မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 februari 2010

တိုင်းနှင့်ပြည်နယ် (၁၅) ခုရှိဟု နအဖစစ်အစိုးရ ဖော်ပြ

မျိုးချစ်သူ / ၁၂ ဖေဖော်ဝါရီ ၂ဝ၁ဝ
နအဖစစ်အစိုးရက မြန်မာနိုင်ငံတွင် တိုင်းနှင့်ပြည်နယ် (၁၅) ခုရှိကြောင်း အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ဖွင့်ပွဲတွင် ဖော်ပြထားသည်။
အဆိုပါ အမျိုးသားအထိမ်းအမှတ် ဥယျာဉ် (national land mark) ကို နေပြည်တော်တွင် ဖေဖော်ဝါရီ (၁၁) ရက်နေ့၌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တက်ရောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါဥယျာဉ်အား ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်တည်လာပုံကို အကျဉ်းသိရှိစေရန်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို အနီးကပ်လေ့လာကြည့်ရှုနိုင်ပြီး အမျိုးသားရေးစိတ်ဓာတ် ရှင်သန် ထက်မြက်စေရန်၊ မြန်မာနိုင်ငံတ၀ှမ်းရှိ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ သယံဇာတ အရင်းအမြစ်များ၊ သဘာဝအလှရှုခင်းများကို တနေရာတည်းတွင် တစုတဝေးတည်း ကြည့်ရှုလေ့လာနိုင်သဖြင့် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေး ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်၊ လာရောက် ကြည့်ရှုသော ဧည့်သည်အမျိုးမျိုးအတွက် ပညာလည်းရ၊ အပန်းလည်းဖြေနိုင်ကာ၊ အေးချမ်းစွာ အပန်းဖြေခြင်းနှင့် ကစားအပန်းဖြေခြင်းများ ဆောင်ရွက်နိုင်ရန်ဟူသော ရည်ရွယ်ချက် (၄) ရပ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဥယျာဉ်တွင် ရေးသားဖော်ပြထားသည်။
စစ်အစိုးရနှင့် နီးစပ်သော တည်ဆောက်ရေးလုပ်ငန်းရှင်တဦးက “တိုင်းနှင့်ပြည်နယ် (၁၅) ခုဆိုတာကို တရားဝင်တော့ မပြောပါဘူး။ ဒါပေမယ့် သူတို့က အဲလိုလုပ်တယ်ဆိုတာကို ကျနော်တို့သိရတယ်။ ပြောရရင်တော့ မြန်မာနိုင်ငံရဲ့သမိုင်းကို ဖျောက်နေတာနဲ့တူတယ်။ လက်ရှိအနေအထားကိုကြည့်ပါ။ အခု လွတ်လပ်ရေးနေ့တို့၊ အာဇာနည်နေ့တို့ကို ဘယ်မှာလုပ်လို့လဲ။ မျိုးဆက်သစ်တွေက အဲဒီသမိုင်းတွေကို သိသွားမှာကိုတောင် ကြောက်နေကြတာလေ။ အခုတော့ မြန်မာနိုင်ငံမှာ တိုင်းနှင့်ပြည် နယ် (၁၅) ခု ရှိသွားပါပြီ ဆိုတာကို ဒီဥယျာဉ်ကိုဖွင့်ပြီး ကြေညာပြလိုက်တဲ့ သဘောပေါ့” ဟု ပြောသည်။
စစ်အစိုးရက ယခုဖွင့်လှစ်သော အမျိုးသားနေ့အထိမ်းအမှတ်ဥယျာဉ်မှာ မြန်မာပြည်သူများအတွက် မည်သည့်အကျိုးမျှ မရှိနိုင်ကြောင်း ပြည်တွင်း ၀ါရင့်သတင်းစာဆရာကြီးတဦးက ပြောသည်။
၎င်းက “အဲဒီလို တည်ဆောက်လိုက်တော့ ဘာဖြစ်သွားမလဲ။ မြန်မာနိုင်ငံက လူတွေက နေပြည်တော်ကို လာရုံနဲ့ တနိုင်ငံလုံးကို ရောက်သလို ခံစားသွားရမယ်ဆိုတာ ဖြစ်နိုင်မလား။ အစစ်နဲ့အတုကို လူတွေ နားလည်တယ်။ ဒါဟာ လုပ်ယူထားတာတွေ ဖြစ်တယ်။ အဲဒီတော့ ငွေကုန်တာ အဖတ်တင်တယ်။ မြင်တာကို ပြောရရင်တော့ နေပြည်တော်ကို တိုင်းသတ်မှတ်တာ တရားဝင် မကြေညာချင်လို့  ဒီလိုလုပ်တာလို့ပဲမြင်တယ်။ နေပြည်တော်ကို အစိုးရရုံးတွေ အားလုံး ပြောင်းရတာကတည်းက မြန်မာနိုင်ငံရဲ့ မြို့တော်လို့ပဲ သတ်မှတ်ထားတာလေဗျာ” ဟု ပြောသည်။
ဥယျာဉ်အကျယ်အ၀န်းမှာ ဧက (၄၀၀) ရှိပြီး ရန်ကုန်-မန္တလေး ကားလမ်းမဘေး ဇေယျာသီရိမြို့နယ်တွင် တည်ရှိသည်။
“နေပြည်တော်ပြကွက်တခု ပါဝင်လာတဲ့အတွက် တိုင်းနှင့်ပြည်နယ် (၁၅) ခုအဖြစ် ပြကွက်က (၁၅) ခု ဖြစ်သွားပါတယ်။ အရင်လိုဆိုရင်တော့ (၁၄) ခုပဲ ရှိမှာဖြစ်ပါတယ်” ဟု ကေဆောက်လုပ်ရေးလုပ်ငန်း တာဝန်ရှိသူက ပြောသည်။
အဆိုပါဥယျာဉ်ကို ၂၀၀၈ ခုနှစ်ကပင် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ပေးသည့်အတိုင်း ကုမ္ပဏီ (၉) ခုဖြစ်သော max Myanmar ၊ ရွှေတောင်၊ ထူး၊ ကေကုမ္ပဏီ၊ Original Group ၊ ဧရာရွှေဝါ၊ အေးရှားဝေါလ်၊ ဂိုးဒင်းဖလားဝါး၊ အေဒင်တို့က တည်ဆောက်ကြခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့က မြန်မာပြည် မြေပုံစကေးအတိုင်း တိုင်းနှင့်ပြည်နယ်တို့ရဲ့ အကျယ်အ၀န်းအတိုင်း တိုင်းတခု၊ ပြည်နယ်တခုစီမှာ ရှိတဲ့ ထင်ရှားတဲ့ အမှတ်အသားတွေကို တည်ဆောက်ရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဆိုရင် စစ်တွေပွိုင့်၊ ငပလီကမ်းခြေ စတာတွေပေါ့” ဟု မက်စ်မြန်မာ၏ တာဝန်ရှိသူက ပြောသည်။
တည်ဆောက်မှုများအတွက် ကုန်ကျမှု ငွေကြေးများကို ကုမ္ပဏီတို့က စိုက်ထုတ်ထားရကြောင်း အေဒင် ဆောက်လုပ်ရေး ကုမ္ပဏီ၏ တာဝန်ရှိသူက ပြောသည်။
“အစိုးရက ပေးထားတာမဟုတ်ဘူး။ ပြောတာကတော့ အစိုးက တိုင်းနှင့်ပြည်နယ်တွေရဲ့ national land mark တွေ တည် ဆောက်တာကို သူတို့ပေးမယ်ပြောပါတယ်။ ဒါပေမယ့် ခုထိတော့ မပေးသေးဘူး။ ကျနော်တို့ စိုက်ထုတ်ထားရတာ မြန်မာငွေ သန်း (၂) သောင်းလောက် ရှိနေပြီ” ဟု ၎င်းက ပြောသည်။
အဆိုပါ တည်ဆောင်မှုများအတွက် ငွေကြေးစိုက်ထုတ်မှုကို ကုမ္ပဏီတိုင်းက လုပ်ရခြင်းဖြစ်ပြီး တခုလုံးအတွက် ကုန်ကျမှု ငွေကြေးကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ယင်း ဥယျာဉ်ဝင်ကြေးကို လူတဦးလျှင် (၁,၀၀၀) ကျပ် ကောက်ခံကြောင်း၊ ၀င်ကြေးကို အေးရှားဝေါလ်ကုမ္ပဏီက ကောက်ခံ ခြင်းဖြစ်ပြီး ကျန်ကုမ္ပဏီများက ၎င်းတို့ အသီးသီးပြုလုပ်ပေးထားသော ဖျော်ဖြေရေးအတွက် ကောက်ခံကြောင်း သိရသည်။
“ကျနော်တို့က မန္တလေးတိုင်းကို တာဝန်ယူ တည်ဆောက်ရပါတယ်။ အဲဒီမှာ ပါဝင်တဲ့ ပုပ္ပါးတောင်မှာ မှော်ဝင်အိမ်ကို တည် ဆောက်ထားပါတယ်။ အဲဒီအတွက် ၀င်ကြေးကောက်တာမျိုးကို ကျနော်တို့ ရတာဖြစ်ပါတယ်” ဟု သူရရွှေမန်းသားပိုင်သော ဧရာရွှေဝါကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Geen opmerkingen: