Wednesday, 10 February 2010 19:44 သန်းထိုက်ဦး
.လစာ တိုးမြှင့်ပေးရန် ဆန္ဒပြနေသည့် ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်ရှိ အလုပ်သမား များသည် လစာ ကျပ် ၅၀၀၀ (၅ ဒေါ်လာ) တိုးပေးမည် ဟူသော အလုပ်ရှင်၏ သဘောတူညီမှုဖြင့် ဆန္ဒပြမှုကို ယနေ့ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။
တိုင်ရီ ဖိနပ်စက်ရုံ နှင့် အခြား အထည်ချုပ်စက်ရုံ ၂ ရုံတို့မှ အလုပ်သမား ၁၅၀၀ ခန့်က လစာတိုးပေးရေး၊ အလုပ်ချိန် လျှော့ပေးရေး၊ အလုပ်သမားများ စားသောက်နေထိုင်သည့် နေရာများ သန့်ရှင်းရေး တို့အတွက် တနင်္လာနေ့မှ စတင်၍ စက်ရုံတွင် ထိုင်သပိတ်မှောက် ခဲ့ကြခြင်း ဖြစ်သည်။
“စက်ရုံတွေကနေပြီးတော့ လစာ တသောင်း တိုးတောင်းတာကို ၅၀၀၀ နဲ့ ညှိပေးလိုက်တယ်၊ ဒီလောက်နဲ့ပဲ နှစ်သိမ့်ပြီးတော့ ကျေအေးလိုက်ရတယ်” ဟု အလုပ်သမားများနှင့် နီးစပ်သူ တဦးက ပြောသည်။
အလုပ်သမားများ သပိတ်မှောက်သည့် နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိသွားသော်လည်း အင်အားသုံးပြီး ဖြိုခွင်းသည့်သတင်းများ ထွက်ပေါ်လာခြင်း မရှိပေ။
စက်ရုံများအနီး၌ အာဏာပိုင်တို့က လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဆက်လက် ချထားကြောင်း ရန်ကုန်မြို့မှ စာနယ်ဇင်းသမားတဦးက ပြောသည်။
မြန်မာနိုင်ငံတွင် စက်ရုံ အလုပ်သမား တဦးလျှင် လစာ ကျပ် ၂ သောင်း မှ ၄ သောင်းအထိသာ ရရှိကြောင်း၊ အလုပ်သမားများက စားဝတ်နေရေး ခက်ခဲမှု ရှိသောကြောင့် အချိန်ပို အလုပ်ဆင်းကြရကြောင်း သိရသည်။
ရန်ကုန်တွင် အလုပ်သမားတို့၏ အခွင့်အရေး တောင်းဆိုမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိသည်ဟု ရန်ကုန်မြို့မှ ကျူရှင်ဆရာတဦးက ပြောသည်။
“ဒါကတော့ မကြာခဏ ဖြစ်နေတာပဲ၊ အလုပ်သမားတွေကလည်း သူတို့ ရပိုင်ခွင့်အတွက် စောဒက တက်ကြတာပေါ့၊ ပြေလည်သွားတယ် ဆိုတာ မရှိသလောက်ပါပဲ” ဟု ၎င်းက ပြောသည်။
ဇန်န၀ါရီလဆန်းပိုင်းကလည်း လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတရုံမှ အလုပ်သမား ၁၀၀ ခန့်သည် ၎င်းတို့ ရပိုင်ခွင့်များကို ဆန္ဒပြတောင်းဆိုခဲ့သေးသည်။ ယင်း စက်ရုံတွင် အလုပ်သမား စုစုပေါင်း ၂၃၀ ခန့်ရှိပြီး အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။
Geen opmerkingen:
Een reactie posten