မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 15 februari 2010

ဦးကောသလ္လ၏ မဲဆောက်တရားပွဲ ပရိသတ် သောင်းကျော်

Monday, 15 February 2010 17:25 ဘစောတင်
.ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နိုင်ငံကျော် ဓမ္မကထိက ဓမ္မစေတီ ဆရာတော် ဘဒ္ဒန္တ ကောသလ္လ တရားဓမ္မ ဟောကြား သွားခဲ့ရာ ပထမနေ့ ဖြစ်သော ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် မြန်မာတရားနာ ပရိသတ် ၁ သောင်းကျော် လာရောက် နာကြားသည်ဟု သိရသည်။
မဲဆောက်မြို့ ပထမနေ့ တရားပွဲတွင် ဟောကြားရန် ဓမ္မစေတီ ဆရာတော် ဘဒ္ဒန္တ ကောသလ္လ ကြွလာစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“ဒါတောင် လာချင်တဲ့ လူတိုင်းကို သွားမကြိုနိုင်ဘူးလေ။ ဆရာတော်က လူငယ်တွေ၊ အလုပ်သမားတွေ အတွက် ထေရ၀ါဒ ဗုဒ္ဓဘာသာကောင်း တယောက်ပီပီ နေတတ်ထိုင်တတ်ဖို့၊ တိုးတက်ရာ တိုးတက်ကြောင်း ဗဟုသုတတွေကို အသားပေးဟောသွားပါတယ်” ဟု တရားနာ တရားပွဲစီစဉ်ရာတွင် ပါဝင်သူ တဦးက ဆိုသည်။
သူတပါး တိုင်းပြည်တွင် လာရောက် အလုပ်လုပ်ကိုင်နေကြသော လူငယ်၊ လူရွယ်များ ဘာသာရေး ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အဆိုပါ တရားပွဲကို ကျင်းပ ပေးခြင်းဖြစ်ကြောင်း စီစဉ်သူများထဲမှ တဦး ဖြစ်သူ ဆရာပုက ဧရာဝတီသို့ ပြောသည်။ ဆရာပုသည် မဲဆောက်မြို့ရှိ ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူ တဦးလည်း ဖြစ်သည်။
ဆရာတော် ဘဒ္ဒန္တ ကောသလ္လသည် မြန်မာနိုင်ငံအနှံ့ အပြားနှင့် နိုင်ငံတကာသို့ လှည့်လည်ကာ တရား ဟောပြောသည့် ဓမ္မကထိက တဦးဖြစ်သည်။ ယခုတရားပွဲကို မြ၀တီမြို့မှတဆင့် လာရောက် ဟောပြော ခြင်းဖြစ်သည်။ မဲဆောက်မြို့တွင် နေ့လယ်ပိုင်း၌ တရားဟောပြီး မြ၀တီ သို့ ပြန်ကြွကာ ကျိန်းစက်သည်ဟု သိရသည်။
ဆရာတော်ကို ထိုင်းနိုင်ငံ ဘက်ခြမ်းမှ ဒကာ၊ ဒကာမများက မယ်တော်ကမ်းနဖူးသို့ ဓမ္မစကြာကား၂ စီးဖြင့် သွားရောက် ပင့်ဆောင်ကာ မဲဆောက်မြို့အနှံ့ လှည့်လည် အပူဇော်ခံခဲ့သည်ဟုလည်း သိရသည်။
“ရန်သူမျိုး ငါးပါးထဲမှာ မီးဘေး မင်းဘေး ဆိုတာ ပါပါတယ်။ ဒီမှာတော့ မီးမပြတ်လို့ မီးဘေးက လွတ်တယ်လို့ ပြောရင် ရပါတယ်” ဟု ဆရာတော်က ထည့်သွင်း ဟောကြားခဲ့ကြောင်း သိရသည်။
တရားပွဲအတွက် ထိုင်းအာဏာပိုင်များကိုပါ တရားဝင်အကြောင်းကြားပြီး ကျင်းပခဲ့သောကြောင့် အဖမ်းအဆီး မရှိဘဲ ငြိမ်းချမ်းစွာ တရားနာခွင့် ရကြသည်ဟု သိရသည်။ ဆရာတော်သည် ယနေ့ နေ့လယ်ပိုင်းတွင်လည်း ဒုတိယနေ့အဖြစ် ဆက်လက်ဟောပြောမည် ဖြစ်သည်။
အဆိုပါ တရားပွဲသည် “မဲဆောက်မြို့ဈေးမိသားစုနှင့် ကုသိုလ်တော် ဆန်လှူအသင်း” ၏ ပထမအကြိမ် ကျင်းပသော တရားပွဲဖြစ်သည်။
ပထမနေ့ တရားပွဲတွင် ရေစက်ချ အလှူငွေ ထိုင်းဘတ် ၇ သောင်းကျော် (ကျပ် ၂၁ သိန်းကျော်) နှင့် မြန်မာကျပ်ငွေ ၈သောင်းကျော် ရသည်ဟု ဆရာပုက ပြောသည်။
မဲဆောက်မြို့တွင် သိန်းနှင့်ချီသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်လျက်ရှိသည်။

Geen opmerkingen: