မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 26 juli 2009

အွန်လိုင်း ငွေပေးချေရေး စနစ် မြန်မာပြည်တွင် စတင် စမ်းသပ်


ကွန်ပျူတာအသင်းတွင် ကျင်းပသည့် e – commerce ဆိုင်ရာ ဟောပြောပွဲ (ဓာတ်ပုံ - ဧရာဝတီ)

Saturday, 25 July 2009 16:01 အေးချမ်းမြေ့
မြန်မာနိုင်ငံတွင် အွန်လိုင်း စီးပွားရေးစနစ် (e – commerce) စတင်နိုင်တော့မည်ဖြစ်ကြောင်း ကွန်ပျူတာ အသင်း၌ လွန်ခဲ့သည့် အပတ်က ကျင်းပသည့် ဟောပြောပွဲတွင် ဘဏ်အရာရှိ တဦးက ပြောသည်။

“မကြာခင်မှာ အွန်လိုင်း ငွေပေးချေရေးစနစ် စတင်နိုင်ပါတော့မယ်။ အခုလည်း အစိုးရနဲ့ ပုဂ္ဂလိက ဘဏ် ကွန်ယက် စနစ် (Banking network) တည်ဆောက်နေပါတယ်”ဟု ယင်း ဟောပြောပွဲတွင် မြဝတီဘဏ် လီမိတက်၏ ဒုတိယ အထွေထွေမန်နေဂျာ ဒေါ်မြတ်စန္ဒာကျော်က ပြောကြားလိုက်သည်။

မြဝတီဘဏ်တွင် ယခုအခါ Semi-online banking operation စနစ်များ စတင်စမ်းသပ်ရန် ကြိုးစား နေပြီ ဟုလည်း ၎င်းက ဆက်ပြောသွား ကြောင်း သိရသည်။

သို့ရာတွင် ကွန်ပျူတာပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက အွန်လိုင်းငွေပေးချေရေးစနစ် စတင်ရန် မလွယ်ကူနိုင်သေးဟု ပြောဆိုနေကြသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ မြဝတီဘဏ်နှင့် နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့က ပြည်တွင်း၌ Credit Card (အကြွေးဝယ်ကတ်) အသုံးပြုနိုင်မည့် စနစ်ကို စတင်စမ်းသပ်နေပြီး ၎င်းကတ်ကို နိုင်ငံတကာတွင် အသုံးပြု နိုင်ခြင်း မရှိသည့်အတွက် Semi-online banking operation ဟု အမည်ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းမှ တာဝန်ရှိသူတဦးဖြစ်သည့် ဦးဇော်ထွဋ်ကမူ“ကျနော်တို့အနေနဲ့ ပြောရရင် အွန်လိုင်းငွေပေးချေရေးစနစ်အတွက် နည်းပညာ လုံခြုံမှု အာမခံချက်တွေ မပေးနိုင်သေးပါဘူး”ဟု ပြောသည်။

မြန်မာပြည်တွင် အွန်လိုင်းစီးပွားရေးစနစ် စတင်နိုင်ရန် Credit Card များ အသုံးမပြုနိုင်မီ ပထမဦးစွာ မိုဘိုင်း ဖုန်းများအသုံးပြု၍ ငွေပေးချေခြင်း (Tele - payment) စနစ်ကိုစမ်းသပ်မည်ဟုလည်း ဦးဇော်ထွဋ်က ဆိုသည်။

ထိုသို့ မိုဘိုင်းဖုန်းများအသုံးပြုကာ ငွေပေးချေရာတွင် ဖုန်း ဘီလ်ပေးပို့သကဲ့သို့ ဝယ်ယူထားသည့် ပစ္စည်းတန်ဖိုး ဘီလ်များကို မြဝတီဘဏ်မှတဆင့် ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“Hot line တခုထားပြီး ဝယ်ယူတဲ့ပစ္စည်းအတွက် ငွေ ချေဖို့ သဘောတူမတူ မေးမြန်းမယ်။ သဘောတူတယ် ဆိုရင် ဖုန်းဘီလ် ပို့သလိုပဲ ဝယ်ယူထားတဲ့ပစ္စည်းအတွက် စလစ် ပို့ပေးမယ်” ဟု ဦးဇော်ထွဋ်က ပြောခဲ့သည်။

ထိုသို့ အွန်လိုင်း စီးပွားရေးစနစ် စတင်နိုင်လျှင် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့နေမှုမှ အတိုင်းအတာ တခုအထိ တွန်းလှန် နိုင်မည်ဖြစ်ကြောင်း အဆိုပါ ဦးဇော်ထွဋ်က ပြောကြားခဲ့သည်ဟု သိရသည်။

“ဒီစနစ် အကောင်အထည်ဖော်နိုင်ရင် တဆင့်ခံမဟုတ်တော့ဘဲ ရောင်းတဲ့၊ ဝယ်တဲ့သူအချင်းချင်း တိုက်ရိုက် ဆက်သွယ်နိုင်မှာဖြစ်လို့ စီးပွားရေးပိတ်ဆို့တာကို အထိုက်အလျှောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ လောလော ဆယ် အာဆီယံဒေသတွင်းနိုင်ငံတွေ ထဲမှာ စမ်းသပ်ကြည့်ပြီးမှ တကမ္ဘာလုံးအဆင့်အထိ သွားဖို့ ကြိုးစားပါမယ်” ဟုသူကဆက်ပြောခဲ့သည်။

အွန်လိုင်း စီးပွားရေးစနစ် ဟောပြောပွဲသို့ တက်ရောက်လာသည့် စီးပွားရေးသမား အများစုကမူ မိုဘိုင်းဖုန်း သုံး၍ ငွေချေရာတွင် ငွေပမာဏတခုကို သတ်မှတ်သင့်ကြောင်း၊ ၎င်းတို့ထံ ပြန်လည်ပေးပို့လာသည့် စလစ်နံပါတ် များနှင့် ပစ္စည်းစာရင်းကို ပြန်လည်တိုက်ဆိုင်စစ်ဆေးရန် အချိန်ပေးသင့်ကြောင်း ပြန်လည်ဆွေးနွေးကြသည်ဟု သိရသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းတွင် ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော အဆိုပါဟောပြောပွဲ၌ အွန်လိုင်း စီးပွားရေးစနစ်နှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာနများမှ တာဝန်ရှိသူ အများ အပြားနှင့် ကွန်ပျူတာပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြောင်း ၎င်းပွဲသို့ တက်ခဲ့သည့် လေ့လာသူ တဦးက ဆိုသည်။

၎င်းဟောပြောပွဲသည် ယခင် နည်းပညာဟောပြောပွဲ များနှင့် မတူဘဲ နိုင်ငံတော်အဆင့် နေပြည်တော်မှ ကျင်းပခိုင်းခြင်းဖြစ်ကြောင်း ကွန်ပျူတာအသင်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ကမ္ဘာ့ဘဏ် အကြံပေးတဦးဖြစ်သူ Myanmar Credent Technology မှ အထွေထွေမန်နေဂျာ ဦးဇော်နိုင် ကလည်း “ပြောင်းလဲတော့မှာပါ။ ပြောင်းလဲရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားဖို့ လိုအပ်တယ်” ဟု ပြောကြားခဲ့ကြောင်းသိရသည်။

Geen opmerkingen: