မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 15 februari 2010

နေပြည်တော် ဆိုင်ကယ်ကယ်ရီ ဒဏ်ကြေးမြှင့်

တက်လူ/ ၁၅ ဖေဖော်ဝါရီ ၂ဝ၁ဝ
နေပြည်တော်တွင် ဆိုင်ကယ်ကယ်ရီများကို စည်းကမ်းပိုမိုတင်းကျပ်၍ ဒဏ်ကြေးငွေ တိုးမြှင့်တော့မည်ဖြစ်ကြောင်း နေပြည်တော် အခြေစိုက် ယာဉ်ထိန်းရုံးမှ သိရသည်။
“ဒီမှာ ကယ်ရီဆွဲရင် ယာဉ်ထိန်းကဖမ်းတာ အသေကြမ်းတယ်။ ဦးထုတ်မဆောင်းရင် (၂၁,၅၀၀) ကျပ်၊ မောင်းသူအပါအ၀င် (၃) ယောက်စီးရင် (၅၅,၀၀၀) ကျပ်ပေးရတယ်။ အဲဒီထက်ပိုပြီးတော့ ဒဏ်ကြေးမြင့်လာရင်တော့ ဆိုင်ကယ်ကယ်ရီဆွဲတာ တွက်ခြေ မကိုက်နိုင်တော့ဘူး။ ဒီမှာ အရင်လို မဟုတ်ဘူး၊ ကယ်ရီတွေ များလာတယ်” ဟုနေပြည်တော်မှ ဆိုင်ကယ် ကယ်ရီသမားတဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ဆိုင်ကယ် မတော်တဆမှုပေါင်း (၂၅၀) ခန့်ရှိခဲ့ပြီး ဒဏ်ရာရသူ (၄၀၀) ခန့်၊ သေဆုံးသူ (၈၀) ကျော် ခန့်ရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များတွင် ဆိုင်ကယ်ကယ်ရီကြောင့် ဖြစ်သည့်အမှုက ပိုများကြောင်း အဆိုပါရုံးမှ ယာဉ်ထိန်းတပ်ဖွဲ့ အရာရှိကြီးတဦးက ပြောကြားသည်။
ယခုနှစ် နှစ်ဆန်းပိုင်းတွင် အမှုပေါင်း (၃၀) ခန့်ရှိသွားပြီဖြစ်ကြောင်း၊ သေဆုံးသူ (၁၅) ဦးခန့်ရှိကြောင်းလည်း အဆိုပါ နေပြည်တော်ယာဉ်ထိန်းရုံးမှ တရားဝင်ထုတ်ပြန်သည်။
ဆိုင်ကယ်မတော်တဆမှုများတွင် ဆိုင်ကယ်ကယ်ရီကြောင့် ဖြစ်သောအမှုမှာ (၄၅) ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ယင်းအတွက် ကယ်ရီသမားများကို ဒဏ်ကြေးတိုးမြှင့်ခြင်းသော်လည်းကောင်း၊ စည်းကမ်းပိုမိုးတင်းကျပ်ခြင်းသော်လည်းကောင်း ပြုလုပ်မည်ဟု အဆိုပါအရာရှိကြီးက ပြောသည်။
၎င်းက “လောလောဆယ်တော့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ မသိရသေးဘူး။ မကြာခင်တော့ ဖြစ်လိမ့်မယ်။ အဲဒီနည်းနဲ့မှ မထိန်းချုပ်ရင် မရတော့ဘူး၊ စည်းကမ်းပျက်လာကြတယ်” ဟု ပြောသည်။
မော်တော်ဆိုင်ကယ် မတော်တဆမှုကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းသူ ဒဏ်ရာရခြင်း၊ သေဆုံးခြင်းဖြစ်ပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၉/ ၃၃၇/ ၃၃၈/ ၃၀၄-က တို့အရ ပြစ်ဒဏ်ချမှတ်အရေးယူကြောင်း သိရသည်။
နေပြည်တော်တွင် ဆိုင်ကယ်အစီးရေ ထောင်နှင့်ချီရှိကြောင်း၊ နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှိ ဆိုင်ကယ်ဂိတ် (၃) ခုတွင် စီးရေ (၈၀) ခန့်ရှိကြောင်း၊ အခြားဂိတ်ပေါင်းများစွာရှိကြောင်း နေပြည်တော်ဒေသခံတဦးက ပြောသည်။
ဆိုင်ကယ်တစီးလျှင် တနေ့ ငှားရမ်းမောင်းနှင်ခ (၃,၀၀၀) ကျပ်ပေးရပြီး ဂိတ်တခုတွင်ဝင်ပါက (၂၀၀) ကျပ် ပေးသွင်းရကြောင်း သိရသည်။

Geen opmerkingen: