Tuesday, 16 February 2010 16:58 ဇာနည်မာန်
.မန္တလေးမြို့မှ ထင်ရှားသည့် နိုင်ငံရေးသမား ဒေါ်ဝင်းမြမြ၏ သိန်း ၅၀၀ ကျော်တန် ဆိုင်ခန်းကို အာဏာပိုင်တို့က သိမ်းပိုက်ထားပြီး ဗုဒ္ဓဟူးနေ့တွင် လေလံတင် ရောင်းချရန် ပြင်ဆင်နေသဖြင့် ကန့်ကွက် ထားသည်ဟု အစ်ကိုဖြစ်သူ ဦးဘစိုးက ဧရာဝတီကို ပြောသည်။
လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ရန်ကုန်မြို့ NLD ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ တွေ့ရသော ဒေါ်ဝင်းမြမြ
မန္တလေးဈေးချို မြေညီထပ်ရှိ အဆိုပါ အထည်ဆိုင် လေလံတင်မည့် ကြော်ငြာကို မြို့တော် စည်ပင် သာယာရေး ကော်မတီက ဖေဖော်ဝါရီ ၁၁ ရက်နေ့ထုတ် မန္တလေး သတင်းစာတွင် ထည့်သွင်းခဲ့သည်ဟု ဆိုသည်။
“ဆိုင်းငံ့ ပယ်ဖျက်ပေးဖို့ ကန့်ကွက်စာ တင်တယ်။ ဦးတို့ အတူနေ မောင်နှမတွေက အသက်တွေ ကလည်း ရလာပြီ၊ ဒီဆိုင်ခန်း ကလည်း ပြန်မရသေးတော့ ၀င်ငွေ အခက်အခဲ ရှိတာပေါ့လေ” ဟု ဒေါ်ဝင်းမြမြ၏ အစ်ကို ဦးဘစိုးက ပြောသည်။
အာဏာပိုင်များက မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြမြ၏ မိသားစုပိုင် အထည်ဆိုင်ကို ၂၀၀၇ ခုနှစ် ဇွန်လမှ စတင်၍ ချိတ်ပိတ်ခဲ့သည်။ ဆိုင်အတွင်းပိုင်း တနေရာတွင် ၁၈ နှစ်ကြာ ကပ်ထားသည့် NLD အလံငယ်တခုကို အကြောင်းပြုပြီး ချိတ်ပိတ်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်ဝင်းမြမြ နှင့် မိသားစုဝင်များမှာ NLD အဖွဲ့ဝင်များ ဖြစ်သည့်အတွက် အာဏာပိုင်တို့က ဆိုင်ခန်း သိမ်းဆည်းပြီး လေလံတင် ရောင်းချလိုခြင်း ဖြစ်နိုင်သည်ဟု ဦးဘစိုးက သုံးသပ်သည်။
ကန့်ကွက်စာနှင့် ပတ်သက်ပြီး မန္တလေး စည်ပင်ထံမှ တစုံတရာ ပြန်ကြားချက် မရသေးကြောင်း၊ ဆိုင်ခန်း ဆုံးရှုံးမည်ကို စိုးရိမ် ပူပန်နေကြောင်း၊ နိုင်ငံရေး တည်ငြိမ်လာချိန်တွင် ဆိုင်ခန်း ပြန်လည် ရရှိမည်ဟု မျှော်လင့်ထားကြောင်း ဦးဘစိုးက ပြောသည်။
အာဏာပိုင်တို့က ဆိုင်ကို ချိတ်ပိတ်ပြီး မကြာမီတွင် ဒေါ်ဝင်းမြမြကို ထိန်းသိမ်းလိုက်သည်။ ယခုအခါ ဒေါ်ဝင်းမြမြသည် ကချင်ပြည်နယ် ပူတာအိုမြို့ အကျဉ်းထောင်တွင် ထောင်ဒဏ် ၈ နှစ် ကျခံနေရသည်။

Geen opmerkingen:
Een reactie posten