စိုးမြင့်
ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၅၅ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ဖွံဖြိုးမှုဆိုင်ရာ အကြံပေး ဒေါက်တာ ခင်ဇော်ဝင်းသည် စင်္ကာပူ နိုင်ငံတွင် တင်သွင်းမည့် ပြည်သူ့မူဝါဒ မဟာဘွဲ့ စာတမ်းအတွက် ရှာဖွေလာသည့် အချက်အလက် တချို့ နှင့်အတူ ရန်ကုန်လေဆိပ်တွင် ၁၉၉၃ က ဖမ်းဆီးခံခဲ့ရပြီး ၂ဝဝ၅ ခုနှစ်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ထို့နောက် လူမှုကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရင်း ဒီမိုကရေစီ ပြောင်းလဲရေး သုတေသန စာတမ်းများ ရေးသား ဖတ်ကြားခဲ့သည်။ စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံသည့်အတွက် ဒေါက်တာ ခင်ဇော်ဝင်းကို ပြည်တွင်းပြည်ပ မြန်မာ အတိုက်အခံအများစုက ဝေဖန်ပြစ်တင်မှုများ ရှိနေသည်။ ယခုလအတွင်း ဂျာမနီတွင် ကျင်းပမည့် မြန်မာ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးပွဲတခုကို တက်ရောက်မည့် ဒေါက်တာ ခင်ဇော်ဝင်းတို့ကို ဂျာမနီရှိ မြန်မာအရေး လှုပ်ရှားသူများက စစ်အစိုးရ ဝါဒဖြန့်သူများအဖြစ် ကန့်ကွက်ဆန္ဒပြရန် စီစဉ်နေကြသည်။ ဒေါက်တာ ခင်ဇော်ဝင်း၏ ရွေးကောက်ပွဲဆိုင်ရာ သဘောထားအမြင်များကို သိနိုင်ရန် မဇ္ဈိမက မေးမြန်း တင်ဆက်လိုက်ပါသည်။
ရွေးကောက်ပွဲကို အားပေး ထောက်ခံတဲ့လူတွေ၊ ရွေးကောက်ပွဲဟာ မြန်မာပြည် အပြောင်းအလဲကို အထောက်အကူ ပြုနိုင်တယ်လို့ ယူဆသူတွေကို မြန်မာအစိုးရရဲ့ ကိုယ်စားလှယ်တွေ နိုင်ငံတကာမှာ လှည့်ပြောနေတယ်လို့ စွပ်စွဲသံတွေ ရှိတယ်ခင်ဗျ။ ကျနော်တို့ မဇ္ဈိမမှာလည်း ဖေါ်ပြထားတာရှိပါတယ်။ အဲဒါကို ဒေါက်တာ ဘာပြောချင်လဲခင်ဗျ။
ထောက်လှမ်းရေးက ကျနော့်ကို ဖမ်းပြီး ထောင်ချတဲ့အတွက် ကျနော် ၁၅ နှစ် ထောင်ကျခဲ့ရတယ်။ အဲဒီ ၁၅ နှစ်မှာ ကျနော် ၁၁ နှစ်နေခဲ့တယ်။ ဒီလို နေခဲ့ပြီးတော့မှ ကျနော် ဒီလို ဘာလို့ လုပ်ရမှာလဲ။ တခြားနည်းတွေနဲ့ ပြောင်းလဲဖို့ လူတွေ အမျိုးမျိုး ကြိုးစားခဲ့တာ အနှစ် ၅ဝ ရှိပြီ။ ကျနော် ဘာလုပ်နေလဲဆိုတာလည်း လေ့လာပါအုံး။ ရမ်းသမ်းပြီးတော့ မပုတ်ခတ်ပါနဲ့ ။ နည်းနည်း စဉ်းစဉ်းစားစား လုပ်ကြပါ။ ဒီလို အလကားနေရင်း ရန်သူတွေ လိုက်ပြီးရှာနေမယ်ဆိုရင် တိုင်းပြည်အတွက် ဆိုးကျိုးပဲရှိမယ်ဗျ။ ပြည်ပရောက် အတိုက်အခံတွေကိုလည်း နားလည်ပါတယ်။ တချိန်ချိန် အားလုံး အခြေအနေကောင်းသွားမယ်ဆိုရင် မိမိ သဘောအရ ကိုယ့်နိုင်ငံ ပြန်လည် ထူထောင်ရေးမှာ ပါလာနိုင်ဖို့ ကျနော်တို့ ကြိုးပမ်းပါ့မယ်။ ပါလာနိုင်ဖို့လည်း ဆုတောင်းပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဒေါက်တာ ခင်ဇော်ဝင်းရဲ့ အမြင်က ။
ဒေါက်တာခင်ဇော်ဝင်း
ပါတီစုံ ရွေးကောက်ပွဲက ကျနော်တို့ ၈၈ တည်းက မျှော်လင့်ခဲ့တဲ့ ကိစ္စတခုပါ။ အကြောင်း အမျိုးမျိုးကြောင့် အခြေအနေ မကောင်းတဲ့ အခါကျတော့ နှစ် ၂ဝ ဟာ ခဲ့ရတာပေါ့ဗျာနော်။ လူထုကလည်း ဒီမိုကရေစီ လိုလား တမ်းတနေကြတာပဲ။ မျှော်လင့်ခဲ့တဲ့ ၉ဝ ရွေးကောက်ပွဲ ကလည်း မျှော်လင့်သလို ဖြစ်မလာဘူးပေါ့။ နောက်တကြိမ် ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့က ကိုယ်လိုချင်တာ ရအောင် ကြိုးပမ်းရမှာပဲဗျ။ အခြေအနေက ပြောမယ်ဆိုရင် အရင်ကလို ပွင့်ပွင့်လင်းလင်း မရှိဘူးပေါ့။ ဘယ်လောက်ထိ လွတ်လပ်မယ် တရားမျှတမယ် ဆိုတာကလည်း ဘယ်သူမှ ပြောလို့ မရဘူးဗျာ။ ၉ဝ ပြည့်နှစ် အခြေအနေနဲ့ နှိုင်းကြည့်မယ်ဆိုလည်း ခြားနားမှုတွေ ရှိနေတာပဲ။ ကျနော့်အနေနဲ့ ဒီဥစ္စာကို ကျောခိုင်းလို့ မရဘူး။ ဆက်ပြီးတော့ ကြိုးစားရမှာပဲ။ အကောင်းဆုံး ဖြစ်အောင် လုပ်ရမှာပဲ။
ဒီရွေးကောက်ပွဲကအခွင့်အရေးဖြစ်တယ်လို့ဒေါက်တာကပြောတယ်။ဘယ်လိုအခွင့်အရေးလဲဆိုတာ ဥပမာပေးလို့ရမလား။
ကျနော်တို့ မြန်မာပြည်မှာ ပါတီစုံ ဒီမိုကရေစီ ပါလီမန် မရှိခဲ့တာ အနှစ် ၅ဝ နီးပါးပါ။ နောက်ဆုံးရှိခဲ့တာ ၆၂ ခုနှစ်ကပေါ့ဗျာ။ အဲဒီမှာ အာဏာသိမ်းပြီး အဖျက်ခံလိုက်ရတဲ့အခါကျတော့ နောက်ပိုင်း ဒီမိုကရက်တစ် ပါလီမန်ဆိုတာ မရှိခဲ့ဘူးပေါ့။ ၉ဝ ရွေးကောက်ပွဲကနေ ပါလီမန်တခုများ ဖြစ်လာမလား အများက မျှော်ခဲ့တာပဲ၊ ဖြစ်မလာခဲ့တာက တချက်ပေါ့နော်။ ဒါကို ကျနော်တို့က ပြန်ပြီးတော့ ထူထောင်ချင်တယ်။ နောက်တခုက လူထုရဲ့အသံပေါ့။ လူထုက အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရတယ်။ စီပွားရေးကအစ။ ကဲ ဒီလူတွေရဲ့ လိုလားချက်တွေကို ဖွင့်ဟ ပြောဖို့ forumမရှိဘူး၊ မီဒီယာက အခိုက်အတန့် ပြောပေးလို့ရတာပေါ့ဗျာ။ ဒါပေမဲ့ ဒီ forumလိုမျိုး ပါလီမန်မှာရှိခဲ့မယ်ဆိုရင် ပြည်သူကို ကိုယ်စားပြုနိုင်မယ့် ဒီအမတ်တွေက forumမှာ ဒီဥစ္စာကို ပြောနိုင်မယ် ဆိုပါတော့၊ နည်းတာ များတာ တပိုင်းပေါ့နော်။ အဲလိုပြောနိုင်မယ့် အခွင့်အရေးတခု ရဖို့ forumလိုတာပေါ့ဗျာ။ နောက်တခုက နိုင်ငံရေးပါတီတွေလည်း တော်တော်လေး မှေးမှိန်နေရတဲ့အနေအထားရှိတယ်။ သာမန် လူထုကလည်း ပါတီဝင်ဆိုရင် လောက်လောက်လားလား အထင်မကြီးဘူးပေါ့ဗျာ။ လေးစားမှုတောင်မှ နည်းနေတယ်။ အဲဒီလို အရွေးခံရလို့ လွှတ်တော်အမတ်ဖြစ်ပြီ ဆိုရင် ဒီဥစ္စာ ပြောင်းသွားနိုင်တယ်လေ။ ပါတီတွေလည်း ဒီရွေးကောက်ပွဲကနေ ပြန်ထူထောင်နိုင်မယ်ပေါ့။ နောက်တချက်က တိုင်းရင်းသားတွေက ဒီဥစ္စာကို ပိုပြီး လိုလားတယ်။ သူတို့မှာ နှစ်ပေါင်းများစွာ သူတို့လိုအပ်ချက်တွေ လိုလားချက်တွေ တင်ပြစရာ လမ်းမရှိခဲ့ဘူး။ ဒီတလမ်းပဲ သူတို့မှာ ရှိတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက အမတ်နေရာ ၂၅ ရာခိုင်နှုန်း စစ်တပ်ကိုပေးတယ်။ အခု စစ်ဗိုလ်ချုပ်ကြီးတွေက ယူနီဖေါင်း ချွတ်ပြီးတော့ ကြံ့ဖွံ့ပါတီအောက်ကနေ ဝင်ပြိုင်တယ်။ ပြိုင်တဲ့အခါကျတော့ အများစု ခန့်မှန်းတာက ကြံ့ဖွံ့ပါတီပဲ နိုင်မယ်။ ဒီပါတီကပဲ လွှတ်တော်ထဲမှာ အုပ်စီးထားမယ်ဆိုတဲ့ အမြင်ကို ဘယ်လို သဘောထားလဲ ။
အဲဒါကတော့ဗျာ ဝမ်းနည်းစရာတရပ်ပါ။ ကျနော်တို့ ၁၉၈၈ စက်တင်ဘာ လဆန်းပိုင်းတုန်းကဆိုရင် သမ္မတ ဒေါက်တာမောင်မောင် ပေါ့လေ။ သူက ကမ်းလှမ်းခဲ့တယ်။ လမ်းစဉ်ပါတီအပြင် တခြားပါတီ တွေလည်း ဖွဲ့ခွင့်ပေးမယ်။ အဲဒီ ရွေးကောက်ပွဲကို ဝင်ကြပါ၊ သုံးလအတွင်း ကျင်းပပေးမယ်။ ဒီမိုကရေစီ လိုလားသူ တော်တော်များများ ခေါင်းဆောင်ပိုင်းတွေက ဒီဥစ္စာကို ပယ်ချခဲ့တယ်။ ခုမြန်မာပြည်ရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်နေလဲဆိုတော့ အဲဒီ ၈၈ စက်တင်ဘာလဆန်းပိုင်း အခြေအနေကို ပြန်ရောက်နေရတယ်။ အဲဒီတုန်းက လမ်းစဉ်ပါတီက မဲတော်တော်များများကြီး နိုင်,နိုင်ခြေရှိတယ်ပေါ့။ အခု ကျတော့ ဒီ ပြည်ခိုင်ဖြိုးပါတီက သူ့အမတ်လောင်းအရေအတွက်နဲ့ကို ဒီ မဲဆန္ဒနယ် အများစုမှာ နိုင်လိမ့်မယ်။ ကျနော်လည်း ဒီဥစ္စာကို လိုလားခဲ့တာ မဟုတ်ဘူးပေါ့ဗျာ။ သို့သော် တခြား ရွေးနိုင်စရာလမ်းက ဘာရှိလဲ၊ အဲဒါ မေးစရာရှိတယ်။ ဒီဥစ္စာကြီးကို ကျနော်တို့အနေနဲ့ ငြင်းလို့ကော ရနိုင်မလားဗျာ။
ပြည်ခိုင်ဖြိုး ပါတီက လွှတ်တော်မှာ မဲအများစုနဲ့ အမတ်အများစု ဖြစ်လာမယ်။ သူတို့မကြိုက်တဲ့ အနည်းစုတွေကို ဥပဒေ အမျိုးမျိုးထုတ် ဖယ်ထုတ်တာလုပ်ပြီး လက်ညိုးထောင် ခေါင်းငြိမ့်တွေပဲ ကျန်မယ်ဆိုရင်ကော။
ပြည်ခိုင်ဖြိုးက အများစု နိုင်သွားမယ်ဆိုရင်တော့လည်း ခုနပြောသလို ဖြစ်သွားနိုင်တာပေါ့လေ။ နံပါတ် ၁ က အဲဒီ အဆင့်မရောက်အောင် ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်။ ကိုယ့်ဘက်က အများစု မရသည့်တိုင်အောင် အုပ်စုတခုတော့ ကိုယ်က ရသင့်တယ်ပေါ့လေ။ ဆိုတော့ တဖက်စောင်းနင်းကြီး မဖြစ်ဘဲနဲ့ သူတို့လိုချင်တဲ့ ဥပဒေတွေ မပြဋ္ဌာန်းနိုင်အောင် ကိုယ့်အနေနဲ့က ရပ်တည်ပေးနိုင်ရမှာပေါ့ဗျာနော်။ နောက်တခု ခက်တာကလည်း ဒီ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအရ ကိုယ်က ဘယ်လောက်ပဲ လွှတ်တော်မှာ အမတ်နေရာရရ ပါလီမန်စနစ်မှာလို အစိုးရဖွဲ့လို့မရဘူး။ အစိုးရကို ပါလီမန်ကနေ ရွေးချယ်တဲ့ သမ္မတတွေက ခန့်မှာဆိုတော့ ကိုယ် အများဆုံး လုပ်နိုင်မှာက ဒီဥပဒေပြဋ္ဌာန်းချမှတ်မယ့် အပိုင်းပဲ။ အဲဒါကိုတော့ ကိုယ့်ဘက်က အောင်မြင်နိုင်အောင် လုပ်နိုင်ရမယ်။ တဖက်က တွန်းလုပ်မယ်ဆိုရင်တော့လည်း ဒီဥစ္စာကို ကိုယ့်အနေနဲ့ လိုလားတယ် မလိုလားဘူးဆိုတာ ပါလီမန်မှာ တင်ပြနိုင်ရမယ်ဗျ။ အနှစ် ၅ဝ ပိတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တခုကို ပြန်ပြီးတော့ အသက်သွင်းရမှာပဲ။
ဦးနေဝင်းလက်ထက်၊ နောက် ၁၉၈၈ ကနေ စစ်တပ်အုပ်ချုပ်ခဲ့တာ အခုလည်း ယူနီဖေါင်းချွတ်ပြီးတော့ စစ်တပ်ထောက်ခံကြီးစိုးတဲ့ အစိုးရပဲ အုပ်ချုပ်မှာ ဘာမှ ထူးခြားတာ မဟုတ်ဘူးပေါ့နော်။ ခုနက ပြောင်းလဲမှုတောင်မှ ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ ဒါ့အပြင် တရားဝင်အသိအမှတ်ပြုမှုတောင်မှ နောက်တက်မယ့် အစိုးရက ရသွားမယ် ဆိုတာကို ဘယ်လိုမြင်သလဲ။ တကယ်စစ်မှန်တဲ့ ပြောင်းလဲမှု ဘာတွေ လုပ်နိုင်မယ်ထင်သလဲ။
အဲဒါက ဒီမေးခွန်းကို တော်တော်လေးလည်း မေးကြပါတယ်။ ပြောလည်း ပြောကြပါတယ်။ ကျနော့်အနေနဲ့ တုန့်ပြန်ချင်တာက သိပ်ပြီး Negative ဆန်လွန်းတယ်။ ကိုယ်က ဒီ အမှောင်ထုကြီးထဲမှာပဲ နေရတော့မယ် ပုံစံမျိုးကြီးပေါ့ဗျာ။ စစ်မတိုက်ခင် မြားကုန်နေတဲ့သဘောမျိုး ဖြစ်နေတယ်ဗျ။ ကိုယ့်ဘက်က အားမထုတ်ဘဲ အဖက်မလုပ်ဘဲ ဘေးထိုင်ပြီး ဘုပြောနေလို့ အပြောင်းအလဲက ဖြစ်မလာဘူးဗျ။ ကိုယ့် ကြိုးပမ်းမှုအပေါ်မှာ တည်တယ်။ အဲဒါကြောင့်မို့ အမတ်တွေ အရွေးခံရတာ နည်းတာ များတာထက် သတ္တိရှိရှိနဲ့ စပြီး ပြောနိုင်မယ့် အမတ်တွေလိုတယ်။ အဲဒါကို ကျနော် ပြောတာပါ။ ခုန ပြောသလို မထူးဇာတ်ကြီး ခင်းပြီးတော့ ဘာမှ ပြောင်းလဲမှုမရှိဘူးဆိုရင် ကဲ အဲဒီလူတွေ ဘာလုပ်မလဲ။ တသက်လုံး ဘေးထိုင်ပြီး မကောင်း ပြောတော့မှာလား။ ကျနော့် တိုင်းပြည်ကို ဒီလို အဖြစ်မခံနိုင်ဘူးဗျ။ ကျောမခိုင်းနိုင်ဘူး လုပ်ရမှာပဲ။
မြန်မာအစိုးရက ရွေးကောက်ပွဲ ဘာဖြစ်လို့ ကျင်းပတယ်လို့ ထင်လဲခင်ဗျ။ သဘောမတူတဲ့ အင်အားစုတွေ ပြောတာကတော့ ဒါက ပိတ်ဆို့မှုတွေ ရုပ်သိမ်းစေချင်လို့ တရားဝင်လို့ ရအောင်လို့ လုပ်တယ်လို့ မမြင်ဘူးလား။
နံပါတ် ၁ ကတော့ ၈၈ တည်းက ဒီဟာက တတိုင်းပြည်လုံးက လိုလားပြီးသားပေါ့နော်။ တပ်မတော်ကလည်း ဒီမိုကရေစီစနစ် ပြန်ထူထောင်ဖို့ တည်ဆောက်မယ်ဆိုတဲ့ စကားကလက်ခံရှိတယ်ဗျ။ ဒီကိစ္စကို ပြန်ပြီး ဆန့်ကျင်လို့လည်း မရဘူးလေ။ ဒါက ပြောမယ်ဆိုရင်တော့ ကတိပဲဗျာ။ နောက်တခုက ဘာလဲဆိုတော့ ကျနော်တို့နိုင်ငံဟာ လွတ်လပ်ရေးရကတည်းက ဒီမိုကရေစီ ရှိခဲ့တာ။ အခုကျမှ ဒီမိုကရေစီ မဟုတ်တဲ့ စနစ်မျိုးနဲ့ အုပ်ချုပ်မယ်ဆိုရင်တော့လည်း အဲဒီ လွတ်လပ်ရေးကတည်းက ရှိခဲ့တဲ့ အခြေအနေကို ပြန်ဆန့်ကျင်ရာကျသွားမယ်။ နောက်တခုက သဘာဝ ကျကျ ကြည့်မယ်ဆိုရင်လည်း ဟိုးကထကဲ အနှစ် ၄ဝ၊ ၅ဝ အာဏာရှင်အစိုးရနဲ့ အုပ်ချုပ်ခဲ့တာ တိုင်းပြည်ဘာဖြစ်နေသလဲ။ ဒီလို ပုံစံနဲ့ သွားလို့မရတော့တာ သိတော့ ပြောင်းကို ပြောင်းရမယ်။ အတွင်းဘက်ကတော့ တကယ့်ဒီမိုကရေစီပဲ လိုချင်မှာပေါ့ဗျာ။ ပိတ်ဆို့မှုတွေကတော့ ကျနော်လည်း သိပါတယ်နော်။ ဒီလို ဘယ်လိုပဲ ပြောင်းနေ ပြောင်းနေ Sanction ဆိုတာကတော့ နေ့ချင်းညချင်း သူတို့အနေနဲ့ ရုပ်သိမ်းမှာ မရှိပါဘူး။ အဲဒီတော့ တိုင်းပြည်ကို တဆင့်ပြီးတဆင့် ကျနော်တို့အနေနဲ့ လွတ်လပ်လာအောင် ပိုပြီး ဒီမိုကရေစီ ဆန်လာအောင် ကျနော်တို့ လုပ်ပေးရမှာပဲ။ အဲဒီတွန်းအားကလည်း လက်ရှိအစိုးရကနေ လာမှာမဟုတ်ဘူး။ ဒီမိုကရက်တွေ ဆီကနေလာရမှာ။ ဒီမိုကရက်တွေမှ ဒီဖြစ်စဉ်မှာ မပါဘူးဆိုရင် ဒီဖြစ်စဉ်ကို ဘယ်သူက တွန်းမလဲ လွယ်လွယ်လေးပါ။
ဒေါက်တာ့အနေနဲ့ ၁၉၈၈ မတိုင်ခင်က ယုံကြည်မှုနဲ့ အခုယုံကြည်မှုပေါ့နော်။ မြန်မာပြည်မှာ ဒီမိုကရေစီရဖို့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေရဖို့ ပြည်သူတွေအတွက်ဆိုတဲ့ ခံယူချက်တွေကနေ ကွာဟသွားပြီလား။
ဘယ်လိုမှ ကွာဟမှု မရှိနိုင်ပါဘူးခင်ဗျာ။ လူတယောက်က ဒီလောက် ဖြတ်သန်းပြီးကာမှ ဘာကြောင့် ပြောင်းလဲချင်ရမှာလဲ။ ကျနော့်မှာ လက်ကိုင်ဖုန်းတောင် မရှိပါဘူး။ ဒီဘဝကနေပြီး ကျနော့်အကျိုးအမြတ်ရှိအောင် ဘာမှ တောင်းတာလည်း မရှိပါဘူး။ ကျနော့် လက်ရှိအနေအထားနဲ့ ဆက်ပြီးတော့ လုပ်နေမှာပဲ။ ၈၈ မတိုင်ခင်တည်းက မလေးရှားမှာ ကျနော် သွားနေခဲ့တယ်။ တခြားနိုင်ငံတွေ တိုးတက်တာ မြင်တော့ ကိုယ့်နိုင်ငံလည်း တိုးတက်စေချင်တယ်။ နောက်တခုက ၈၈ မှာ ကျနော် အများကြီး မျှော်လင့်ခဲ့တယ်။ ဖြစ်မလာဘူး၊ ဒါပေမယ့် စိတ်ရှည်ရတော့မှာပဲ။ မတတ်နိုင်တော့ဘူး၊ ကိုယ်လည်း ငယ်တော့တာမဟုတ်ဘူး။ ကိုယ့်ထက်ငယ်တဲ့ လူတွေကိုပဲ သွန်သင်ဆုံးမပြီးတော့ မြေတောင်မြှောက်ပေးရမှာပဲ။ ကျနော့်အနေနဲ့ အဲဒီကာလနဲ့ အခုကာလ ဘာပြောင်းလဲမှုမှ မရှိပါဘူး။ တိုင်းပြည်ကို တိုးတက်စေချင်တယ်၊ လွတ်လပ်စေချင်တယ်။ နိုင်ငံရေး ဒီမိုကရေစီ ဆန်စေချင်တယ်။ ပြည်သူတွေကို နိုးကြားစေချင်တယ်။ တိုင်းရင်းသားတွေနဲ့ ပြန်ပြီးတော့ ပေါင်းစည်းစေချင်တယ်။ ဒီ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းပြီးတော့ ငြိမ်းချမ်းရေးကို တည်တံ့စေချင်တယ်။ ဒါတွေပဲ လုပ်ယူရမှာပဲဗျ ။ ခုအချိန်မှာ ကျနော့်ကို တိုက်ခိုက်နေလို့လည်း ဘာမှ အကျိုးမရှိဘူး။ တိုက်ခိုက်မယ့်အစား အပြုသဘောဆောင်တဲ့ အလုပ်တခုကို လုပ်ပြပါ ဒါလေးပါပဲ။
ဟုတ်ကဲ့ အဲဒါတွေအတွက် ဒေါက်တာ ခုဘာတွေများ လုပ်နေလဲခင်ဗျ့။ ဘယ်အဖွဲ့အစည်းနဲ့ ဘယ်အလုပ်တွေ လုပ်နေလဲခင်ဗျ။
ကျနော် ထောင်ထဲမှာနေတုန်းက လူတွေက မေးကြတယ်။ ဆရာခင်ဇော်ဝင်း နိုင်ငံရေးထဲကို ဘယ်လို ရောက်လာတာလဲတဲ့ စာပေကရောက်လာတာလားတဲ့။ ကျနော် စာရေးဆရာ မဟုတ်ပါဘူး၊ ကျနော် ဖွံ့ဖြိုးရေးက ရောက်လာတာပါလို့။ ကျနော်အရင်တုန်းက ကျန်းမာရေးဌာနမှာ တာဝန်ထမ်းခဲ့တယ်၊ မြန်မာပြည်မှာကော မလေးရှားမှာကော။ ပြီးတော့ ပြန်လာတယ်၊ ပြန်လာတဲ့အခါကျတော့ ယူနီဆက်မှာလုပ်တယ်။ ပြီးတော့ ထောင်ထဲဝင်ရတယ်။ ထွက်လာတဲ့အခါကျတော့လည်း တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးက အများကြီး ဆုတ်ယုတ်နေတဲ့အတွက် ဖွံ့ဖြိုးရေးလိုင်းကို ပြန်ပြီး ဝင်တယ်ဗျ။ နာဂစ်ပြီးတဲ့အခါကျတော့လည်း ပြန်ဝင်ရတာပဲ။ ဒါကတော့ ကျနော် တသက်လုံး လုပ်လာတဲ့အလုပ်ပါ၊ သို့သော် ဖွံ့ဖြိုးရေး တခုတည်းနဲ့လည်း မပြီးဘူး။ နိုင်ငံရေး ပြောင်းလဲဖို့လည်း လိုတယ်ဆိုတာ ကျနော်သိတယ်။ အဲဒါကြောင့် ဒီလိုလုပ်ရတယ်။ အလုပ်က ကျနော် များပါတယ်။ တာဝန်လည်း အများကြီး ယူထားရပါတယ်။ သို့သော် ဒီကြားထဲမှာ ကျနော်လုပ်ရတာပဲ၊ ခုနလို သတင်းစာတွေကရေးတယ် ဆန္ဒပြမယ် ပုတ်ခတ်တဲ့အချိန်မှာ အနှောက်အယှက်ကတော့ ဖြစ်တာပေါ့ဗျာ၊ ဒါပေမဲ့ ကျနော့်အလုပ်တွေက ရပ်မသွားပါဘူး။ NGO အလုပ်တွေကိုလုပ်တယ်၊ လူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေရတယ်။ ဒါတင်မကသေးဘူး လူငယ်တွေကိုလည်း မြှင့်တင်ပေးနေရတာပဲ။ ပညာပေး လမ်းတွေ ဖွင့်ပေးနေရတာပဲ။ အနားယူသွားနိုင်တဲ့ အလုပ်မျိုးလည်း မဟုတ်ပါဘူး၊ တချိန်လုံး လုပ်သွားရမှာပါ။ ဒီတာဝန်ကို လိုလိုလားလား မက်မက်မောမောနဲ့ကို ထမ်းဆောင်နေပါတယ်။
ဘာများ ပြောချင်ပါသေးလဲ ခင်ဗျ။
ဟုတ်ကဲ့ လွတ်လွတ်လပ်လပ် အမြင်ဖလှယ်ရတာ ကောင်းပါတယ်။ ကျနော် ဘယ်သူ့ကိုမှ ရန်သူလို့ မသတ်မှတ်ပါဘူး။ ပြောချင်တာကတော့ အဲဒီ ဥရောပမှာရှိတဲ့ မိတ်ဆွေတွေပေါ့နော် ကျနော်နဲ့ သဘောထား မတိုက်ဆိုင်လို့ ဆန္ဒပြချင်တယ်ဆိုရင် လွတ်လွတ်လပ်လပ် ဆန္ဒပြနိုင်ပါတယ်။ သို့သော် ဆန္ဒပြမယ့်အစား ကျနော်တို့ ဆွေးနွေးမယ့် ခန်းမကိုပဲ လာခဲ့ကြပါလား၊ ကျနော့်အနေနဲ့ ဖိတ်ပါတယ်။ အဲဒီကျတော့မှ ကိုယ့်အမြင် သူ့အမြင် လွတ်လွတ်လပ်လပ်ပေါ့ဗျာ အိနြေ္ဒရှိရှိလေး ကျနော်တို့ ဖလှယ်လို့ ရတာပေါ့။ ကျနော် ကြိုဆိုပါတယ်။
Geen opmerkingen:
Een reactie posten