မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 februari 2010

စစ်အစိုးရအား ပိုမိုဖိအားပေးရန် တရုတ်၊ ရုရှနှင့် အိန္ဒိယကို ဥရောပပါလီမန် တောင်းဆို

NEJ/၁၂ ဖေဖော်ဝါရီ ၂ဝ၁ဝ
မြန်မာစစ်အစိုးရထံ စစ်လက်နက်ပစ္စည်းများ မရောင်းချရန်နှင့် လူ့အခွင့်အရေး တိုးတက်ကောင်းမွန်လာစေရေးအတွက် အင်အားကြီးနိုင်ငံများအနေဖြင့် စစ်အစိုးရအား ဖိအားပေးသွားရန် ဥရောပပါလီမန်အမတ်များက တရုတ်၊ ရုရှနှင့် အိန္ဒိယနိုင်ငံ တို့အား တောင်းဆိုလိုက်သည်။
အဆိုပါ နိုင်ငံကြီးများအနေဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအပေါ် ထင်သာမြင်သာသည့် တိုးတက်ဖြစ်ထွန်းမှုများ ရှိလာစေရန်အတွက် နိုင်ငံရေး၊ စီးပွားရေးအရ မြန်မာစစ်အစိုးရ ခေါင်းဆောင်တို့၏ အကျိုးစီးပွားအပေါ် အခြေခံကာ အခွင့်ကောင်းယူ၍ ပိုမိုဖိအားပေးသွားရန် ဥရောပပါလီမန်က “ယတိပြတ် ဆုံးဖြတ်ချက်တရပ်အတွက် အဆိုပြုချက်” ဟူသော အစီရင်ခံစာတစောင် ထုတ်ပြန်ကာ ဖေဖော်ဝါရီ (၁၁) ရက်နေ့က တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ဥရောပပါလီမန်သည် ဥရောပတိုက်တဝန်းရှိ ရွေးကောက်ခံ အမတ် (၇၃၆) ဦးဖြင့် ဖွဲ့စည်းထားသော သြဇာအရှိဆုံး ပါလီမန် အဖွဲ့အစည်းတရပ်ဖြစ်ပြီး ဥရောပပါလီမန်က မြန်မာ့အရေးနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ စထရစ္စဘွန်း (Strasbourg) မြို့တွင် ယင်းကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှု အခြေအနေ ပိုမိုဆိုးဝါးလာခြင်းအပေါ် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူတို့နှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ဥရောပပါလီမန်အဖွဲ့က ဆုံးဖြတ်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ထပ်မံချမှတ်လိုက်သည့်အပေါ် ဝမ်းနည်းကြောင်းလည်း ဖော်ပြထားပြီး လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းလွတ်ပေးရန် စသည့်အချက်များ ပါဝင်သည့် မြန်မာ့အရေးနှင့် ပတ်သက်သည့် အဆိုပြုချက် (၂၀) ကို အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
ဥရောပပါလီမန်အဖွဲ့သည် ဥရောပသမဂ္ဂနှင့် ဥရောပကော်မရှင်အဖွဲ့တို့ကဲ့သို့ အဖွဲ့ကြီးများအပေါ်လည်း ဖိအားပေးနိုင်သည့် အဖွဲ့အစည်းတရပ်ဖြစ်သည်။
ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စစ်အစိုးရအား လက်နက်ရောင်းဝယ်မှု ရပ်တန့်ထားခြင်း၊ စစ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များအား ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းနှင့် သံတမန်ရေးရာ ကန့်သတ်ခြင်းများကို ၁၉၉၆ ခုနှစ်မှစ၍ စတင်ဆောင်ရွက်ခဲ့သည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုတွင် သံဃာများနှင့် ပြည်သူတို့အား ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့်အပေါ် ဥရောပသမဂ္ဂက မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာအပါအဝင် တွင်းထွက်နှင့် သစ်တောထွက်ပစ္စည်း ဝယ်ယူတင်သွင်းနေမှုကို ပိတ်ဆို့မှုအသစ် အနေဖြင့် ထပ်မံတားမြစ်ခဲ့သည်။

Geen opmerkingen: