မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 28 september 2010

ပြိုင်ဘက်ကို ဆန့်ကျင်ပုတ်ခတ်ပြီး မဲဆွယ်

မျိုးဝင်းဇော် / ၂၈ စက်တင်ဘာ ၂၀၁၀
ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖွဲ့ပြီး တသီးပုဂ္ဂလ အမတ်လောင်းအနေဖြင့် အမျိုးသားလွှတ်တော် ကချင်ပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၄)(အင်ဂျန်းယန်မြို့နယ်၊ချီဖွေမြို့နယ်၊ဆော့လော်မြို့နယ်)ကနေ ဝင်ရောက်ယှဉ်ပြိုင်မည့် ယခင် အန်ဒီအေ ကချင် တပ်ဖွဲ့ခေါင်းဆောင်ဟောင်း ဦးဆခုံတိန့်ယိန်းသည် ပြိုင်ဘက်လောင်းများအပေါ် ဆန့်ကျင်ပုတ်ခတ်သည့်စာများ ဖြန့်ဝေပြီး မဲဆွယ်စည်းရုံးနေကြောင်း စုံစမ်းသိရသည်။
ခေတ်ပြိုင်က လက်ခံရရှိသည့် ဦးဆခုံတိန့်ယိန်းကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် အဆိုပါ ဖြန့်ဝေစာထဲတွင် “နိုင်ငံတော်အစိုးရကို ဆန့်ကျင်သော လှုပ်ရှားမှုမှန်သမျှကို ဖော်ထုတ်ရှင်းလင်းပစ်ကြရမည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ၎င်းပါတီ၏ မဟာမိတ်ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲမပေးရန် စည်းရုံးလှုပ်ရှားမှုများကို ဖော်ထုတ် ဆန့်ကျင် ဖယ်ရှားကြရမည်။ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဆန့်ကျင်သည့် စည်းရုံးလှုပ်ရှားမှုများကို ဖော်ထုတ်ဖယ်ရှားကာ အနိုင်ယူကြရမည်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသော လူပုဂ္ဂိုလ်များနှင့် ၎င်းတို့အလွဲသုံးစားပြုသောပါတီ အဖွဲ့အစည်းများကို အောင်နိုင်ကြရမည်” ဟု ဖော်ပြထားသည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်းက တရားဟောဆရာများကို ရည်ညွှန်းပြီး “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၎င်းတို့၏ မဟာမိတ်ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များကို မဲမပေးရန် လှုံ့ဆော်စည်းရုံးသည့် ဘာသာရေးအယောင်ဆောင် အဖျက်သမား တရားဟောဆရာများကို ဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးရမည်” ဟုလည်း ဖော်ပြထားသည်။
အဆိုပါကိစ္စ ကချင်ပြည်နယ်အတွင်း တစညပါတီမှ အမတ်လောင်းအဖြစ် ဝင်ရောက် အရွေးခံမည့် ကချင် နိုင်ငံရေးသမား တဦးက “ဦးဆခုံတိန့်ယိန်းဟာ အခြားပြိုင်ဘက် အမတ်လောင်းတွေကို ခုလို စွပ်စွဲ ပုတ်ခတ်ပြီး ဝါဒဖြန့်နေတာ မကောင်းပါဘူး။ နောက် ဒီ ဝါဒဖြန့်ချက်တွေ ဖြန့်ဝေနေတာဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ နည်းဥပဒေတွေကို ချိုးဖောက်ရာလည်း ရောက်ပါတယ်။ ဦးဆခုံတိန့်ယိန်းအနေနဲ့ ဝါဒဖြန့်စာစောင် ထုတ်ချင်ရင် သက်ဆိုင်ရာ စာပေစိစစ်ရေးမှာ တင်ပြပြီး နသ မှတ်ပုံတင် ခွင့်ပြုချက်ရမှ ဖြန့်ချိရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ကြံ့ဖွံ့ပါတီနဲ့ မဟာမိတ် ဖြစ်နေတာကြောင့် ဘယ်ရွေးကောက်ပွဲ ကော်မရှင်ကမှ အရေးယူမယ့်ပုံတော့ မပေါ်ဘူး” ဟု ပြောသည်။
အခြား ကချင်နိုင်ငံရေးသမား တဦးကမူ “ဦးဆခုံတိန့်ယိန်းဟာ တသီးပုဂ္ဂလ အမတ်လောင်းလို့ ဆိုတယ်။ သူ့ ဖြန့်ဝေစာထဲ ဖတ်ကြည့်တော့ ‘အနာဂတ် နိုင်ငံတော်ကို ဦးဆောင်သွားမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထုများ၏ တခဲနက်ထောက်ခံသော ဆန္ဒမဲများဖြင့် ရွေးကောက်တင်မြှောက် ရရှိရေးအတွက် အဖွဲ့အစည်းနှင့်ပြည်သူလူထု အလွှာပေါင်းစုံနှင့် လူမျိုးမရွေး၊ ဘာသာမရွေး စည်းလုံးညီညွတ်မှုကြီး တည်ဆောက်ရာတွင် ဦးထမ်းပဲ့ထမ်း ပါဝင်နေကြပြီ ဖြစ်ပါသည်’ဆိုတာမျိုး ထည့်ရေးထားတယ်။ ဒါက သူ့ကိုသူ စစ်အစိုးရနဲ့ တကြိတ်တည်း တဉာဏ်တည်း၊ ကြံ့ဖွံ့နဲ့ အလိုတူ အလိုပါ ဆိုတာ ကြော်ငြာလိုက်သလို ဖြစ်သွားတော့ ပြည်သူတွေ သိသွားတာ ကောင်းပါတယ်” ဟု ပြောသည်။
ဦးဆခုံတိန့်ယိန်းသည် ၎င်း၏ မဲဆန္ဒနယ်မြေတွင် တစညပါတီ အမတ်လောင်း ဦးမဂျီဇော်တောင်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဦးမဂျီဇော်တောင်ဟာလည်း အန်ဒီအေ ကချင်တပ်ဖွဲ့၏ ခေါင်းဆောင်ဟောင်းတဦး ဖြစ်သည်။
ဦးဆခုံတိန့်ယိန်းသည် ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖွဲ့ထားခြင်းကြောင့် အဆိုပါ နယ်မြေတွင် ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။ အလားတူ ဦးဆခုံတိန့်ယိန်း၏ သားတဦးဖြတ်သည့် ဆခုံယိန်းဆောင်သည်လည်း ကြံ့ဖွံ့နှင့် မဟာမိတ် ဖွဲ့ထားသည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ဒစက) မှတဆင့် ပြည်နယ်အဆင့် လွှတ်တော် အမတ်လောင်းအဖြစ် ဝင်ရောက် အရွေးခံမည်ဖြစ်ကြောင်း သိရသည်။

Geen opmerkingen: