မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 27 september 2010

မြန်မာ့မိတ်ဆွေများ” ဆွေးနွေးပွဲ မျှော်လင့်ချက် နည်း

ဧရာဝတီ Monday, September 27, 2010
.စစ်အစိုးရ ကျင်းပမည့် နိုဝင်ဘာ ရွေးကောက်ပွဲနှင့် လတ်တလော မြန်မာ့အခြေအနေများကို ဆွေးနွေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် ၁၄ နိုင်ငံပါဝင်သည့် “မြန်မာ့မိတ်ဆွေများအဖွဲ့” တို့က နယူးယောက်မြို့၌ စက်တင်ဘာ ၂၇ ရက်နေ့ (အမေရိကန် စံတော်ချိန်) တွင် တွေ့ဆုံစည်းဝေးရန်ရှိကြောင်း သတင်းရရှိသည်။
နယူးယောက်တွင်ကျင်းပသောကုလသမဂ္ဂအထွေထွေညီလာခံနားချိန်နေ့လည်စာစားစဉ်တွင်အထွေထွေ အတွင်းရေးမှူးချုပ်ဘန်ကီမန်းပြောနေသည်ကိုနားထောင်နေသောအမေရိကန်သမ္မတအိုဘားမား။(ဓာတ်ပုံ - GettyImages)
ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံများစွာမှာ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဝါရင့် သံတမန်များ တက်ရောက်ဖွယ်ရှိသော အဆိုပါ အစည်းအဝေးမှ ထူးခြားသည့်ရလဒ်များ ထွက်လာရန် အလားအလာမရှိဟု သံတမန်အသိုင်းအဝန်းက သုံးသပ်နေကြသည်။
ယင်းအစည်းအဝေးမှ မြန်မာ့လက်ရှိအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြထားသည့် ထုတ်ပြန်ချက်တခု ပေါ်ထွက်လာရန်နှင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးအတွက် စစ်အစိုးရကို ထပ်မံ တောင်းဆိုရန် လုပ်ဆောင်မည်ဟု မျှော်လင့်ရသည်။
အစည်းအဝေးသို့ မြန်မာပြည်ဆိုင်ရာ ယာယီ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေ နာဘီယာလည်း တက်ရောက်မည်ဟု သိရသည်။
မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီကို ရာထူးမှ ရပ်ဆိုင်းမှု ၉ လကြာပြီးနောက် မစ္စတာ ဘန်ကီမွန်းသည် လူစားထိုးရန် သင့်တော်မည့်သူကို ရှာဖွေဆဲ ဖြစ်သည်။
သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှ၊ အမေရိကန်၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေ၊ ထိုင်း၊ အိန္ဒိယ၊ ပေါ်တူဂီ နှင့် ဗြိတိန်တို့ ပါဝင်သည့် မြန်မာ့မိတ်ဆွေများအဖွဲ့ စည်းဝေးပွဲကို မည်သည့် မျှော်လင့်ချက်မှ မထားကြောင်း USCampaignforBurma မှ ဦးအောင်ဒင်က ဆိုသည်။
“ဘန်ကီမွန်းအနေနဲ့ စစ်အစိုးရအပေါ် တစုတည်း ထိထိရောက်ရောက် ဖိအားပေးဖို့ ဒီနိုင်ငံတွေကို မတိုက်တွန်းတာ၊ သူ့လုပ်ပိုင်ခွင့်ထဲက ပိုင်ပိုင်နိုင်နိုင် မရပ်တည်တာတွေကြောင့် ဒီအစည်းအဝေးက ကုလသမဂ္ဂရဲ့ တခြား ဆက်ဆံရေးဟန်ပြပွဲထက် ထူးမယ် မထင်ပါဘူး”ဟု ဦးအောင်ဒင်က ဧရာဝတီသို့ ပြောသည်။
“ဒီအဆံမပါတဲ့ သင်္ကြန်အမြောက်ကို စစ်အစိုးရက ဂရုစိုက်မှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲကို လုံးဝ သပိတ်မှောက်ပစ်တာတို့၊ ကုလသမဂ္ဂ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI)ဖွဲ့ရေးတို့လို ဆောင်ရွက်တာမျိုးကမှ စစ်အစိုးရအပေါ် ထိမှာပါ” ဟု ဦးအောင်ဒင်က ဆက်ပြောသည်။
USCampaignforBurmaအပါအဝင်အဖွဲ့အစည်းပေါင်းများစွာကCoIဖွဲ့ရေးအတွက် ကမ္ဘာ့အဖွဲ့အစည်းများကို တိုက်တွန်းလျက်ရှိပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ပြင်သစ် စသည့် အနောက်နိုင်ငံများ၏ ထောက်ခံမှုများ ရရှိနေပြီဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်မစ္စတာပီဂျေခရော်လေကမူ“CoIကိစ္စနဲ့ ပတ်သက်လို့ ဒီစည်းဝေးပွဲမှာ ဘာတွေ ပြောလာကြမလဲဆိုတာ မသိသေးပါဘူး။ စောင့်ကြည့်ရမှာပါ။ အမေရိကန်ကတော့ ကိစ္စတွေအားလုံးခြုံငုံမိအောင် တင်ပြဖို့ စီစဉ်ထားပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်က အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် နယူးယောက်မြို့၌ အစည်းအဝေးတွင် အမေရိကန် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရေး ထပ်မံတောင်းဆိုသွားသည်။
“နိုဝင်ဘာတွင် လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးပြီး အမျိုးသား ရင်ကြားစေ့ရေးတို့သည် လူ့အခွင့်အရေးကို အကာအကွယ်ပေးရန်နှင့် ဒီမိုကရေစီအပြောင်းအလဲအတွက် အရေးကြီးသည်ဟု အမေရိကန် သမ္မတက ယုံကြည်ကြောင်း”အစည်းအဝေးအပြီး သမ္မတအိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အစုလိုက် အပြုံလိုက် သေကြေပျက်ဆီးစေနိုင်သော လက်နက် (WMD) ပြန့်ပွားမှုကို တားဆီးရေးနှင့် မြောက်ကိုးရီးယားနှင့် အီရန်နိုင်ငံတို့၏ အခန်းကဏ္ဍအပေါ် ယင်းတို့၏ စိုးရိမ်မှုတို့ကို သမ္မတ အိုဘားမားနှင့် အာဆီယံခေါင်းဆောင်များ၏ သဘောတူ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ယခင်သီတင်းပတ်က အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် မစ္စတာ ဘန်ကီမွန်းက “မြန်မာပြည်နဲ့ ညှိနှိုင်းဆောင်ရွက်ရေးအတွက် အာဆီယံနိုင်ငံများရဲ့ အခန်းကဏ္ဍကို အလေးထားပါတယ်” ဟု မြန်မာပြည် ဒီမိုကရေစီအသွင်ပြောင်းလဲရေးအတွက် ကူညီကြရန် အလေးအနက် တိုက်တွန်းသွားသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီ အပြောင်းအလဲ များ အရေးတကြီး လိုအပ်သည်ဟု အားလုံးက သဘောတူညီကြကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောသည်။
“မျှော်လင့်သလို ဖြစ်မလာရင် အာဆီယံရဲ့ ပူးပေါင်းဆောင်ရွက်မှု တန်ဖိုးနဲ့ စည်းမျဉ်းစည်းကမ်းတွေပေါ်မှာ ထိခိုက်လာနိုင်ပြီး ယုံကြည်မှုကို လျော့ပါးစေပါလိမ့်မယ်။ တချိန်တည်းမှာ မြန်မာပြည်ကို ကူညီရမှာဖြစ်ပြီး ဒါမှသာ လူမှုအထောက်အကူပြုနဲ့ ဖွံ့ဖြိုးရေး စိန်ခေါ်မှုတွေကို သူတို့ ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက ထောက်ပြသည်။
မြန်မာပြည်တွင် အရပ်သားအစိုးရနှင့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးသို့ အောင်မြင်စွာ ပြောင်းလဲနိုင်ရန် အာဆီယံ၏ ထောက်ခံမှုနှင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု ကတိပြုကြောင်း ဘန်ကီမွန်းက ဆက်လက်ပြောသည်။
ယခုလ အစောပိုင်းကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)အပါအဝင် နိုင်ငံရေးပါတီ ၁၀ ခုကို ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းခဲ့သည့်အပေါ် ဘန်ကီမွန်းက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လတွင်လည်း ရွေးကောက်ပွဲတွင် အားလုံးပါဝင်ရေးအတွက် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် စစ်အစိုးရအား တောင်းဆိုခဲ့သေးသည်။

Geen opmerkingen: