မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 februari 2010

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ကင်တာနာ မျှော်လင့်

Friday, 12 February 2010 18:18 ရန်ပိုင်
.ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာသည် လာမည့် တနလာင်္နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဟု ယမန်နေ့က ထုတ်ပြန်သည့် ကုလသမဂ္ဂ သတင်း တပုဒ်တွင် ရေးသားထားသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာ
မစ္စတာကင်တာနာ အနေဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေဆုံနိုင်ရန် မျှော်လင့်ကြောင်း မစ္စတာ ကင်တာနာက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့တော့ တောင်းဆို ထားတယ်၊ အစိုးရက ခွင့်ပေးလိမ့်မယ် လို့လည်း ထင်တယ်”ဟု ၎င်းက ဆိုသည်။
ယခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် မြန်မာပြည်သူများ အတွက် အရေး ကြီးကြောင်း၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရရှိရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ အစီအစဉ်နှင့် ပတ်သက်၍ စစ်အစိုးရ ခေါင်းဆောင်များ နှင့် တွေ့ဆုံ ဆွေးနွေး ရန်ရှိ ကြောင်းသိရသည်။
စစ်အစိုးရ၏ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အဓိက အချက်လေးချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ပြန်လည် သုံးသပ်၍ ကုလသမဂ္ဂတွင် အစီအရင်ခံမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းအချက် လေးချက်မှာ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ နိုင်ငံတကာ စံချိန်စံညွန်းများနှင့် မကိုက်ညီသည့် ဥပဒေများကို ပြင်ဆင်ပေးရန်၊ တရားစီရင်ရေးတွင် လွတ်လပ်မှုနှင့် တရားမျှတမှုရှိရန်၊ ပဋိပက္ခ ဖြစ်ပွားနေသည့် နယ်မြေများနှင့် တခြားသော အရပ်သား ပြည်သူများအပေါ် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်နေမှု များကြောင့် ပြုပြင် ပြောင်းလဲမှုများ လုပ်ရန် တို့ဖြစ်သည်။
မစ္စတာ ကင်တာနာသည် မြန်မာနိုင်ငံ၌ ငါးရက်ကြာ နေထိုင်မည်ဖြစ်ပြီး၊ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့သွားရောက်ပြီး လူ့အ ခွင့်အရေး အခြေအနေများကိုလည်း လေ့လာမည်ဟု သိရသည်။
မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနာသည် ၂၀၀၈ ခုနှစ် သြဂုတ်လ၊ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတို့တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။
စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေပြီး ဝေးလံသည့် နယ်စပ် ဒေသရှိ အကျဉ်း ထောင်အသီးသီးသို့ ပို့ဆောင်ထားကြောင်း၊ မိသားစုအနေဖြင့် သွားလာရေးခက်ခဲပြီး သွားရောက်တွေ့ဆုံနိုင်ခြင်း မရှိသည့် အတွက် ၎င်းတို့ ကျန်းမာရေးကို စိုးရိမ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး၏ညီ ကိုအောင်ထွန်းက ပြောသည်။
“မသွားနိုင်တာ ၁ နှစ်ကျော်ပြီ၊ စာပဲ အဆက်အသွယ်ရှိတယ်၊ငွေပို့တာနဲ့ ပါဆယ်ပို့တာနဲ့ပဲ လုပ်နေရတယ်”ဟု ၎င်းကဆိုသည်။
ကိုကိုကြီးတွင် အသည်းရောင်အသားဝါ ဘီပိုးနှင့် အစာအိမ်ရောဂါ ရှိကြောင်း၊ အိမ်မှ တလလျှင် ငွေကျပ် ၁သိန်းပို့ရကြောင်း၊ ထိုငွေကို ထောင်အာဏာပိုင်များ ထံတွင် အပ်နှံထားရပြီး လိုအပ်သည်များကို ၀ယ်ယူရန် ငွေထုတ်သည့်အချိန်တွင် ၂၀ရာခိုင်နှုန်း အာဏာပိုင်များကို ပေးရကြောင်း ကိုအောင်ထွန်းကပြောသည်။
မကြာသေးမီကလည်း အင်းစိန်ထောင်တွင် အပြစ်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား လှိုင်သာယာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးတင်ယုကို ကျန်းမာရေးမကောင်း၍ ဆေးကုသမှု ခံယူနေရသည်ကြားမှ ဝေးလံသည့် စစ်ကိုင်းတိုင်း ခန္တီး ထောင်သို့ပြောင်းရွှေ့ခဲ့သည်။
ယမန်နေ့က ထုတ်ဝေသည့် The Economist မဂ္ဂဇင်း၏ အင်တာနက် သတင်းစာမျက်နှာ တွင်လည်း ရခိုင်အမျိုးသား ၂ ဦးဖြစ်သည့် ခိုင်မိုးကျော်နှင့် ထွန်းလင်းကျော် တို့ကိုလည်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်းပြီးနောက် သွားရောက် သတင်းယူခဲ့သည့် နိုင်ငံခြားသား သတင်းထောက် တဦးကို ကူညီမှုဖြင့် အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးထားကြောင်း ရေးသားထားသည်။
၎င်းတို့နှစ်ဦးစလုံး ကျန်းမာရေး အခြေအနေမှာ ဆိုးရွားနေကြောင်း၊မသန့်ရှင်းသော အစားအသောက်များကို ကျွေးမွေးပြီး ထောင် အာဏာပိုင်တို့၏ လူမဆန်စွာ ဆက်ဆံခြင်းကိုလည်း ခံရကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်အစည်း အရုံး(AASYC) မှ လူငယ် ၁၃ဦးနှင့် အမေရိကန်နိုင်ငံသား မြန်မာလူမျိုး ညီညီအောင် (ခ) ကျော်ဇော်လွင်တို့အား ဖမ်းဆီးခဲ့သည်။
နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)တွဲဖက်အတွင်းရေးမှူး ကိုဘို ကြည်ကမစ္စတာကင်တားနာ မြန်မာနိုင်ငံသို့သွားရောက်ရန် ကြိုးစားနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ခရီးစဉ်တွင် လူ့အခွင့်အရေးချိုး ဖောက် မှုများရှိနေသည့် နေရာဒေသအများသို့ သွားရောက်ပြီး ဒေသခံများနှင့် လွတ်လပ်စွာပြောဆိုခွင့် ရရှိရေးသည် အရေးကြီးကြောင်း၊ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများနှင့် သွားရောက်တွေ့ဆုံနိုင်မှသာ ကုလသမဂ္ဂတွင် အခြေအနေမှန် များကို တင်ပြ နိုင်မည်ဖြစ်ကြောင်း ဝေဖန်သုံးသပ်သည်။
မြန်မာနိုင်ငံအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၁၉၅ ဦးရှိပြီး ၁၂၈ ဦးမှာ ကျန်းမာရေးဆိုးရွားနေကြောင်း (AAPP) အဖွဲ့မှ ထုတ်ပြန်သည့် အစီအရင်ခံစာများအရသိရသည်။

Geen opmerkingen: