မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 2 augustus 2010

အမေရိကန် စောင့်ကြည့်ရေးအဖွဲ့က မြန်မာရွေးကောက်ပွဲကို ဝေဖန်

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၁ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ကမ္ဘာတဝှမ်း ဒီမိုကရေစီမူဝါဒများ ထွန်းကားပြန့်ပွားရေးအတွက် ဆောင်ရွက်နေသည့် နာမည်ကြီး အမေရိကန်အဖွဲ့တခုက မြန်မာစစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲသည် ယခုအတိုင်းသာ ကျင်းပမည်ဆိုပါက နိုင်ငံတကာ လက်ခံနိုင်မည့် စံချိန်စံညွှန်းများနှင့် ပြည့်စုံမည် မဟုတ်ဘဲ တရားဝင်မှု ရရှိမည်မဟုတ်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။
ဝါရှင်တန်အခြေစိုက် အမျိုးသား ဒီမိုကရေစီ အင်စတီကျု (NDI)က တနင်္ဂနွေနေ့က ထုတ်ပြန်လိုက်သော ၎င်းတို့၏ `အခြေခံအားဖြင့်ပင် ဒီမိုကရေစီမကျသော မြန်မာနိုင်ငံ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ မူဘောင်များ´ အမည်ရှိ သုတေသန စာတမ်းတွင် ၎င်းတို့၏ တွေ့ရှိချက်များကို ဖော်ပြရေးသားလိုက်ခြင်း ဖြစ်သည်။

ကြာမြင့်စွာကတည်းက အများတကာ ဝိုင်းဝန်း ဝေဖန်ခဲ့သော ရွေးကောက်ပွဲ ဖြစ်စဉ်နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့အပေါ် အခြေခံ ပြုလုပ်ကာ၊ နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံး ကျင်းပမည့် မြန်မာနိုင်ငံ၏ ၂ဝ၁ဝ ရွေးကောက်ပွဲသည် `လိုချင်သည့် ရလဒ် ရရှိစေရန် စနစ်တကျ ပြင်ဆင်ထားသည့်အတွက် နိုင်ငံတကာက သတ်မှတ်ထားသော အနိမ့်ဆုံး စံချိန်စံညွှန်းများကိုပင် မမီကြောင်း´ ရေးသားထားသည်။
အထူးသဖြင့် ယခုရွေးကောက်ပွဲဖြစ်စဉ်သည် လူထုဆန္ဒကို အခြေခံသည့် အစိုးရ၊ အခြေခံ လူ့အခွင့်အရေး၊ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်နှင့် ဘက်မလိုက်သော ရွေးကောက်ပွဲ စီမံခန့်ခွဲရေးတို့တွင် အာမခံချက်ရှိမည် မဟုတ်ပေ။
ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရ၏ တိုင်းရင်းသား လူမျိုးစုများအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍လည်း ဒေသန္တရအဆင့်တွင် အသစ်ပေါ်ပေါက်လာမည့် အစိုးရသည် `တကယ်တမ်းသာ အာဏာကို တိုင်းရင်းသား လူနည်းစုများထံ ခွဲဝေအပ်နှင်းခဲ့မည်ဆိုပါက ဒေသန္တရအစိုးရတွင် တိုင်းရင်းသားများ လုပ်ကိုင်ဆောင်ရွက်ခွင့် ပိုမိုရရှိစေမည် ဖြစ်သော်လည်း ထိုကဲ့သို့ ဖြစ်ပေါ်လာနိုင်သည့် အလားအလာကို မတွေ့ရှိရကြောင်း´ NDI က သုံးသပ်ရေးသားထားသည်။
စစ်အစိုးရက ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းထားရှိမှုနှင့် ပတ်သက်၍လည်း ဤကော်မရှင်သည် လွတ်လပ်မှု မရှိရုံသာမက လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် ဘက်မလိုက်မှုနှင့် ထင်သာမြင်သာ ရှိမှုတို့လည်း ရှိလိမ့်မည် မဟုတ်ဟု အဆိုပါ အမေရိကန် အဖွဲ့အစည်းကြီးက ဝေဖန်သည်။
`ထို့ကြောင့် ခြုံ၍ပြောရလျှင် ယခုစီစဉ်ထားသည့်အတိုင်းသာ ရွေးကောက်ပွဲများကို ကျင်းပခဲ့မည်ဆိုပါက နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီလိမ့်မည် မဟုတ်ပေ။ ပိုမို၍ ပွင့်လင်းလွတ်လပ်မှုလည်း ရှိလာလိမ့်မည် မဟုတ်ပေ။ စစ်အစိုးရ၏ လွန်ခဲ့သော နှစ် ၂ဝ လုံး ပြုမူခဲ့ပုံများကို ကြည့်လျှင် အာဏာကို ဖြစ်သည့်နည်းနှင့် ဆက်လက်ဖက်တွယ်ထားရန်သာ လုပ်ဆောင်နေသည်မှာ ထင်ရှားလှသည်´ ဟုလည်း အစီရင်ခံစာက သတိပေးထားသည်။
NDI သည် လွန်ခဲ့သော ၂၅ နှစ်အတွင်း ကမ္ဘာတဝှမ်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲပေါင်း ၁၅ဝ ကျော်ကို လေ့လာသုံးသပ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံသို့မူ အဆိုပါအဖွဲ့ကြီးက ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခွင့် မရရှိခဲ့ပေ။
`ပေါ်ပေါက်လျက်ရှိသော အကြောင်းအချက်များအရ မြန်မာနိုင်ငံ၏ ဥပဒေက နိုင်ငံတကာ အကဲခတ်များ လာရောက်လေ့လာခွင့် ပြုမည်ဆိုလျှင်ပင် NDIက မိမိ၏ အကဲခတ်များကို စေလွှတ်လေ့လာစေမည် မဟုတ်ပေ။ ဖွဲ့စည်းပုံဥပဒေက စစ်တပ်ကို တိုင်းပြည်၏ အရှင်သခင်များအဖြစ် ထာဝရတည်တံ့စေရန် အာမခံချက် ပေးထားခြင်းကြောင့်ပင် ဖြစ်သည်´ ဟု အစီရင်ခံစာ ပြုစုသူများက ရေးသားထားသည်။
NDI သည် အခြား အစိုးရအထောက်အပံ့ခံ ဒီမိုကရေစီမူဝါဒများ ထွန်းကားပြန့်ပွားရေး လုပ်ဆောင်နေသည့် အမေရိကန် အဖွဲ့အစည်းများလိုပင် ဒီမိုကရေစီမူဝါဒများအတွက် တိုက်ပွဲဝင်နေသူဟူသော မျက်နှာဖုံးစွပ်ကာ အမေရိကန် နိုင်ငံခြားရေးမူဝါဒ အကျိုးစီးပွားများ အောင်မြင်ရေးအတွက်သာ ဆောင်ရွက်လုပ်ကိုင်နေသည့် အဖွဲ့အစည်းတရပ် ဖြစ်သည်ဟုလည်း ဝေဖန်တိုက်ခိုက်ခံနေရသည်။
၂ဝဝ၅ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သော ယူကရိန်းနိုင်ငံ လိမ္မော်ရောင် တော်လှန်ရေးအပြီး NDIနှင့် အလားတူ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ယင်းတို့၏ သက်ရောက်မှုကို လေ့လာစုံစမ်းခဲ့သည့် ဂါးဒီးယန်း သတင်းစာကြီး၏ သတင်းထောက် IanTraynorက `ဒီမိုကရေစီစနစ်ကို မဲပုံးများ၊ အာဏာ ဖီဆန်မှုများမှတဆင့် ရယူရေးသည် အလွန်ခေတ်စားလာခဲ့ပြီး သုံးစွဲသော နည်းလမ်းများမှာလည်း အခြားပြည်သူများ၏ ရွေးကောက်ပွဲများတွင် အလားတူ အနိုင်ရစေရန် ပုံစံခွက်တခု ဖြစ်လာခဲ့သည်´ ဟု ရေးသားခဲ့သည်။

အန်ဒီအက်ဖ် ခေါင်းဆောင်များ အသနားခံစာ တင်ရန်ပြင်

ကိုဝိုင်း
တနင်္လာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၂၃ နာရီ ၅၅ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထောင်ဒဏ် ကျခံခဲ့ပြီးသော အမှုကြောင့် လာမည့် ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ခွင့်မရှိဟု ခေါ်ယူ သတိပေးခံရသည့် အမျိုးသား ဒီမိုကရေစီ အင်အားစု NDFမှ အလုပ်အမှုဆောင် ၄ ဦးသည် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌထံ အသနားခံစာ တင်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ပါတီ ခေါင်းဆောင်တဦးက ပြောသည်။
“သူတို့ (ကော်မရှင်) က ကျနော်တို့ကို မှာလိုက်တာက ကော်မရှင် ဥက္ကဌဆီကို စာတင်ပါဆိုတာ Appeal (အသနားခံစာ) ပဲပေါ့။ အဲဒါ ကျနော်တို့ သက်ဆိုင်ရာကို ရှေ့နေနဲ့တိုင်ပင်ပြီး တင်ဖို့အတွက် ပြင်ဆင် နေကြတယ်ဗျာ။ ဘယ်နေ့ တင်မလည်းတော့ မသိသေးဘူး”ဟု နိုင်ငံရေး ဦးဆောင်ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
ဦးခင်မောင်ဆွေနှင့် အတူ NDFဒုဥက္ကဌ ဦးတင်အောင်အောင်၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသာဆိုင်နှင့် နိုင်ငံရေးဦးဆောင် ကော်မတီဝင် ဦးစိန်လှဦးတို့ ၄ ဦး အနေဖြင့် ၁၉၉ဝ ခုနှစ်က နိုင်ငံတော်ပုံကန်မှု ပုဒ်မ ၁၂၁၊ ၁၂၂၊ ၁၂၄ တို့ဖြင့် ပြစ်ဒဏ်များ ကျခံခဲ့ရ သဖြင့် လာမည့်ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့်မရှိဟု ကော်မရှင် ဥက္ကဌ ဦးသန်းစိုး အပါအဝင် အဖွဲ့ဝင် ၄ ဦးက ယခုလ ၃ဝ ရက်နေ့က နေပြည်တော်၌ ခေါ်ယူ သတိပေးခဲ့သည်။
အကယ်၍ ရွေးကောက်ပွဲ ဝင်လိုပါက ကော်မရှင်ဥက္ကဌထံ လိပ်မူ၍ အသနားခံစာ တင်လာပါက ကော်မရှင်က သုံးသပ်ပြီး “အထက်”ကို တင်ပြပေးမည်ဟု သူတို့ ၄ ဦးကို ပြောလိုက်ကြောင်း သူကဆက်ပြောသည်။
“ကျနော်တို့ ၉ဝ ခုနှစ်က ပြစ်ဒဏ်ချခံရတဲ့ ၁ဝ နှစ်ကနေ ၂၅ နှစ်အထိ ကျခံရတဲ့ ပုဒ်မတွေပေါ့ဗျာ ၁၂၁၊ ၁၂၂၊ ၁၂၄။ အဲဒီပုဒ်မတွေ ကျခံရတာကြောင့်မို့လို့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ဖြစ်နေတယ်။
ပြစ်ဒဏ်တွေ ခံပြီးတာ ဖြစ်သော်လည်းပဲ ဒီဟာတွေနဲ့ ပတ်သက်လို့ လာမယ့် ရွေးကောက်ပွဲတွေကို ဝင်ဖို့ ခွင့်မပြုနိုင်ဘူး ဆိုတဲ့ သဘောပါတယ်လေ။ ရာသက်ပန် ရွေးကောက်ပွဲတွေကို ပယ်မယ် ဆိုတဲ့ သဘောပါနေတယ်” ဟု ဦးခင်မောင်ဆွေက ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် အမတ်ဟောင်းများ ဖြစ်ကြသည့် သူတို့ ၄ ဦးသည် ၁၉၉ဝ ခု ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အန်အယ်ဒီအား နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့)စစ်အစိုးရက အာဏာလွှဲမပေးသဖြင့် စင်ပြိုင်အစိုးရဖွဲ့ရန် စီစဉ်မှုဖြင့် ထောင်ဒဏ် ၁ဝ နှစ်မှ ၂၅ နှစ်အထိ ကျခံခဲ့ကြရသည်။
ဦးခင်မောင်ဆွေမှာ ပထမအကြိမ် ဖမ်းခံရစဉ် ပုဒ်မ ၁၂၄ နှင့်ဖြစ်ပြီး ၂ နှစ်ကြာပြီးနောက် ၁၁/၉၂ လွတ်ငြိမ်း သက်သာခွင့်ဖြင့် ပြန်လွတ်လာသည်။ သို့သော် ဒုတိယအကြိမ် ၅ ည ဖြင့် ၇ နှစ် ထပ် ကျရာ ပထမအကြိမ် လက်ကျန် ပြစ်ဒဏ်ပါ “တပေါင်းတည်း”ကျခံရသဖြင့် ထောင်တွင်း၌ စုစုပေါင်း ၁၆ နှစ်နှင့် ၆ လ နေခဲ့ရသဖြင့် ပြစ်ဒဏ်များကို လျော့ရက်ပင်မပါပဲ ကျခံပြီးဖြစ်သည်ဟု ဆိုသည်။
ပုဒ်မ ၁၂၁ ဆိုမှာ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ဖြစ်ပြီး ၁၂၂ မှာမူ ပြစ်ဒဏ် ချမှတ်ခြင်းဖြစ်ပြီး သေဒဏ်ဖြစ်စေ တကျွန်းပို့ဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း၊ ၁၂၄ သည် သစ္စာဖောက်ဖျက် ပုန်ကန်မှုကို ထိန်ချန်မှု ဖြစ်သည်ဟု အမည်မဖော်လိုသူ ရန်ကုန်မြို့ခံ ဥပဒေပညာ ရှင်တဦးက ပြောသည်။



ထောင်ဝင်စာ တွေ့ခွင့် ဇာဂနာ၏ ခယ်မ တောင်းဆို

ဆလိုင်း ဟံသာစန်း
တနင်္လာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၁ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံကျော် ဟာသပညာရှင်ဇာဂနာ(ခေါ်)ကိုသူရထံ ၎င်း၏ ဇနီးနှင့် သားသမီးများသာ ထောင်ဝင်စာ တွေ့ဆုံရမည်ဟူသည့် ထောင်အာဏာပိုင်များ၏ ကန့်သတ်ချက်ကို ဖယ်ရှားပေးရန် ခယ်မဖြစ်သူ မငြိမ်းက ယနေ့ တောင်းဆိုလိုက်သည်။
“ကိုသူရ အင်းစိန်မှာ ရှိနေကတည်းက ကျမပဲ ထောင်ဝင်စာ ပုံမှန်တွေ့လာခဲ့တာပါ။ အခုမှ ခပ်ညစ်ညစ်ပုံစံ ဇနီး သားသမီးနဲ့ တွေ့ခွင့်ပြုသည်ဆိုတဲ့ အနေအထားတွေ လုပ်လာတာပါ။ ဒါက မဖြစ်သင့်ပါဘူး။ ဒီကန့်သတ်ချက်ကို ဖယ်ရှားပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟု မငြိမ်းက မဇ္ဈိမကို ပြောပြသည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့တွင် မငြိမ်းသည် ကိုဇာဂနာကို ထောင်ဝင်စာ တွေ့ခွင့်ရခဲ့ပြီးနောက်ပိုင်း ထောင်ဝင်စာတွေ့ခွင့် ပိတ်သည်ဟူသည့် သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ဇွန်လ ၂၅ ရက်နေ့တွင် ထောင်တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။
                                        ထောင်ဝင်စာတွေ့ဆုံခွင့်ကို ကန့်သတ်ခံရသည့် ကိုဇာဂနာ ခေါ် ကိုသူရ
ထို့ကြောင့် ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် ကိုဇာဂနာအတွက် အစားအသောက်နှင့် ဆေးဝါးများကို လူကြုံထည့်ပေးလိုက်ရာ ထောင်အာဏာပိုင်များက ပစ္စည်းများ လက်ခံထားလိုက်ပြီး ထောင်ဝင်စာပိတ်ခြင်း မရှိကြောင်း ပြောဆိုခဲ့သော်လည်း ဇနီးနှင့် သားသမီးများသာ တွေ့ဆုံနိုင်ကြောင်း ပြောဆိုခဲ့သည်။
“တခုထူးခြားတာကဇနီးသားသမီးနဲ့တွေ့ခွင့်ပြုတယ်ဆိုတော့သူ့ဇနီးနဲ့ သားသမီးတွေက အမေရိကားမှာလေ။ သူတို့ လုပ်ပုံက မြန်မာပြည်မှာ ထောင်ဝင်စာတွေ့ဖို့ကိုပဲ အမေရိကားက ပြန်လာရမယ့် ပုံစံမျိုး ဖြစ်နေတယ်” ဟု မငြိမ်းက ပြောသည်။
ကိုဇာဂနာ၏ ဇနီးမှာ ဒေါ်လွင်မာဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိမြို့တွင် သားဖြစ်သူ ၂၄ နှစ်အရွယ် မောင်မြတ်ကောင်း၊ သမီးဖြစ်သူ ၁၉ နှစ်သမီးအရွယ် မငယ်ဦးမွန်နှင့်အတူ နေထိုင်လျက်ရှိသည်။
မငြိမ်းသည် ဒေါ်လွင်မာဦး၏ ညီမဖြစ်ပြီး ကိုဇာဂနာ၏ အိမ်ထောင်စု စာရင်းတွင် သူမ၏ အမည်ပါဝင်သူ ဖြစ်သည်။
ထောင်ဥပဒေအရ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသားတဦးကို မိသားစုဝင်တဦးဦး (သို့မဟုတ်) မိသားစုဝင် မဟုတ်သော်လည်း ဆွေမျိုးတော်စပ်ကြောင်း သက်သေပြနိုင်ပါက ထောင်ဝင်စာတွေ့ခွင့်ရှိကြောင်း ရန်ကုန်ရှိ ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။
“ထောင်ဝင်စာတွေ့တဲ့နေရာမှာ လင်မယားတော်မှ၊ အဖေတော်မှ၊ သားတော်မှ ခွင့်ပြုမယ်ဆိုတာ ထောင်ဥပဒေမှာ မရှိပါဘူး။ သန်းခေါင်စာရင်းမှာ နာမည်ပါရင်၊ ဆွေမျိုးတော်ကြောင်း ပြနိုင်ရင် ထောင်ဝင်စာတွေ့ခွင့် ပေးရမှာပါ” ဟု သူက ပြောသည်။
မြစ်ကြီးနားထောင်တွင်ထောင်ဒဏ်၃၅နှစ်ကျခံနေရသည့်ခဲအိုဖြစ်သူကိုဇာဂနာထံသို့ ထောင်ဝင်စာတခေါက် တွေ့ဆုံလျှင် ငွေကျပ် ၈ သိန်းခန့် ကုန်ကျသည့်အတွက်၂လမှတခေါက်သာ ထောင်ဝင်စာတွေ့နိုင်ခဲ့ကြောင်း မငြိမ်းက ပြောသည်။
ထောင်ဝင်စာတွင် ကိုဇာဂနာ နှစ်သက်သည့် ကော်ဖီ၊ ငါးပိကြော်၊ ပါလချောင်ကြော်၊ ဆိတ်သားကြော်၊ ငါးပိထောင်း စသည့် စားသောက်ဖွယ်ရာများနှင့် သွေးတိုးဆေး ၂ မျိုး၊ နှလုံးအဆီကျဆေးနှင့် အစာအိမ်ဆေး စသည်တို့ကို တလစာသုံးစွဲနိုင်ရန် ပါရှိသည်။
ကျန်ရှိသည့် တလအတွက် ဈေးပါး ခေါ် ထောင်အဝယ်တော်ထံ တလစာ ကျပ်ငွေ ၈ သောင်းမှ တသိန်း အပ်နှံခဲ့ပြီး ထိုသူထံမှ လိုချင်သော ပစ္စည်းများကို အပြင်ပေါက်ဈေးထက် အနည်းငယ် ပိုပေး၍ ဝယ်ယူနိုင်ရန် စီစဉ်ရသည်။
ကိုဇာဂနာသည် ၂ဝဝ၈ ခုနှစ် မေလကတိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်သည့်အတွက် ယင်းနှစ်ဇွန်လတွင် သူ့အား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့သည်။
ထို့နောက် ယင်းနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်းစိန်ထောင်တွင်း တရားရုံးက အီလက်ထရောနစ် အက်ဥပဒေ ၃ ခုဖြင့် ထောင် ၄၅ နှစ်၊ အနောက်ပိုင်း ခရိုင်တရားရုံးက နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုနှင့် ဗီဒီယိုအက်ဥပဒေ အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၁၄ နှစ်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
သို့သော် ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခဲ့ထားသည်ကို တမှုလျှင် ၈ နှစ်စီဖြင့် စုစုပေါင်း ၂၄ နှစ် လျှော့ချပေးခဲ့သဖြင့် ထောင်ဒဏ် ၃၅ နှစ် ဖြစ်သွားခဲ့သည်။
ကိုဇာဂနာ အကျဉ်းကျခံနေဆဲအချိန် မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦးသည် ပြီးခဲ့သည့်နှစ် မတ်လ ၂ဝ ရက်နေ့တွင်လည်းကောင်း၊ ဖခင်ဖြစ်သူ စာရေးဆရာကြီး နန်းညွှန့်ဆွေသည် ပြီးခဲ့သည့်လ ၁၄ ရက်တွင်လည်းကောင်း အသီးသီး ကွယ်လွန်ခဲ့ကြသည်။

ထိုင်းကုမ္ပဏီက သဘာဝဓာတ်ငွေ့ ဝယ်ယူရန် စာချုပ် ချုပ်

Perry Santanachote
တနင်္လာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၀၆ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံ သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး PTT ကုမ္ပဏီ လီမိတက် လက်အောက်ရှိ PTT ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေး PTTEPသည် မြန်မာ စစ်အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGEထံမှ ဓာတ်ငွေ့ တူးဖော်ရန် နှစ် ၃ဝ စာချုပ်ကို နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း ထိုင်း စွမ်းအင်ဝန်ကြီးက ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သို့ရာတွင် လူ့အခွင့်အရေး လှုပ်ရှားသူများကမူ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်နေသည့် စစ်အစိုးရကို အထောက်အပံ့ ဖြစ်စေမည့် စီးပွားရေး အကျိုးတူ ဆောင်ရွက်မှုမျိုးကို ရှောင်ရှားရန် ကုမ္ပဏီများသို့ တိုက်တွန်းနေသည်။
PTTEPသည်ရန်ကုန်မြို့တောင်ဘက်၁၈၅ မိုင် ကွာဝေးသော မာတာဘန် ပင်လယ်ကွေ့ရှိ လုပ်ကွက်အမှတ် M9 နှင့် M11 တစိတ်တဒေသတို့ ပါဝင်သော ဇောတိက သဘာဝဓာတ်ငွေ့ နယ်မြေတွင် တူးဖော်ရန် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ထိုင်းအစိုးရပိုင် PTTEPအနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် တူးဖော်မှုများ စတင်မည်ဟု ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး ဒေါက်တာ WannaratChannukulက သတင်းစာ ရှင်းလင်းပွဲတွင် ယခုလ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။
ဂျပန်အခြေစိုက် သုတေသနလုပ်သည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေး လေ့လာရေးအဖွဲ့ IDEက သတင်းထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသည် ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေးနှစ်၌ သဘာဝဓာတ်ငွေ့ တင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံခန့် ရရှိခဲ့ပြီး ထိုငွေပမာဏသည် မြန်မာနိုင်ငံ၏ တင်ပို့ကုန်မှ ရရှိသော စုစုပေါင်းဝင်ငွေ၏ ၄ဝ ရာခိုင်နှုန်းခန့် ရှိခဲ့သည်ဟု ဆိုသည်။
ထိုနှစ်အတွက် နိုင်ငံခြား အရန်ငွေကြေး ပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ တိုးတက်လာခဲ့ကာ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMFက ခန့်မှန်းရာတွင် ၂ဝဝ၇ ခုနှစ်၌ စစ်အစိုးရသည် ထိုင်းသို့ သဘာဝဓာတ်ငွေ့ ရောင်းချရာမှ ရရှိသော အကျိုးအမြတ်သည် ထိုနှစ်အတွက် အမြတ်အစွန်း စုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းခန့် ရှိသည်ဟုလည်း ဆိုသည်။
PTTEP အနေဖြင့် တူးဖော်ရရှိသော ဓာတ်ငွေ့များအား ထိုင်းနိုင်ငံသို့ တနေ့လျှင် ကုဗပေ သန်းပေါင်း ၂၄ဝ ခန့် ပေးပို့မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံသို့ တနေ့လျှင် ကုဗပေသန်းပေါင်း ၆ဝ ခန့် ပေးပို့မည်ဟု ဒေါက်တာ Wannarat က ပြောကြားခဲ့သည်။ ထိုသဘာဝဓာတ်ငွေ့ နယ်မြေမှ ဓာတ်ငွေ့ ကုဗပေ ၁.၄ ထရီလီယံခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။
ဓာတ်ငွေ့အထွက်နှုန်း မြင့်လာသဖြင့် ထိုင်းသည် မြန်မာမှ တနေ့လျှင် ဓာတ်ငွေ့ ကုဗပေ ၁.၂ ဘီလီယံအထိ တင်သွင်းလာမည်ဖြစ်ကြောင်းနှင့် Trans-Asean သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကိုလည်း ၁၃၇ မိုင်ခန့် တိုးချဲ့တည်ဆောက်ရန် စီစဉ်နေသည်ဟု ဒေါက်တာ Wannaratက ပြောဆိုသည်။ ယခုစာချုပ်ကြောင့် ထိုင်းအနေဖြင့် ရေနံဝယ်ယူတင်သွင်းနေရမှုကို တနှစ်လျှင် ၂.၄ ဘီလီယံ လီတာအထိ လျှော့ချနိုင်တော့မည်ဖြစ်ပြီး နှစ်စဉ် ထိုင်းဘတ်ငွေ ၄ဝဝ ဘီလီယံအထိ သက်သာသွားစေလိမ့်မည်ဟု သူက ဆက်ပြောသည်။
“PTTကုမ္ပဏီဟာ ထိုင်းနိုင်ငံရဲ့ အနာဂတ် စွမ်းအင်လုံလောက်မှုကို အာမခံနိုင်ဖို့ ပြည်ပကနေ အထိရောက်ဆုံး စွမ်းအင် ဝယ်ယူတင်သွင်းနိုင်မယ့် နည်းလမ်းသစ်ကို ရှာဖွေနိုင်ခဲ့တာဟာ ထိုင်းနိုင်ငံအတွက် သတင်းကောင်း တခုပါပဲ” ဟု သူက ပြောသည်။
PTT သည် ထိုင်းနိုင်ငံအတွင်း ကုန်းတွင်းနှင့် ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များထံမှ စာချုပ် ၁ဝ ခု ချုပ်ဆိုကာ သဘာဝဓာတ်ငွေ့ ဝယ်ယူလျက်ရှိပြီး မြန်မာနိုင်ငံရှိ ရတနာနှင့် ရေတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများနှင့်လည်း စာချုပ်ချုပ်ဆိုကာ ဝယ်ယူလျက်ရှိသည်။ ထို ရတနာနှင့် ရေတံခွန် ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းများသည် တနေ့လျှင် ဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄ဝဝ နှင့် ၅၆၅ စီ ထွက်ရှိနေသည်။
ထိုင်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့ သုံးစွဲမှုမှာ နှစ်စဉ် တိုးတက်လျက်ရှိသည်။ ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်နှစ်က သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၃၅၆၄ သုံးစွဲခဲ့ပြီး ထိုပမာဏသည် ၁၉၉၉ ခုနှစ်က သုံးစွဲခဲ့သည့် ပမာဏထက် နှစ်ဆကျော် ရှိနေသည်ဟု ထိုင်းနိုင်ငံ စွမ်းအင် စီမံကိန်းရုံးက ဆိုသည်။ ထိုင်းသည် သဘာဝဓာတ်ငွေ့ သုံးစွဲမှုအတွက် မြန်မာသို့ ထိုင်းဘတ်ငွေ ၈၄.၂ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂.၆ ဘီလီယံ) ပေးခဲ့ရပြီး စုစုပေါင်း သုံးစွဲငွေ၏ ၃ဝ ရာခိုင်နှုန်း ဖြစ်သည်။
နိုင်ငံတကာ လူ့အခွင့်အရေး ကင်ပိန်းများသည် နိုင်ငံခြား ကုမ္ပဏီများကို လူ့အခွင့်အရေး ချိုးဖောက်နေသည့် မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားကြရန် အစဉ်တစိုက် တောင်းဆိုနေခဲ့ကြပြီး ၎င်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုသည် စစ်အစိုးရကို အမြတ်ထွက်စေနိုင်သဖြင့် ထိုကုမ္ပဏီများသည်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွင် ကြံရာပါသကဲ့သို့ ဖြစ်နေသည်ဟု စွပ်စွဲခဲ့ကြသည်။
လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ဒီမိုကရေစီအင်အားစုများပါဝင်ဖွဲ့စည်းထားသော မြန်မာ့လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ FreeBurmaMovementသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများကို အဓိကထား စောင့်ကြည့်လျက်ရှိသည်။
ယူနိုကယ်လ် (ယခု ရှက်ဗရွန်)ကို မြန်မာနိုင်ငံ ရတနာ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ညှဉ်းပန်းနှိပ်စက်မှု၊အတင်းအဓမ္မလုပ်အားပေးရန်ခိုင်းစေမှုတို့တွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ တရားစွဲဆိုခဲ့သဖြင့် လူသိများလာသော အန်ဂျီအိုအဖွဲ့ဖြစ်သည့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်လူ့အခွင့်အရေးအဖွဲ့ ERIသည် ဇူလိုင်လ အစောပိုင်းက အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ရာတွင် တိုတယ်လ်နှင့်ရှက်ဗရွန်နှင့်PTTEPကုမ္ပဏီတို့ ဦးဆောင်ပြုလုပ်ခဲ့ကြသည့် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ စစ်အစိုးရအနေဖြင့် အမြတ်အစွန်းများစွာ ရရှိလာခဲ့ပြီး ၎င်းတို့၏ နျူကလီးယား လျှို့ဝှက်စီမံကိန်းတွင် အသုံးချခဲ့သည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်တွင်လည်း ERIအဖွဲ့က စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ရရှိသော အမြတ်အစွန်းများဖြစ်သည့် ဘီလီယံနှင့်ချီသော ဒေါ်လာငွေများကို စင်္ကာပူနိုင်ငံရှိ ဘဏ်များတွင် လျှို့ဝှက်ဘဏ် အကောင့်များ ဖွင့်၍ ဝှက်ထားခဲ့သည်ဟုလည်း စွပ်စွဲခဲ့သေးသည်။ ဇူလိုင်လ အစောပိုင်းက ထုတ်ပြန်ခဲ့သည့် ERI၏ အစီရင်ခံစာထဲတွင်လည်း စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ရရှိသော အမြတ်အစွန်းများကို နိုင်ငံတော် ဘတ်ဂျက်များတွင် မထည့်သလို နိုင်ငံသားများအတွက်လည်း အသုံးမပြုဘဲ စင်္ကာပူရှိ ဘဏ်များတွင်သာ သိမ်းဆည်းထားကြောင်း ထပ်မံဖော်ပြထားသည်။
ပြီးခဲ့သည့်လအတွင်း နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB၏ သတင်းတပုဒ်တွင် မြန်မာပြည်တွင်း၌ စစ်အစိုးရ၏ နျူကလီးယားလက်နက် စီမံကိန်းတွင် ပါဝင်လုပ်ကိုင်ခဲ့ရာမှ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လာသူ ဗိုလ်မှူးတဦး၏ တင်ပြချက်များကို ကိုးကား၍ စစ်အစိုးရသည် အထီးကျန် အာဏာရှင်နိုင်ငံ မြောက်ကိုရီးယား၏ ကင်ဂျုံအီး အစိုးရထံမှ နျူကလီးယားနှင့် ဒုံးကျည်နည်းပညာများ ရရှိရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့သည်ဟု ဖော်ပြခဲ့သည်ကို ရည်ညွှန်း၍ ERIက ရေးသားခဲ့သော အစီရင်ခံစာထဲတွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့မှ ရရှိလာသော အမြတ်အစွန်းများကို ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် မသုံးစွဲဘဲ အာဏာတည်မြဲရေးအတွက် အကုန်အကျ များလှသော နျူကလီးယား အစီအစဉ်ကို ချမှတ်ကာ မြောက်ကိုရီးယားနှင့် တရားမဝင် နျူကလီးယားရေးရာ ပူးပေါင်းဆောင်ရွက်မှုများတွင် အသုံးပြုခဲ့သောကြောင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုလည်း ထိခိုက်စေသည်ဟု ဆိုထားသည်။
ERIသည်မြန်မာနိုင်ငံတွင်လုပ်ကိုင်နေကြသည့်နိုင်ငံတကာကုမ္ပဏီများကိုနှစ်ရှည်လများ တရားစွဲဆိုခဲ့ရာတွင် ပြုစုခဲ့သည့် အချက်အလက် အထောက်အထားများနှင့် သဘာဝဓာတ်ငွေ့ နောက်ဆုံးဈေးနှုန်းများကို ကိုးကား၍ “တိုတယ်လ်၊ရှက်ဗရွန်နှင့်PTTEPကုမ္ပဏီများက စစ်အစိုးရ ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဘဏ္ဍာရေး လျှို့ဝှက်မှု၊ နျူကလီးယား ပြန့်ပွားမှုတို့ကို အထောက်အကူပြုနေပုံ” ဟူသည့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။
စစ်အစိုးရသည် ၁၉၉၈ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အတွင်း ပြင်သစ် တိုတယ်လ်ကုမ္ပဏီ၊ အမေရိကန် ရှက်ဗရွန်ကုမ္ပဏီတို့နှင့် ဖက်စပ် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှနေ၍ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် ရရှိခဲ့ရာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄၁၆ သန်းခန့် ရရှိခဲ့ကြောင်း ထိုအစီရင်ခံစာက ဖော်ပြခဲ့သည်။
ထိုကဲ့သို့သော အစီရင်ခံစာများနှင့် မြန်မာ့လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ ကဲ့သို့သော လူ့အခွင့်အရေးအဖွဲ့များ၏ လှုပ်ရှားမှု ကင်ပိန်းများသည် နိုင်ငံခြား ကုမ္ပဏီများ၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှင့် သဘာဝဓာတ်ငွေ့ ဝယ်ယူမှုများက စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုကို ပံ့ပိုးပေးသကဲ့သို့ ဖြစ်နေကြောင်းကို မီးမောင်းထိုးပြနိုင်ခဲ့ကြောင်း ‘သွေးစွန်းနေသော ငွေကြေး (မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍနှင့် ကုမ္ပဏီကြီးများ၏ တာဝန်မဲ့မှု’ အစီရင်ခံစာကို ရေးသားခဲ့သူ Nicky Black က ပြောကြားခဲ့သည်။
“လူ့အခွင့်အရေး ကင်ပိန်းတွေအနေနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နိုင်ငံတကာက အာရုံစိုက်လာအောင် အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ထိထိရောက်ရောက် ရှိပြီး ဗျူဟာမြောက်တဲ့ ကင်ပိန်းတွေကို ပြုလုပ်ပြီးတော့ သူတို့ဟာ အနောက်နိုင်ငံ ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ တရားနည်းလမ်း မကျကြောင်း လှုံ့ဆော်နိုင်ခဲ့ပြီးတော့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့အတွက် တွန်းအားပေးနိုင်ခဲ့ပါတယ်” ဟု သူမက ဆက်ပြောသည်။
သို့ရာတွင် မြန်မာ့လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့အနေဖြင့် အာရှနိုင်ငံများ၏ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ရေးအတွက်ကိုမူ အောင်မြင်စွာ မလှုံ့ဆော်နိုင်ခဲ့ပေ။ NickyBlack၏ အစီရင်ခံစာထဲတွင် ၁၉၉၉ ခုနှစ်၌ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသော အနောက်နိုင်ငံများ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ အရေအတွက်နှင့် အရှေ့နိုင်ငံများ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ အရေအတွက်သည် ဆတူရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ကမူ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ ၃ဝ တွင် ၂၇ ခုမှာ အာရှတိုက်နှင့် ရုရှားတို့မှ ဖြစ်ကြသည်။
ဘားမားကင်ပိန်း (ယူကေ)၏ ဒါရိုက်တာ MarkFarmanerက အာရှနိုင်ငံများတွင် ကုမ္ပဏီများသည် ဒေသခံများ၏ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူ့အခွင့်အရေး ထိခိုက်မှုများအတွက် တာဝန်ယူရမှုမျိုး မရှိသဖြင့် အနောက်နိုင်ငံ ကုမ္ပဏီများကဲ့သို့ မြန်မာနိုင်ငံတွင်းမှ ထွက်ခွာသွားရန် ဆန္ဒမရှိကြဟု ဆိုသည်။
“အနောက်နိုင်ငံ ကုမ္ပဏီတွေဟာ အစဉ်အလာအရ လူမှုရေးနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုတွေအတွက် တာဝန်ယူဖို့ ဖိအားပေးခံရပါတယ်။ သတင်းမီဒီယာတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ အများပြည်သူကလည်း ဒီကိစ္စကို တော်တော်လေး အလေးထားကြပါတယ်။ အာရှနိုင်ငံ အများစုမှာတော့ အဲလိုစိတ်ဝင်စားမှုတွေ မရှိကြသလို အဲဒါမျိုးတွေကို ထိထိရောက်ရောက် လှုံ့ဆော်ပေးနိုင်မယ့် အဖွဲ့မျိုးတွေ မရှိကြပါဘူး။ ဒါကြောင့် အာရှကုမ္ပဏီတွေ အနေနဲ့ အနောက်နိုင်ငံက ကုမ္ပဏီတွေလို ဖိအားမျိုး မခံစားရပါဘူး” ဟု Mark Farmaner က ပြောသည်။




စာရေးဆရာ သန်းဝင်းလှိုင် ပြောတဲ့ စာပေစိစစ်ရေး

ကိုဝိုင်း
တနင်္လာနေ့၊ သြဂုတ်လ ၀၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၃ မိနစ် .
ထူးခြားသော လူပုဂ္ဂိုလ်များအကြောင်း ရေးသားမှုကြောင့် ထောင် ၇ နှစ် ကျခံရဖူးသူ စာရေးဆရာ သန်းဝင်းလှိုင်သည် မကြာသေးမီက ထိုင်း-မြန်မာနယ်စပ်သို့ ရှောင်တိမ်းရောက်ရှိလာသည်။
နယ်စပ်သို့ မထွက်ပြေးမီ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် စာအုပ် ၅ အုပ်အပါအဝင် စုစုပေါင်း ၁၅ အုပ်ကို ထုတ်ဝေခွင့် ဆိုင်းငံ့ခြင်း ခံထားရသည်။
၂ဝဝဝ ခုနှစ်တွင် “ရုပ်တုမှပြောသောမြန်မာ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးများစာအုပ်” ကို ထုတ်ဝေခွင့် တင်ထားစဉ် ခွင့်ပြုချက် မရရှိသေးဘဲ ထုတ်ဝေသူက ခိုးထုတ်ခဲ့သဖြင့် အင်းစိန်နှင့် သာယာဝတီ ထောင်တို့၌ ထောင်ဒဏ် (၇) နှစ် ကျခံခဲ့ရသည်။
အသက် ၅၂ နှစ်ရှိ ဦးသန်းဝင်းလှိုင်သည် ၁၉၇၇ ခုမှ နိုဝင်ဘာလထုတ် သင့်ဘဝမဂ္ဂဇင်းပါ “အနာဂတ် အာကာသလွန်းပျံယာဉ်” ဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။ သမိုင်းဆိုင်ရာ စာပေများကို အဓိကထားရေးသားပြီး လုံးချင်း စာအုပ် ၃ဝ ထုတ်ဝေပြီးဖြစ်သည်။
ဦးသန်းဝင်းလှိုင်သည် အန်အယ်ဒီ ရွှေပြည်သာမြို့နယ်စည်း အမှုဆောင်အဖွဲ့ဝင်ဖြစ်ကာ ၁၉၉ဝ ရွေး ကောက်ပွဲ၌ ဝိဓူရသခင်ချစ်မောင် ဦးစီးသည့် အမျိုးသားပြန်လည်တည်ဆောက်ရေးဒီမိုကရေစီ တပ်ပေါင်းစုမှ သင်္ဃန်းကျွန်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ပြိုင်ခဲ့သည်။
စာပေလောကတွင် ၃၃ နှစ်ကြာ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံပေါ် အခြေခံ၍ ယနေ့ စာပေနှင့် သတင်း စာနယ်ဇင်းလောကတွင် “စာပေကင်ပေတိုင်”ဟု နာမည်ကြီးနေသည့် စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ သဘောသဘာဝကို သိရှိနိုင်ရန် မဇ္ဈိမက မေးမြန်းထားသည်။
-----------------------------------------------------------------
စာအုပ်ထုတ်မယ့်လူတယောက်အနေနဲ့ စာပေစိစစ်ရေးမှာ ပထမဆုံး ဘာလုပ်ရမလည်းခင်ဗျာ။

စာအုပ်ထုတ်မယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်ရေးရာဇဝင် ဓာတ်ပုံနှစ်ပုံနဲ့ သူတို့ဆီကို တင်လိုက်ရတယ်။ အဲဒါကို ကိုယ့်ဟာကိုယ်တင်တဲ့လူက ရှားတယ်။ ပွဲစားနဲ့ပဲ တင်လိုက်တယ်။ တသောင်းခွဲနဲ့ နှစ်သောင်းခွဲကြားမှာ ပေးရတယ်။ စာမူထုတ်ဖို့ဆိုပြီး တင်လိုက်တာ။ ပြီးတော့ ငွေသွင်းရတယ်။ တမျက်နှာကို ၂ဝ နှုန်းနဲ့တွက်တယ်။ ပုံတပုံပါရင် ၅ဝ ပေးရတယ်။ အပေါ်ထပ်မှာပဲ ငွေစာရင်းဌာနရှိ တယ်။ ပြီးတော့ ကဒ်ပြားငှားရတယ်။

ကဒ်ပြားငှားရတယ်ဆိုတာ နည်းနည်းလောက် ထပ်ရှင်းပြပေးပါလား။

စာအုပ်ထုတ်ဝေခွင့် ကဒ်ပြားငှားရတာ။ အဲဒီ ကဒ်ပြား ငှားထားတဲ့လူတွေက ဘာစာအုပ်မှ ထုတ် တာ မဟုတ်ဘူး။ ကဒ်ပြားငှားစားတာ။ အဲဒါကလည်း ၄-၅ မျိုးလောက်ရှိတယ်။ အထွေထွေဆိုပြီး တော့ ကြိုက်တဲ့စာအုပ်ထုတ်လို့ရတဲ့ ကဒ်ပြားက တမျိုး၊ အဲဒါက ဈေးကြီးတယ်။ ကဗျာ၊ ပြက္ခဒိန်၊ ဝတ္တု၊ နိုင်ငံရေး၊ ဘာသာရေး၊ ကာတွန်း ထုတ်ခွင့်ရတဲ့ကဒ်ပြားတွေက သတ်သတ်။ ကိုယ့်စာမူနဲ့ ကိုက်မယ့် ကဒ်ပြားကို ကျနော်တို့က ငှားရတယ်။ ကဒ်ပြားငှားတဲ့အတွက် တခါထုတ်ကို ငွေ ၅ဝဝဝ ပေးရတယ်။ ကဗျာတွေဘာတွေဆို ၇ဝဝဝ လောက်ပေးရတယ်။ နိုင်ငံရေးနဲ့ပတ်သက်ရင် ၆ဝဝဝ-၇ဝဝဝ လောက်ပေးရတယ်။

အဲဒီ ကဒ်ပြား ကိုင်ထားတဲ့လူတွေက ဘယ်သူတွေလည်းဗျာ

ကဒ်ပြားကိုင်ထားတဲ့လူတွေက သူတို့ (အာဏာပိုင်)တွေနဲ့ အလွမ်းသင့်တဲ့လူတွေ။ စာပေစိစစ်ရေး က အငြိမ်းစားတွေ၊ ဌာနဆိုင်ရာအငြိမ်းစားတွေ၊ စစ်တပ်က အငြိမ်းစားတွေ၊ စာပေနဲ့စာနယ်ဇင်းမှာ အရင်ကလုပ်ခဲ့တဲ့ အမှုဆောင်တွေ၊ ကုမ္ပဏီကလူတွေ၊ ဝန်ကြီး (ဦးကျော်ဆန်း)နဲ့ပတ်သက်ပြီး ပြေလည်တဲ့လူတွေပေါ့နော။ အဲဒါကို သူတို့ ကိုယ်စားလှယ်ဆီက ငှားရတယ်။

လျှောက်လွှာတွေဘာတွေ တင်ရသေးလား။

ကဒ်ပြား ငှားပြီးတော့ တိုက်က ရိုက်မယ့်လူကလည်း ဒီစာမူကို ရိုက်ရန်သဘောတူတယ်၊ ခွင့်ပြု ချက်ရရင် ကျနော်ရိုက်ပါမယ်ဆိုတဲ့ ကဒ်ပြားကိုလည်း ငှားရတယ်။ သူကတော့ ပိုက်ဆံပေးစရာ မလိုဘူးပေါ့။ ပုံနှိပ်တိုက် ခွင့်ပြုချက်ကဒ်ပြား မိတ္တူရယ်၊ ဒီစာအုပ်ထုတ်ဝေမယ်ဆိုတာ သဘောတူတဲ့ ထုတ်ဝေသူ လက်မှတ်ပါတဲ့ကဒ်ပြားမိတ္တူရယ်။ ဖြန့်ဝေသူကလည်း သဘောတူညီချက် စာ ထိုးပေးရသေးတယ်။ စုံပြီဆိုရင် ပုံစံ ဝယ်ရတယ်။ စာပေစိစစ်ရေးရုံးမှာ ၂ဝဝ ပေးပြီး ဝယ်ရတယ်။ ပုံစံက နှစ်မျိုးရှိတယ်။ ဖြန့်ဝေခွင့်နဲ့ စာမူတင်တဲ့ဟာပေါ့။ စာအုပ်ရဲ့ အမျိုးအစား။ စာမူဘယ်မှာ ထုတ်မလဲ။ ဘယ်မှာရိုက်မှာလဲ။ ယခင်ထုတ်ဝေမှုရှိမရှိ။ ရေးထားတဲ့အကြောင်းအရာက ဘာတွေလဲ။ စာရေးဆရာရဲ့ ထုတ်ဝေသူ လိပ်စာ အတိအကျ ဖြည့်ရတယ်။ စာမူစစ်ပြီးတော့ အကြမ်းရေးမယ့်ဟာ “ဘေးကပ်” ဆိုတာ ဝယ်ပေးရသေးတယ်။ စက္ကူဖိုင်ဝယ်ရတယ်။ ပြီးတော့ ငွေသွင်းရတယ်။ အဲဒီချလန်နဲ့ တင်လိုက်ရတယ်။

