ဝီရ / ၁၂ ဖေဖော်ဝါရီ ၂ဝ၁ဝ
မြန်မာနိုင်ငံသို့ မကြာမီ ရောက်ရှိလာမည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားအား လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြရန် မြန်မာစစ်အစိုးရ ဝန်ကြီးဌာနအချို့နှင့် ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) တို့က နေပြည်တော်၌ အစည်းအဝေးတရပ်ကို ကျင်းပခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
“ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ဥက္ကဋ္ဌအနေနဲ့ အစည်းအဝေးတက်လာတယ်။ နိုင်ငံတကာက စွပ်စွဲထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို တန်ပြန်ဖြေရှင်းသွားနိုင်ဖို့ ဒီအစည်းအဝေးကို ကျင်းပတာ။ အရင်ဆုံး ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ရောက်လာရင် ကလေးစစ်သား ကိစ္စတို့၊ အလုပ်သမားဆိုင်ရာ အချက်အလက် မေးလာရင် သူတို့ဝန်ကြီးဌာနတွေရဲ့ အစီရင်ခံစာအတိုင်း လိုက်ပြောရမယ်ပေါ့” ဟု ဖေဖော်ဝါရီ (၁၀) ရက်နေ့က ကျင်းပခဲ့သည့် အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူ အန်ဂျီအိုအရာရှိတဦးက ပြောကြားသည်။
အစည်းအဝေးသို့ စစ်ဥပဒေချုပ်အကြီးအကဲများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားဝန်ကြီးဌာနမှ ဒုဝန်ကြီးများ၊ တရားရုံးချုပ်ရှေ့နေများနှင့် ဖိတ်ကြားထားသော UNICEF, ILO, UNHCR,UNDP, IOM စသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းတို့ တက်ရောက်ခဲ့ကြသည်။
အန်ဂျီအိုအရာရှိက “မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုးဝါးဆုံးနိုင်ငံ ဖြစ်နေပေမယ့် အဲဒီအစည်းအဝေးမှာ အန်ဂျီအိုတွေအတွက် ထောက်ပြပြောဆိုဖို့ အခွင့်မရှိခဲ့ဘူး။ ဘယ်လိုပြင်ဆင်သွားဖို့ ဘယ် Issue ကို အရင်ချဉ်းကပ် သွားမလဲဆိုတာ မဆွေးနွေးဘူး။ သူတို့ (စစ်တပ်)မှာ ရှိပြီးသား အချက်အလက်တွေအပေါ်မှာပဲ ဆွေးနွေးသွားတယ်။ ကလေးစစ်သား ပပျောက်ရေးမှာ ဒီကိန်းဂဏန်းတွေအရ ဘယ်လောက်အောင်မြင်နေတယ်။ စွပ်စွဲချက်တွေကို တန်ပြန်နိုင်ဖို့လောက်ပဲ ဆွေးနွေးသွားတာဆိုတော့ အမှန်ဖြစ်ပျက်နေတာနဲ့ လွဲချော်နေတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာမည်ဟုလည်း ဒုတိယ ဝန်ကြီးတဦးက ထိုအစည်းအဝေး၌ ပြောကြားခဲ့သည်။ သို့သော် ကင်တားနား တောင်းဆိုထားသည့် နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် အကျဉ်းထောင် သွားရောက်လည်ပတ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးသွားခြင်း မရှိခဲ့ကြောင်း အဆိုပါ အန်ဂျီအိုအရာရှိက ပြောသည်။
၎င်းက “အခု ကင်တားနားနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မောင်ဦးက ကိုင်တွယ်သွားဖို့ရှိတယ်။ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကင်တားနား တွေ့ရင်လည်း အပေါ်ယံသဘောလောက်ပဲ ဖြစ်မယ်။ ဘာလို့လဲဆိုတော့ နောက်ကွယ်က လူ့အခွင့်အရေးနဲ့ပတ်သက်ရင် ဗိုလ်ချုပ်မောင်ဦးရဲ့ အစီအမံတွေအတိုင်း ဆောင်ရွက်ရတော့မယ်” ဟု ပြောသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ထောင်ဒဏ် ထက်ဝက်လျှော့ချရန် အင်းစိန်ထောင် တရားရုံးသို့ လာရောက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏အမိန့်ကို ဖတ်ကြားခဲ့သူဖြစ်သည်။
ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင်က “အကျဉ်းထောင်တွေကိုတော့ ကင်တားနား သွားနိုင်ရင် ပိုကောင်းတာပေါ့။ အခုလောလောဆယ် ကျန်းမာရေး ချို့တဲ့နေတဲ့ နိုင်ငံရေးအကျဉ်းသား (၁၃၀) လောက် ရှိနေတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုမရှိဘူးလို့ နအဖအနေနဲ့ ငြင်းဆန်နေတာကို သက်သေပြချင်ရင်တော့ ကင်တားနားကို အကျဉ်းထောင်အထိ သွားခွင့်ပြုသင့်တာပေါ့” ဟု ပြောကြားသည်။
မြန်မာစစ်အစိုးရ၏ အစီအစဉ်ဖြင့် လူ့အခွင့်အရေး ကိုယ်စားလှယ်၏ ခရီးစဉ်ကို ဖေဖော်ဝါရီ (၁၅) ရက်နေ့မှ (၁၉) ရက်နေ့အထိ (၅) ရက်အကြာ လာရောက်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို လေ့လာနိုင်ရန် မြန်မာနိုင်ငံသို့ တနှစ် (၂) ကြိမ် ပုံမှန်လာရောက်နိုင်ရန် မြန်မာစစ်အစိုးရနှင့် သဘောတူမှု ရရှိထားကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ကင်တားနား၏ ယခုလာရောက်လည်ပတ်မှုသည် တတိယအကြိမ်မြောက်ဖြစ်သည်။
ကင်တားနားက ၎င်းခရီးစဉ်အတွင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန်လည်း တောင်းဆိုထားသည်။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှု အဆိုးဝါးဆုံး (၁၀) နိုင်ငံတွင် ပါဝင်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက သတ်မှတ်ထားသည်။

Geen opmerkingen:
Een reactie posten