မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 16 september 2010

ကချင်ပြည်နယ်တိုးတက်ရေးပါတီ အဖွဲ့ဝင် အမတ်လောင်းအားလုံး အပယ်ခံရ

လင်းနိုင်ဦး / ၁၆ စက်တင်ဘာ ၂၀၁၀
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီ အဖွဲ့ဝင်ဟောင်းများ၏ အမတ်လောင်း အမည်စာရင်း တင်သွင်းမှုအားလုံးကို စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ကြောင်း တသီးပုဂ္ဂလ အနေဖြင့် အရွေးခံမည့် ကချင်နိုင်ငံရေးသမားတဦးက ပြောကြားသည်။
၎င်းက “ဒေါက်တာတူးဂျာ အဖွဲ့မှာ ပါဝင်သူတွေ အားလုံးကို တသီးပုဂ္ဂလ အနေနဲ့ပဲ အမည်စာရင်းတင်တင်၊ ကြံ့ဖွံ့၊ တစည ပါတီ အနေနဲ့ပဲ တင်တင် အားလုံးကို ကော်မရှင်က ပယ်ချထားတယ်။ ဒီ မြစ်ကြီးနားခရိုင် တခုတည်းမှာကိုပဲ စုစုပေါင်း (၁ဝ) ယောက်ရှိတယ်။ ကချင်ပြည်နယ်တခုလုံးဆို (၁၅) ယောက် ပတ်ဝန်းကျင် ရှိနိုင်တယ်” ဟု ပြောသည်။
နအဖစစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်သည် ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီကို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီတည်ထောင်ခွင့် မပြုခဲ့ခြင်းကြောင့် အမတ်လောင်း အမည်စာရင်းတင်သွင်းသည့် နောက်ဆုံးရက် နီးလာမှ ဒေါက်တာတူးဂျာနှင့် အဖွဲ့ဝင်များက တသီးပုဂ္ဂလများအနေဖြင့် မဲဆန္ဒနယ်မြေ အသီးသီးတွင် အမည်စာရင်း တင်သွင်းခဲ့ကြခြင်းဖြစ်သည်။
သို့သော် ဒေါက်တာတူးဂျာနှင့်အဖွဲ့ ပါတီတည်ထောင်ရန် ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားစဉ် တည်ထောင်သူများ အမည်စာရင်းပါရှိခြင်းကြောင့် အဆိုပါ အမည်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး တသီးပုဂ္ဂလအနေဖြင့် တင်သည်ဖြစ်စေ၊ တစည ပါတီမှ တင်သည်ဖြစ်စေ၊ ကြံ့ဖွံ့ပါတီမှ တင်သည်ဖြစ်စေ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်မှု အားလုံးကို ပယ်ချခဲ့ကြောင်း အဆိုပါ ကချင်နိုင်ငံရေးသမားက ပြောသည်။
ဒေါက်တာတူးဂျာနှင့် အဖွဲ့ဝင်များ၏ အမတ်လောင်း အမည်စာရင်းတင်သွင်းခွင့်ကို ပယ်ချခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် လက်ခံခဲ့သော အန်ဒီအေ (ကချင်) ခေါင်းဆောင်များ၏ အမတ်လောင်း အမည်စာရင်း တင်သွင်းမှုများကိုမူ လက်ခံခဲ့ကြောင်း သိရသည်။
ကိုယ်တိုင် အမတ်လောင်း စာရင်းတင်သွင်းခဲ့သည့် အန်ဒီအေ ခေါင်းဆောင်ဟောင်း တဦးက “အန်ဒီအေ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းဟာ ကြံ့ဖွံ့ပါတီကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄) (ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် မြို့) ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်။ အန်ဒီအေ ခေါင်းဆောင်ဟောင်း ဦးမဂျီဇော်တောင်လည်း အဲဒီ နယ်မြေကပဲ အမျိုးသားလွှတ်တော်အတွက် တစညပါတီကို ကိုယ်စားပြုပြီး ပြိုင်မယ်။ ဦးတိန့်ယိန်းရဲ့သား ယိန်းဆောင်ကတော့ ကြံ့ဖွံ့မဟာမိတ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)ပါတီ ကိုယ်စားပြုပြီး ပြည်နယ်လွှတ်တော်အတွက် ချီဖွေ အမှတ်(၂)မဲဆန္ဒနယ်က ပြိုင်မယ်။ အန်ဒီအေ ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဦးမုတ်ရင်ဒေါင်ဟောင်းနဲ့ ဦးနဘုတ်ထောခေါင်တို့ကတော့ ဆော့လော်နဲ့ ချီဖွေ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အန်ဒီအေ ခွဲထွက်အဖွဲ့ခေါင်းဆောင် ဦးလယောက်ဇယ်လွန်းကတော့ ပြည်နယ်လွှတ်တော်အတွက် ဆော့လော်မဲဆန္ဒနယ် အမှတ် (၁) ကနေ ပြိုင်ကြမယ်” ဟု ပြောကြားသည်။
ဒေါက်တာတူးဂျာ ဦးဆောင်သည့် ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရတော့သည့်အတွက် ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ပါတီ၊၎င်းနှင့်မဟာမိတ်လုပ်ထားသည့်ဦးခက်ထိန်နန်ဦးဆောင်သည့် စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်)နှင့် တစညပါတီတို့သာ ပါဝင်ယှဉ်ပြိုင်ကြရတော့မည် ဖြစ်သည်။
ကချင်ပြည်နယ်တွင် မြို့နယ် (၁၈) ခုရှိပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၁၈) နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၂)ခု၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၃၆)ခု၊ လူမျိုးစု တိုင်းရင်းသားကိုယ်စားလှယ် မဲဆန္ဒနယ် (၄) ခု၊ ပြည်နယ်တခုလုံး မဲဆန္ဒနယ် (၇ဝ) ရှိသည်။
စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်၏ ယခုလုပ်ရပ်သည် တရားမျှတမှု မရှိဘဲ တိုင်းရင်းသားများ၏ ယုံကြည်မှုကို ပျက်ပြားအောင် လုပ်နေခြင်းဖြစ်ကြောင်း ကချင်နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြသည်။

Geen opmerkingen: