NEJ/ ၁၅ အောက်တိုဘာ ၂၀၀၉
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် (၆) ဦးနှင့် ဥရောပသမဂ္ဂ (အီးယူ) မှ ကိုယ်စားလှယ် (၂၀) ခန့်ပါဝင်သည့် ဥရောပသံတမန်အဖွဲ့တို့ ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်၌ တွေ့ဆုံခဲ့ကြသည်။
အီးယူကိုယ်စားပြု ဥရောပသံတမန်အဖွဲ့တွင် ထိုင်းနိုင်ငံအခြေစိုက် ဆွီဒင်၊ နော်ဝေး၊ စပိန် စသည့်သံရုံးများနှင့် ပြည်တွင်းအခြေစိုက် ဂျာမဏီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ စသည့်သံရုံးများမှ သံအမတ်များနှင့် သံအရာရှိတို့ပါဝင်ပြီး အန်အယ်လ်ဒီမှ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေနှင့် ဦးဝင်းတင်တို့ပါဝင်ကာ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တဦးဖြစ်သည့် ဦးသန်းထွန်းက “အဓိကကတော့ လက်ရှိဗမာပြည် အခြေအနေရော၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဆန်ရှင်နဲ့ပတ်သက်ပြီး သူလေ့လာနေတာတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလျှော့နိုင်မလဲ၊ ဘာလဲဆိုတာကို အန်ကယ်တို့ ဘယ်လိုသိသလဲလို့ မေးတာပါ” ဟု ပြောသည်။
ဥရောပ သံတမန်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရေးအတွက် အန်အယ်လ်ဒီနှင့် နအဖစစ်အစိုးရ အဆင်ပြေစေရန် လိုလားသည့်အကြောင်း ပြောကြားခဲ့ပြီး အန်အယ်လ်ဒီဘက်မှ ဆန်ရှင်ကိစ္စ တွေ့ဆုံဆွေးနွေးမှုမှတဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်သွားစေရန် လိုလားကြောင်း တင်ပြခဲ့သည်ဟု ဦးသန်းထွန်းက ပြောသည်။
၎င်းက “ဆန်ရှင်နဲ့ပတ်သက်လို့ကတော့ အန်အယ်လ်ဒီက လုပ်ထားတဲ့ ဆန်ရှင်မဟုတ်ဘူးလေ။ အခု အမေရိကန် ပေါ်လစီ ပြောင်းတာနဲ့ပတ်သက်လို့ အမေရိကန်ကလည်း ဆန်ရှင်က ဒီတိုင်းထားမယ်၊ ဆက်ဆံရေးကို ပိုမိုတိုးချဲ့ပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ အတိုင်းပေါ့လေ။ သူတို့ဆက်ဆံရေးကောင်းလို့ တိုးတက်လာတာနဲ့အမျှ ဆန်ရှင်ကလည်း သူ့ဖာသာလျှော့သွားမယ်လို့ အန်ကယ်တို့ အဲလိုယူဆတယ်” ဟု ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍မူ အန်အယ်လ်ဒီအနေဖြင့် ရွှေဂုံတိုင်ကြေညာချက်တွင် တောင်းဆိုထားသည့်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ဦးသန်းထွန်းက ပြောသည်။
ရွှေဂုံတိုင်ကြေညာစာတန်းတွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးနှင့် နိုင်ငံတကာကွပ်ကဲမှုရှိသည့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးရေးတို့ကို တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောပါက အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် စဉ်းစားမည်ဟု တင်ပြထားသည်။
ယခုကဲ့သို့ အီးယူသံတမန်များက တွေ့ဆုံမေးမြန်းလာမှုနှင့်ပတ်သက်၍ ဦးသန်းထွန်းက “အီးယူအနေနဲ့ကတော့ အစိုးရကရော၊ အန်အယ်လ်ဒီဘက်ကရော လျှော့စေချင်တယ်ဆိုတဲ့ သဘောမျိုးပါပဲ။ နှစ်ဖက်ကြေလည်အောင် ဖြစ်စေချင်တယ်ဆိုတဲ့ သဘောမျိုးရှိပုံရတယ်” ဟု ပြောသည်။
အီးယူသံတမန်များနှင့် တွေ့ဆုံရာတွင်ပါဝင်သူ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ရွှေဂုံတိုင်ကြေညာချက်ပါ အချက် (၃) ချက်နှင့်ပတ်သက်၍ “ကျနော်သုံးတဲ့စကားကတော့ ဒီ (၃) ချက် မရရင် ကျနော်တို့က ရွေးကောက်ပွဲ မ၀င်ဘူးလို့ပြောတယ်ပေါ့ဗျာ။ ကျနော့်အပြောပေါ့” ဟု ပြန်လည်ရှင်းပြသည်။
၎င်းကဆက်လက်ပြီး “နောက်တခုက အခုလို တောင်းဆိုနေတဲ့ကိစ္စတွေပေါ့ဗျာ။ အခြေခံဥပဒေပြင်ဖို့တို့ ဆိုတာဟာ power sharing လုပ်ဖို့လားဆိုတာတွေ သူတို့က မေးတယ်။ ကျနော်တို့က ဘယ်လိုပြောသလဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ထောက်ထားသောအားဖြင့်ဆိုရင် power sharing ဆိုတာ လုံးဝမရှိဘူး။ ဒါ့အပြင် အခုတောင်းဆိုနေတဲ့ဟာက power sharing ကိစ္စမဟုတ်ဘူး။ ကျနော်တို့တောင်းဆိုနေတာ ဒီမိုကရေစီပြောင်းလဲရေးကိစ္စတွေကို အထောက်အကူဖြစ်စေမယ့် သို့မဟုတ်လည်း ဒီမိုကရေစီနဲ့ဆန့်ကျင်နေတဲ့ အခြေခံဥပဒေအထဲမှာ ပါဝင်တဲ့အချက်တွေကို ပြင်ဆင်ပြောင်းလဲဖို့ကိုသာ တောင်းဆိုနေတာလို့ ကျနော်တို့ဖြေတာပေါ့ဗျာ” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ထို့အပြင် အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် ပေါ်လစီသစ်ပြောင်းလဲမှုတွင် sanction ချမှတ်မှုနှင့်အတူ တိုက်ရိုက်စကားပြောဆို ဆွေးနွေးမှုများ လုပ်သွားမည်ဆိုရာတွင် စစ်အစိုးရနှင့် ဆက်ဆံရေးလုပ်သကဲ့သို့ အတိုက်အခံ အင်အားစုများနှင့်လည်း ဆက်ဆံပြောဆိုမှုများလုပ်ရန် လိုအပ်သကဲ့သို့ စစ်အစိုးရနှင့် အတိုက်အခံအင်အားစုများကြား ဆက်ဆံမှုများ လုပ်နိုင်ရန်အတွက်လည်း ဥရောပသံတမန်များအနေဖြင့် ၀ိုင်းဝန်းတိုက်တွန်း ဖိအားပေးကြရန် ပြောကြားခဲ့သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။
donderdag 15 oktober 2009
အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို အမှုစွဲတင်
မင်းနိုင်သူ / ၁၅ အောက်တိုဘာ ၂၀၀၉
ဘန်ကောက်မြန်မာသံရုံး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို နအဖစစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ယမန်နေ့က အင်းစိန်ထောင်တရားရုံးတွင် အမှုစွဲတင်လိုက်ပြီဖြစ်သည်။
ကိုညီညီအောင်အတွက် အမှုလိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဦးဉာဏ်ဝင်းက “ဒီနေ့ အမှုကို ရုံးတင်လိုက်ပါပြီ။ သူ့ကို စွဲဆိုထားတာက လိမ်လည်မှုပုဒ်မ (၄၂၀) နဲ့ စာရွက်စာတမ်းအတု အသုံးပြုမှု ပုဒ်မ (၄၆၈) တွေနဲ့ စွဲထားတာပါ။ သတင်းစာမှာ သူတို့ရေးထားတဲ့ဟာတွေနဲ့ အခုတင်တာနဲ့တော့ ဘာမှမဆိုင်ပါဘူး။ အခုတင်တဲ့အမှုနဲ့ ပတ်သက်ပြီးတော့လည်း ကိုညီညီအောင်က ဒီစာရွက်စာတမ်းတွေကို သူမသိဘူးတဲ့။ တခါမှလည်း မသုံးဖူးဘူးတဲ့။ သူလည်းမလုပ်ဘူးတဲ့။ အဲလိုပြောပါတယ်” ဟု ပြောသည်။
အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူ ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်သည် ၂၀၀၉ ခုနှစ် စက်တင်ဘာ (၃) ရက်တွင် ဘန်ကောက်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လာစဉ် လေယာဉ်ကွင်း၌ ဖမ်းဆီးခံခဲ့ရသည်။
မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ဆိုသည်ကို အတိအကျ ဖော်ပြခြင်းမရှိသော်လည်း ကိုညီညီအောင်သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာမှ ၂၀၀၉ ခုနှစ် စက်တင်ဘာအတွင်း (၈) ကြိမ်အထိ မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံကာ သတင်းဖလှယ်ခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ဖောက်ခွဲဖျက်ဆီးရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်း တာဝန်မကင်းဟု စက်တင်ဘာ (၂၄) ရက်ထုတ် စစ်အစိုးရသတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။
ကိုညီညီအောင်အပေါ် စွဲဆိုထားသည့် စွဲချက်ကို မင်္ဂလာဒုံမြို့နယ်တရားရုံးက လက်ခံကြားနာခြင်း ဖြစ်သော်လည်း တရားခွင်ကိုမူ အင်းစိန်ထောင်အထူးတရားရုံးအတွင်းသာ ပြုလုပ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့က ကိုညီညီအောင်၏ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
“ဒီနေ့ အမှုစွဲတင်တာပဲ ရှိပါသေးတယ်။ သက်သေတွေဘာတွေ စစ်တာမရှိသေးပါဘူး။ နောက်ရုံးချိန်းကို (၂၃) ရက်နေ့ ပေးလိုက်ပါတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
ကိုညီညီအောင်သည် ၁၉၈၈ အရေးအခင်းတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရဖူးသော နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ကာ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းတင်သည် ၂၀၀၇ ခုနှစ် စက်တင်ဘာသံဃာ့အရေး အခင်းအပြီးတွင် ထောင်ဒဏ် (၅) နှစ်ချမှတ်ခံထားရပြီး ၀မ်းကွဲညီမ မသက်သက်အောင်မှာ နှစ်ရှည်ထောင်ဒဏ် (၆၅) နှစ် ချခံထားရသည်။
Labels:
ခေတ်ပြိုင် မှ
မြန်မာအဆိုတော်များ မဲဆောက်တွင် သီဆိုဖျော်ဖြေမည်
ရဲရင့် / ၁၅ အောက်တိုဘာ ၂၀၀၉
မဲဆောက်မြို့တွင် ပြုလုပ်မည့် ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင်နှင့် လွိုင်ကထုံမီးမျှောပွဲတွင် မြန်မာနိုင်ငံမှ နာမည်ရ ရုပ်ရှင်သရုပ်ဆောင်နှင့်အဆိုတော်များ လာရောက်သီဆို ဖျော်ဖြေမည်ဟု သိရသည်။
ပွဲစီစဉ်သူ ကိုထိုက်က “ဒီအဆိုတော်တွေဟာ ရန်ကုန်ကနေ တရားဝင် လာရောက်မှာဖြစ်တယ်။ ပွဲကျင်းပဖို့အတွက် ဒေသခံအာဏာပိုင်တွေနဲ့ ညှိနှိုင်းထားပြီးဖြစ်တယ်” ဟု ပြောသည်။
လာရောက်သီဆိုဖျော်ဖြေမည့်သူများမှာ ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော်နောနော်နှင့် အယ်လ်ဆိုင်းဇီတို့ဖြစ်ပြီး နိုဝင်ဘာလ (၁) ရက် တန်ဆောင်မုန်းလပြည့်ညတွင် ဖျော်ဖြေတင်ဆက်မည်ဟု သိရသည်။
မယ်တော်ဆေးခန်းအနီးရှိ စင်မြင့်တွင် ည (၈) နာရီခွဲမှ (၁၁) နာရီခွဲအထိ သီဆိုဖျော်ဖြေမည်ဖြစ်ပြီး ၀င်ကြေးမှာ လက်မှတ်တစောင်လျှင် ဘတ် (၆၀)၊ ဘတ် (၈၀) နှင့် အထူးတန်းမှာ ဘတ် (၂၀၀) သတ်မှတ်ထားသည်။
အဆိုပါဂီတ ဖျော်ဖြေပွဲအပြင် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားထိပ် ထိုင်းဘက်ခြမ်းတွင် ထိုင်း-မြန်မာချစ်ကြည်ရေး မယ်ရွေးပွဲ၊ လက်ဝှေ့ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲများလည်း ကျင်းပပြုလုပ်မည်ဟု သိရသည်။
Labels:
ခေတ်ပြိုင် မှ
ကေအိုင်အိုခေါင်းဆောင် မန္တလေးဆေးရုံတွင် ကုသမူခံယူ
ခိုင်လင်း / ၁၅ အောက်တိုဘာ ၂၀၀၉
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ ဦးဇောင်းဟရားသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မန္တလေးမြို့သို့ သွားရောက်၍ ဆေးကုသမှု ခံယူနေသည်။
အသက် (၇ဝ) ကျော်နေသည့် ဦးဇောင်းဟရားသည် အသည်းအားနည်းသည့်ရောဂါနှင့် အခြားလူကြီးရောဂါများ ဖြစ်ပွားလာ၍ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ရှိ ကေအိုင်အို စစ်ဆေးရုံတွင် တက်ရောက်ကုသနေရာမှ မန္တလေးသို့ ဆေးစစ်မှုခံယူရန် သွားရောက်ခြင်းဖြစ်သည်ဟု ကေအိုင်အို သတင်းရပ်ကွက်က အတည်ပြုပြောသည်။
ကေအိုင်အိုနှင့် နီးစပ်သူ လိုင်ဇာဒေသခံတဦးက “အသက်ကြီးလာတော့ ဆေးစစ်မှုခံယူတဲ့သဘောပါ။ ဆိုးဆိုးဝါးဝါးကြီး မဖြစ်ပါဘူး။ တရုတ်ပြည်ဘက်က ဆေးရုံတွေနဲ့ ဘာမှပြဿနာမရှိပါဘူး။ ကျနော်တို့ဆီက ခေါင်းဆောင်တွေလည်း အရင်က သွားပြီးကုသနေကြတာပဲ။ အခုလည်း တရုတ်ဆေးရုံကို သွားလို့ရတယ်လို့ ထင်ပါတယ်။ တရုတ်ဘက်က တားဆီးတာတွေ ဘာမှမရှိပါဘူး။ အရင်လိုပါပဲ” ဟု ပြောသည်။
ကေအိုင်အိုအဖွဲ့မှ ခေါင်းဆောင်များသည် အပစ်ခတ်ရပ်စဲရေး ကာလတလျှောက်လုံး တရုတ်ပြည်အတွင်းရှိ ဆေးရုံများတွင်သာ တက်ရောက်ကုသမှုခံယူနေရာမှ ယခုကဲ့သို့ မန္တလေးမြို့တွင် မြန်မာသမားတော်များနှင့် ဆေးကုသမှု ခံယူလာခြင်းမှာပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ယခုအခါ မြစ်ကြီးနား၊ မိုးကောင်း စသည့် ကချင်ပြည်နယ်အတွင်းမှ ငွေကြေးတတ်နိုင်သူများသည် တရုတ်ပြည် ကူမင်းမြို့နှင့် မံရှီမြို့တို့တွင် လာရောက်ဆေးကုသမှုများ လုပ်နေချိန်တွင် ယခုကဲ့သို့ မြန်မာပြည်ဘက်ရှိ ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူခြင်းမှာ နှစ်ဖက်အကြား ယုံကြည်မှုတည်ဆောက်ခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး အကဲခတ်တဦးက ပြောဆိုသည်။
၎င်းက “တော်လှန်ရေးတလျှောက်လုံး တရုတ်ပြည်ထဲက ဆေးရုံကိုပဲ အားကိုးလာနေရာက အခုလို မြန်မာပြည်ထဲကို သွားတယ်ဆိုတာက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ မြစ်ကြီးနားမှာ (၈) ကြိမ်လောက် ဆွေးနွေးနေခဲ့တာ အခုထိ အဖြေမရသေးဘူး။ ဆွေးနွေးစရာစကားလည်း ကုန်သလောက်ဖြစ်နေပြီ။ ညှိလို့မရတဲ့ အခြေအနေအောက်မှာ တဖက်နဲ့တဖက် ယုံကြည်မှုရလာအောင် ကေအိုင်အိုက ထပ်ကြိုးစားတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
Labels:
ခေတ်ပြိုင် မှ
maandag 12 oktober 2009
အိန္ဒိယ စစ်ဦးစီးချုပ် မြန်မာပြည်ခရီးစဉ် စတင်
Monday, 12 October 2009 18:06 ဇာနည်မာန်
အိန္ဒိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒီပါ့ခ် ကပူးရ်သည် နှစ်နိုင်ငံ စစ်ရေး ကိစ္စရပ်များ ဆွေးနွေးရန် မြန်မာပြည်သို့ တနင်္ဂနွေနေ့တွင် သွားရောက်ခဲ့သည်ဟု အိန္ဒိယ အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။
“သူရဲ့ ၃ ရက်ကြာ ခရီးစဉ်မှာ မြန်မာစစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး၊ စစ်စခန်းတွေကိုလည်း သွားမှာ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အိန္ဒိယ ကြည်းတပ်မှ အရာရှိတဦးက အိန္ဒိယ သတင်းဌာနများသို့ ပြောကြားခဲ့သည်။
မြန်မာစစ်အစိုးရ သတင်းစာများတွင် သူ၏ ခရီးစဉ်အကြောင်း ဖော်ပြခြင်းမရှိပေ။
“သူသွားတာက နယ်စပ်က ကိစ္စတွေနဲ့ ဆက်စပ်မယ်လို့ပဲ ထင်တာပါပဲ။ ကျန်တာတော့ ကျနော်လည်း မသိတော့၊ အတွင်းကိစ္စလည်း ဖြစ်နေတော့ ဘာမှမပြောလိုပါဘူး” ဟု မြန်မာ့အရေး စိတ်ဝင်စားသူ အိန္ဒိယအထက် လွှတ်တော်အမတ် မစ္စတာ ရှရတ် ဂျိုရှီးက ဧရာဝတီသို့ပြောသည်။
သူ၏ ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာ့အရေး စိတ်ဝင်စားသည့် အိန္ဒိယရှိ နိုင်ငံရေးအဖွဲ့များ၊ အတိုက်အခံပါတီများက အသေးစိတ် ပြောဆိုခြင်း မရှိပေ။ အိန္ဒိယ သတင်းဌာနများကမူ အိန္ဒိယ၏ အရှေ့မျှော်ဝါဒအရ မြန်မာပြည်နှင့် စစ်ရေးအရ ပူးပေါင်းရန် သွားရောက်ခြင်းဖြစ်ပြီး မြန်မာအစိုးရနှင့် နီးစပ်သည့် တရုတ်ပြည်ထက် လက်ဦးမှု ရယူလိုခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။
အိန္ဒိယ အခြေစိုက် မြန်မာနိုင်ငံရေးသမားတဦးကမူ ဤခရီးစဉ်သည် စစ်ဗိုလ်ချုပ်များ အပြန်အလှန် ပြုလုပ်ကြသည့် ခရီးစဉ်တခုဖြစ်သည်ဟု သုံးသပ်သည်။
“နိုင်ငံရေးသမားအချင်းချင်း ဆက်ဆံရေးကို ရပ်ထားပြီးတော့ စစ်တပ်ကနေ ဆက်ဆံရေးကို ဆက်တိုက်ထားခဲ့တယ်။ အခုလည်းပဲ အဲဒီဟာကို အိန္ဒိယက စစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စစ်တပ်ချင်း ဆက်ဆံရေးကို ဆက်ပြီး လုပ်တဲ့သဘောလို့ ကျနော်မြင်ရတယ်” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ၏ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက ဧရာဝတီသို့ ပြောသည်။
အမေရိကန်၏ မြန်မာပြည်ဆိုင်ရာ မူဝါဒသစ်နှင့် ပတ်သက်၍လည်း နှစ်နိုင်ငံ စစ်ခေါင်းဆောင်များ ဆွေးနွေးကြမည်ဟု ယူဆကြောင်း သူကဆိုသည်။
အိန္ဒိယ အစိုးရသည် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ ထွက်ပြေးလာသော ဒုက္ခသည်များကို ခိုလှုံခွင့် ပေးထားသည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အားစုများကို အထူး ထောက်ခံအားပေးခဲ့သည်။
သို့သော်လည်း နောက်ပိုင်းတွင်မူ မြန်မာ့အရေးတွင် ရေငုံနှုတ်ပိတ်နေခဲ့ပြီး စီးပွားရေးလုပ်ငန်းများအပြင် နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းလှုပ်ရှားခြင်း၊ စစ်ရေးလေ့ကျင့်ခြင်းများကို ပိုမို လုပ်ဆောင်ခဲ့သည်။
ယခု အိန္ဒိယ စစ်ဦးစီးချုပ်၏ ခရီးစဉ်သည် မြန်မာပြည်တွင် နိုင်ငံရေး ညှိနှိုင်းမှုများ ဖြစ်ပေါ်လာရေးအတွက် တိုက်တွန်းကြရန် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကို ဖိအားပေးနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံက တည်ဆောက်ရမည်ဖြစ်သော တရုတ်နှင့် အာဆီယံ နိုင်ငံများကို ဖြတ်သန်းသွားမည့် စင်ကာပူ-ကူမင်း မီးရထားလမ်း အမြန်ဆုံး ဆောက်လုပ်ရန် အာဆီယံနိုင်ငံများက ဖိအားပေးနေသည့် အချိန်၊ မြန်မာနိုင်ငံအတွင်း လမ်းပိုင်းအတွက် တရုတ်အစိုးရက ကူညီမည်ဟု ကြေညာထားသည့် အချိန်၊ အိန္ဒိယအစိုးရက သူ၏ နယ်စပ်လုံခြုံရေး အတွက် စိုးရိမ်မှု မြင့်မားနေချိန်တို့နှင့် တိုက်ဆိုင်နေသည်။
“တရုတ်နိုင်ငံရဲ့ ဗမာပြည်မှာ တိုးလာတဲ့ ပူးပေါင်းဆက်ဆံမှု၊ ဥပမာ ရထားလမ်းနဲ့ ဂက်စ်ပိုက်လိုင်း ဆောက်မယ့်ဟာ အပါအ၀င်ပေါ့လေ။ ဒီကိစ္စတွေပေါ်မှာ ဗိုလ်ချုပ်ကြီး ကပူးရ်ရဲ့ စိုးရိမ်ချက်ရယ်၊ အိန္ဒိယမြောက်ဘက်က အိန္ဒိယ သူပုန်တွေအတွက် စိုးရိမ်မှုတွေ ဒီကိစ္စကို ဆက်ပါလိမ့်မယ်။ ဒီသူပုန်တွေက လှုပ်ရှားမှုတွေ တိုးပြီးတော့ များလာတော့ ဒီအပေါ်မှာ အိန္ဒိယက စိုးရိမ်ပူပန်မှုတွေ များလာတယ်” ဟု ဒေါက်တာတင့်ဆွေက ပြောသည်။
တရုတ်နိုင်ငံ တိဘက်ဒေသနှင့် နိမိတ်ချင်းထိစပ်နေသော အိန္ဒိယအရှေ့မြောက်ပိုင်း အာရွန်နာချာပရာဒေ့ရှ် ပြည်နယ်နှင့် အာသံပြည်နယ်အတွင်း ခြေကုပ်ရယူထားသော အာသံခွဲထွက်ရေးအဖွဲ့က လှုပ်ရှားမှုများ ပိုမို တိုးမြင့်လုပ်ဆောင်နေသည်။ အာသံခွဲထွက်ရေး ခေါင်းဆောင် ပါရက်ရှ်ဘာရူရာက တရုတ်အာဏာပိုင်များနှင့် ဆက်သွယ်နေသည် ဟု သတင်း ထွက်နေသဖြင့် အိန္ဒိယ၏ စိုးရိမ်မှု ပိုများလာသည်။
မြန်မာနိုင်ငံမှတဆင့် တရုတ်နိုင်ငံသည် ဘင်္ဂလားပင်လယ်အော်၊ ထိုမှ အိန္ဒိယ သမုဒ္ဒရာဒေသနှင့် မလက္ကားကျွန်းဆွယ်အထိ ပင်လယ်ထွက်ပေါက် ရနေသည်။ ဤအနေအထားက အိန္ဒိယအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း အကဲခတ်များက ဆိုသည်။
နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများတွင် နယ်စပ်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် သဘောထားများ၊ အပေးအယူကိစ္စများ ပါဝင်တတ်သည်ဟု မြန်မာတိုင်းရင်းသားအဖွဲ့များက ဆိုသည်။
“ရှိပြီးသား သဘောထားအတိုင်းဆိုရင်တော့ အိန္ဒိယဘက်က များများ နအဖကို ပြန်ပြီးတော့ ဖိအားပေးနိုင်တဲ့ အခြေအနေ ရှိလိမ့်မယ်လို့ ကျနော်မြင်တယ်။ နအဖနဲ့ သူတို့ တွေ့ပြီ ဆိုရင်တော့ အဲဒီ ဖိအားပေးမှုတွေ ရှိလာတတ်တယ်။ ဥပမာ နယ်စပ်မှာ ကျနော်တို့ စခန်းတွေ လုပ်မရတာမျိုး၊ လာပြီး စစ်တာမျိုး ရှိတယ်” ဟု ချင်းအမျိုးသားတပ်ဦး (CNF) အတွင်းရေးမှူး ဦးပေါလ်ရှီတ က ဧရာဝတီကိုပြောသည်။
အိန္ဒိယသူပုန်အဖွဲ့များကို မြန်မာအစိုးရက ကူညီနေကြောင်း၊ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) မှ ထုတ်လုပ်သည့် လက်နက်ပစ္စည်းများကိုလည်း ထောက်ပံ့ထားကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ဗိုလ်မှူးခိုင်မျိုးမင်းက ပြောသည်။
“အခုလိုသွားတဲ့ ကိစ္စတွေမှာ ကျနော်တို့အတွက် အကောင်းရှိလာဖို့ ဆိုတာထက် အဆိုးရှိလာဖို့ပဲ များပါတယ်။ အိန္ဒိယ ဆန့်ကျင်ရေး လုပ်တဲ့ သူပုန်တွေက သုံးတဲ့ လက်နက်ခဲယမ်းတွေက ကပစ က ထုတ်တဲ့ လက်နက်ခဲယမ်းတွေတောင် ပါတယ်လို့ ကျနော်တို့ ကြားနေရတယ်။ ဆိုတော့ တဖက်သက် လိုက်လျော ဆက်ဆံနေရတဲ့ ပုံစံမျိုးပေါ့” ဟု ဗိုလ်မှူးခိုင်မျိုးမင်းက ဆိုသည်။
နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးများနောက်တွင် အိန္ဒိယက စစ်လေယာဉ်၊ ကမ်းရိုးတန်းသွားရေယာဉ်၊ လေယာဉ်ပစ် လက်နက်များ၊ သေနတ်နှင့် ခဲယမ်းများ၊ နည်းပညာများ ထောက်ပံ့ ပေးအပ်ခြင်းများရှိခဲ့သည်။
၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အိန္ဒိယခွဲထွက်ရေး သူပုန်များကို နှစ်နိုင်ငံ ပူးပေါင်း တိုက်ခိုက်သည့် ကာလအတွင်း အိန္ဒိယအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား Jawaharlal Nehru ဆုချီးမြှင့်လိုက်ချိန်မှ စ၍ မြန်မာ အစိုးရဘက်က စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ရပ်နားလိုက်သည်။ သို့သော်လည်း နှစ်နိုင်ငံအစိုးရချင်း ဒေသအလိုက် အပြန်အလှန် သတင်းဖလှယ်ခြင်းများ ဆက်လက် ဆောင်ရွက်ခဲ့သည်။
ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ စစ်ကိုင်းတိုင်း တမူးမြို့နယ်တို့မှာ အိန္ဒိယ ခွဲထွက်ရေး ကသည်းသူပုန်များ ခိုလှုံသည့် အထင်ကရ နေရာများ ဖြစ်သည်။ ကသည်းသူပုန်တို့သည် မြို့ပေါ်တွင် လက်နက်ကိုင်၍ နေထိုင်ကြသည်။
သို့သော် ဇွန်လ ၇ ရက်နေ့က တမူးမြို့ပေါ်ရှိ ကသည်းလူမျိုးတဦး၏ နေအိမ်တွင် လက်နက်ခဲယမ်းများ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တမူးမြို့ပေါ်တွင် လက်နက်ကိုင်ဆောင် ထားရှိခြင်းကို မြန်မာအစိုးရက ကန့်သတ်လိုက်သည်။
ကချင်ပြည်နယ်အတွင်းတွင်လည်း ကသည်းသူပုန်များကို နေရာချထားပေးသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်သွားပါက ကူညီတိုက်ခိုက်နိုင်စေရန် မြန်မာစစ်အစိုးရက နေရာချထားခြင်း ဖြစ်သည်ဟု ၎င်းတို့က သုံးသပ်သည်။
သို့သော် နှစ်နိုင်ငံ စစ်ခေါင်းဆောင်များ တွေ့ဆုံသည့်အခါ အိန္ဒိယ ခွဲထွက်ရေးသူပုန်များကို လက်ခံထားခြင်း မရှိကြောင်း မြန်မာစစ်အစိုးရက ပြောကြားလေ့ရှိသည်။
Labels:
ဧရာဝတီ မှ
ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်တွင် နှစ်နိုင်ငံ စစ်အင်အား တိုးချဲ့
Monday, 12 October 2009 18:56 သန်းထိုက်ဦး
ဘင်္ဂလား ပင်လယ်အော် အတွင်းရှိ ရေပိုင်နက် အငြင်းပွားလျက် ရှိရာ မြန်မာ့ တပ်မတော်က အမြောက်တပ်များနှင့် စစ်သင်္ဘော ၁၂ စီးခန့် အသုံးပြုပြီး စစ်ရေး ပြင်ဆင်ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် The Daily Star သတင်းစာတွင် ယနေ့ ရေးသားထားသည်။
ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း စစ်သင်္ဘော အစီး ၃၀ ခန့် ချထားသည်ဟု စစ်ဘက် သတင်းရပ်ကွက်ကို ကိုးကားပြီး ထိုသတင်းစာတွင် ရေးထားသည်။
"နယ်စပ်တလျှောက်မှာ နယ်စပ် စစ်ဆင်ရေးစခန်းတွေ ပိုပြီးချထားဖို့၊ နယ်ခြားစောင့်တပ်ကို အားဖြည့်နိုင်အောင် တပ်တချို့ကိုလည်း ပို့ပေးဖို့အတွက် မနက်ဖြန်ကျနော် အဆိုပြုမှာ ဖြစ်ပါတယ်"ဟု ဘင်္ဂလားဒေ့ရှ်ရှိ ရိုင်ဖယ်တပ်မှ ဗိုလ်မှူးချုပ် Mainul Islam က တနင်္ဂနွေနေ့ ညနေပိုင်းက ပြောကြားလိုက်ကြောင်း The Daily Star သတင်းစာတွင် ရေးသားထားသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများသည် ပုံမှန် စစ်ဘက် လုပ်ငန်းများသာဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး Dipu Moni က ပြောသည်။
"မြန်မာပြည်မှာရှိတဲ့ ကျမတို့ရဲ့ သံအမတ်နဲ့ စကားပြောပြီးပါပြီ။ ဒါတွေဟာ ပုံမှန်လုပ်ငန်းတွေလို့ သူက ပြောပြပါ တယ်။ နိုင်ငံခြားရေးဌာန အတွင်းဝန် Mijarul Quayes ကလည်း ဒါကာမြို့တော်မှာ ရှိတဲ့ မြန်မာ သံအမတ်ကို ခေါ်တွေ့ပြီးပါပြီ။ သူ့ဆီကလည်း ဒီလိုပဲ ပြန်ပြောပါတယ်" ဟု နိုင်ငံခြားရေး ၀န်ကြီး Dipu Moni ၏ ပြောကြားချက် ကို The Daily Star သတင်းစာက ကိုးကားဖော်ပြထားသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က သံဆူးကြိုး ကာရံခြင်းကို မတ်လ ၁၈ ရက်နေ့က စတင်ခဲ့သည်။
ထိုသို့ သံဆူးကြိုး ကာရံခြင်းသည် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် နတ်မြစ် တလျှောက် မူးယစ်ဆေးဝါး အပါအ၀င် လူကုန်ကူးမှုများကို တားဆီးရေး အတွက် ဖြစ်ကြောင်း မြန်မာနိုင်ငံက တရားဝင် ပြောဆိုထားသည်။
ဘင်္ဂလားဒေ့ရှ် အခြေစိုက် နိရဉ္စရာ သတင်းဌာန အယ်ဒီတာ ကိုခိုင်မြတ်ကျော်ကမူ ယခု ဖြစ်ပွားနေသော ရေပိုင်နက်ကိစ္စ ပြဿနာကို မဖြေရှင်းနိုင်ကြပါက နှစ်နိုင်ငံကြား စစ်ပွဲများ ဖြစ်ပွားနိုင်သည်ဟု ဧရာဝတီသို့ ပြောသည်။
“မြန်မာဘက်က လူတွေက ဒီဘက်ကို ထွက်လာတယ်၊ ဘင်္ဂလားဒေ့ရှ်က မိရင် ပြန်ပို့တဲ့ ပြဿနာ၊ နောက်တခုက ရေပိုက်နက် အငြင်းပွားမှုမှာလည်း ဘင်္ဂလားဒေ့ရှ်က သူတို့ ပိုင်တယ်လို့ ပြောတယ်၊ အဲဒီ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ စစ်ဖြစ်နိုင်တယ်”ဟု ကိုခိုင်မြတ်ကျော်က သုံးသပ် ပြောဆိုသည်။
၂၀၀၈ ခု နိုဝင်ဘာလ အတွင်း နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများအဆင့် တွေ့ဆုံကြပြီး ရေပိုင်နက်အငြင်းပွားမှု ပြဿနာ အတွက် ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ပေ။
ရေပိုင်နက် ပြဿနာကြောင့် နှစ်နိုင်ငံကြား နှစ်ချီ၍ အငြင်းပွားလျက်ရှိသည်။
၂၀၀၈ ခု နိုဝင်ဘာလတွင် ရေပိုင်နက် အငြင်းပွားရာ နေရာသို့ မြန်မာဘက်က ရေတပ် စစ်သင်္ဘောများ ပို့လွှတ်ရာမှ စတင်၍ ပိုမို တင်းမာလာခဲ့သည်။ ထိုစစ်သင်္ဘောများမှာ သဘာဝဓာတ်ငွေ့ တူးဖော်ရာတွင် လုံခြုံရေးယူရန် ဖြစ်သည်ဟု မြန်မာဘက်က ပြောဆိုခဲ့သည်။

ဦးဝင်းတင်၏ မျက်လုံး ပြန်သက်သာလာပြီ
Monday, 12 October 2009 18:53 ကိုထွေး
အတွင်းတိမ်ကြောင့် မျက်လုံး ခွဲစိတ်ကုသမှု ခံယူခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်၏ ဘယ်ဘက် မျက်လုံးသည် ယခုအခါ ပြန်လည် သက်သာ လာပြီဖြစ်ကြောင်း သိရသည်။
“မျက်လုံးက တော်တော်သက်သာလာပြီ၊ ဒီနေ့ ပါတီရုံးကို သွားတယ်၊ အခုထိတော့ မျက်စိကို ကာထားရတုန်းပဲ၊ ဖုန်တွေ ၀င်မှာစိုးလို့ပါ၊ ညဘက်ရောက်လို့ အဲဒီကာထားတာကို ဖြုတ်လိုက်ရင် မြင်ရတယ်” ဟု အသက် ၈၀ အရွယ်ရှိ ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။
၂၀၀၈ ဒီဇင်ဘာလက ယာဘက်မျက်လုံးကို ခွဲစိတ်ခဲ့ပြီးနောက် ဘယ်ဘက်ကို ဆက်လက်ခွဲစိတ်ရန် စီစဉ် ထားသော်လည်း နှလုံးအတွင်းသို့ စက်ထည့်သွင်းခဲ့ရသဖြင့် ယခုမှခွဲစိတ်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးဝင်းတင်၏ဘယ်ဘက် မျက်လုံးကို ရန်ကုန် လမ်းမတော် မြို့နယ် ၁၂ လမ်းရှိ ရွှေမြင်သာ ပုဂ္ဂလိက အထူးကု ဆေးခန်းတွင် သောကြာနေ့က ညနေ ၄ နာရီက ခွဲစိတ်ကုသ ခံယူခဲ့ခြင်းဖြစ်သည်ဟု အတူနေ မိတ်ဆွေ ဖြစ်သူ ဦးမောင်မောင်ခင်က ပြောသည်။
“သောကြာနေ့က ခွဲစိတ်ကုသခံယူခဲ့တာပါ၊ အခုတော့ ကောင်းသွားပါပြီ၊ ခွဲစိတ်ပြီးပြီးချင်း အိမ်ပြန်လာတာပါ၊ ဆရာဝန်က မျက်စိထဲ ရေမ၀င်အောင် ဂရုစိုက်ဖို့ပဲ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။
မျက်စိ အထူးကု ဆရာဝန်ကြီး ဦးလှမြင့်က ခွဲစိတ်ကုသပေးခဲ့ကြောင်းနှင့် ခွဲစိတ်ချိန် မိနစ် ၄၀ခန့် ကြာမြင့်ခဲ့ ကြောင်းလည်း သိရသည်။
ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရက အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေးပုဒ်မတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။ ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့သည်။
ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူ တဦး ဖြစ်ကြောင်း နိုင်ငံတ၀န်း ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွင်း ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့ဖူးသည်။
သတင်းစာသမားတဦးလည်း ဖြစ်ခဲ့သော ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်က ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆု၊ ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်း မခြား သတင်းထောက်များအဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။

ဧရာဝတီ မှ
Abonneren op:
Posts (Atom)