မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 februari 2010

ပြည်ထောင်စု အရသာမရှိဟု လှုပ်ရှားသူများ ပြော

အိမ့်ချယ်ရီ
စနေနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၀၀ နာရီ ၄၁ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်မှန်သည့် ပြည်ထောင်စုစနစ် မြန်မာနိုင်ငံတွင် မရှိကြောင်း ယနေ့ ကျရောက်သည့် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူများက ပြောဆိုလိုက်ကြသည်။
“ကျနော်တို့ မြန်မာပြည် လွတ်လပ်ရေးရကတည်းက ပြည်ထောင်စုနေ့ဆိုတာ ဖြစ်လာတာပါ။ ဒါပေမဲ့ ပြည်ထောင်စုနေ့ရဲ့ အနှစ်သာရကို တကယ့်အစစ်အမှန် မရရှိသေးပါဘူး။ တိုင်းရင်းသား ညီအကိုတွေ၊ ခေါင်းဆောင်တွေ ပါဝင်ပြီးတော့မှ အသက်ချွေးတွေနဲ့ ယူခဲ့တဲ့ လတ်လတ်ဆတ်ဆတ် အရသာဆိုတာလည်း ဒီနေ့အထိ ဘာမှ မရှိသေးဘူး” ဟု ရခိုင်အမျိုးသားကောင်စီ ANC ဒုဥက္ကဋ္ဌ ဦးမောင်လူကြီးက ပြောသည်။
တိုင်းပြည်ငြိမ်းချမ်းရေးအတွက် စစ်မှန်သည့် ပြည်ထောင်စုစနစ် တည်ရှိရန် လိုအပ်ကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ် ဖြစ်ပေါ်လာစေရန် တန်းတူအခွင့်အရေး လိုအပ်ကြောင်း အခမ်းအနားတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ABSL ဥက္ကဋ္ဌ ဦးကျော်သန်းက ပြောကြားခဲ့သည်။
“အပေါ်အင်္ကျီတောင် မဝတ်နိုင်ဘဲနဲ့ နေရတဲ့ တိုင်းရင်းသူတွေ အများကြီး ရှိပါတယ်။ ဒါတွေဟာ တကယ်ခက်ခဲလို့ ဖြစ်တယ်။ အခုလက်ရှိလည်း ရှိနေတုန်းပဲ။ ဒီလိုရှိနေပြီး စစ်အစိုးရက ပြည်ထောင်စုနေ့ မျိုးချစ်စိတ်ဓာတ်တွေ ပြောနေတာဟာ တကယ်ပဲ ရွံမုန်းဖို့ ကောင်းပါတယ်” ဟု ဦးကျော်သန်းက မဇ္ဈိမကို ပြောသည်။
တိုင်းပြည်၌ ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေးနှင့် စစ်ရေး ပြဿနာများ ဖြေရှင်းနိုင်ရန်အတွက် မြန်မာပြည်တွင် မှီတင်းနေထိုင်သည့် လူမျိုးစုံ ညီညွတ်ရေးပေါ်တွင် မူတည်နေကြောင်းနှင့် စစ်အစိုးရက အဓမ္မ ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသားများ လူမျိုးများ အခွင့်အရေး မဖော်ဆောင်နိုင်သည့်အပြင် သွေးခွဲရာပင် ရောက်နေကြောင်း အခမ်းအနား တက်ရောက်သူများက ဝေဖန်သုံးသပ်ကြသည်။
“အခုလက်ရှိ မြန်မာပြည်ကြီးဟာ အင်မတန်ကိုမှ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲဟာလည်း ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေကို အကောင်အထည် ဖော်သွားမှာဖြစ်လို့ တိုင်းရင်းသားတွေအတွက် ဘာမှ အကျိုးအမြတ် မရှိတဲ့အပြင် တိုင်းရင်းသားတွေကို သွေးခွဲမှု၊ ရိုးရာပပျောက်မှု၊ နယ်မြေဒေသ ပပျောက်မှုတွေ လက်ရှိမှာလည်း ရှိနေတယ်လေ” ဟု ရွှေဝါရောင်ကျောင်းတိုက်မှ ဆရာတော် ဦးပညာဇောတက မိန့်ဆိုသည်။
ထို့ပြင် အခမ်းအနား တက်ရောက်သူများက စစ်မှန်သော ပြည်ထောင်စုစနစ်ကို ဖော်ဆောင်နိုင်စွမ်းမရှိသည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို အပြင်းအထန် ဆန့်ကျင်သွားရန်လည်း တိုက်တွန်းခဲ့ကြသည်။

Geen opmerkingen: