မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 12 februari 2010

A(H1N1) တုပ်ကွေးကြောင့် နေပြည်တော် ဗုဒ္ဓဇနိယပွဲတော် ရက်ရွှေ့ဆိုင်း

အောင်ထက်/၁၂ ဖေဖော်ဝါရီ ၂ဝ၁ဝ
၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ (၂၇) ရက်တွင် နေပြည်တော်၊ ဥပွါတသန္တိ စေတီတော်ကြီးတွင် ကျင်းပမည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်ခြင်းနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း နေပြည်တော် သာသနာရေးဝန်ကြီးဌာနမှလာသော သတင်းများအရ သိရသည်။
နေပြည်တော် ခုတင် (၁,၀၀၀) ဆေးရုံတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ A (H1N1) ပိုးတွေ့သူနှင့် သံသယရှိသူ လူနာ (၅) ဦးခန့် ရောက်ရှိနေခြင်းကြောင့် ယခုကဲ့သို့ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း အခမ်းအနားကို ရက်ရွှေ့လိုက်ရခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ၀န်ထမ်းအသိုင်းအ၀ိုင်းမှ သိရသည်။
“၀န်ထမ်းပိုင်းကပဲလား။ အရပ်ထဲကလားတော့ မသိရဘူး။ ဆေးရုံပေါ် ရောက်နေတယ်လို့ သတင်းတွေ ပြန့်နေတယ်။ တရားဝင် သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးပါဘူး။ ကြက်သား၊ ၀က်သား ရောင်းချတာတွေကိုလည်း ဒီနေ့အထိတော့ မတားမြစ်သေးဘူး” ဟု မြို့မဈေးကြီးရှိ ဈေးရောင်းသူတဦးက ပြောသည်။
အဆိုပါ ရက်ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် ဥပွါတသန္တိစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရာတွင် နေရာအလိုက် (၅) သောင်း၊ (၁) သိန်းကျပ် ပေးသွင်းထားသော ဆိုင်ခန်းရှင်များ လတ်တလော အခက်အခဲဖြစ်နေသည်ဟု သိရသည်။
နေပြည်တော်တွင် မကြာမီက ကျင်းပပြီးစီးသွားသည့် အကယ်ဒမီ ဆုချီးမြှင့်ပွဲနောက်ပိုင်း ကျင်းပမည့် ယခု ဘွဲ့တံဆိပ်တော် ချီးမြှင့်ခြင်းအခမ်းအနားမှာ ရဟန်းရှင်လူ ပရိသတ် (၂,၀၀၀) ကျော် တက်ရောက်မည့် အခမ်းအနားကြီးဖြစ်သည်။
ထိုသို့ ကမ္ဘာ့လူတုပ်ကွေးရောဂါပိုးတွေ့ရှိသူများ နေပြည်တော် ခုတင် (၁,၀၀၀) ဆေးရုံ၌ ရောက်ရှိနေခြင်း ရှိ-မရှိ ဆေးရုံ အရေးပေါ်ဌာနသို့လည်းကောင်း၊ ဆေးရုံအုပ်ကြီးရုံးခန်းသို့လည်းကောင်း ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။
ထိုသို့သော အခြေအနေတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ (၁၁) ရက် နံနက် (၁၀) နာရီခွဲတွင် နေပြည်တော် ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြဦး တက်ရောက်၍ အမှာစကားပြောကြားသွားသည်ဟု သိရသည်။
A (H1N1) တုပ်ကွေးနှင့်ပတ်သက်၍ ချင်းပြည်နယ် ဖလမ်းမြို့တွင် (၄) ဦး၊ ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် (၂၁) ဦးအပါအ၀င် မင်္ဂလာဒုံမြို့နယ်တို့တွင်လည်း တုပ်ကွေးရောဂါပိုးတွေ့ လူနာနှင့် သံသယလူနာ စုစုပေါင်း (၄၇) ဦးရှိနေပြီဖြစ်ကြောင်း၊ ထိုလူနာများအား ဝေဘာဂီ အထူးကုဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် သင်္ကန်းကျွန်း စံပြဆေးရုံကြီးတို့တွင် ဆေးဝါးများ ကုသပေးလျက်ရှိရာ လူနာများမှာ သက်သာလျက်ရှိကြောင်း ဖေဖော်ဝါရီ (၁၁) ရက်နေ့ထုတ် ပြည်တွင်းသတင်းစာများတွင် ဖော်ပြပါရှိသည်။

Geen opmerkingen: