဝ ပေးရတယ်။ ကဗျာတွေဘာတွေဆို ၇ဝဝဝ လောက်ပေးရတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် ၆ဝဝဝ-၇ဝဝဝ လောက်ပေးရတယ်။
အဲဒီ ကဒ်ပြား ကိုင်ထားတဲ့လူတွေက ဘယ်သူတွေလည်းဗျာ
ကဒ်ပြားကိုင်ထားတဲ့လူတွေက သူတို့ (အာဏာပိုင်)တွေနဲ့ အလွမ်းသင့်တဲ့လူတွေ။ စာပေစိစစ်ရေး က အငြိမ်းစားတွေ၊ ဌာနဆိုင်ရာအငြိမ်းစားတွေ၊ စစ်တပ်က အငြိမ်းစားတွေ၊ စာပေနဲ့စာနယ်ဇင်းမှာ အရင်ကလုပ်ခဲ့တဲ့ အမှုဆောင်တွေ၊ ကုမ္ပဏီကလူတွေ၊ ဝန်ကြီး (ဦးကျော်ဆန်း)နဲ့ပတ်သက်ပြီး ပြေလည်တဲ့လူတွေပေါ့နော။ အဲဒါကို သူတို့ ကိုယ်စားလှယ်ဆီက ငှားရတယ်။
လျှောက်လွှာတွေဘာတွေ တင်ရသေးလား။
ကဒ်ပြား ငှားပြီးတော့ တိုက်က ရိုက်မယ့်လူကလည်း ဒီစာမူကို ရိုက်ရန်သဘောတူတယ်၊ ခွင့်ပြု ချက်ရရင် ကျနော်ရိုက်ပါမယ်ဆိုတဲ့ ကဒ်ပြားကိုလည်း ငှားရတယ်။ သူကတော့ ပိုက်ဆံပေးစရာ မလိုဘူးပေါ့။ ပုံနှိပ်တိုက် ခွင့်ပြုချက်ကဒ်ပြား မိတ္တူရယ်၊ ဒီစာအုပ်ထုတ်ဝေမယ်ဆိုတာ သဘောတူတဲ့ ထုတ်ဝေသူ လက်မှတ်ပါတဲ့ကဒ်ပြားမိတ္တူရယ်။ ဖြန့်ဝေသူကလည်း သဘောတူညီချက် စာ ထိုးပေးရသေးတယ်။ စုံပြီဆိုရင် ပုံစံ ဝယ်ရတယ်။ စာပေစိစစ်ရေးရုံးမှာ ၂ဝဝ ပေးပြီး ဝယ်ရတယ်။ ပုံစံက နှစ်မျိုးရှိတယ်။ ဖြန့်ဝေခွင့်နဲ့ စာမူတင်တဲ့ဟာပေါ့။ စာအုပ်ရဲ့ အမျိုးအစား။ စာမူဘယ်မှာ ထုတ်မလဲ။ ဘယ်မှာရိုက်မှာလဲ။ ယခင်ထုတ်ဝေမှုရှိမရှိ။ ရေးထားတဲ့အကြောင်းအရာက ဘာတွေလဲ။ စာရေးဆရာရဲ့ ထုတ်ဝေသူ လိပ်စာ အတိအကျ ဖြည့်ရတယ်။ စာမူစစ်ပြီးတော့ အကြမ်းရေးမယ့်ဟာ “ဘေးကပ်” ဆိုတာ ဝယ်ပေးရသေးတယ်။ စက္ကူဖိုင်ဝယ်ရတယ်။ ပြီးတော့ ငွေသွင်းရတယ်။ အဲဒီချလန်နဲ့ တင်လိုက်ရတယ်။
စာမူကို စစ်ဆေးပုံအဆင့်ဆင့်လေး ပြောပြပေးပါအုံး။
ကျနော်တို့နဲ့က မှတ်ချက်က နိုင်ငံခြား သတင်းဌာနတွေနဲ့ လုပ်တဲ့အခါကျတော့ သူတို့ မယူရဲတော့ဘူးလေ။ ၁ဝ သိန်းပေး လည်း ယူမှာမဟုတ်ဘူး။ ခွင့်ပြုချက်လည်း ရမှာ မဟုတ်ဘူး။
ဒီစာစစ်မှူး ဘယ်သူ့ကိုဖတ် ဆိုပြီးတော့ သူတို့က ခွဲတန်းခွဲလိုက်တယ်ပေါ့။ နောက် ၂ ရက်လောက် နေရင် သိပြီပေါ့။ မောင်ဖြူ မောင်နီဆီ ရောက်သွားပြီ။ ရောက်သွားရင် မြန်မြန်လေးဖတ်ပေးပါဆရာ ဆိုပြီးတော့ စာအိတ်ထဲထည့်ပြီး ငွေ ၅ဝဝဝ သူ့ကိုပေးရတယ်။ ကိုယ့်ဖာသာကိုယ် ဒါမှမဟုတ် ပွဲစား ကတဆင့်ပေါ့။ ဖတ်တယ်ဆိုတာလည်း ၁ လခွဲကြာမှ ဖတ်တယ်။ သူ့ဖြုတ်ချင်တဲ့ အချက်အလက်တွေကို ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးလုပ်တယ်။ ပိုက်ဆံ မပေးလို့ကတော့ မဖတ်ဘူး။ နှစ်နဲ့ချီကြာသွားလိမ့်မယ်။
နောက် ဌာနစုမှူးဆီ ရောက်သွားတယ်။ ဌာနစုမှူးကိုလည်း ချောချောမွေ့မွေ့ဖတ်အောင်၊ မပယ် အောင်ပေါ့။ သူ့ကျတော့ ဈေးများသွားပြီ။ တသောင်းခွဲနဲ့ နှစ်သောင်းကြား ထပ်ပေးရတယ်။ ဒါမှ မဟုတ်ရင်လည်း ကြိုက်တတ်တဲ့ ထမီတို့၊ ပါတိတ်တို့ ပေးရတယ်။ ခန့်ထားတာ အမျိုးသမီးများ တယ်။ အမျိုးသားလည်း ရှိပါတယ်။ ဌာနစု ၁ ကနေ ၆ အထိရှိတယ်။ ဌာနစု ၃ ကတော့ ဒေါ်သန်းဌေး၊ ၄ က ဒေါ်ကြည်ကြည်၊ ၅ က ဦးနိုင်းနိုင်း၊ ၆ ဒေါ်ခင်သန်းဦးကပေါ့၊ ကျနော်တို့နဲ့ ဆက်ဆံတာကတော့ အဲဒါပဲ။ အခု ၆ ရက်နေ့ကတော့ ဒေါ်သန်းဌေးက ပင်စင်သွားပြီ။ ကျန်သူ တွေက မပြောင်းဘူး။
အဲဒီကနေ လက်ထောက်ညွှန်ကြားရေးမှူး ဆိုတာကို ရောက်တယ်။ သူက နှစ်ယောက်ရှိတယ်။ တယောက်က နိုင်ငံရေးဖတ်တယ်။ တယောက်က အထွေထွေဖတ်တယ်။ ကျနော့်စာအုပ်ဆိုရင် နိုင်ငံရေး Site လက်ထောက်ညွှန်မှူး ဦးစန်းညွန့်ဆီ ရောက်သွားတယ်။ သူက အရပ်သားပဲ။ တခါတလေလည်း ဗိုလ်ကြီးအဆင့်တွေ ထားတယ်ပေါ့။ သူကနေ မှတ်ချက်နဲ့ ဖတ်ပြီးတော့ အပေါ်ထပ်ကို တင်ရတယ်။ အကြံပေးဆိုတာရှိတယ်။ ဦးတင်ကြည်တဲ့။ သူကနေ သူ့ဘေးခန်းက ဒုညွှန်မှူး အောင်ကျော်ဦးဆီ ရောက်တယ်။ ဗိုလ်မှူးအငြိမ်းစားအဆင့်ပဲ။ အဲဒီကနေ ညွှန်ကြားရေးမှူး။ အရင်တုန်းကတော့ တင့်ဆွေပေါ့။ ခုတော့ ဒုဗိုလ်မှူးကြီးမျိုးမြင့်မောင်။
သူကနေ ဒီစာအုပ်က သမိုင်းနဲ့ပတ်သက်လို့ သမိုင်းဌာနပို့ ဆိုရင် ကျနော်တို့က အဲဒီစာမူကို နောက် တကော်ပီ ထပ်ကူးပြီး သမိုင်းသုတေသနကို ပြည်လမ်းမှာ အမျိုးသားပြတိုက်နဲ့တွဲထားတယ်။ သွား ပေးရတယ်။ တမျက်နှာကို ၃ဝ သွင်းရတယ်။ သူတို့က နေပြည်တော်က မြန်မာ့သမိုင်းအဖွဲ့ဝင် ဒီ ဘာသာရပ်နဲ့ သင့်တော်သူ တယောက်ကို ဖတ်ခိုင်းတယ်။ ပြီးတော့ သမိုင်းအချက်မှန်ကန်တယ် ဆိုပြီး အဲဒီက ဒုညွှန်မှူးချုပ်က လက်မှတ်ထိုးရတယ်။ သဘောမတူရင် စာပေစိစစ်ရေးက ထုတ်ခွင့် မပြုတော့ဘူး။
သဘောတူတယ်ဆိုရင်ရော ဘာဆက်လုပ်ရသေးလည်းဆရာ
ထုတ်ဝေသင့်တယ်ဆိုရင် ကျနော်က စာမူကို ကိုယ့်ဖာ့ကိုယ် သွားပြန်ယူရတယ်။ အဲဒါကို စာပေ စိစစ်ရေးကို ပြန်တင်ရတယ်။ သမိုင်းဌာနက ဖြုတ်ခိုင်းတဲ့အပိုဒ်တွေကိုလည်း ဖြုတ်ပေးရ တယ်။ စာပေစိစစ်ရေးက မကြိုက်တာကိုလည်း ဖြုတ်ပေးရတယ်။ ဖြုတ်ပြီးမှ ဒီစာအုပ်ကို ထုတ်ဝေခွင့်ပြု သည် ဆိုတော့မှ စာမူခွင့်ပြုချက် နံပတ်ကလေး ရပြီ။ အဲဒါရမှ အဖုံးတင်ရတယ်။ အဖုံးက ၂ ကော်ပီ ပေါ့။ အဖုံးဓာတ်ပုံလေးပေါ့။ ၅ဝဝ ပေးရတယ်။ ဌာနစုမှာပဲ ပြန်တင်ရတယ်။ အဲဒီချလန်နဲ့ ပြည့်ပြည့် ရေးပြီး ပြန်တင်လိုက်ရင် တပတ် နှစ်ပတ်လောက်ဆိုရင် အဖုံးခွင့်ပြုချက်ကျမယ်။ ဆိုရင် ဒီစာမူကို ရိုက်လို့ရပြီပေါ့။ ရပြီဆိုရင် စာပေစိစစ်ရေးကို စာအုပ် ၆၄ အုပ် တင်ရတယ်။ တရားဝင်က ၂၆ အုပ် ပဲ။ အဲဒီစာအုပ် အားလုံးကို ညနေ သူတို့က ရောင်းစားတယ်။ ကောက်တဲ့လူရှိတယ်။ ကားနဲ့ကို လာကောက်တာ။ တခြားစာပေသမားတွေရော အကုန်လုံးပေးရတာ။ အဲဒီထက် ပိုတာပဲရှိတယ်။ ကိုယ်က မရောင်းရသေးဘူးနော်။
နောက်ထပ် ၂ ပတ်လောက်နေရင် ဖြန့်ချိခွင့်ပြုသည် ဆိုရင် ဖြန့်လို့ရပြီ။ မြန်မြန်ကျချင်ရင် ပိုက်ဆံ ၂ဝဝဝ-၃ဝဝဝ ပေးပေါ့။ ဖြန့်ချခွင့်ပြုသည် ဆိုတဲ့ စာရွက်လေးရတယ်။ အဲဒါဆို နယ်ရော ရန်ကုန်မှာ ရော ဖြန့်လို့ရပြီ။
ညွှန်မှူးတို့ ဒုညွှန်မှူးတို့ကိုရော ပိုက်ဆံမပေးရဘူးလား။
အဲဒါကလည်း လုံးဝကျနိုင်စရာမရှိဘူး ဆိုရင်တော့ သူတို့ကို သိန်းနဲ့ချီပေးရတာပေါ့။ ဥပမာဆိုရင် တက္ကသိုလ်စိန်တင်ရေးတဲ့ ပထမခေါင်းစဉ်က အောင်ဆန်း-အက်တလီစာချုပ်။ နောက်ပြင်လိုက် တယ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းဆိုပြီး။ အားမာန်သစ်ကထွက်တယ်။ အဲဒီစာမူကို ကျနော်တင်ပေးတာ။ အဲဒီတုန်းက သူတို့နဲ့ကျနော် ပြေလည်တော့ တသိန်းပဲပေးရ တယ်။ ထုတ်ခွင့်ရသွားတယ်။ ခုဖြန့်ပြီးသွားပြီ။ တက္ကသိုလ်စိန်တင် တင်တာမရဘူး။ ၁ဝ နှစ်ကြာ တယ်။ ဗိုလ်မှူးအေးထွန်းခေတ်ကတည်းက။
စာပေစိစစ်ရေးတခုလုံးဖြတ်ဖို့ ပျှမ်းမျှ ဘယ်လောက်ကုန်လဲ။
နှစ်သိန်းနီးပါးလောက်တော့ ရှိတာပေါ့။ စာအုပ်တခုက ခွင့်ပြုချက် မရနိုင်ဘူး။ ကျအောင်လုပ်မယ် ဆိုရင်တော့ အဲဒီလိုပေးနိုင်ရင် ရတာပေါ့။
ဆရာ့ဆိုင်းငံ့ စာအုပ် တွေကျတော့ ကျအောင်မလုပ်ဘူးလား။
ကျနော်တို့နဲ့က မှတ်ချက်က နိုင်ငံခြားသတင်းဌာနတွေနဲ့လုပ်တဲ့အခါကျတော့ သူတို့ မယူရဲတော့ဘူးလေ။ ၁ဝ သိန်းပေးလည်း ယူမှာမဟုတ်ဘူး။ ခွင့်ပြုချက်လည်းရမှာမဟုတ်ဘူး။
စာပေလောကမှာ ဆင်ဆာအဖွဲ့ရှိသင့်လား။
မရှိသင့်ဘူးလေ။ ဒီမိုကရေစီသွားရင် ဘာဆင်ဆာမှ မလိုတော့ဘူးလေ။ မှတ်ပုံတင်ဌာနပဲ လိုတာ ပေါ့။ စာမူတွေ ထပ်သွားတာ တယောက်ဟာတယောက်ခိုးချတာမဖြစ်အောင်၊ နာမည်မထပ်သွား အောင်၊ အကြောင်းအရာ မထပ်အောင်ပေါ့။ ဒါနိုင်ငံတိုင်းမှာရှိတာပဲ။ ပြီးတော့ စာပေ လွတ်လပ်ခွင့် ဆိုတာ ပေးရမယ်လေ။ ငါနဲ့မတူ ငါ့ရန်သူ ဘယ်စာအုပ်မှမထုတ်နဲ့ဆိုတော့ တရားမျှတမှု ဘယ်လိုလုပ်ရှိမလဲ။
Geen opmerkingen:
Een reactie posten