စိုးမိုး/ ၁၅ ဖေဖော်ဝါရီ ၂ဝ၁ဝ
ရန်ကုန်မြို့တွင်တည်ဆောက်မည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကျောက်မီးသွေးအသုံးပြု လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဦးတေဇပိုင် ထူးကုမ္ပဏီအုပ်စုက တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်ခွင့် ရရှိသွားသည်။
အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ထူးကုမ္ပဏီအုပ်စုနှင့် တရုတ် Huaneng Lancang River Hydropower Co., Ltd တို့ ပူးပေါင်းပြီး ရန်ကုန် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို ယခု ဖေဖော်ဝါရီလ (၁၁) ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။
“ကျောက်မီးသွေးသုံးပြီး တာဘိုင်တွေကို လည်စေပြီး လျှပ်စစ်ထုတ်တာပါ။ ပင်လောင်း (မြို့နယ်) တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံဆိုပြီး ရှိတယ်” ဟု မြန်မာ ဘူမိပညာရှင်တဦးက ပြောသည်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ကုန်ကျစရိတ် သက်သာသော်လည်း ကျောက်မီးသွေး ကုန်ကြမ်းရရှိမှုပေါ် မူတည်နေရာ နှစ်ပေါင်း (၃၀) ခန့်သာ စက်ရုံသက်တမ်းကို ခန့်မှန်းနိုင်ကြောင်း သိရသည်။
ယခုစက်ရုံ တည်ဆောက်ပါက ထူးကုမ္ပဏီအုပ်စုအနေဖြင့် ဧဒင်အုပ်စုကဲ့သို့ အစိုးရ လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ကျောက်မီးသွေး တူးဖော် ဖြည့်တင်းပေးရေး တာဝန်ယူရမည်ဖြစ်သည်။
ဦးတေဇပိုင် ထူးကုမ္ပဏီအုပ်စုအနေဖြင့် အထက်ဆည်တော်ကြီးနှင့် ထာခ ရေအားလျှပ်စစ်စက်ရုံ (၂) ရုံကိုလည်း တည်ဆောက် မောင်းနှင် လွှဲပြောင်းစနစ်ဖြင့် တည်ဆောက်ခွင့် ရရှိထားသည်။
၂၀၀၂ ခုနှစ်ကတည်းက ရှမ်းပြည်နယ် ပင်လောင်းမြို့ တီကျစ်ကျေးရွာရှိ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဧဒင် လုပ်ငန်းစုက လုပ်ကိုင်ခွင့်ရရှိထားသည်။
တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံက နေ့စဉ် ကျောက်မီးသွေးတန်ချိန် (၂,၀၀၀) အသုံးပြုပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၁၂၀) ထုတ်လုပ်ပေးနေသည်။
ထူးကုမ္ပဏီက တရုတ်ထိပ်တန်း လျှပ်စစ်ကုမ္ပဏီ Huaneng Lancang River Hydropower Co.,Ltd. နှင့် ပြီးခဲ့သည့်နှစ် ကတည်းက သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်၊ ရေအားလျှပ်စစ် အရင်းအမြစ်များ ဖော်ထုတ်ရေးတို့ကို ပူးပေါင်းလုပ်ဆောင်လျက်ရှိသည်။
Geen opmerkingen:
Een reactie posten