စာမူကို စစ်ဆေးပုံအဆင့်ဆင့်လေး ပြောပြပေးပါအုံး။

ကျနော်တို့နဲ့က မှတ်ချက်က နိုင်ငံခြား သတင်းဌာနတွေနဲ့ လုပ်တဲ့အခါကျတော့ သူတို့ မယူရဲတော့ဘူးလေ။ ၁ဝ သိန်းပေး လည်း ယူမှာမဟုတ်ဘူး။ ခွင့်ပြုချက်လည်း ရမှာ မဟုတ်ဘူး။
ဒီစာစစ်မှူး ဘယ်သူ့ကိုဖတ် ဆိုပြီးတော့ သူတို့က ခွဲတန်းခွဲလိုက်တယ်ပေါ့။ နောက် ၂ ရက်လောက် နေရင် သိပြီပေါ့။ မောင်ဖြူ မောင်နီဆီ ရောက်သွားပြီ။ ရောက်သွားရင် မြန်မြန်လေးဖတ်ပေးပါဆရာ ဆိုပြီးတော့ စာအိတ်ထဲထည့်ပြီး ငွေ ၅ဝဝဝ သူ့ကိုပေးရတယ်။ ကိုယ့်ဖာသာကိုယ် ဒါမှမဟုတ် ပွဲစား ကတဆင့်ပေါ့။ ဖတ်တယ်ဆိုတာလည်း ၁ လခွဲကြာမှ ဖတ်တယ်။ သူ့ဖြုတ်ချင်တဲ့ အချက်အလက်တွေကို ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးလုပ်တယ်။ ပိုက်ဆံ မပေးလို့ကတော့ မဖတ်ဘူး။ နှစ်နဲ့ချီကြာသွားလိမ့်မယ်။
နောက် ဌာနစုမှူးဆီ ရောက်သွားတယ်။ ဌာနစုမှူးကိုလည်း ချောချောမွေ့မွေ့ဖတ်အောင်၊ မပယ် အောင်ပေါ့။ သူ့ကျတော့ ဈေးများသွားပြီ။ တသောင်းခွဲနဲ့ နှစ်သောင်းကြား ထပ်ပေးရတယ်။ ဒါမှ မဟုတ်ရင်လည်း ကြိုက်တတ်တဲ့ ထမီတို့၊ ပါတိတ်တို့ ပေးရတယ်။ ခန့်ထားတာ အမျိုးသမီးများ တယ်။ အမျိုးသားလည်း ရှိပါတယ်။ ဌာနစု ၁ ကနေ ၆ အထိရှိတယ်။ ဌာနစု ၃ ကတော့ ဒေါ်သန်းဌေး၊ ၄ က ဒေါ်ကြည်ကြည်၊ ၅ က ဦးနိုင်းနိုင်း၊ ၆ ဒေါ်ခင်သန်းဦးကပေါ့၊ ကျနော်တို့နဲ့ ဆက်ဆံတာကတော့ အဲဒါပဲ။ အခု ၆ ရက်နေ့ကတော့ ဒေါ်သန်းဌေးက ပင်စင်သွားပြီ။ ကျန်သူ တွေက မပြောင်းဘူး။
အဲဒီကနေ လက်ထောက်ညွှန်ကြားရေးမှူး ဆိုတာကို ရောက်တယ်။ သူက နှစ်ယောက်ရှိတယ်။ တယောက်က နိုင်ငံရေးဖတ်တယ်။ တယောက်က အထွေထွေဖတ်တယ်။ ကျနော့်စာအုပ်ဆိုရင် နိုင်ငံရေး Site လက်ထောက်ညွှန်မှူး ဦးစန်းညွန့်ဆီ ရောက်သွားတယ်။ သူက အရပ်သားပဲ။ တခါတလေလည်း ဗိုလ်ကြီးအဆင့်တွေ ထားတယ်ပေါ့။ သူကနေ မှတ်ချက်နဲ့ ဖတ်ပြီးတော့ အပေါ်ထပ်ကို တင်ရတယ်။ အကြံပေးဆိုတာရှိတယ်။ ဦးတင်ကြည်တဲ့။ သူကနေ သူ့ဘေးခန်းက ဒုညွှန်မှူး အောင်ကျော်ဦးဆီ ရောက်တယ်။ ဗိုလ်မှူးအငြိမ်းစားအဆင့်ပဲ။ အဲဒီကနေ ညွှန်ကြားရေးမှူး။ အရင်တုန်းကတော့ တင့်ဆွေပေါ့။ ခုတော့ ဒုဗိုလ်မှူးကြီးမျိုးမြင့်မောင်။
သူကနေ ဒီစာအုပ်က သမိုင်းနဲ့ပတ်သက်လို့ သမိုင်းဌာနပို့ ဆိုရင် ကျနော်တို့က အဲဒီစာမူကို နောက် တကော်ပီ ထပ်ကူးပြီး သမိုင်းသုတေသနကို ပြည်လမ်းမှာ အမျိုးသားပြတိုက်နဲ့တွဲထားတယ်။ သွား ပေးရတယ်။ တမျက်နှာကို ၃ဝ သွင်းရတယ်။ သူတို့က နေပြည်တော်က မြန်မာ့သမိုင်းအဖွဲ့ဝင် ဒီ ဘာသာရပ်နဲ့ သင့်တော်သူ တယောက်ကို ဖတ်ခိုင်းတယ်။ ပြီးတော့ သမိုင်းအချက်မှန်ကန်တယ် ဆိုပြီး အဲဒီက ဒုညွှန်မှူးချုပ်က လက်မှတ်ထိုးရတယ်။ သဘောမတူရင် စာပေစိစစ်ရေးက ထုတ်ခွင့် မပြုတော့ဘူး။

သဘောတူတယ်ဆိုရင်ရော ဘာဆက်လုပ်ရသေးလည်းဆရာ

ထုတ်ဝေသင့်တယ်ဆိုရင် ကျနော်က စာမူကို ကိုယ့်ဖာ့ကိုယ် သွားပြန်ယူရတယ်။ အဲဒါကို စာပေ စိစစ်ရေးကို ပြန်တင်ရတယ်။ သမိုင်းဌာနက ဖြုတ်ခိုင်းတဲ့အပိုဒ်တွေကိုလည်း ဖြုတ်ပေးရ တယ်။ စာပေစိစစ်ရေးက မကြိုက်တာကိုလည်း ဖြုတ်ပေးရတယ်။ ဖြုတ်ပြီးမှ ဒီစာအုပ်ကို ထုတ်ဝေခွင့်ပြု သည် ဆိုတော့မှ စာမူခွင့်ပြုချက် နံပတ်ကလေး ရပြီ။ အဲဒါရမှ အဖုံးတင်ရတယ်။ အဖုံးက ၂ ကော်ပီ ပေါ့။ အဖုံးဓာတ်ပုံလေးပေါ့။ ၅ဝဝ ပေးရတယ်။ ဌာနစုမှာပဲ ပြန်တင်ရတယ်။ အဲဒီချလန်နဲ့ ပြည့်ပြည့် ရေးပြီး ပြန်တင်လိုက်ရင် တပတ် နှစ်ပတ်လောက်ဆိုရင် အဖုံးခွင့်ပြုချက်ကျမယ်။ ဆိုရင် ဒီစာမူကို ရိုက်လို့ရပြီပေါ့။ ရပြီဆိုရင် စာပေစိစစ်ရေးကို စာအုပ် ၆၄ အုပ် တင်ရတယ်။ တရားဝင်က ၂၆ အုပ် ပဲ။ အဲဒီစာအုပ် အားလုံးကို ညနေ သူတို့က ရောင်းစားတယ်။ ကောက်တဲ့လူရှိတယ်။ ကားနဲ့ကို လာကောက်တာ။ တခြားစာပေသမားတွေရော အကုန်လုံးပေးရတာ။ အဲဒီထက် ပိုတာပဲရှိတယ်။ ကိုယ်က မရောင်းရသေးဘူးနော်။
နောက်ထပ် ၂ ပတ်လောက်နေရင် ဖြန့်ချိခွင့်ပြုသည် ဆိုရင် ဖြန့်လို့ရပြီ။ မြန်မြန်ကျချင်ရင် ပိုက်ဆံ ၂ဝဝဝ-၃ဝဝဝ ပေးပေါ့။ ဖြန့်ချခွင့်ပြုသည် ဆိုတဲ့ စာရွက်လေးရတယ်။ အဲဒါဆို နယ်ရော ရန်ကုန်မှာ ရော ဖြန့်လို့ရပြီ။

ညွှန်မှူးတို့ ဒုညွှန်မှူးတို့ကိုရော ပိုက်ဆံမပေးရဘူးလား။

အဲဒါကလည်း လုံးဝကျနိုင်စရာမရှိဘူး ဆိုရင်တော့ သူတို့ကို သိန်းနဲ့ချီပေးရတာပေါ့။ ဥပမာဆိုရင် တက္ကသိုလ်စိန်တင်ရေးတဲ့ ပထမခေါင်းစဉ်က အောင်ဆန်း-အက်တလီစာချုပ်။ နောက်ပြင်လိုက် တယ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းဆိုပြီး။ အားမာန်သစ်ကထွက်တယ်။ အဲဒီစာမူကို ကျနော်တင်ပေးတာ။ အဲဒီတုန်းက သူတို့နဲ့ကျနော် ပြေလည်တော့ တသိန်းပဲပေးရ တယ်။ ထုတ်ခွင့်ရသွားတယ်။ ခုဖြန့်ပြီးသွားပြီ။ တက္ကသိုလ်စိန်တင် တင်တာမရဘူး။ ၁ဝ နှစ်ကြာ တယ်။ ဗိုလ်မှူးအေးထွန်းခေတ်ကတည်းက။

စာပေစိစစ်ရေးတခုလုံးဖြတ်ဖို့ ပျှမ်းမျှ ဘယ်လောက်ကုန်လဲ။

နှစ်သိန်းနီးပါးလောက်တော့ ရှိတာပေါ့။ စာအုပ်တခုက ခွင့်ပြုချက် မရနိုင်ဘူး။ ကျအောင်လုပ်မယ် ဆိုရင်တော့ အဲဒီလိုပေးနိုင်ရင် ရတာပေါ့။

ဆရာ့ဆိုင်းငံ့ စာအုပ် တွေကျတော့ ကျအောင်မလုပ်ဘူးလား။

ကျနော်တို့နဲ့က မှတ်ချက်က နိုင်ငံခြားသတင်းဌာနတွေနဲ့လုပ်တဲ့အခါကျတော့ သူတို့ မယူရဲတော့ဘူးလေ။ ၁ဝ သိန်းပေးလည်း ယူမှာမဟုတ်ဘူး။ ခွင့်ပြုချက်လည်းရမှာမဟုတ်ဘူး။

စာပေလောကမှာ ဆင်ဆာအဖွဲ့ရှိသင့်လား။

မရှိသင့်ဘူးလေ။ ဒီမိုကရေစီသွားရင် ဘာဆင်ဆာမှ မလိုတော့ဘူးလေ။ မှတ်ပုံတင်ဌာနပဲ လိုတာ ပေါ့။ စာမူတွေ ထပ်သွားတာ တယောက်ဟာတယောက်ခိုးချတာမဖြစ်အောင်၊ နာမည်မထပ်သွား အောင်၊ အကြောင်းအရာ မထပ်အောင်ပေါ့။ ဒါနိုင်ငံတိုင်းမှာရှိတာပဲ။ ပြီးတော့ စာပေ လွတ်လပ်ခွင့် ဆိုတာ ပေးရမယ်လေ။ ငါနဲ့မတူ ငါ့ရန်သူ ဘယ်စာအုပ်မှမထုတ်နဲ့ဆိုတော့ တရားမျှတမှု ဘယ်လိုလုပ်ရှိမလဲ။

