မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 11 februari 2010

နာဂစ်ဒုက္ခသည်များ အကျပ်အတည်းကြားမှ ရုန်းကန်နေကြရဆဲ

ဝီရ/ ၁၁ ဖေဖော်ဝါရီ ၂ဝ၁ဝ
နာဂစ်မုန်တိုင်းသင့်ဒေသဖြစ်သော ဧရာဝတီတိုင်းတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း လေဘေးသင့်ဒုက္ခသည်အများစုမှာ ရွက်ဖျင်တဲများဖြင့်သာ နေထိုင်ရဆဲဖြစ်ကြောင်း ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အကူအညီပေးရေးအဖွဲ့မှ ဝန်ထမ်းတဦးက ပြောသည်။
၎င်းက “ဧရာဝတီတိုင်းတခုလုံးမှာ စစ်အစိုးရက ကုမ္ပဏီတွေကို အပ်ပြီး ဆောက်ခိုင်းထားတဲ့ အိုးအိမ်က (၃) သောင်းပဲ ရှိသေးတယ်။ နိုင်ငံတကာက ဆောက်ပေးထားတဲ့ အိမ်ပေါင်းက (၃၇,၀၀၀) လုံးပဲ ရှိတယ်။ ဒါကြောင့် အများစုက ရွက်ဖျင်တဲထဲမှာပဲ နေနေကြရတယ်” ဟု ပြောသည်။
နေစရာအိမ်မရှိသည့် မိသားစုများ၊ ကလေးများသည့် မိသားစုများနှင့် အသက်အရွယ်ကြီးရင့်သည့် အိုးအိမ်မဲ့သူများအတွက်သာ နေအိမ်များ ဆောက်ပေးနိုင်သေးကြောင်း၊ လေးဘေးသင့်သူ အိမ်ထောင်စုအားလုံး၏ (၁၀) ရာခိုင်နှုန်းကျော်သာ လုံခြုံသည့် အိုးအိမ်ပိုင်ဆိုင်ကြခြင်းဖြစ်ကြောင်း အဆိုပါ အကူအညီပေးရေးအဖွဲ့မှ ၀န်ထမ်းက ပြောသည်။
နာဂစ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေ အမေရိကန်ဒေါ်လာ (၈၈) သန်းထဲမှ အိုးအိမ်သစ် တည်ဆောက်ရေး အတွက် ဒေါ်လာ (၂) သိန်းခွဲသာ အသုံးပြုခဲ့ကြောင်း အာဆီယံ၊ ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့ ပူးပေါင်းပါဝင်သည့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ ပြီးခဲ့သည့်နိုဝင်ဘာ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
မုန်တိုင်းဒဏ်သင့် ပြည်သူတို့၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်းတို့ ပြန်လည်စတင်ရာတွင် အကြွေးသာ ထပ်တင်နေကြ၍ အထောက်အပံ့များစွာ လိုအပ်နေသေးကြောင်းလည်း လပွတ္တာမြို့နယ် အကူအညီပေးရေးအဖွဲ့မှ ဝန်ထမ်းက ဆက်လက်ပြောကြားသည်။
၎င်းက “စပါးစိုက်သူတွေ ရတဲ့လုပ်ခက တနေ့စာ စားလို့မလောက်ဘူး။ ဒါပေမယ့် အလုပ်အကိုင်က မရှိတော့ လုပ်ငန်းရှင်တွေ ဆီကနေ ငွေချေးပြီး ဆက်လုပ်နေကြရတယ်။ သူတို့လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့အထိ အကူအညီ မရှိကြဘူး။ တချို့ဆို ငွေချေးပြီး တခြားမြို့ရွာတွေဆီမှာ အလုပ်ထွက်လုပ်ကြရတယ်” ဟု ပြောသည်။
နာဂစ်မုန်တိုင်းကြောင့် အိမ်ခြေ (၈) သိန်းခန့် ပျက်စီးဆုံးရှုံးသွားသည့် ဧရာဝတီတိုင်းရှိ (၁၃) မြို့နယ်တွင် နာဂစ် မတိုက်ခတ်မီ အခြေအနေထက် ပိုမိုဆိုးဝါးသော အကျပ်အတည်းဆိုက်နေသည့် အိမ်ထောင်စုပေါင်းမှာ (၈၄) ရာခိုင်နှုန်း ရှိနေသေးကြောင်း သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ ဖေဖော်ဝါရီ (၉) ရက်ထုတ် နောက်ဆုံးအစီရင်ခံစာတွင် ပါရှိသည်။
၂၀၀၈ ခုနှစ် မေလက တိုက်ခတ်သွားသည့် နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ (၁) သိန်း (၄) သောင်းအထိ ရှိခဲ့ပြီး အိုးအိမ်မဲ့သူ (၂) သန်းကျော်ရှိသည်။
(၁၈) လကျော် ကြာမြင့်လာသည့် နာဂစ်ဒေသ ပြန်လည်ထူထောင်ရေး အခြေအနေသည် လယ်ယာမြေ ဆုံးရှုံးခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနောက်ကျခြင်း စသည်တို့ကြောင့် ပကတိအနေအထားသို့ ပြန်လည် ရောက်ရှိရန် စိန်ခေါ်မှုများစွာနှင့် ဆက်လက်ရင်ဆိုင်ရမည့် အလားအလာ ရှိနေကြောင်းလည်း အစီရင်ခံစာတွင် လေ့လာဆန်းစစ် ထားသည်။
“ပြန်လည် ထူထောင်ရေးအပိုင်းမှာ ရှေ့ဆက် တိုးတက်မှုတွေ ရှိလာအောင် ဧရိယာတခုလုံးအတွက်ဆိုရင် ထောက်ပံ့ငွေတွေ ဒီ့ထက်မက လိုအပ်ပါတယ်” ဟု ကုလသမဂ္ဂ လူမှုဖူလုံရေးနှင့် ထောက်ပံ့ရေးအဖွဲ့ (မြန်မာနိုင်ငံ) အကြီးအကဲ မစ္စတာ ဘိုင်စရှိုး ပါရာဂျူလီက ပြောကြားသည်။
အစီရင်ခံစာအရ အိမ်ထောင်စုပေါင်း (၁,၄၀၀) ကို မေးမြန်းခဲ့ရာတွင် (၉၀) ရာခိုင်နှုန်းမှာ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ ရရှိမှုတွင် အခိုက်အတန့် အခြေအနေတခုအထိ အဆင်ပြေလာကြသော်လည်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကူညီရေးတွင်မူ ထောက်ပံ့ငွေ ပမာဏ သိသိသာသာ လျော့နည်းလာသည့်အပေါ် စိုးရိမ်ရကြောင်း ၎င်းက ထောက်ပြထားသည်။
သုံးပွင့်ဆိုင်ဗဟိုအဖွဲ့မှ အာဆီယံအဖွဲ့ အထူးကိုယ်စားလှယ် ဝီလီယံ ဆာဗက်ဒါက “အိမ်ထောင်စု ထက်ဝက်ကျော်က နာလန်ထူ နိုင်ဖို့ ချေးငွေတွေ၊ အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်။ တချို့အိမ်ထောင်စုတွေဆို ပိုင်ဆိုင်သမျှ ထုတ်ရောင်းပြီး အလုပ်မရှိ အကိုင်မရှိနဲ့ အကျပ်အတည်းကြားထဲ ဆက်လက် ရပ်တည်နေရတယ်။ အိုးအိမ်မဲ့တာ၊ ပိုင်ဆိုင်မှုမဲ့တာတွေဟာ နောက်ပိုင်းဆိုရင် ပြဿနာတရပ်လို ထပ်ကြုံရနိုင်တယ်” ဟု ပြောကြားသည်။
နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများကို ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ (၆၉၀) သန်းသုံးစွဲရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာစစ်အစိုးရတို့၏ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့က အလှူရှင်များထံ တင်ပြထားသည်။

Geen opmerkingen: