မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 februari 2010

လှိုင်သာယာ ကျူးကျော်နေအိမ်များထံမှ ရယကက လစဉ်ကြေး ကောက်ခံနေ

အောင်ထက် / ၁၂ ဖေဖော်ဝါရီ ၂ဝ၁ဝ
လှိုင်သာယာ စက်မှုဇုန် (၄) နယ်မြေအတွင်း စက်ရုံအလုပ်ရုံမရှိသည့် မြေကွက်ကျယ်များတွင် ကျူးကျော်တဲထိုးကာ နေထိုင်သူများထံမှ ရေဥက္ကံ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (ရယက) က တအိမ်ထောင်လျှင် ကျပ် (၅,၀၀၀) လစဉ်ကောက်ခံနေကြောင်း သိရသည်။
စက်မှုဇုန် (၄) နယ်မြေအတွင်းတွင် အိမ်ခန်း၊ အဆောင်ငှားရမ်းရန် မတတ်နိုင်သူများဖြစ်သည့် ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေသူများက မြေကွက်ကျယ်များ၊ အမှိုက်ပုံများကို ရှင်းလင်းဝင်ဖယ်ရှားကြရင်း တနှစ်ထက်တနှစ် ကျူးကျော်နေအိမ်ဦးရေ တိုးပွားလာခြင်းဖြစ်သည်။
“အနယ်နယ်အရပ်ရပ်က ဆင်းရဲကျပ်တည်းလို့ ဒီကို ရောက်လာတယ်။ ဒီရောက်တော့ ဒေသအာဏာပိုင်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ နှိပ်စက်မှုတွေ ကြုံနေရတယ်” ဟု ကျူးကျော်တဲတန်း နေထိုင်သူတို့က ဆိုသည်။
ကျူးကျော်တဲထိုး နေထိုင်သူများသည် မြန်မာပြည်အနှံ့မှ အလုပ်အကိုင်လာရောက်ရှာဖွေသူများဖြစ်ပြီး အိမ်ခန်းငှားရန် ငွေကြေးအခက်အခဲ ရှိသဖြင့် ကိုယ့်တဲကိုယ်ထိုးနေသူများ ဖြစ်ကြောင်း၊ အဆိုပါ ကျူးကျော်နေထိုင်သူ အိမ်ထောင်စုများကို ရယက ကငွေကြေးကောက်ခံနေပြီး မပေးနိုင်လျှင် အိမ်အဖျက်ခံရကြောင်း စက်မှုဇုန် (၄)၊ ရေဥက္ကံ ဒေသခံတဦးက ပြောသည်။
၎င်းက “ရေဥက္ကံ ရပ်ကွက် ဇုန် (၄) အကွက် (၁၂၇) အရှေ့ဘက်မှာတစု၊ သီဟနာဒ ဘုန်းကြီးကျောင်းနဲ့ ဇုန် (၄) ကြားမှာတစု၊ ဖီးလ် သကြားလုံး စက်ရုံနားမှာတစု၊ ဇုန် (၄) နောက်ဆုံးအကွက် သဲကွင်းအနီးမှာတစု၊ ရေဥက္ကံ အနောက်ခြမ်း ပန်းခြံကွက်သစ် ဆိုပြီး (၅) နေရာမှာ အိမ်ထောင်စု (၁,၅၀၀) ခန့်ရှိတယ်” ဟု ပြောသည်။
အဆိုပါ ကျူးကျော်နေအိမ်များ၏ လူနေမှုမှာ လွန်စွာနိမ့်ကျကြောင်း၊ အချို့နေရာများဆိုလျှင် စက်ရုံဘေး ကွန်ကရစ်မြောင်းကို ခွလျက် အိမ်သာများ တည်ဆောက်ထားကြကြောင်း၊ ရေစီးရေလာ မရှိရုံသာမက အနံ့အသက်လည်း မကောင်းကြောင်း၊ ရေဥက္ကံ ရယကရုံး၏ ကောက်ခံရရှိငွေသည် တလလျှင် (၅) သိန်းနှင့်အထက် ရှိနေသော်လည်း အဆိုပါ ကျူးကျော်နေအိမ်များ၏ ပတ်ဝန်းကျင် ရှင်းသန့်ရေးကို မပြုလုပ်ပေးကြောင်း ရေဥက္ကံ ဒေသခံတို့က ဆိုသည်။
ရေဥက္ကံ ရယက အဖွဲ့ဝင်တဦးကမူ “လစဉ် ငွေ (၅,၀၀၀) ကျပ် ပေးသွင်းရင် ကျနော်တို့က ယာယီ အိမ်ထောင်စုဇယား ထုတ်ပေးတယ်” ဟု ဖြေဆိုသည်။

Geen opmerkingen: