မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 16 september 2010

တကောင်တည်း

ယမထာ / ၁၆ စက်တင်ဘာ ၂၀၁၀
ကျောက်ဆည်ဆင်ဆိုတာ သိတယ်မို့လား။ အလှူတွေ၊ ပွဲတော်တွေမှာ အချိုးကျကျ လှလှပပ-“က”တဲ့ ဆင်လေ။ အချိုးအစားကလည်းကျန၊ အခြယ်အသအမွမ်းအမံကလည်း ခမ်းနားတဲ့အပြင် ဟန်ပန် ကကြိုးကကွက်ကလည်း ပြောင်မြောက်တာမို့ “ကျောက်ဆည်ဆင်က” ကို တွေ့မြင်ရသူတိုင်း ရင်သပ်ရှုမော လက်ခုပ်သြဘာပေးလို့ မဆုံးကြဘူး။
ဒီဆင်က လိမ္မာယဉ်ကျေးတဲ့ ပြည်သူချစ်သော အနုပညာဆင်ရယ်လို့ ကျော်ကြားနေချိန်မှာ သူနဲ့ဆန့်ကျင်ဘက် ပြည်သူ့ချဉ်ဖတ် ကျောက်ဆည်ဆင်ကြီးတကောင် ပေါ်ထွက်လာပါတယ်။
ဒီနောက်ဆုံးပေါ် ကျောက်ဆည်ဆင်ကြီးဟာ အလုံးအထည်ကလည်း ပွယောင်းထွားကျိုင်း၊ အသားအရေကလည်း နက်ကြုတ်ကြမ်းထော်၊ အစွယ်ကြီးတွေကလည်း ၀ဖီးရှည်ထွက်၊ နှာမောင်းကြီးကလည်း တမျှော်တခေါ်ဖြစ်သလို ခြေဖ၀ါး လက်ဖ၀ါးကြီးတွေကလည်း ဧရာနန္တနဲ့ သံခွာတပ်ထားသလို မာကြောမဲပြောင်လို့။
ဒီကောင်ကြီးဟာ ငယ်ငယ်တုန်းက တော်တော်အေးပြီး တော်တော်နုံသလို တော်တော်လည်း သဘောကောင်းပါတယ်။ သူ့ကို ပေါက်ခေါင်းသားကြီးတကောင်က ကောက်ယူမွေးစားခဲ့တာပါ။ သူ့မွေးစားအဖေ ပေါက်ခေါင်းသားဟာ “ဆင်အိတ်စပတ်” ဖြစ်ပြီး ‘ဆင်မွေး’တဲ့ဘက်မှာ ပြိုင်ဘက်ကင်းသူဖြစ်ပါတယ်။ သူမွေးထားတဲ့ ဆင်တွေအများကြီးထဲမှာ “ကျောက်ဆည်ဆင်”လည်း ပါတာပေါ့။
“ကျောက်ဆည်ဆင်”က ထားရာမှာနေ၊ စေရာသွား၊ ခိုင်းသမျှကို အသံတချက်မထွက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်လုပ်တတ်တဲ့ ဆင်လိမ္မာမို့ ပေါက်ခေါင်းသားကြီးရဲ့ “လက်သပ်မွေးဆင် ” တကောင် ဖြစ်လာခဲ့ပါတယ်။
ပေါက်ခေါင်းသားကြီးဟာ ဆင်တကောင်ကို ဗိုလ်ချုပ်ခန့်ပြီး တခြားဆင်တွေကို အုပ်ချုပ်ခိုင်းထားပါတယ်။ အဲဒီဆင်ဗိုလ်ချုပ် နောက်မှာလည်း တဗိုလ်မကောင်းတဗိုလ် ပြောင်းနိုင်ဖို့ ဆင်ဗိုလ်ချုပ်ကလေးတွေကို အစဉ်လိုက် တန်းစီပေးထားပါတယ်။ အချိန်တန်တော့ “ကျောက်ဆည်ဆင်” ကြီးလည်း အစဉ်လိုက်တန်းထဲ ရောက်လာပါတော့တယ်။
ဒီလိုနဲ့ တဖြည်းဖြည်း၊ ခိုင်းသမျှ မညည်းမညူလုပ်နေလိုက်တာ နောက်ဆုံးတော့ သူ့ရှေ့မှာ ဆင်ဗိုလ်ချုပ်တကောင်ပဲ ရှိတဲ့အဆင့် ရောက်လာပါပြီ။ ဒီမှာတင် စကားတလုံးမှမပြောဘဲ သိတ်သွေးအေးတဲ့ ကျောက်ဆည်ဆင်ဟာ သူ့ရှေ့က ဆင်ဗိုလ်ချုပ်ကို ဆင်ရူးလို့ တံဆိပ်ကပ်ပြီး ဆင်သင်္ချိုင်းပို့လိုက်ပါတော့တယ်။ “ငါကွ၊ ကျောက်ဆည်ဆင်ကွ။ ဆင်ဗိုလ်ချုပ်ကြီးဖြစ်ပြီဟေ့”
ကျေးဇူးသိတတ်လွန်းတဲ့ ကျောက်ဆည်ဆင်ဟာ အဲသလို ထိပ်ဆုံးနေရာကိုရောက်တာနဲ့ တပြိုင်နက် သူ့မွေးစားအဖေ ကျေးဇူရှင် ပေါက်ခေါင်းသား အဖေကြီးကိုပါ ကျောပေါ်ကဆွဲချပြီး လည်မျိုနင်းလိုက်ပြန်ပါရော။
အခုဆိုရင် ဆင်မှန်သမျှ သူ့လက်အောက်ရောက်နေကြပါပြီ။ သူခိုင်းတာလုပ်ကြရသလို သူထားတဲ့နေရာမှာ နေကြရပါတယ်။ ပေကပ်ကပ်လုပ်တာနဲ့ သွားပေရော ဆင်သင်္ချိုင်းပါပဲ။ ဒါကြောင့်လည်း “ကျောက်ဆည်ဆင်ကြီး”ကို အားလုံးက အကြောက်ကြီး ကြောက်ကြပါတယ်။ ပိုပြီးကြောက်ကုန်တာကတော့ “ကျောက်ဆည်ဆင်ရဲ့နောက်က အမြဲကပ်လိုက်ခွင့်ရတဲ့ ” ကျောက်တန်းဆင်ကို “ဆင်သင်္ချိုင်း” ပို့လိုက်ပြီးတဲ့ နောက်ပိုင်းမှာပါပဲ။
ကျောက်ဆည်ဆင်ကြီးဟာ နှာမောင်းကြီး မြှောက်မြှောက်ပြီး ကြွေးကြော်လို့ မပြီးနိုင်အောင်ဘဲ။
“ ငါကွ…တကောင်တည်းပဲ…ဒါပေမယ့် ကျောက်ဆည်ဆင်ဟေ့ ”
---x---x----x----x----x----x----x----x-----
တကောင်ထဲ “အကောင်”လုပ်လာလိုက်တာ၊ ဘာလိုလိုနဲ့ ဆယ်စု နှစ်စုတောင် ကုန်တော့မယ်။ တဖြည်းဖြည်း “ဆင်သက်တမ်း”ကုန်ဖို့ကလည်း နီးသထက်နီးလာချိန်မှာ ‘ဆင်ကြံကြံ’ပါလေရော။ ဇာတ်သိမ်းလှလှလေးနဲ့ ကန့်လန့်ကာချနိုင်ဖို့ အရေးကြီးတယ်လေ။
စဉ်းစားကြည့်မိပြန်တော့…
“ငါဂိမ်းသွားရင်” ‘ကျောက်အေးဆင်’ တို့၊ ‘ကျောက်မန်းဆင်’ တို့က အကောင်တက်လုပ်ပြီး ငါ့ကို… ငါ့ကို…”
ဒီလိုနဲ့ ဘာမှမကြာခင်၊ ဘယ်သူမှ ‘ဆင်ခြေတက်ခွင့် မရလိုက်ကြတော့ဘဲ…
“အမိန့်တော်မှတ်မယ်၊ အမိန့်တော်မှတ်မယ်၊ ကဲနာခံကြ “ဆိုပါလား”
ယင်းအမိန့်တော်သည်ကား…
---x---x----x----x----x----x----x----x-----
“အသင့်ပြင် ၊ ၀မ်း… တူး…သရီး…”



နောက်ဆုံးမတော့ ကျောက်ဆည်ဆင် ခေါင်းဆောင်တဲ့ ဆင်ဗိုလ်ချုပ်တွေအားလုံး၊ အ၀ီစိရောက်အောင် နက်တဲ့ ဆင်သင်္ချိုင်းချောက်ကမ်းပါးစောက်ကြီးထဲကို တပြိုင်နက်ခုန်ဆင်း “ဆူဆိုက်” လုပ်လိုက်ကြပါတော့တယ်။ ေ

Geen opmerkingen: