မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 3 maart 2010

စစ်အစိုးရ၏ ရာဇဝတ်မှုများ အမျိုးသမီး ၁၂ ဦး ထုတ်ဖော်

စိုင်းဇွမ်ဆိုင်း
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၃ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ ရာဇဝတ်မှုများကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး အဆင့်မှ အရေးယူနိုင်ရေး အတွက် ရည်ရွယ်၍ မြန်မာအမျိုးသမီး ၁၂ ဦးက ကိုယ်တိုင်ကြုံတွေ့မှုများကို အမေရိကန်နိုင်ငံတွင် ပြောဆိုခဲ့ကြသည်။
နယူးယောက်မြို့တွင် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (Women’s League of Burma) နှင့် နိုဘယ် အမျိုးသမီးများအဖွဲ့ (Nobel Women’s Initiative) တို့၏ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ခုံရုံး၌ ယမန်နေ့က ဖွင့်ချခဲ့ကြခြင်း ဖြစ်သည်။
နိုဘယ်ဆုရှင်များဖြစ်ကြသော အီရန်နိုင်ငံမှ Dr. Shirin Ebadi ၊ အမေရိကန်မှ Jody Williams တို့အပါ အဝင် တောင်ကိုးရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပါမောက္ခနှစ်ဦးက ခုံရုံး တရားသူကြီးများ အဖြစ်ဆောင်ရွက် ခဲ့ကြသည်။
၂ဝဝ၃ ခု ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို ဝိုင်းရိုက်ကြသည့် ဒီပဲယင်း အကြမ်းဖက်မှုသည် ကြိုတင်ကြံစည်မှု ဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ မန္တလေးတိုင်း အန်အယ်ဒီမှ ဒေါ်ညွန့်ညွန့်က ထွက်ဆိုသွားသည်။
မြန်မာနိုင်ငံ အနောက်ခြမ်းမှ ကူကီးလူမျိုး မငိုင်းငိုင် ကလည်း “ကျမထွက်ဆိုခဲ့တဲ့ အကြောင်းအရာက ၁၉၉၃ ခုနှစ်တုန်းက တမူးမြို့နယ်မှာ နအဖ စစ်သားထွက်ပြေးသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရွာသားတွေနဲ့ ပေါင်းပါတယ်ဆိုပြီးမှ ရွာသားလေးဦး သတ်ခံရတယ်။ အမျိုးသမီး တဦးအပါအဝင် လူငါးယောက်လောက် ကို အဓမ္မစွပ်စွဲပြီး ထောင်ချခဲ့တဲ့အမှုပါ” ဟု ပြောသည်။
ယခုခုံရုံးသည် တရားမဝင်သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်မှုကိုရယူပြီး မြန်မာ စစ်အစိုးရ၏ ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (International Criminal Court) အထိ စွဲချက်တင်နိုင်ရန် ကာယကံရှင် အမျိုးသမီးများက မျှော်လင့်ထားကြသည်။
နိုဘယ်အမျိုးသမီးများအဖွဲ့မှ သတင်းပြန်ကြား မန်နေဂျာ Ms. Rachel Vincent က “ဒီသဏ္ဍာန်တူ ခုံရုံးမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မုဒိမ်းမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အတင်းအဓမ္မ ပေါ်တာထမ်းခိုင်းတာတွေကို သက်သေထွက်ဆိုသွားခဲ့ပါတယ်” ဟု ပြောသည်။
နိုဘယ်အမျိုးသမီးများအဖွဲ့နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲ တရပ်ကိုလည်း နယူးယောက်မြို့တွင် ပြုလုပ်ရန် အစီအစဉ်ရှိပြီး ကာယကံရှင် အမျိုးသမီး ၁၂ ဦး၏ ထွက်ဆိုမှုများကို အခြေခံ၍ ယခုလ ၄ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။
ယခုကျင်းပခဲ့သည့် သဏ္ဍာန်တူခုံရုံးကို တရားဝင်ခုံရုံးတခု ဖြစ်လာစေရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးအား တင်ပြသွားမည်ဟု ဆိုသည်။
သဏ္ဍာန်တူခုံရုံးတွင် သက်သေထွက်ဆိုချက်များကို တက်ရောက်နားထောင်သူ ၁၅ဝ ခန့် ရှိပြီး သက်သေ ထွက်ဆိုခဲ့ကြသည့် အမျိုးသမီးများနှင့်ပတ်သက်၍ ရုပ်သံမှတ်တမ်းများ၊ ဇာတ်လမ်းရုပ်ရှင်များ ရိုက်ကူး သွားရန် အစီအစဉ်လည်းရှိကြောင်း နိုဘယ်အမျိုးသမီးအဖွဲ့မှ Ms. Rachel Vincent ကပြောသည်။

(ကိုဝိုင်းတည်းဖြတ်သည်)



ဒီမိုကရက်တစ်ပါတီနှင့် စိန်ခေါ်မှု

ကျော်လင်းဦး
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၁၁ မိနစ် .
၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပဖို့ သိပ်မလိုတော့တဲ့ အချိန်မှာပဲ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ UDP ပေါ်ထွက်လာခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီဟာ လွတ်လပ်ရေးခေတ်ဦးက နိုင်ငံရေးသမားတွေရဲ့ သားသမီးတွေနဲ့ တပည့်တပမ်းတွေက ဦးဆောင်ဖွဲ့စည်းထားတာလို့ ဆိုရမှာပါ။
ဒီအုပ်စုဟာ ၁၉၈၈ ခုနှစ် အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေးရပ်ဝန်းမှာ တကွဲတပြားစီ ဖြစ်ခဲ့ပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရာမှာ အားလုံးကို တတ်နိုင်သလောက် စုစည်းထားတာ တွေ့ရပါတယ်။ ပါတီ ဥက္က္ကဋ္ဌက ဦးသုဝေ၊ ဒုဥက္က္ကဋ္ဌတွေက ဦးရဲထွန်းနဲ့ ဦးဘတင့်ဆွေ၊ အထွေထွေအတွင်းရေးမှူးကတော့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနုနဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူးက ဒုဝန်ကြီးချုပ်ဟောင်း ဦးဗဆွေရဲ့ သမီး ဒေါ်နေရည်ဗဆွေပါ။
ဟိုတချိန်က ဆိုရှယ်လစ် နိုင်ငံရေးသမား ဦးကျော်ငြိမ်းရဲ့ သမီး ဒေါ်ချိုချိုကျော်ငြိမ်းလည်း အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။
ဒီနေ့ UDP ပါတီမှာ ပါဝင်သူတွေကို တဦးချင်း ကောက်ကြောင်းဆွဲကြည့်မှ UDP အကြောင်းကို ပိုမိုသိရှိနိုင်မှာ ဖြစ်ပါတယ်။ ပါတီကို စတင်တည်ထောင်သူတွေဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ သူ့ဒေါင့်ကနေသူ ပါဝင်ခဲ့သူတွေချည်း ဖြစ်ပါတယ်။ လွတ်လပ်ပြီး ခေတ်တုန်းက အာဏာရ ဖဆပလ အသိုင်းအဝိုင်းက လာသူတွေချည်းဖြစ်လို့ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံရေးပိုင်းဖြတ်မှုတွေဟာ ဒီနေ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ရာမှာ အသုံးဝင်ပါလိမ့်မယ်။ ဒါကြောင့် ပါတီကို စတင်တည်ထောင်သူတချို့ရဲ့ ရပ်ပုံလွှာကို ဦးစွာ ဆန်းစစ်ကြည့်သင့်ပါတယ်။
ဦးသုဝေ
UDP ဥက္က္ကဋ္ဌ ဦးသုဝေဟာ ဟိုတချိန်က ဦးကျော်ငြိမ်းရဲ့ လူယုံတဦးပါ။ ကျောင်းသားဘဝက DSO လို့ခေါ်တဲ့ ဖဆပလ အစိုးရဘက်တော်သား ကျောင်းသားအုပ်စုမှာ လှုပ်ရှားခဲ့ပြီး နောက်ပိုင်းမှာ ဦးကျော်ငြိမ်းရဲ့ ကိုယ်ရေးအတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးတဲ့နောက် ဦးနုဟာ ၁၉၆၉ ခုနှစ်မှာ အိန္ဒိယကို ဘုရားဖူးထွက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းပြည်ပြင်ပကို ထွက်လာပြီး ပါလီမန်ဒီမိုကရေစီပါတီကို တည်ထောင်ကာ ဗိုလ်နေဝင်းအစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့ပါတယ်။
အဲဒီ တော်လှန်ရေးမှာ ဦးသုဝေလည်း ပါဝင်ခဲ့ပါတယ်။ ဖဆပလ အကွဲအပြဲမှာ တဖက်စီ ရှိခဲ့တဲ့ ဦးနုတို့ အုပ်စုနဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး တိုက်ပွဲမှာတော့ ပြန်လည်ပူးပေါင်းပြီးပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးနုရဲ့ လက်နက်ကိုင်တော်လှန်ရေးလည်း အကွဲအပြဲတွေနဲ့ အဆုံးသတ်ခဲ့ပြီး ၁၉၈ဝ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ဦးနေဝင်းက ပြန်ခေါ်တဲ့အခါ ဦးသုဝေလည်း ရန်ကုန် ပြန်ရောက်သွားပါတယ်။
၁၉၈၈ ခုနှစ်မှာ ဦးသုဝေဟာ လက်ဟောင်း နိုင်ငံရေးသမား တဦးအနေနဲ့ ရှေ့တန်းကို ပြန်ထွက်လာပါတယ်။ လက်ရှိ စစ်အုပ်စုက အာဏာသိမ်းပြီး ပါတီတွေ ထောင်ခွင့်ပေးတဲ့အခါ ဒီမိုကရေစီပါတီကို တည်ထောင်ပြီး အရင်ဦးဆုံး ပါတီမှတ်ပုံတင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဦးသုဝေဟာ ဆိုရှယ်လစ်စနစ်ကို ယုံကြည်သူဖြစ်ပြီး ဆိုရှယ်လစ်စနစ် တည်ဆောက်ဖို့အတွက် ဒီမိုကရေစီနည်းအရသာ သွားရမယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူ့ကိုယ်သူ ဆိုရှယ်ဒီမိုကရက်တဦးလို့ သတ်မှတ်ထားသူပါ။ ဆိုရှယ်ဒီမိုကရက်တွေဟာ ဥရောပက နိုင်ငံရေးအခင်းအကျင်းမှာတော့ လက်ဝဲဆန်သူတွေဖြစ်ပေမယ့် နှစ်ပေါင်း ၄ဝ ကျော် ဒီမိုကရေစီ ဆိတ်သုဉ်းနေတဲ့ မြန်မာနိုင်ငံအတွက်တော့ ဒီမိုကရေစီစနစ်ကို တည်ဆောက်လိုသူ ဖြစ်တဲ့အတွက် ကြိုဆိုရမှာပါ။
ပါတီမှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေနဲ့ ရွေးကောက်ပွဲတွေ မထွက်သေးတဲ့အတွက် ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို တရားဝင် သိခွင့်မရသေးပါဘူး။ ဒါပေမဲ့ ဦးသုဝေက လက်ရှိ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ စစ်တပ်က နိုင်ငံရေးကနေ စနစ်တကျဆုတ်ဖို့ စီစဉ်ခြင်း ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ စစ်တပ်က ဒီလို စနစ်တကျ နောက်ဆုတ်တာကို အားပေးဖို့အတွက် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်။ အများက စစ်တပ်ရဲ့ ရိုးသားမှုကို သံသယရှိနေချိန်မှာ ဦးသုဝေကတော့ ပါလီမန် ဒီမိုကရေစီခေတ်က ဖဆပလ နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ ဒုတိယမျိုးဆက်တွေကို စုစည်းပြီး ဒီမိုကရက်တစ်ပါတီအနေနဲ့ ရှေ့တန်းကို ထွက်လာခဲ့တာပါ။
ဦးရဲထွန်း
ဒီမိုကရက်တစ်ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ တဦးကတော့ ဦရဲထွန်း ဖြစ်ပါတယ်။ လွတ်လပ်ပြီးခေတ်က တရားရေးဝန်ကြီး ဦးချန်ထွန်းရဲ့သား ဖြစ်ပြီး ဒေါက်တာဗမော်ရဲ့ သမက်လည်း တော်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဦးရဲထွန်းကို လက်ယာသမားအဖြစ် လူသိများပြီး အမေရိကန် လိုလားသူလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် ဗိုလ်ခင်ညွန့်ရဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ဦးရဲထွန်းကို အမေရိကန်နဲ့ပေါင်းပြီး တိုင်းပြည်ဖျက်ဆီးသူအဖြစ် စွပ်စွဲခဲ့ဖူးပါတယ်။ ဒါကြောင့် ၈၈ အရေးအခင်းကိုလည်း လက်ဝဲ-လက်ယာပေါင်းပြီး အာဏာကို ဖြတ်လမ်းနည်းက ရယူဖို့ ကြိုးစားတာလို့ ဗိုလ်ခင်ညွန့်က စွပ်စွဲခဲ့ပါတယ်။
ဦးရဲထွန်းက နိုင်ငံရေးသမားတဦးအဖြစ်နဲ့ ရှေ့တန်းထွက်ပြီး လုပ်ကိုင်ဖို့ထက်စာရင် နောက်ကနေပြီး ကြိုးကိုင်ချင်သူလို့ သူ့ရဲ့ အပေါင်းအသင်းတွေက ဆိုပါတယ်။ ၈၈ အရေးအခင်းတုန်းကလည်း မကသ လို့ခေါ်တဲ့ မင်းဇေယျာ ဦးဆောင်တဲ့ ကျောင်းသားအုပ်စုနဲ့ နီးစပ်ခဲ့ပါတယ်။ အဲဒီအမှုနဲ့ပဲ စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။
လက်ယာသမား ဦးရဲထွန်းတယောက် ဦးသုဝေနဲ့တွဲပြီး ဒီမိုကရက်တစ်ပါတီမှာ ပါလာတာကို တချို့က သဘောမကျကြပါဘူး။ ဒါပေမဲ့ လက်ယာအုပ်စု အားနည်းလှတဲ့ မြန်မာ့နိုင်ငံရေးမှာ ဦးရဲထွန်းကလည်း နိုင်ငံရေးပါတီတရပ်ကို ဦးဆောင်ဖွဲ့စည်းတဲ့ထဲမှာ ပါဝင်လာတဲ့အတွက် အနာဂတ်မြန်မာ့နိုင်ငံရေးမှာ အသွေးအရောင် စုံလင်လာမှာတော့ အမှန်ပါပဲ။ ပုဂ္ဂလိကလွတ်လပ်ခွင့်တွေကို ပိုမိုအားပေးပြီး အစိုးရရဲ့ လက်တံတွေ လျှော့နိုင်သမျှ လျှော့တဲ့ အစိုးရပုံသဏ္ဍာန်မျိုးကို အားသန်သူတွေအတွက်တော့ ဦးရဲထွန်းဟာ လက်ယာလမ်းကို စတင်ဖောက်သူ တဦး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီးတဲ့အနောက် စစ်အုပ်စုနဲ့ နီးစပ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကြောင့်လည်း မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ သူ့ကို နိုင်ငံရေးသိက္ခ္ခာမဲ့သူအဖြစ် ကင်းပွန်းတပ်သူတွေလည်း မရှားပါဘူး။
ဒေါ်သန်းသန်းနု၊ ဒေါ်နေရည်ဗဆွေနှင့် ဒေါ်ချိုချိုကျော်ငြိမ်း
ဒေါ်သန်းသန်းနုဟာ ပြည်ပမှာပဲ တောက်လျှောက်နေထိုင်ခဲ့ပြီး သက္ကရာဇ် ၂ဝဝဝ ခန့်မှာ ပြည်တွင်း ပြန်ဝင်ခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာ ဦးနုဟာ အကျယ်ချုပ်ကနေ ပြန်လွတ်ခဲ့ပြီး မကြာခင်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ ဦးနုရဲ့ သားသမီးတွေ မြန်မာနိုင်ငံကို ပြန်လာပါတယ်။ အဲဒီအချိန်မှာ All India ရေဒီယိုမှာ အလုပ်လုပ်နေတဲ့ ဒေါ်သန်းသန်းနုကတော့ နောက်ပိုင်းမှာမှ အပြီးပြန်လာခဲ့တာပါ။ ဒါကြောင့် ၈၈ အရေးအခင်း အတွင်းနဲ့ အရေးအခင်းပြီးနောက် ပါတီတွေ ထောင်တဲ့အထဲမှာ ဒေါ်သန်းသန်းနု မပါဝင်ခဲ့ပါဘူး။
ဒေါ်နေရည်ဗဆွေနဲ့ ဒေါ်ချိုချိုကျော်ငြိမ်းတို့ကတော့ ၈၈ ကာလအပြီးမှာ မူလလက်ဟောင်း ဖဆပလ ပါတီနဲ့ ဖဆပလ လူငယ်အဖွဲ့ချုပ်တို့ကို တည်ထောင်ခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မဲဆန္ဒနယ် တနယ်မှ မရတဲ့အတွက် ပါတီဖျက်သိမ်းခံရတဲ့အထဲမှာ ပါဝင်သွားပါတယ်။
ပါလီမန် ဒီမိုကရေစီခေတ်က ခေါင်းဆောင်တွေရဲ့ သမီးတွေ ဖြစ်တဲ့အတွက် နိုင်ငံရေးမှာ ပြန်လည် ပါဝင်ခဲ့ပေမယ့် ထူးခြားတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ မူဝါဒတွေတော့ ရှိပုံမရပါဘူး။ သူတို့ရဲ့ ဖခင်တွေဟာ ပါလီမန်ဒီမိုကရေစီခေတ်က ခေါင်းဆောင်တွေဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်ခဲ့တာကြောင့် သူတို့ နိုင်ငံရေး လောကထဲ ပြန်လည်ဝင်ရောက်လာတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းညှိပြီးသား ဖြစ်တယ်ဆိုတဲ့ တွက်ကိန်းနဲ့ စစ်အစိုးရကလည်း စောင့်ကြည့်နေတယ်လို့ ယူဆပါတယ်။
ရွေးကောက်ပွဲနဲ့ အနာဂတ်စိန်ခေါ်မှုများ
ဒီလိုပုဂ္ဂိုလ်မျိုးတွေ ဦးဆောင်မယ့် ဒီမိုကရက်တစ်ပါတီဟာ လောလောဆယ်မှာတော့ သတင်းမီဒီယာ လောကမှာ လှုပ်လှုပ်ရှားရှား အရှိဆုံး ပါတီလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကသာ ရွေးကောက်ပွဲ မဝင်ခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ရင် ပြည်သူလူထုအတွက် ဒီမိုကရက်တစ်ကလွဲလို့ တခြား ရွေးစရာ မမြင်ပါဘူး။
ဒါပေမဲ့လည်း ဒီမိုကရက်တစ်ပါတီအတွက် ရွေးကောက်ပွဲအပြီး ကြုံရမယ့် စိန်ခေါ်ချက်တွေကတော့ ကြီးကြီးမားမား ရှိနေပါတယ်။ မဲဆွယ်လှုပ်ရှားရမယ့် အချိန် မလုံလောက်မှုကြောင့် ပြည်သူလူထုက ဒီမိုကရက်တစ်ပါတီကို မဲထည့်ခဲ့ရင်တောင် လွှတ်တော်ထဲမှာ ဒီမိုကရက်တစ်ရဲ့ ကိုယ်စားလှယ်တွေက အနည်းစုပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လွှတ်တော်ထဲကနေ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေတော့ အောင်အောင်မြင်မြင် အတည်ပြုနိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။
ဒီထက်ပိုပြီး ကြီးကြီးမားမား ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်ကတော့ လွှတ်တော်တွင်းက မဟုတ်ဘဲ လွှတ်တော်ပြင်ပကနေ ဒီမိုကရက်တစ်ပါတီဝင်တွေကို ခြိမ်းခြောက်မှုတွေ၊ ကိုယ်ထိလက်ရောက် စော်ကားမှုတွေအပြင် လက်ရှိ တည်ဆဲဥပဒေတွေအရ အပြစ်ပေးအရေးယူမှုတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ရှောင်ရှားဖို့အတွက် လက်ရှိ စစ်အုပ်စုနဲ့ ပဋိပက္ခဖြစ်နိုင်မယ့် အပြုအမူ၊ အပြောအဆိုတွေကို ထိန်းချုပ်ရပါလိမ့်မယ်။ ဒါတွေကို ထိန်းချုပ်နေမယ်ဆိုရင်လည်း လူထု အကျိုးရှိရာရှိကြောင်းကို ဒီမိုကရက်တစ်ပါတီဝင်တွေက ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး ပြောဆိုနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီမိုကရက်တစ်ပါတီ UDP အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ စစ်အုပ်စုနဲ့ ပြေလည်ရေးအကြား ဘယ်လိုထိန်းညှိပြီး ရှေ့ဆက်လျှောက်လှမ်းမလဲ ဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သန်လျင်မြို့နယ် ရဲဝန်ထမ်းများ တာဝန်ပေါ့လျော့မှုကို အရေးယူခြင်းမရှိသေး

Wednesday, 03 March 2010 17:39 ရိုးမ ၃
.တာဝန်ပေါ့လျော့သည့် ရဲဝန်ထမ်းများ ဖယ်ရှားပေးရန် အထက်အာဏာပိုင်များထံ တင်ပြတိုင်တန်းထားသော်လည်း ယနေ့ထိ တစုံတရာအရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ဒေသခံတဦးက ပြောသည်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မှုခင်းများကို ပေါ်ပေါက်အောင် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် တရားလို တဦးဖြစ်သူဦးမြအေးက သက်ဆိုင်ရာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုင်းတန်းထားသူ၏ သမီးမဝင်းမင်းသန်းသည် (၂၇-၇-၂၀၀၉) ရက်နေ့တွင် ဆွဲကြိုးဖြတ်လုခြင်း ခံရသဖြင့် ရဲတပ်ဖွဲ့သို့ သွားရောက်အမှုဖွင့်ထားခဲ့သော်လည်း တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိဘဲ တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးမှ ရဲအုပ်မြင့်ဇော်က တရားလိုအား ချိန်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံက ပြောသည်။
တရားလိုဘက်မှ ဆွဲကြိုးလုယူသွားသူစီးနင်းလာသည့် ဆိုင်ကယ်နံပါတ်၊ လူပုံသဏ္ဍာန်တို့ကို အတိအကျ ပြောကြားထားသော်လည်း ယနေ့ထိ တရားခံကို စုံစမ်းဖော်ထုတ်ခြင်းမရှိကြောင်း ဆက်ပြောသည်။
ယင်းကဲ့သို့ တာဝန်ပေါ့လျော့သည့် ရဲဝန်ထမ်းများကို အရေးယူပေးရန် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ (၂၄၊ ၈၊ ၂၀၀၉) ရက်နေ့ကတည်းက စာရေးတင်ပြခဲ့ခြင်းဖြစ်ပြီး တစုံတရာအရေးမယူသေးကြောင်း ဒေသခံက ပြောသည်။
ထို့အပြင် သန်လျင်မြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် ၂၀၀၉ ခုနှစ်အတွင်း လုယက်မှု၊ ဖောက်ထွင်းမှုများကို အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း ဆက်ပြောသည်။
ရန်ကုန်တိုင်း၊ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့က မှုခင်းများဖော်ထုတ်နိုင်ကြောင်း ဂျာနယ်များတွင် ထုတ်ဖော်ရေးသားခြင်းများ ပြုလုပ်နေသော်လည်း တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ အမှုခင်းများဖော်ထုတ်နိုင်ခြင်း မရှိသည်မှာ ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ပေါ့လျော့မှုဖြစ်ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။
စစ်အစိုးရ အထက်အာဏာပိုင်များအနေဖြင့် အောက်ခြေအဆင့် ဝန်ထမ်းများနှင့် ပတ်သက်၍ တိုင်ကြားချက်များကို အရေးယူဆောင်ရွက်ပေးခြင်း နည်းပါးပြီး ရဲဝန်ထမ်းများအနေဖြင့်လည်း နည်းမျိုးစုံဖြင့် ဒုစရိုက်မှုများကို ဖုံးကွယ်ထားခြင်းများ ဖြစ်ပွားနေလျှက်ရှိသည်။

dinsdag 2 maart 2010

နယ်ခြားစောင့်တပ် ဖွဲ့ရေး “၀” အချိန် တိုးတောင်း

Tuesday, 02 March 2010 18:15 ရန်ပိုင်
.၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးနှင့် ပတ်သက်၍ ယခု မတ်လ ကုန်အထိ အချိန်ထပ်မံ တိုးပေးရန် စစ်အစိုးရထံ တောင်းဆို ထားကြောင်း သိရသည်။
                                                          UWSA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - အေအက်ဖ်ပီ)
ပြီးခဲ့သည့် စနေနေ့က UWSA အဖွဲ့ဗဟို ကော်မတီဝင်များ အကြား ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ထိုသို့ တောင်းဆိုခြင်း ဖြစ်သည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ် အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။
“၀ဘက် နယ်ခြားစောင့် တပ်ကိစ္စနဲ့ ပတ်သက်ပြီး မူလက တောင်းဆိုထားတဲ့ အချက် ၉ ချက်ကို စဉ်းစားပေးဖို့နဲ့ အချိန်ထပ်တိုးပေးဖို့ တောင်းထားတယ်”ဟု ၎င်းက ဆိုသည်။
UWSA ၏ တောင်းဆိုချက် ၉ ချက်တွင်၂၀၀၈ခုနှစ် ရေးဆွဲခဲ့သည့် အခြေခံဥပဒေတွင် ပါရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ပြည်နယ် တွင် မိုင်းပေါက်၊ မိုင်းဖျံမြို့များကို ထည့် သွင်းပေးရန်၊ ထိုင်းမြန်မာနယ်စပ်ရှိ ၀မ်ဟုန်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးရန်၊ စစ်ဒေသမှူးနှင့် စစ်ဦး စီးမှူးများကို UWSA တပ်ဖွဲ့မှ တာဝန်ယူပြီး ဒုတိယစစ်ဦးစီးများကို စစ်အစိုးရ ဘက်မှ တာဝန်ယူရန်၊ ၀ မိဘမဲ့ကလေးများကို စစ်အစိုးရက တာဝန်ယူရန်၊ ကျန်းမာရေးတွင် စစ်အစိုးရက တာဝန်ယူရန် စသည့် အချက်များ ပါဝင်သည်ဟု သိရသည်။
ယနေ့တွင် UWSA အဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဗဟိုကော်မတီအစည်းအဝေး ခေါ်ယူထားပြီး စစ်ရေးပြင်ဆင် မှုများကို ပြုလုပ်ထားကြောင်းလည်း ဦးစိန်ကြည်က ပြောသည်။
စစ်အစိုးရကိုယ်စားလှယ် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် UWSA အဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း တို့ ပြီးခဲ့သည့် ကြာသပတေးနေ့က တန့်ယန်းမြို့တွင် တွေ့ဆုံခြင်းဖြစ်ပြီး တရုတ်နိုင်ငံတော် လုံခြုံရေးအဖွဲ့၊ ယူနန်ပြည်နယ် ကူမင်း စစ်ဒေသကိုယ်စားလှယ်၊ မြန်မာနိုင်ငံရှိ တရုတ်သံရုံးမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။
စစ်အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲ ရန် တရုတ်အစိုးရ၏ အကူအညီကို ယူနေရကြောင်း၊ အပြန်အလှန်အားဖြင့်စစ်အစိုးရက မြန်မာပြည်မှ စီးပွားရေးလုပ်ငန်း လုပ်ပိုင် ခွင့် များကို တရုတ်နိုင်ငံအား ပေးအပ်နေရသည်မှာ ထင်ရှားကြောင်း၊ နောက်ဆုံးတွင် တရုတ်နိုင်ငံသည်သာ အကျိုးအမြတ် ပိုမိုရရှိ မည် ဖြစ်ကြောင်း ဦးစိန်ကြည်က သုံးသပ်သည်။
ယခုရက်ပိုင်းအတွင်း တရုတ်အစိုးရက နယ်စပ်ဒေသ တလျှောက်တွင် တပ်များပိုမိုဖြန့်ချထားကြောင်း အတည်မပြုနိုင်သော နယ်စပ်သတင်းများ အရသိရသည်။
စစ်အစိုးရကအပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလနောက်ဆုံးထား၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သတ်မှတ်ထားသည်။
ရှမ်းပြည်နယ်အတွင်းရှိ ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအထူးဒေသ (၄) အဖွဲ့ကိုလည်း တြိဂံတိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးက တွေ့ဆုံရန် ခေါ်ယူခဲ့ကြောင်း၊ သို့သော်လည်း မိုင်းလား အဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့သာလာရောက် သည့် အတွက် တိုင်းမှူးက လက်ခံတွေ့ဆုံခြင်း မပြုခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်တွင် ဖော်ပြထားသည်။
တခြားသော တိုင်းရင်းသား အပစ်ရပ်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)မှ ဗဟိုကော်မတီဝင်များသည် နယ်ခြားစောင့် တပ်ပြောင်းလဲဖွဲ့စည်းရေးနှင့် ပတ်သက်၍ ယနေ့တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် အစည်းအဝေးပြုလုပ်နေကြောင်း ကချင်သတင်းစဉ်မှ ကိုနော်ဒင်းက ပြောသည်။
“နှစ်ဦးနှစ်ဘက် အလျှော့ပေးညှိနှိုင်းဖို့၊ အပေးအယူလုပ်ဖို့ အတွက် ဆုံးဖြတ်လိမ့်မယ်ထင်တယ်”ဟု ၎င်းကဆိုသည်။
စစ်အစိုးရသည် လာမည့်ရွေးကောက်ပွဲမတိုင်မီ အပစ်ရပ်လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲစေချင် ကြောင်း၊ KIO အနေဖြင့်မူ ရွေးကောက်ပွဲတွင် စစ်အစိုးရအား ထောက်ခံမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ရွေးကောက်ပွဲအပြီး ဖွဲ့စည်းမည့် အစိုးရအသစ်ဖြင့်သာ ဆွေးနွေးလိုကြောင်း၊ စစ်အစိုးရနှင့် တတ်နိုင်သမျှ အပေး အယူလုပ်လိုသည်ဟု ထင်မြင်ကြောင်း ကိုနော်ဒင်းက ရှင်းပြသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ကလည်း ဒုတိယဗိုလ်ချုပ်ကြီး ရြဲမင့်က ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ခေါင်းဆောင်များကို မြစ်ကြီးနား မြို့တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။
KIA အဖွဲ့က ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်တွင် ပါဝင်သည့် အချက်အလက်များအတိုင်း ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်မည်ဆိုလျှင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံမည်ဟု စစ်အစိုးရကို တုံ့ပြန်ထားသည်။

ကင်မရွန်း နိုင်ငံသား နှစ်ဦး ရန်ကုန်တွင် လိမ်လည်မှုဖြင့် အဖမ်းခံရ

Tuesday, 02 March 2010 19:16 ဧရာဝတီ .
ဒေါ်လာအတု ပြုလုပ်နိုင်သည်ဟု ဆိုသော ကင်မရွန်းနိုင်ငံသား ၂ ဦးကို စစ်အစိုးရ လမ်းမတော် မြို့နယ် တရားရုံးက လိမ်လည်မှုဖြင့် တရားစွဲ ထားကြောင်း ရန်ကုန်မြို့အခြေစိုက် Weekly Eleven အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
၎င်းတို့ ၂ ဦးသည် လမ်းမတော် မြို့နယ်ရှိ ဟိုတယ်တခု၌ နေထိုင်စဉ် ဒေါ်လာ အတုပြုလုပ် နိုင်ကြောင်း ပြောဆိုရာ ဟိုတယ် မန်နေဂျာက ဒေသခံ အာဏာပိုင်များထံ အကြောင်းကြား ခဲ့သဖြင့် ယခုကဲ့သို့ အဖမ်းခံရခြင်းဖြစ်ကြောင်း သိရ သည်။
ယင်းအမှု နှင့် ပတ်သက်ပြီး လမ်းမတော် ရဲစခန်းသို့ ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတဦးက ထိုအမှု ဖြစ်ပွားကြောင်း အတည်ပြုသော်လည်း အသေးစိတ်ကို ပြောကြားနိုင်ခြင်းမရှိဟု ပြန်လည် ဖြေကြားခဲ့သည်။
တရားရုံးချုပ် ရှေ့နေ တဦးဖြစ်သည့် ဦးကျော်ဟိုးက“ဒီလူတွေ ကိုယ်တိုင်က အတုလုပ်ရင် စွဲလို့ရတာပေါ့၊ လက်ဝယ်မှာ ရှိရုံနဲ့ မဟုတ်ဘဲ ဘယ်နေရာမှာ သွား လုပ်သလဲ၊ ဘယ်သူတွေနဲ့ ပေါင်းလုပ်သလဲ၊ စက္ကူ စာရွက်တွေက ဘာစာရွက်တွေသုံးသလဲ၊ အဲဒါတွေက အစပေါ့လေ ရဲက ဖော် ထုတ်ရဦးမယ်”ဟု ဆိုသည်။
အဆိုပါ ကင်မရွန်း နိုင်ငံသား၂ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉ (က) ဖြင့် တရားစွဲထား ကြောင်းလည်း သိရသည်။
ယင်း အမှုသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ၊ ၁၀ နှစ်ဖြစ်စေ ချမှတ်ခံရနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

လယ်သမားနေ့တွင် လယ်သမား အခွင့်အရေးများ တောင်းဆို

Tuesday, 02 March 2010 19:20 ဇာနည်မာန်
.မြန်မာ ပြည်တွင်းရှိ တောင်သူ လယ်သမားများသည် တောင်သူ လယ်သမား ရပိုင်ခွင့်နှင့် အခွင့်အရေးများ ဆုံးရှူံးနေရသည်ဟု ရန်ကုန်တိုင်း အခြေစိုက် တောင်သူ လယ်သမားများ ကူညီရေးအဖွဲ့ တဖွဲ့ဖြစ်သော “စာခြောက်ရုပ်” အဖွဲ့က ပြောဆိုလိုက်သည်။
အာဏာပိုင်များက လယ်သမားများအား စီမံချက်ဖြင့် သတ်မှတ်သီးနှံများ စိုက်ပျိုးစေခြင်း၊ လယ်ယာမြေ သိမ်းဆည်းခြင်းနှင့် ခြိမ်းခြောက်ခြင်းများရှိနေပြီး သီးနှံအထွက်တိုးရေးအတွက် လုံလောက်သည့် အထောက်အကူများလည်း မရရှိကြကြောင်း အဆိုပါ အဖွဲ့က ဆိုသည်။
“စီမံချက် သီးနှံ စိုက်ခိုင်းတယ် ဆိုတာတွေက ကြီးကြီးမားမား အောင်မြင်တာမရှိဘူး။ ဒီကြားထဲ တောင်သူတွေကို အဆင့်မမီတဲ့ မြေသြဇာတွေ၊ မျိုးတွေ အတင်းဝယ်ခိုင်းတယ်။ စီမံချက် ဧရိယာနဲ့ မလွတ်လို့ဆိုပြီး လယ်မြေ ဧကတွေ အများကြီး သိမ်းဆည်း ခံရတယ်။ အစားလည်းပြန်မရဘူး။ နောက်၊ ဆည်ရေကလည်း မရတော့ အရင်လို နှစ်သီးစား၊ သုံးသီးစားတွေ စိုက်မရကြဘူး” ဟု စာခြောက်ရုပ် အဖွဲ့ဝင် ကိုရင်အေးက ဧရာဝတီသို့ပြောသည်။
တောင်သူ လယ်သမားများအနေဖြင့် စိုက်ပျိုးရေးတွင် လိုအပ်သည့် နည်းပညာ အထောက်အကူ၊ စစ်မှန်၍ ဈေးနှုန်းချိုသာသော ပိုးသတ်ဆေးနှင့် မြေသြဇာများ၊ ထွက်နှုန်းကောင်း မျိုးစေ့များ လိုအပ်နေသည်ဟု သူကဆိုသည်။
သူကဆက်လက်၍ “ကျနော်တို့ တောင်သူလယ်သမားတွေရဲ့ ရပိုင်ခွင့်၊ ပြောရေးဆိုခွင့်၊ လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်၊ ပေါင်နှံခွင့်၊ ရောင်းချခွင့် စတဲ့ အခွင့်အရေးတွေအတွက် အထက်ကို တင်ပြမယ်။ လယ်မြေ သိမ်းခံရတာတွေနဲ့ ပတ်သက်ပြီး ILOကို တင်ပြသွားမယ်” ဟု ပြောသည်။
တောင်သူ လယ်သမားများအနေဖြင့် လုံလောက်သည့် စိုက်ပျိုးစရိတ် ချေးငွေများ မရရှိကြသကဲ့သို့ လယ်သမားများအတွက် ထားရှိသော ဆုကြေးငွေများကိုလည်း ခံစားခွင့်မရှိကြကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်မှ လယ်သမားများက ဆိုသည်။
“ကျနော်တို့မှာ တဧကကို ကျပ် ၁ သောင်းပဲ ရတော့ ၁၀ ဧက သမားဆိုရင် ၁ သိန်းပေါ့။ အဲ့ဒီ ငွေ ၁ သိန်းက ဘာမှ လုပ်မရဘူး။ နောက် ငွေချေးတဲ့အခါ ဆုကြေးဆိုပြီး ၁ သိန်းငွေချေးရတဲ့သူတွေကို တလ ၅၀၀၀ ကျပ်နှုန်း ငွေစုဖို့ဆိုပြီး ဖြတ်တယ်။ အဲဒီငွေတွေက အခု ဘယ်မှာလဲ မသိဘူး။ ဘာမှလည်း မခံစားရဘူး” ဟု လယ်သမားတဦးက ပြောသည်။
အာဏာပိုင်များက တောင်သူလယ်သမားများအား စီမံချက် သီးနှံများ စိုက်ပျိုးစေသော်လည်း စစ်မှန်သည့် ပိုးသတ်ဆေး၊ မြေသြဇာနှင့် နည်းပညာ အကူအညီများကို မှန်ကန်စွာပေးခြင်း မရှိကြောင်း တောင်သူများကဆိုသည်။
သုံးခွမြို့နယ်မှ လယ်သမားတဦးကလည်း “ကျနော်တို့ လယ်သမားတွေမှာ သူတို့ခိုင်းတာကို လုပ်တာခံနေရတယ်။ ဘယ်သူကမှ လာ အာမခံချက် မပေးဘူး။ အောက်ခြေမှာ ဖြစ်နေတာတွေကလည်း တမျိုးဆိုတော့ ကျနော်တို့ လယ်သမားတွေက အကုန် ကြောက်နေရတယ်။ မည်းမည်းမြင် အကုန်ကြောက်နေရတဲ့ လယ်သမား ဘဝ ရောက်နေတာ” ဟု ပြောသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားသော နိုင်ငံဖြစ်ပြီး နိုင်ငံတ၀န်းတွင် စုစုပေါင်း စိုက်ပျိုးမြေဧက ၂၉ ဒဿမ ၃၂ သန်း ရှိနေပြီဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြထားသည်။
ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ထုတ်ပြန်သည့် သ၀ဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “တောင်သူလယ်သမားကြီးများသည် ရွေးကောက်ပွဲကာလတွင် ကိုယ်စားလှယ်များကို ရွေးချယ်ပေးကြရမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးရေးကို နှောင့်ယှက်မည့်သူများကို ဖယ်ရှားကြရမည်” ဟု ပြောကြားထားသည်ကို မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတော်အစိုးရ အနေဖြင့် တောင်သူလယ်သမားများ ဘဝ မြင့်မားရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး မြင့်မားစေရန် မျိုးစေ့များ၊ မြေသြဇာများ ဖြန့်ဖြူးပေးခြင်းနှင့် စိုက်ပျိုးရေအလုံအလောက် ရရှိရေး အတွက် ဆည်မြောင်း တာတမံများ လုပ်ဆောင်ပေးနေသည်ဟုလည်း သဝဏ်လွှာက ဆိုသည်။
တောင်သူလယ်သမားများသည် မြန်မာ့နိုင်ငံရေး သမိုင်းစဉ်တလျှောက်တွင် အခန်းကဏ္ဍအသီးသီး၌ ပါဝင်ခဲ့ကြသောကြောင့် စစ်မှန်သော ဒီမိုကရေစီစနစ်နှင့် အေးချမ်းသာယာသော နိုင်ငံဖြစ်ပေါ်ရေးအတွက် လာမည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ပေးကြရမည်ဟု အဆိုပါ သ၀ဏ်လွှာတွင် ပြောထားသည်။
ရန်ကုန်တိုင်းအတွင်းရှိ တောင်သူလယ်သမားများကမူ စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရအလိုကျ အဖွဲ့အစည်းများသာ အာဏာရရှိပြီး ဖိနှိပ်မှုများ ပိုမိုများပြားလာမည်ကို ပူပန်နေကြကြောင်း ကြားသိရသည်။
“ကျနော်တို့ အများစုကတော့ အရင်းရှင်အစိုးရဖြစ်သွားပြီး ကျနော်တို့ရဲ့ ပဲတွေ၊ ဆန်တွေ၊ သီးနှံတွေကို ဈေးတွေ ခေါင်းပုံဖြတ် တာတွေ၊ အခုထက်မက စီမံကိန်း သီးနှံ စိုက်ခိုင်းမှာတွေကို စိုးရိမ်တယ်” ဟု သာစည်မြို့နယ်မှ လယ်သမား တဦးက ဆိုသည်။
စစ်အစိုးရ ဆောက်လုပ်လျက်ရှိသော အစိုးရပိုင် အဆောက်အအုံများ၊ စက်ရုံများ၊ လမ်းများ၊ စစ်တပ် ဧရိယာ တိုးချဲ့မှုများ စသည်တို့ကြောင့် တောင်သူတို့၏ လယ်မြေများ သိမ်းဆည်းခံရလေ့ရှိရာ လယ်ယာမြေ အစားပြန်ရရှိရေးအတွက် တောင်းဆိုသော တောင်သူ လယ်သမားများ၊ ကူညီပေးသူများကို အာဏာပိုင်များက ဖမ်းဆီးအကျဉ်းချခြင်းများ ပြုလုပ်လေ့ရှိသည်။

ငလျင်အတွက် ချီလီက အကူအညီတောင်းပြီ

Tuesday, 02 March 2010 19:34 ကိုထွေး
.စနေနေ့က ချီလီနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်အတွက် နိုင်ငံတကာ ကူညီမှုကို လက်ခံရန် ငြင်းပယ်ခဲ့သည့် ချီလီ အစိုးရသည် ပျက်စီး ဆုံးရှုံးမှု အလွန်များပြား လာသောကြောင့် အကူအညီများ ပေးအပ်ရန် တောင်းခံလျက် ရှိသည်။
ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၇၂၃ ဦး ရှိပြီး ဒဏ်ရာရသူများ၊ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများအတွက် လိုအပ်သည့် မီးစက်၊ ရေသန့်စက်၊ ယာယီ ဆေးရုံများ ပေးပို့ ကူညီရန် ကုလသမဂ္ဂထံ တောင်းဆိုထားကြောင်း သိရသည်။
“ကျနော်တို့ လိုအပ်ချက်တွေကို အမြန်ဆုံး ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ် Elisabeth Byrsက သတင်းဌာနများကို ပြောပြသည်။
ချီလီက အကူအညီ တောင်းထားသည့် နိုင်ငံများထဲတွင် အမေရိကန်နိုင်ငံလည်း ပါဝင်ရာ ရေသန့်စင်ရေး၊ ယာယီ ဆေးရုံများဖြစ်မြောက်ရေး တို့အတွက် အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဟု အမေရိကန် အစိုးရက ပြောသည်။
ချီလီနိုင်ငံ ဒုတိယမြို့တော် Concepcion ၏ မိုင် ၇၀ခန့် အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်ျတာစကေး ၈.၈ ရှိ ငလျင်သည် ၁၉၀၀ ပြည့်နှစ် နောက်ပိုင်း ၅ ကြိမ် မြောက် အပြင်းထန်ဆုံး ငလျင် ဖြစ်ပြီး လူပေါင်း ၁.၅ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။ အဆောက်အအုံများ၊ လမ်း၊ တံတားများ ပြိုကျ၍ ရေ၊ မီးနှင့် ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်ခဲ့သည်။
ချီလီသည် လက်တင် အမေရိကနိုင်ငံများတွင် ငလျင်လှုပ်ခတ်ရန် အနေအထား အများဆုံး နိုင်ငံ ဖြစ်ပြီး ကလေးများသည် စာသင်ကြားခြင်း မပြုမီကပင် ငလျင်လှုပ်သည့်အခါ ပေါ်ပေါက်လာမည့် ဘေးအန္တရာယ်မှ ရှောင်တိမ်းရန် နည်းလမ်းများကို သင်ကြားခဲ့ရကြောင်း သိရသည်။
ငလျင်သင့်ဒေသများမှ နေထိုင်သူအများစုမှာ အစာရေစာ ပြတ်လပ်မှုနှင့် ကြုံရပြီးနောက်ပိုင်း ကုန်တိုက်ကြီးများသို့ သွားရောက်ကာ ပစ္စည်းများကို လုယူကြသည်။ နောက်ပိုင်းတွင် ဘဏ်များကို လုယက် တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း အပါအ၀င် ဥပဒေမဲ့ လုပ်ရပ်များကို ကျူးလွန်လာကြသဖြင့် အာဏာပိုင်တို့က ထိုဒေသများတွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ စေလွှတ်ကာ အခြေအနေကို ထိန်းသိမ်းလျက်ရှိသည်။
“အစိုးရရဲ့ တုံ့ပြန်မှုက အရမ်းကို နှေးကွေးလွန်းတယ်၊ ကျနော်တို့မှာ လျှပ်စစ်မီး၊ ရေတွေ မရသလို အနီးက စတိုးဆိုင်ကလည်း စားသောက်စရာတွေ အကုန် ကုန်သွားပါပြီ” ဟု ချီလီနိုင်ငံ မြို့တော် ဆန်တီယာဂို မြို့ခံ တဦးက ဆိုသည်။
အစိုးရ တာဝန်ရှိသူများ အပေါ် ပြစ်တင် ဝေဖန်မှုများကို ချီလီ အသံလွှင့်ဌာနများက ထုတ်လွှင့်နေကြသည်။
ချီလီနိုင်ငံရှိ ဆိပ်ကမ်းမြို့များမှာ ငလျင်ဒဏ်အပြင် ဆက်စပ် ဖြစ်ပေါ်လာသော ဆူနာမီ ရေလှိုင်းများကြောင့် ပိုမို၍ ပျက်စီး ဆုံးရှုံးမှု များကြောင်း သိရသည်။
ဂျပန်နှင့် ဖိလစ်ပိုင် နိုင်ငံတို့က ငလျင်ကြောင့် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်း ဖြစ်ပေါ်လာမည့် ဆူနာမီ ရေလှိုင်းများ ရောက်ရှိလာနိုင်သည့် အတွက် မြေနိမ့်ပိုင်းတွင် ပြောင်းရွှေ့နေထိုင်ကြရန် နှိုးဆော် သတိပေးထားကြသည်။
ဇန်န၀ါရီလကလည်း ဟေတီနိုင်ငံတွင် အင်အား ရစ်ခ်ျတာစကေး ၇.၀ ရှိ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး လူ ၂သိန်းကျော် အသက် ဆုံးရှုံးခဲ့ရသည်။