သူခိုးဓားရိုးကမ်းသော အိန္ဒိယအစိုးရ

NEJ / ၀၂ သြဂုတ် ၂၀၁၀
တိုင်းသူပြည်သားနှင့်ဆက်ဆံရာတွင် အလွန်တရာအကျင့်ယုတ်၍ ညစ်ပတ်စုတ်ပဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အပေါင်းပါ ကပ်ဖားစစ်ဗိုလ်များ ကျူးလွန်ထားသော ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရေးအတွက် ကော်မရှင်ဖွဲ့ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဖြစ်သူ တောမတ်စ်ကင်တားနားက ယခုနှစ်အစောပိုင်းက တင်ပြခဲ့သည်။ မြန်မာ့ကမ်းလွန်တွင် ဓာတ်ငွေ့တူး၍ နအဖရာဇ၀တ်ကောင်နှင့်ပေါင်းကာ စီးပွားရှာနေသော စွမ်းအင်ကုမ္ပဏီများသည်လည်း တာဝန်ရှိသည်ဟု ကင်တားနားက ထောက်ပြထားသည်။ ရွှေဓာတ်ငွေ့စီမံကိန်းတွင် အိန္ဒိယအစိုးရပိုင် ကုမ္ပဏီ (၂)ခုပါဝင်နေသည်။ သို့သော်လည်း ရွှေဓာတ်ငွေ့တွင်းကထွက်သော သဘာဝဓာတ်ငွေ့ကို တရုတ်ကို အရင်ဆုံးရောင်းရန် ဗိုလ်သန်းရွှေက ဆုံးဖြတ်၏။ ဗိုလ်သန်းရွှေညစ်ပတ်သည်ကို အိန္ဒိယက ခံလိုက်ရခြင်းဖြစ်သည်။
လောင်စာစွမ်းအင် မလုံမလောက်ဖြစ်နေသော အိန္ဒိယအစိုးရသည် ဗိုလ်သန်းရွှေ ညစ်ပတ်ထားသည်ကို ဗွေမယူနိုင်ဘဲ ဒေါ်လာသန်း (၁,၃၅၀)ဓာတ်ငွေ့စီမံကိန်းတွင် မြှုပ်နှံရန် လွန်ခဲ့သော ဖေဖော်ဝါရီလက ဆုံးဖြတ်လိုက်ပြန်၏။ အပြည်ပြည်ဆိုင်ရာက ကန့်ကွက်ရှုတ်ချနေသည့်ကြားမှ ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့ကို ကော်ဇောနီခင်း၍ အိန္ဒိယအစိုးရ ကြိုဆိုပြန်၏။ ကမ္ဘာပေါ်တွင် တတိယအဆိုးဆုံးနှင့် အညစ်ပတ်ဆုံးဖြစ်သည်ဟု နိုင်ငံခြားရေးပေါ်လစီမဂ္ဂဇင်းက ဇွန်လက သတ်မှတ်လိုက်သော ဗိုလ်ညစ်ပတ်ကြီးကို အိန္ဒိယအစိုးရက သူကောင်းပြုလိုက်ခြင်းဖြစ်သည်။ မုဒိမ်းတပ်မတော် တည်ထောင်သူကို သူကောင်းပြုခြင်းသည် မုဒိမ်းမှု၊ လူသတ်မှု၊ လုယက်မှု စသည့် လူ့အခွင့်အရေး ချိုးဖျက်မှုအားလုံးကို သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံလိုက်ခြင်းဖြစ်ပေသည်။
အကြမ်းမဖက်သော နှလုံးရည်တိုက်ပွဲခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ ဂူသင်္ချိုင်းကို အကြမ်းဖက်သမား ဗိုလ်သန်းရွှေ သွားရောက်လည်ပတ်ခြင်းသည် အိန္ဒိယ၏ နှလုံးရည်တိုက်ပွဲသမိုင်းနှင့် မြန်မာ့နှလုံးရည်တိုက်ပွဲကို စော်ကားလိုက်ခြင်းပင်ဖြစ်သည်။ ဗိုလ်သန်းရွှေကဲ့သို့သော လူညစ်ပတ်များသည် မည်သို့ပင် ချီးမြှင့်မြှောက်စားခံရစေကာမူ စရိုက်ဆိုးကို ပြောင်းနိုင်မည်မဟုတ်ပါ။ ကျီးကန်းသူကောင်းမြှောက်စား ချေးခြောက်ကောက်စားဆိုသော မြန်မာစကားပုံကို ဗိုလ်သန်းရွှေက လက်တွေ့အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ လောင်စာစွမ်းအင်လိုချင်၍ အကြမ်းဖက်သမား ဗိုလ်သန်းရွှေကို သူကောင်းပြုလိုက်ခြင်းသည် မြန်မာပြည်သူလူထုကို စော်ကားလိုက်ခြင်းပင်ဖြစ်သည်။
အရှေ့မြောက်ပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြဿနာကို ဒီမိုကရေစီနည်းဖြင့် မဖြေရှင်းနိုင်သဖြင့် ဗမာလူမိုက်ငှား၍ တိုက်ခိုင်းသည်မှာ အိန္ဒိယဒီမိုကရေစီအစိုးရ ချွတ်ခြုံကျပုံကို ပြသလိုက်ခြင်းဖြစ်၏။ ဒီမိုကရေစီအရေးကို ချိုးဖျက်နေသော စစ်အာဏာရှင်နှင့် လက်တွဲသည်ကို သီးသန့်ဆက်ဆံရေးအဖြစ် အိန္ဒိယခေါင်းဆောင်ပိုင်းက ပြောနေ၏။ ဓမ္မဓိဋ္ဌာန်ကျစွာ လေ့လာမည်ဆိုပါက အိန္ဒိယ-မြန်မာဆက်ဆံရေးသည် သူခိုးဓားရိုးကမ်းသော ဆက်ဆံရေးပင်ဖြစ်သည်။ သဘာဝဓာတ်ငွေ့ လိုချင်ဇောဖြင့် ဒီမိုကရေစီအရေးကို သစ္စာဖောက်ကာ စစ်အာဏာရှင်ကို ထောက်ခံအားပေးခြင်းသည် နအဖသူခိုးကို ဓားရိုးကမ်းလိုက်ခြင်းပင်ဖြစ်ပေသည်။ ဓာတ်ငွေ့နှင့်စစ်သူခိုးသည် အမြဲတမ်းတည်ရှိမည်မဟုတ်ပါ။ ပြည်သူလူထုသည်သာလျှင် ထာဝစဉ်တည်ရှိနေမည်ဖြစ်သည်။
အိန္ဒိယအရှေ့မြောက်ပြည်နယ်တို့ရှိ တိုင်းရင်းသားလက်နက်ကိုင်များကို နှိမ်နင်းရာ၌ နအဖအကူအညီလိုအပ်နေ၍ လက်တွဲရသည်ဟု အကြောင်းပြ၏။ အိန္ဒိယသူပုန်ကို တိုက်ထုတ်ရန် ဗိုလ်သန်းရွှေက ၂၀၀၄ အိန္ဒိယခရီးတွင် ကတိပြုခဲ့သော်လည်း မထိရောက်သည့်အတွက် ယခုနှစ် ဇန်န၀ါရီနှောင်းပိုင်း၌ အိန္ဒိယပြည်ထဲရေးဝန်ကြီး နေပြည်တော်ကို သွားရောက်ဆွေးနွေးရသည်။ မဏိပူရ်၊ အာသံနှင့် နာဂဒေသရှိ တိုင်းရင်းသားသူပုန်များကို အိန္ဒိယအစိုးရတပ်က ထိုးစစ်ဆင်ရာ၌ မြန်မာပြည်ထဲအထိ ၀င်ရောက်တိုက်ခိုက်ခွင့် ပေးထားကြောင်းသိရ၏။ သူပုန်ဆီက ဆက်ကြေးယူသူမှာ ဗမာစစ်တပ်ဖြစ်သည်။
အိန္ဒိယအရှေ့မြောက် ပြည်နယ်များဖြစ်သော မီဇိုရမ်၊ အာသံ၊ မဏိပူရ်၊ နာဂ၊ ArunachalPradesh စသည်တို့မှ တိုင်းရင်းသားများသည် မျိုးနွယ်အရ တရုတ်-မြန်မာနှင့် ပိုမိုနီးစပ်ပြီး သူတို့ထဲတွင် အိန္ဒိယလက်အောက်မှ ခွဲထွက်ရန် လက်နက်ကိုင်ပုန်ကန်နေသော အုပ်စုများလည်း ရှိသည်။ အိန္ဒိယ-မြန်မာနယ်စပ်နေ သူပုန်အုပ်စုအချို့သည် မြန်မာဘက်၌ အခြေစိုက်စခန်းဖွင့်ပြီး အိန္ဒိယဘက်ကို ၀င်ရောက်တိုက်ခိုက်လေ့ရှိသောကြောင့် အိန္ဒိယနှင့် နအဖစစ်တပ် မကြာခဏပူးတွဲ စစ်ဆင်ရေးလုပ်နေရသည်။ ဤသည်ကို အကြောင်းပြပြီး အိန္ဒိယသည် နအဖအစိုးရကို စစ်လက်နက်ပစ္စည်း ရောင်းနေခြင်းဖြစ်သည်။
အထိန်းအချုပ်မရှိ လက်နက်ပစ္စည်းပြန့်ပွားခြင်းသည် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိခိုက်သည်ဟု လွန်ခဲ့သော အနှစ်(၄၀)ကျော်က အိန္ဒိယအစိုးရ ဆော်သြခဲ့သည်။ ယခုအခါ၌မူ လက်နက်ဖြင့် ကြီးစိုး၍ အနိုင်ကျင့်နေသော ဗမာစစ်တပ်ကို အိန္ဒိယအစိုးရကိုယ်တိုင် လက်နက်ပစ္စည်း ထောက်ပံ့နေသည်။ အိန္ဒိယအစိုးရ၏အပြုအမူသည် အိန္ဒိယပြည်၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကိုသာ အန္တရာယ်ပေးနိုင်ကြောင်း အရှေ့မြောက်ဒေသ လက်နက်ကိုင်လှုပ်ရှားမှုက သက်သေပြနေသည်။ အိန္ဒိယသူပုန်ကို ဗမာစစ်တပ်က တိုက်ပေးမှု၊ အိန္ဒိယလိုချင်သော လောင်စာစွမ်းအင် မြန်မာပြည်၌ရှိနေမှု၊ မြန်မာပြည်ကိုဖြတ်ပြီး တရုတ်နှင့် အရှေ့တောင်အာရှသို့ ကုန်သွယ်လိုမှု စသည့် အကြောင်း (၃)ခုကြောင့် အိန္ဒိယအစိုးရသည် မြန်မာ့ဒီမိုကရေစီရေးကို အားမပေးတော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မြန်မာ့ဒီမိုကရေစီအရေးသည် မြန်မာပြည်သားများ၏ ကိစ္စဖြစ်၍ ၎င်းတို့ဘာသာ ကြိုးပမ်းရလိမ့်မည်ဟူသော အကြောင်းပြချက်သည် အိန္ဒိယ၀န်ကြီးများ၏ လက်သုံးစကားဖြစ်လာသည်။
အိန္ဒိယ-မြန်မာနယ်စပ်ဒေသ၌မူးယစ်ဆေးရောင်းဝယ်မှုတိုက်ဖျက်ရေး၊ လက်နက်ခဲယမ်းမှောင်ခိုမှုပပျောက်ရေး၊ အတတ်ပညာဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူချက်များကို လက်မှတ်ထိုးကြသည်ဟူ၏။ မိုင် (၁,၀၂၅)ရှည်လျားသော နယ်စပ်ဒေသ၌ လက်နက်ကိုင်သူပုန်များ အခြေမစိုက်နိုင်ရန် (၂)နိုင်ငံပူးပေါင်းဆောင်ရွက်ရမည်ဟု ကြေညာ၏။ ဗမာစစ်တပ်ကို စစ်ပစ္စည်းများရောင်းချရန် အိန္ဒိယက သဘောတူလိုက်၏။ အိုင်တီလုပ်ငန်း အတတ်ပညာနှင့် စက်မှုလုပ်ငန်းများတွင်လည်း အိန္ဒိယက ကူညီရန် ဗမာဘက်က ပန်ကြား၏။ စိုက်ပျိုးလယ်ယာသုံး စက်ပ္စည်းဝယ်ယူရန် ဒေါ်လာ (၁၀)သန်း၊ မီးရထားပြုပြင်ရန် ဒေါ်လာသန်း (၆၀) အိန္ဒိယက နအဖအုပ်စုကို ထောက်ပံ့မည်ဟု သိရသည်။ ထရပ်ကားစက်ရုံ၊ ရေနံချက်စက်ရုံ၊ တယ်လီကွမ်း၊ မီးရထား စသည့်လုပ်ငန်းများအတွက် ဒေါ်လာသန်း (၂၅၀) အိန္ဒိယက နအဖကို ချေးထားပြီး ဖြစ်သည်။
ဗိုလ်သန်းရွှေကို ပထမတန်း နိုင်ငံတော်ဧည့်သည်ကြီးအဖြစ် ကြိုဆိုခြင်းသည် နအဖအုပ်စုလုပ်သမျှ အိန္ဒိယအစိုးရက ထောက်ခံကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။ အိန္ဒိယဒီမိုကရေစီအစိုးရနှင့် တရုတ်ကွန်မြူနစ်အစိုးရတို့၏ မြန်မာပြည်ဆိုင်ရာ သဘောထားသည် တူညီနေ၏။ (၂)နိုင်ငံစလုံး နအဖနှင့် ဆက်ဆံရေးပြေလည်ရန်သာ အဓိကထားကြသည်။ လောင်စာစွမ်းအင် မလုံမလောက်သော တရုတ်နှင့် အိန္ဒိယအတွက် မြန်မာ့သဘာဝဓာတ်ငွေ့သည် အဓိကအခန်းက ပါဝင်လာ၏။ အထူးသဖြင့် ရခိုင်ပြည်နယ် ကမ်းလွန်၌ သဘာဓာတ်ငွေ့တွင်း ထပ်မံတွေ့ရှိလာသည့်အတွက် ဗမာစစ်အစိုးရ မငြိုငြင်ဖို့ကိုသာ အဓိကထားကြသည်။
နအဖသည် အိန္ဒိယနှင့်တရုတ်ကို မျှမျှတတ ဆက်ဆံနေကြောင်း ပြသရန် ကြိုးပမ်းနေပုံရသည်။ နအဖအစိုးရသည် နှစ်နိုင်ငံစလုံးနှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်နေသည်။ မြန်မာပြည်သည် အိန္ဒိယနှင့်တရုတ်၏ လုံခြုံရေးကို အန္တရာယ်မပေးနိုင်ကြောင်း ပြသနိုင်ရန် ကြိုးစားနေပုံရသည်။ အိန္ဒိယနှင့်တရုတ်သည် မြန်မာပြည်တွင် ပြိုင်ဆိုင်မှုမလုပ်ဘဲ ပူးတွဲဆောင်ရွက်ကြရန် မူအားဖြင့် သဘောတူထားကြသည်။ လက်တွေ့မှာ မြန်မာ့သဘာဝသယံဇာတကို ရရှိရန်နှင့် မြန်မာပြည်ကို အသုံးပြုနိုင်ရန် အိန္ဒိယနှင့်တရုတ် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ တရုတ်နှင့်အိန္ဒိယသည် မြန်မာစစ်သူခိုးအား ပြိုင်ဆိုင်၍ ဓားရိုးကမ်းနေခြင်းပင်ဖြစ်ပေသည်။

zondag 1 augustus 2010

`သစ္စာ´



အမျိုးသားရေးအတွက်
အသက်ပေးသွားသော
ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေးမနီသေးလျှင်
အသင်တို့သွေး ပတ်ဖျန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိဥာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ဝိဥာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အားထိန်းချုပ်သွားပါလေ။
မပြီးပြတ်သေးတော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက် လမ်းတ၀က်မှ
ပေးဆက်ရလည်း
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တရပ်ကျေပြွန်မှန်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိဥာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုကြပါလေ။
သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေတဲ့ ဟောဒီကမ္ဘာမြေရဲ့
အနာတရတွေကို စွမ်းသမျှ ကုစားဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့ ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့ ငါတို့ နေရစ်ခဲ့ဦးမယ်။
(၂၀ဝ၇ ဩဂုတ်လ ၇ ရက်နေ့က တာရာမင်းဝေရဲ့ ဈာပနမှာ ၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား မင်းကိုနိုင် ရေးဖွဲ့ ရွတ်ဆိုတဲ့ကဗျာ)