donderdag 9 juli 2009
နေအိမ်အကျယ်ချုပ်ချ ဝန်ကြီးချုပ်ဟောင်း နာရေးသတင်းထွက်မေး
Thursday, 09 July 2009 15:30 ကိုစိုး
အာဏာဖီဆန်မှု၊ အကျင့်ပျက် လာဘ်စားမှုများဖြင့် ရာထူးမှဖယ်ရှား၍ နေအိမ်အကျယ်ချုပ် ချခံထားရသော ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် မကြာသေးခင်က ဝန်ကြီးဟောင်း တဦး၏ နေအိမ်သို့ နာရေး သတင်းမေး လာရောက်သွားကြောင်း မြင်တွေ့ရသူများက ပြောသည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရာထူးက ဖယ်ရှားမခံရမီ တွေ့မြင်ရစဉ် (ဓာတ်ပုံ - AP)
အဆိုပါ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ယခင် စက်မှု(၁) ဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်တင့်ဆွေ(ငြိမ်း)၏ ဇနီး ကွယ်လွန်ခဲ့သည့်အတွက် ယင်း အသုဘ အိမ် သို့ ည ပိုင်း အချိန်တွင် နာရေးသတင်းမေး လာရောက်ခဲ့ကြောင်း မြင်တွေ့ခဲ့ရသူတဦးက ပြောပြသည်။
“အဲဒီ သင်္ဂြိုဟ်တဲ့နေ့မှာ ဗိုလ်ချုပ် ခင်ညွန့်ရောက်လာတယ်၊ ည ၈ နာရီ ကနေ ၁၀ နာရီလောက် အထိ ၂ နာရီ လောက် ကြာတယ်၊ လူက ဝ ဖီးနေတာပဲ၊ သူ့မိန်းမကလည်း ဝ တုတ် နေတယ်၊ ဒူး တဘက် မကောင်းဘူးတဲ့၊ နာရေးသတင်း လာမေးတာ၊ ဗိုလ်မှူးချုပ် တင့်ဆွေက သူ့ရဲ့ ဆရာလေ၊ သူလာမယ် ဆိုပြီး ရန်ကုန်တိုင်း တိုင်းမှူး က လှမ်းအကြောင်းကြားတော့ အရင်ရောက်နေတဲ့ လူတွေကို ဖယ်ခိုင်းလိုက်တယ်”ဟု ကိုယ်တိုင် တွေ့မြင်ခဲ့ရသူ က ပြောသည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ကျန်းမာရေးကောင်းပုံရပြီး သွက်သွက်လက်လက် စကား ပြောဆိုသည်ကို တွေ့ရှိ ရ ကြောင်းလည်း ၎င်းက ဆိုသည်။
“လူတွေကသာ အမျိုးမျိုးပြောနေကြတာ၊ တရားထိုင် ပုတီးစိပ်တယ်၊ အေးအေးဆေးဆေး ဒါပဲရှိတယ်လို့ သူက ပြောတယ်၊ ဆံပင်တွေဘာတွေလည်း ဆေးဆိုးထားတယ်”ဟု အထက်ပါ တွေ့မြင်ခဲ့ရသူက ပြောဆိုသည်။
အသုဘအိမ်သို့ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ဒု ဗိုလ်ချုပ်ကြီးမြင့်ဆွေ အပါအဝင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟုဆိုသော နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ၊ ဇေကမ္ဘာ ဦးခင်ရွှေ အစရှိသူများ လာရောက်၍ နာရေး သတင်းမေးကြကြောင်းလည်း သိရသည်။
ဇူလိုင်လ ၆ ရက်နေ့ ထုတ် အစိုးရ သတင်းစာများတွင်လည်း မရမ်းကုန်းမြို့နယ် အနောက်မေခ လမ်းသွယ်(၂) အမှတ် (၄) နေ ဗိုလ်မှူးချုပ် တင့်ဆွေ(ငြိမ်း) စက်မှု(၁) ဝန်ကြီး၏ ဇနီး ဒေါ်ခင်စန်း အသက်(၈၆) နှစ်သည် ဇူလိုင် ၅ ရက်နေ့ ကကွယ်လွန်သွားကြောင်းနှင့် ဇူလိုင် ၇ ရက် နေ့တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း နာရေး သတင်းနှင့် ရင်းနှီးသူများ၏ ဝမ်းနည်းကြောင်း ကြော်ငြာများကို ထည့်သွင်းဖော်ပြထားသည်။
ယင်းဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် မိသားစုဝင်များကို၂၀၀၈ ခုနှစ် မတ်လအတွင်းက စတင်၍ ရွှေတိဂုံ စေတီတော်နှင့် တခြားသော ဘာသာရေးဆိုင်ရာနေရာဌာနများ အပါအဝင် ပြင်ပသို့ အကန့်အသတ်ဖြင့် သွားလာခွင့် ပြုခဲ့ခြင်းဖြစ်သည်။
အတည်မပြုနိုင်သေးသော သတင်းများအရ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လက်ရှိအာဏာပိုင်များက နေပြည်တော်သို့ ခေါ်ဆောင်တွေ့ဆုံကြောင်း၊ ထိုသို့ တွေ့ဆုံခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါဝင်ကူညီရန် ဆွေးနွေး ခြင်းနှင့် နိုင်ငံခြားရေး မူဝါဒနှင့်ပတ်သက်ပြီး ဆွေးနွေးခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူများက သုံးသပ်နေကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ကြီး ခင်ညွန့်သည် ၂၀၀၄ ခုနှစ် အောက်တိုဘာလ က အာဏာဖီဆန်မှု အကျင့်ပျက် လာဘ်စားမှုတို့ဖြင့် ရာထူးမှ ဖယ်ရှားခံရကာ နေအိမ်အကျယ်ချုပ် ချထားခြင်းခံခဲ့ရသည်။ ၎င်းအား ၂၀၀၅ ခုနှစ် အတွင်းက ထောင်ဒဏ် ၄၄ နှစ် ကျခံရမည်ဟု စီရင်ချက်ချခဲ့ပြီး နောက်ပိုင်းတွင် မိသားစုဝင်များ အပါအဝင် နေအိမ်အကျယ်ချုပ် ချထားခဲ့ခြင်းဖြစ်သည်။
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten